Switch Mode

Chapter – 509

အခန်း (၅၀၉) လီဇိဇိုင်၊ မရဏနတ်ဘီလူး မွေးဖွားလာခြင်း
ဟန်ကျွယ်ဟာ နတ်ဘီလူးချီတွေကို အကဲခတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီနတ်ဘီလူးချီတွေကို ရှကျဲ့မျိုးနွယ်စုထက် ပိုပြီးတော့ မျှော်လင့်ထားပါတယ်။ ဟန်ကျွယ်သာ ဒီပဋိပက္ခနတ်ဘီလူး သုံးထောင်ကိုသာ ဖန်တီးနိုင်မယ်ဆိုရင် ကျိန်းသေပေါက် ပြိုင်ဘက်ကင်းမှာပါ။
ဟန်ကျွယ်ရဲ့ ခေါင်းထဲကို အကြံတစ်ခု ရုတ်တရက် တိုးဝင်လာပါတယ် ‘ငါ့လက်ထဲမှာ အိပ်ပျော်နေတဲ့ စုချီရဲ့ဝိညာဉ်ရှိတယ်၊ စုချီသာ ဒီပဋိပက္ခနတ်ဘီလူး ခန္ဓာကိုယ်ထဲ ပြန်ဝင်စားမယ်ဆိုရင်…’
ဒီအတွေးဟာ ပေါ်လာတယ်ဆိုရင်ပဲ ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ အမြစ်တွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့အကြံကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကိစ္စသာ အောင်မြင်ခဲ့မယ်ဆိုရင် သက်ရှိအားလုံးကို ရူးသွပ်သွားစေနိုင်တဲ့ အခွင့်အရေးကြီးတစ်ခုကို ဟန်ကျွယ် ပိုင်ဆိုင်သွားမှာပါ။
‘ချစ်ရတဲ့ တပည့်လေး… ငါ့အကြံကို မင်းနဲ့ အရင်ဆုံး စမ်းသပ်ရမှာပဲ၊ ရှင်သန်ဖို့ ကြိုးစားချည်၊ ကျရှုံးခဲ့ရင်လည်း ငါ့ကို အပြစ်မတင်နဲ့’
ဟန်ကျွယ်ဟာ စုချီရဲ့ ဝိညာဉ်ကို ထုတ်ယူပြီး မရဏနတ်ဘီလူးဆီ အကြည့် ရောက်သွားပါတယ်။ စုချီက ကြမ္မာဆိုးနတ်ဘုရား ဖြစ်တဲ့အတွက် သူနဲ့ ဆက်ဆံလူမှန်သမျှ ကြမ္မာဆိုးဝင်ပြီး အသေဆိုးနဲ့ သေကုန်ပါတယ်။ ဒီအစွမ်းက မရဏနတ်ဘီလူးရဲ့ စွမ်းအားနဲ့ ကွက်တိပါပဲ။
ဒါကြောင့် ဟန်ကျွယ်ဟာ စုချီရဲ့ဝိညာဉ်ကို မရဏနတ်ဘီလူးထဲ ထည့်ပြီး ပေါင်းစပ်စေပါတယ်။ ဟန်ကျွယ်ဟာ စုချီရဲ့ ဝိညာဉ်က မရဏနတ်ဘီလူးရဲ့ မဟာတာအို စွမ်းအားကြောင့် တစ်ခါတည်း သေသွားမှာစိုးတဲ့အတွက် သူ့ရဲ့ ဓမ္မစွမ်းအားနဲ့ စုချီရဲ့ဝိညာဉ်ကို ကာကွယ်ပြီး မရဏနတ်ဘီလူးနဲ့ ဖြည်းဖြည်းချင်း ပေါင်းစပ်စေပါတယ်။
အချိန်ဟာ ပုံမှန်ကုန်ဆုံးသွားပါတယ်။
တာအိုပညာရှိအတု ထိပ်ဆုံးအဆင့် ရောက်နေပြီဆိုပေမဲ့ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ခပ်လန့်လန့်ပါပဲ။ ဒီမရဏနတ်ဘီလူးက ဓမ္မရုပ်တုဆိုရင်တောင် သူ့စွမ်းအားက စုချီရဲ့ဝိညာဉ်ကို အချိန်မရွေး စုတ်ဖြဲပစ်ဖို့ လုံလောက်ပါတယ်။
နှစ် ၃၀ ကြာတဲ့အခါမှာတော့ စုချီရဲ့ဝိညာဉ်ဟာ မရဏနတ်ဘီလူးနဲ့ စတင်ပေါင်းစပ်နေပါပြီ။ ဒါပေမဲ့ ပေါင်းစပ်တဲ့ ဖြစ်စဉ်က အလွန်တရာမှ နှေးကွေးပြီး မရဏနတ်ဘီလူးရဲ့ ငြင်းပယ်အားက အလွန်ပြင်းနေပါသေးတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ ကျင့်ကြံအားထုတ်ရင်း စုချီရဲ့ဝိညာဉ်ကို ကာကွယ်ပေးရပါတယ်။ ဒါပေမဲ့ နှစ် ၃၀ ကျော် အတွေ့အကြုံရှိတာမို့ ဟန်ကျွယ်ဟာ အစတုန်းကလောက် စိုးရိမ်စိတ် မရှိတော့ပါဘူး။
တစ်ချိန်တည်းမှာပဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ စည်ပင်ကြီးထွားလာပါတယ်။ နေရာတိုင်းမှာ ကျင့်ကြံသူတွေကို တွေ့မြင်နိုင်ပြီး ကောင်းကင်ပေါ်မှာလည်း မကြာခဏ ပညာဖလှယ် ကြပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာရှိတဲ့ သက်ရှိတိုင်းက အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်နိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့တွေဟာ ကောင်းကင်ပေါ်မှာ တိုက်ခိုက်နေကြတာပါ။ တစ်ချိန်တည်းမှာပဲ ကိုယ်ပိုင်တပည့်တွေ သူတို့ကိုမြင်ပြီး တပည့်အဖြစ် လက်ခံစေချင်တာလည်း ပါပါတယ်။
ဒီလိုတိုက်ပွဲတွေကြောင့် ဟန်ဇွေတျန်ဟာ မကြခဏာဆိုသလို လီရွှမ်အောက်ရဲ့ လမ်းညွှန်မှုနဲ့ အမည်ခံတပည့်တွေကို အပြစ်ပေးပါတယ်။ အဲဒီနောက်ပိုင်း ကောင်းကင်မှာ ဘယ်သူမှ မတိုက်ခိုက်ရဲတော့ပါဘူး။
ဒီနေ့မှာတော့ လီယောင်ဟာ ဟန်ကျွယ်ဆီ ရုတ်တရက်ကြီး ရောက်လာပါတယ်။ ဟန်ကျွယ်လည်း လီယောင်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။ အခုအချိန်မှာ လီယောင်က ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်ခါနီးနေပါပြီ။ ပြောရမယ်ဆိုရင် လီယောင်ရဲ့ ကျင့်ကြံမှုက ကျိုးဖန်နဲ့ ကျန်းယီထက်တောင် မြန်နေပါသေးတယ်။
ဒါကလည်း လီယောင်ရဲ့ ကျားကုတ်ကျားခဲ ကြိုးစားကျင့်ကြံမှုကို ကျေးဇူးတင်ရမှာပါ။ ကျိုးဖန်နဲ့ ကျောက်ရွှမ်ယွမ်က မကြာခဏ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ပေမဲ့ လီယောင်ကတော့ နှစ်တစ်ရာပြိုင်ပွဲမှာတောင် ဝင်မပြိုင်ဘဲ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံပါတယ်။ လီယောင်ဟာ အန္တိမမူလ မဟာတာအိုကို အာရုံစိုက်ပြီး ကျင့်ကြံအားထုတ်တာပါ။
“ကျွန်မ အန္တိမမူလ မဟာတာအိုထဲမှာ ဓားမဟာတာအိုကို ဖန်တီးချင်တယ်၊ ဂိုဏ်းချုပ် ဘယ်လိုထင်လဲ” လီယောင်က မေးလိုက်ပါတယ်။
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “မင်းက ဓားတွေကို အဲဒီလောက်တောင် ကြိုက်တာလား”
လီယောင်သင်ထားတဲ့ ဆန်းကြယ်စွမ်းအား အများစုက ဓားတာအို ဆန်းကြယ်စွမ်းအားတွေပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ လီယောင်က ဓားတာအိုကို အဲဒီလောက်ကြီး ကြိုက်လိမ့်မယ်လို့ မခံစားရပါဘူး။ ဝူတောက်ကျန့်ရဲ့ သက်ရောက်မှုကြောင့် လီယောင်လည်း ဓားတာအိုကို ကြိုက်လာတာ ဖြစ်ပါလိမ့်မယ်။
ဝူတောက်ကျန့်ကမှ ဓားကျင့်ကြံသူစစ်စစ်ပါ။ ဒါက လီတောက်ခုံးတောင် ယှဉ်လို့မရပါဘူး။ လီတောက်ခုံးက အင်မော်တယ်ကမ္ဘာမှာ နံပါတ်တစ် ဓားကျင့်ကြံသူဆိုပေမဲ့ တခြားအရာတွေလည်း တက်ပါသေးတယ်။ ဓားတာအိုကိုသာ လီတောက်ခုံးရဲ့ အထူးချွန်ဆုံး ဖြစ်နေတာပါ။ ဒါပေမဲ့ ဝူတောက်ကျန့်ကတော့ ဓားကလွဲရင် ကျန်တာ ဘာမှမသိပါဘူး။
လီယောင်က ပြောလိုက်ပါတယ် “ကြိုက်တာ မကြိုက်တာက အရေးမကြီးပါဘူး၊ ယုံကြည်ချက်ရှိဖို့သာ အဓိက၊ ကျွန်မ ဓားတာအိုကို ဆုပ်ကိုင်နိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်ချင်တယ်” လီယောင်ရဲ့ မျက်လုံးတွေဟာ လေးနက်ပြီး အသံကလည်း တည်ကြည်လွန်းပါတယ်။
ဟန်ကျွယ်ဟာ လီယောင်ရဲ့ စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ကိုယ်တိုင်လည်း ဓားတာအိုကို ဒီလောက် မကြိုက်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ဆန်းကြယ်စွမ်းအားတွေထဲမှာ ဓားတာအိုဆန်းကြယ်စွမ်းအားက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ကျင့်ကြံသူတွေအတွက် ကြိုက်တာ မကြိုက်တာကို သိပ်ဂရုမစိုက်ပါဘူး။ သူတို့အတွက် အသုံးဝင်တယ်ဆိုရင် ကျင့်ကြံကြတာချည်းပါပဲ။
“ဒါဆို မင်းရဲ့ ဓားတာအိုကို ဘာလဲ၊ ငါ သိချင်တယ်”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် လီယောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “အမှန်အတိုင်း ပြောရရင် ကျွန်မကိုယ်တိုင်လည်း မစဉ်းစားရသေးဘူး၊ ကျွန်မက ဂိုဏ်းချုပ်လိုပဲ ရန်သူကို တစ်ချက်တည်းနဲ့ သတ်ချင်တယ်၊ ကျွန်မအမြင်ကို ပြောရရင် ဒုတိယဓားချက် ထုတ်ရတဲ့ ဓားကျင့်ကြံသူတွေက သုံးစားမရတဲ့ ဓားကျင့်ကြံသူတွေပဲ”
“ဓားတစ်ချက်တည်းနဲ့ ရန်သူကို သတ်မယ်၊ ဓားတစ်ချက်တည်းနဲ့ ကောင်းကင်ကို ခွဲမယ်၊ ဓားတစ်ချက်တည်းနဲ့ တာအိုကို ပိုင်းဖြတ်မယ်၊ ငါ့ရှေ့မှာ တားတဲ့လူမှန်သမျှကိုလည်း ဓားတစ်ချက်တည်းနဲ့ ခုတ်ပိုင်းပစ်မယ်”
ဟန်ကျွယ်ရဲ့စကားကြောင့် လီယောင်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် “ကျွန်မရဲ့ ဓားတာအိုကို ကျွန်မ ရှာတွေ့ပြီ ထင်တယ်၊ ဒါက ကျွန်မရဲ့ ဓားတာအိုပဲ၊ ဂိုဏ်းချုပ် ကျွန်မကို လမ်းညွှန်ပေးနိုင်မလား”
ဟန်ကျွယ်က အဓိပ္ပာယ်ရှိရှိ ပြောလိုက်ပါတယ် “ဒါဆိုရင် မင်း ဓမ္မစွမ်းအားနောက်ကို လိုက်သင့်တယ်၊ ဆန်းကြယ်စွမ်းအားက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ကျယ်ပြောတဲ့ ဓမ္မစွမ်းအားမရှိရင် အလကားပဲ၊ ငါ မင်းကို တာအိုဟောကြားပြီး ကူညီပေးမယ်၊ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်မရောက် ဆိုတာကတော့ မင်းအပေါ်ပဲ မူတည်တယ်”
လီယောင်ရဲ့ သုံးသပ်နားလည်နိုင်စွမ်းက ထိပ်တန်းအဆင့်ရှိတာ ယုံမှားဖွယ် မရှိပါဘူး။ ဒီလိုထူးချွန် ထက်မြက်လို့လည်း နှစ် ၃၀,၀၀၀ တည်းနဲ့ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ခါနီး ဖြစ်နေတာပါ။ တကယ်ကို ယုတ္တိမဲ့လွန်းပါတယ်။
ဟန်ကျွယ်ဟာ ကျိုးဖန်နဲ့ ဖန်းလျန်ရဲ့ ကံတရား အထောက်အပံ့ ပြောင်းလဲသွားတာကို တွေးမိပြီး လီယောင်ရဲ့ ကံတရား အထောက်အပံ့လည်း ပြောင်းလဲသွားလောက်တယ်လို့ တွေးမိလိုက်ပါတယ်။
“ငါ လီယောင်ရဲ့ နောက်ခံကို သိချင်တယ်” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လီယောင်: မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါး၊ မိုးမြေသားတော်၊ တာအိုပညာရှိ မျိုးဆက်။ ကောင်းကင်ဖီးနစ်နှင့် မွေးဖွားလာပြီး သေမျိုးကမ္ဘာတွေင် ကောင်းချီးပေးခံခဲ့ရသည်။ နှစ် ၇၀၀ ကျင့်ကြံပြီးနောက် ကောင်းကင်ဘုံဝင်အဆင့်သို့ ရောက်ရှိခဲ့သည်။ စရိုက်အရ သတိအလွန်ကြီးပြီး တိုက်ခိုက်ခြင်းကို မုန်းတီးကာ အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်ရခြင်းကို နှစ်သက်သည်။]
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် ‘အရင်တုန်းက လီယောင်က အင်မော်တယ်ဧကရာဇ်ရဲ့ မျိုးဆက်ပါ၊ ဘယ်လိုလုပ်ပြီး တာအိုပညာရှိရဲ့ မျိုးဆက် ဖြစ်သွားတာလဲ၊ လီယောင်ရဲ့ ဘိုးဘေးက အင်မော်တယ်ဧကရာဇ်ကနေ တာအိုပညာရှိ ဖြစ်သွားတာလား’
‘မဖြစ်နိုင်ဘူး… ဒီလိုဆိုရင် ဒီကောင်က ငါ့ထက်တောင် ပိုကြမ်းနေမှာ’
ဟန်ကျွယ်ဟာ စနစ်ကို ထပ်မေးလိုက်ပါတယ် “လီယောင်ရဲ့ ဘိုးဘေးက ဘယ်လိုလုပ်ပြီး တာအိုပညာရှိ ဖြစ်သွားတာလဲ”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ဝတ်ရုံဖြူအမျိုးသားတစ်ဦး ပေါ်လာပါတယ်။ ဒီအမျိုးသားဟာ အတော်လေး ချောမောပြီး ပန်းချီကားထဲက ထွက်လာသလိုပါပဲ။ ဒီအမျိုးသားရဲ့ ချောမောမှုက ဟန်ကျွယ်ကို မီလုနီးပါးပါပဲ။
[လီဇိဇိုင်: လွတ်လပ် တာအိုပညာရှိ။ ကိုယ်ပွားထောင်ချီသည် ကောင်းကင်တာအို၏ အရပ်ဆယ်မျက်နှာသို့ လျှောက်သွားပြီး အနန္တကမ္ဘာအား တွေ့ကြုံခံစား၏။ အဓိကခန္ဓာကိုယ်မှာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် တာအိုအသီးကို သန့်စင်ပြီး လွတ်လပ် တာအိုပညာရှိ ဖြစ်သွား၏။ တာအိုစက်ကွင်းသည် အဆုံးသတ်အပျက်အစီး၏ နတ်ဘုံ၌ တည်ရှိသည်။]
‘လွတ်လပ်တာအိုပညာရှိ… နာမည်ကတော့ ကြမ်းသားပဲ’
‘နေပါအုန်း… ဒီကောင်က ကိုယ်ပွားထောင်ချီဆိုတော့ သူ့မျိုးဆက်တွေက လီယောင်တစ်ယောက်တည်း မဟုတ်ဘူးပဲ၊ ဒါဆို ဘာဖြစ်လို့ လီယောင်က ဒီလောက်တောင် ထက်မြက်နေရတာလဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပေမဲ့ ချက်ချင်းဆိုသလိုပဲ ပြေလျော့သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့လူတွေက လီယောင်လိုမျိုး သူ့နဲ့ တွေ့ခဲ့တာမှ မဟုတ်တာ။
ဟန်ကျွယ်ဟာ မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်ပါတယ် ‘လူတစ်ယောက် တာအိုရရင် အိမ်မွေးခွေးတောင် ကောင်းကင်ဘုံ ရောက်တယ်ဆိုတာ တကယ်မှန်တာပဲ’
“ဂိုဏ်းချုပ်”
လီယောင်ရဲ့ အသံက ဟန်ကျွယ်ရဲ့ အတွေးတွေကို ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်က ခပ်တည်တည်ပဲ ပြောလိုက်ပါတယ် “ဘယ်ဓားတာအိုက မင်းနဲ့ သင့်တော်လဲဆိုတာ သိရဖို့ ငါ မင်းရဲ့ ကံကြမ္မာကို တွက်ချက်ကြည့်နေတာ”
ဟန်ကျွယ်ရဲ့ စကားကြောင့် လီယောင်ဟာ ဟန်ကျွယ်ကို အကြည်ညို ပိုသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လီယောင်ကို တာအိုစတင် ဟောကြားပေးပါတယ်။

ရာသီစက်ဝန်း အလီလီပြောင်းလို့ နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။၊
နောက်ဆုံးမှာတော့ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ဆက်တိုးလို့ မရတော့တဲ့အထိ ဖြစ်သွားပါတယ်။ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံတွေကတော့ မကုန်ဆုံးနိုင်အောင် ရှိနေတုန်းပါပဲ။
ဒီနှစ်တစ်ထောင်မှာ စုချီနဲ့ မရဏနတ်ဘီလူးဟာ လုံးဝပေါင်းစပ်သွားပြီး မရဏနတ်ဘီလူးရဲ့ မဟာတာအို စွမ်းအားဟာ စုချီရဲ့ ဝိညာဉ်ကို မငြင်းပယ်တော့ပါဘူး။ ဒါပေမဲ့ စုချီရဲ့ ဝိညာဉ်ဟာ အိပ်မောကျနေတုန်း ဖြစ်ပြီး တော်တော်နဲ့ နိုးမဲ့ပုံ မပေါ်ပါဘူး။ မရဏနတ်ဘီလူးကတော့ အချိန်တစ်ခုအထိ ပြုစုပြိုးထောင်ရအုန်းမှာပါ။
“တပည့်ရန်ထျန်တုန်း ဆရာသခင်ကို ဂါရဝလာပြုပါတယ်၊ ဆရာသခင် ကျေးဇူးပြုပြီး တွေ့ဆုံခွင့်ပေးပါ” ပဲ့တင်ထပ်သွားတဲ့ ရန်ထျန်တုန်းရဲ့အသံကြောင့် တိတ်ဆိတ်ဂိုဏ်းရဲ့ ကိုယ်ပိုင်တပည့်တွေဟာ မှင်သက်သွားကြပါတယ်။
‘ရန်ထျန်တုန်း… သူက သေသွားပြီ မဟုတ်ဘူးလား’
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အသွင်တူလက်စမ်းရည်ပွဲ လုပ်ဆောင်ချက်နဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို ချက်ချင်းပဲ ပစ်မှတ်ထားလိုက်ပါတယ်။
[ရန်ထျန်တုန်း: ပထမအဆင့် အင်မော်တယ်ဧကရာဇ်၊ ယမမင်း၊ ဘိုဘေးမှော်ဆရာ သွေးစည်း။]
‘ဟင်… ဘိုးဘေးမှော်ဆရာသွေးစည်း’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဧကရီဟုတ်ထိုက ငါ့နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ အတော်လေး ရင်းနှီးထားတာပဲ’
အရင်တုန်းကလည်း ထူလင်းအာဟာ ဘိုးဘေးမှော်ဆရာသွေးကို ရရှိခဲ့တဲ့အတွက် ရန်ထျန်တုန်း ဘိုးဘေးမှော်ဆရာ သွေးစည်းရတာက သိပ်ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရန်ထျန်တုန်း ပြန်လာတာက စဉ်းစားဖို့ကောင်းတဲ့ ကိစ္စပါ။
ဟန်ကျွယ်ဟာ ဦးနှောက်ခြောက်ခံပြီး စဉ်းစားမနေဘဲ တစ်ခါတည်း တွက်ချက်လိုက်ပါတယ်။
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset