Switch Mode

Chapter – 508

အခန်း (၅၀၈) ပဋိပက္ခနတ်ဘီလူး ပေါ်လာခြင်း
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ သူ့ဆန်းကြယ်စွမ်းအားကို ထုတ်သုံးလိုက်ပေမဲ့ ကြောက်မက်ဖွယ် ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ တိုက်ချက်တွေကို မဟန့်တားနိုင်ပါဘူး။
လောကကြီးတစ်ခုလုံး တုန်လှုပ်သလိုမျိုး ဖြစ်သွားပြီး စန့်ချွမ်အဂ္ဂဘိုးဘေးလက်ထဲက ရွှေပေတံဟာ ကျိုးပြတ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ စန့်ချွမ်အဂ္ဂဘိုးဘေးနောက်က ရွှေအဆင်းရှိတဲ့ ကြာကိုးပွင့်လည်း ဖျက်ဆီးခံလိုက်ရပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး ချက်ချင်း နောက်ဆုတ်ပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူးဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို ဆက်လက် တိုက်ခိုက်ခြင်းမပြုဘဲ အေးစက်စွာ စိုက်ကြည့်လိုက်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲအရှိန်ကြောင့် တိမ်ပင်လယ်ဟာ ပေါက်ကွဲထွက်ပြီး တိမ်စိုင်တိမ်ခဲတွေ အဝေးကို လွှင့်စဉ်ကုန်ပါတယ်။ မြေပြင်ပေါ်က တောတောင်မြစ်ချောင်းတွေလည်း ပြိုလဲပျက်စီးကုန်ပြီး လေထဲမှာလည်း ဖုန်တထောင်းထောင်း ထနေပါတယ်။ ဒီလိုကမ္ဘာပျက်မတက် မြင်ကွင်းမျိုးမှာ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ သွေးဆုတ်တဲ့ မျက်နှာနဲ့ ရပ်တည်နေပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးရဲ့ ညာလက်ဟာ တုန်ခါသွားပြီး ရွှေပေတံဟာ အသစ်တစ်ဖန် ပြန်လည် ဖြစ်တည်လာပါတယ်။ ဒါပေမဲ့ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ထပ်မတိုက်တော့ပါဘူး။
ကောင်းကင်နက္ခ နတ်ဘီလူးက စွမ်းအားကြီးလွန်းတဲ့အတွက် စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ထပ်ပြီးတော့ အလျင်စလို မလှုပ်ရှားရဲတော့ပါဘူး။
‘သူက ဘယ်သူလဲ’ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ စိတ်ထဲမှာ လေးလံသွားပါတယ် ‘အင်မော်တယ်ကမ္ဘာမှာ ဘယ်အချိန်က ဒီလိုပုဂ္ဂိုလ်မျိုး ထွက်ပေါ်လာတာလဲ’
တခြားတစ်ဖက်မှာလည်း ဟန်ကျွယ်ဟာ စိတ်ပျက်နေပါတယ် ‘ဒီကောင်က ဘယ်လိုလုပ်ပြီး ကောင်းကင်တာအိုပညာရှိနဲ့ သွားတူနေရတာလဲ၊ တကယ်ပဲ သတ်လို့မရဘူးလား’
‘ငါ ဒီကောင်ကို သတ်လို့မရမှတော့ နောက်ဆုတ်တာပဲ ကောင်းပါတယ်’ ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲ ပြန်ဝင်လိုက်ပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက သက်ရှိတစ်သန်းဟာ ဒီတိုက်ပွဲကိုကြည့်ပြီး အတော်လေး စိတ်လှုပ်ရှားသွားကြပါတယ်။
“ခုနက ဘယ်သူလဲ”
“ငါလည်း မသိဘူး၊ ဂိုဏ်းချုပ်များလား”
“မဟုတ်ဘူး၊ ဂိုဏ်းချုပ်က အဲဒီလိုမျိုး မဟုတ်ဘူး၊ သူက ငါတို့တိတ်ဆိတ်ဂိုဏ်းရဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်နိုင်တယ်”
“အဲဒီကိုယ်ပိုင်တပည့်တွေက အတော်လေး စွမ်းတာပဲ”
“ဟုတ်တယ်၊ အရင်တုန်းကလည်း ပထမအစောင့်အရှောက်က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် ဝန်းကျင်မှာရှိတဲ့ စွမ်းအားကြီး ရန်သူအကုန်လုံးကို တစ်ယောက်တည်း တိုက်ထုတ်လိုက်တာ”
“တာအိုပညာရှိတွေတောင် ငါတို့ရဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို မဝင်နိုင်ဘူးထင်တယ်၊ ငါတို့ တိတ်ဆိတ်ဂိုဏ်းက အတော် အင်အားကြီးတာပဲ”
တောင်ကုန်းတစ်ခုပေါ်က ချီကျွင်း အင်မော်တယ်သုံးပါးဟာလည်း အလွန် စိတ်လှုပ်ရှားသွားကြပါတယ်။
ကောင်းကင်အင်မော်တယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “အစ်ကိုကြီးရဲ့ အမြင်က ဩချလောက်တယ်၊ ကျွန်‌တော်တို့ တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ ကျိန်းသေပေါက် အင်အားအကြီးဆုံးပဲ”
သိမ်းငှက်ခေါင်း အင်မော်တယ်ဟာ ပြောမကုန်နိုင်အောင် စိတ်လှုပ်ရှားနေပေမဲ့ သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပါတယ် “ဟွန်း… ဘယ်တုန်းက မင်းတို့အစ်ကိုကြီးက အမြင်မှားလို့လဲ၊ ငါတို့တွေ တိတ်ဆိတ်ဂိုဏ်းကို စိတ်ရောကိုယ်ပါ အမှုထမ်းရမယ်၊ ဒါမှ နောက်ကျရင် ငါတို့တွေ အဲဒီကိုယ်ပိုင် တပည့်တွေလိုမျိုး ဖြစ်လာမှာ”
အမည်ခံတပည့်အားလုံးနီးပါးဟာ ကောင်းကင်နက္ခ နတ်ဘီလူး ဓမ္မရုပ်တုက ဟန်ကျွယ်ရဲ့ ကိုယ်ပိုင်တပည့်လို ယူဆလိုက်ကြပါတယ်။ ကိုယ်ပိုင်တပည့်တွေဟာ ကောင်းကင်နက္ခ နတ်ဘီလူးက ဟန်ကျွယ်ရဲ့ ဓမ္မရုပ်တုမှန်း သိကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဓမ္မရုပ်တု ဘယ်လောက် ရှိလဲတော့ သူတို့လည်း မသိကြပါဘူး။
လီတောက်ခုံးဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ်ရဲ့ ဓမ္မရုပ်တုကိုးပါးကို ရင်ဆိုင်တွေ့ကြုံ ပြီးပါပြီ။ ဓမ္မရုပ်တုကိုးပါးလုံးက ကိုယ်ပိုင် ဆန်းကြယ်စွမ်းအားတွေ ရှိကြပြီး လီတောက်ခုံးကို တစ်သက်မမေ့နိုင်အောင် ပညာတွေ ပေးထားပါတယ်။
နောက်ဆုံးမှာတော့ စန့်ချွမ်အဂ္ဂဘိုးဘေး ထွက်ခွာသွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းဟာ နောက်ထပ် ကပ်ဘေးတစ်ခုကို ထိခိုက်ဒဏ်ရာ လုံးဝမရဘဲ ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါက တခြားသူတွေရဲ့ အမြင်ပါ။ ဟန်ကျွယ်အတွက်တော့ စန့်ချွမ်အဂ္ဂဘိုးဘေးက ကပ်ဘေးတစ်ခု မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ကာ စနစ်ကို မေးလိုက်ပါတယ် “ငါ စန့်ချွမ်အဂ္ဂဘိုးဘေးကို ဘယ်လိုသတ်ရမလဲ”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကောင်းကင်တာအို အပြင်ဘက်တွင် တိုက်ခိုက်ပါ သို့မဟုတ် ကောင်းကင်တာအို ကံတရား အထောက်အပံ့အား အရင်ဖြတ်တောက်ပါ။]
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ် ‘စန့်ချွမ်အဂ္ဂဘိုးဘေးကို ပြန်ပေးဆွဲပြီး ကောင်းကင်တာအို အပြင်ဘက် ဆွဲခေါ်သွားရမှာလား… မဖြစ်သေးဘူး၊ ငါ ကောင်းကင်တာအို အပြင်ဘက်ကို ရောက်တာနဲ့ တာအိုပညာရှိတွေ တိုက်ခိုက်တာကို ခံရမှာပေါ့’
လောလောဆယ်မှာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ဖြတ်တောက်ဖို့ နည်းလမ်း မရှိတဲ့အတွက် ဟန်ကျွယ်ဟာ ဒီကိစ္စကို လောလောဆယ် မေ့ထားပြီး တာအိုကို အရယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေး တိုက်ခိုက်ပြီးနောက် တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို ထပ်ပြီးတော့ ပြဿနာ မရှိတော့ပါဘူး။ ဘယ်လိုရှာရမလဲ မသိတာလည်း ပါပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ တာအိုပညာရှိ တာအိုစက်ကွင်း။
လီမုယဲ့၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ တာအိုပညာရှိကျင်းအန်းတို့ဟာ မျက်နှာမျိုးစုံနဲ့ တိတ်ဆိတ်နေပါတယ်။
အတန်ကြာတဲ့အခါမှာတော့ တာအိုပညာရှိကျင်းအန်းက တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်ပါတယ် “အဲဒါက တာအိုပညာရှိရဲ့ ဓမ္မရုပ်တုလား”
ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ စွမ်းအားက တာအိုပညာရှိတွေကိုတောင် ထိတ်လန့်သွားစေပါတယ်။
“တာအိုပညာရှိရဲ့ ဓမ္မရုပ်တု မဟုတ်တော့ဘူး၊ အဲဒါက….”
တာအိုပညာရှိသုံးပါးဟာ လီမုယဲ့ကို လှမ်းကြည့်လိုက်ပါတယ်။ လီမုယဲ့ဟာ အသက်တစ်ချက် ရှူထုတ်ပြီး ပြောလိုက်ပါတယ် “ငါ့ဆရာသခင်ဆီက ကြားထားတာတော့ လောကကြီး မဖြစ်ပေါ်ခင်မှာ ပဋိပက္ခနတ်ဘီလူးတွေ ရှိခဲ့တယ်တဲ့၊ ရှင်သန်ကျန်ရစ်ခဲ့တဲ့ ပဋိပက္ခနတ်ဘီလူးတွေက လောကကြီးကို ခွဲရင်ခွဲ မခွဲရင်လည်း ကနဦးဆုံး မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဖြစ်လာကြတယ်၊ တိတ်ဆိတ်ဂိုဏ်းကို ကာကွယ်နေတာက ပဋိပက္ခနတ်ဘီလူးဖြစ်ဖို့ များတယ်”
တောင်ဘက်စွန်း ကောင်းကင်အရှင်က တအံတဩ မေးလိုက်ပါတယ် “ပဋိပက္ခနတ်ဘီလူးက ဘာဖြစ်လို့ အင်မော်တယ်ကမ္ဘာမှာ ပုန်းအောင်းနေရတာလဲ၊ တာအိုဘိုးဘေး ဒီကိစ္စကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူး၊ မဟာတာအို နတ်စိတ်ဝိညာဉ် တစ်ပါးပါးက အင်မော်တယ်ကမ္ဘာကို ကျူးကျော်ချင်တာလား”
ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ တာအိုပညာရှိကျင်းအန်းဟာ မျက်ခုံးလှုပ်သွားပါတယ်။ အမြင့်မှာရပ်လေလေ သိတာတွေ များလေလေပါပဲ။
တာအိုပညာရှိတွေဟာ ကောင်းကင်တာအိုအောက်မှာ ပြိုင်ဘက်ကင်းတယ်ဆိုပေမဲ့ ကျယ်ပြောလှတဲ့ ပဋိပက္ခလောကကြီးမှာ ကောင်းကင်တာအို တစ်ခုတည်း တည်ရှိနေတာ မဟုတ်ပါဘူး။ ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေလည်း ရှိနေပါတယ်။
အရင်အနားယူသွားတဲ့ တာအိုပညာရှိတွေဟာ အမှောင်တားမြစ်နယ်မြေကိုသွားပြီး ဘယ်တော့မှ ပြန်မလာခဲ့ပါဘူး။ သူတို့တွေဟာ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကို သွားရင်သွား မဟုတ်ရင်လည်း ပဟေဠိတွေ ပြည့်နှက်နေတဲ့ ပဋိပက္ခလောကကြီးထဲကို ခရီးနှင်ကြပါတယ်။
တိတ်ဆိတ်ဂိုဏ်းကို ကာကွယ်နေတဲ့လူက တယ်ပဲ ပဋိပက္ခနတ်ဘီလူးဆိုရင် နည်းနည်းနောနော ပြဿနာ မဟုတ်ပါဘူး။
“နေအုန်း… တာအိုဘိုးဘေးက မဟာတာအို အနန္တကပ်ဘေးကို ပြောနေခဲ့တာပဲ၊ ဖြစ်နိုင်တာက…” တာအိုပညာရှိကျင်းအန်းဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ကြောက်လန့်တကြား ပြောလိုက်ပါတယ်။
တခြားတာအိုပညာရှိတွေလည်း တာအိုပညာရှိကျင်းအန်းရဲ့ စကားကြောင့် လန့်ဖျပ်သွားပါတယ်။
လီမုယဲ့ဟာ ချက်ချင်း မတ်တတ်ထရပ်လိုက်ပါတယ် “ငါတို့တွေ ဒီကိစ္စကို ဘိုးဘေးဆီ မေးမှ ဖြစ်လိမ့်မယ်”
တခြားတာအိုပညာရှိတွေလည်း မတ်တတ်ထရပ်လိုက်ကြပါတယ်။
ဒီအချိန်မှာပဲ ချုံရှီလိုင်နဲ့ ဧကရာဇ်ရှောင်ဟာ ခန်းမထဲ ရုတ်တရက် ပေါ်လာပါတယ်။ ဧကရာဇ်ရှောင်ရဲ့ မျက်နှာဟာ အိုးဖင်လို မည်းမှောင်နေပါတယ် “ငါ့ကို ကျိန်စာတိုက်တာ မင်းတို့ထဲက ဘယ်သူလဲ”
တာအိုပညာရှိကျင်အန်းက ပြန်မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ၊ မင်းလည်း ကျိန်စာတိုက်ခံရလို့လား”
ဂိုဏ်းချုပ်တျန်ကျွယ်ကလည်း ဝင်ပြောပါတယ် “ငါလည်း ကျိန်စာတိုက်ခံရတာပဲ”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဧကရာဇ်ရှောင်နဲ့ ချုံရှီလိုင် အတူရပ်နေတာကို တွေ့လိုက်ရတဲ့အတွက် နှာခေါင်းရှုံ့လိုက်ပါတယ်။
လီမုယဲ့ကတော့ ချုံရှီလိုင်တို့နှစ်ယောက်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ပါတယ်။ သူဘာတွေးနေတယ်ဆိုတာ သူပဲ သိနိုင်ပါလိမ့်မယ်။
“ဟွန်း… ဒီအတောအတွင်း အမှောင်သခင်ကြီးက ငါတို့ကို ကျိန်စာထပ်တိုက်ပြန်ပြီ၊ ငါတို့တွေ ဒီကိစ္စကို သေသေချာချာ စုံစမ်းရမယ်၊ မဟုတ်ရင် ဒီကိစ္စက ပြီးမှာ မဟုတ်ဘူး”
ဧကရာဇ်ရှောင်ဟာ တာအိုဂိုဏ်းရဲ့ တာအိုပညာရှိလေးပါးကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်းတို့တွေ ဘာကြံနေကြတာလဲ၊ မင်းတို့တွေ အရင်တုန်းက မသိကိန်းကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့တာပဲ၊ အခုကျမှ ဘာလို့ ပစ်မှတ်ထားနေရတာလဲ၊ မင်းတို့တွေ ဘာလုပ်ချင်နေကြတာလဲ”
ဧကရာဇ်ရှောင်ဟာ တာအိုဂိုဏ်းရဲ့ တာအိုပညာရှိလေးပါး တော်တော်လေး သံသယဝင်စရာ ကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။
ချုံရှီလိုင်ကလည်း မျက်လုံးကိုကျဉ်းလိုက်ပါတယ်။ သူလည်း ဒီမေးခွန်းကို မေးချင်နေတာပါ။
ရည်ရွယ်ချက်ကောင်းနဲ့ လာတာမဟုတ်မှန်း သိလိုက်တဲ့အတွက် လီမုယဲ့က ဖြန်ဖြေဖို့ ကြိုးစားလိုက်ပါတယ် “အမှောင်သခင်ကြီးကိစ္စကို ခဏ ဘေးဖယ်ထားရအောင်၊ မဟာတာအို အနန္တကပ်ဘေးက ခြေရာတွေ ပြလာပြီ၊ ငါတို့တွေ ဘိုးဘေးရှီတျန်ဆီကို အရင်ဆုံး သွားလည်ရအောင်”
“ဟီးဟီး… စကားလမ်းကြောင်းလွှဲဖို့ မကြိုးစားနဲ့၊ မင်းတို့တွေက ငါ့ကို တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားသုံးအောင် တွန်းအားပေးနေတာလား” ချုံရှီလိုင်ဟာ ဒေါသတကြီး ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ကပ်ဘေးမှာ ဗုဒ္ဓဂိုဏ်းက ကြီးကြီးမားမား ဆုံးရှုံးခဲ့တဲ့အတွက် ချုံရှီလိုင်ဟာ အတော်လေး မကျေမနပ် ဖြစ်နေခဲ့တာပါ။ အခုတော့ ဒေါသတွေ ‌ပေါက်ကွဲထွက်ကုန်ပါပြီ။
လီမုယဲ့ဟာ ခြိမ်းခြောက်တိုင်း ကြောက်တဲ့လူ မဟုတ်တာကြောင့် အေးစက်စွာ ပြန်ပြောလိုက်ပါတယ် “ချုံရှီလိုင်… မင်းက ငါတို့လေးယောက်ထဲမှာ အမှောင်သခင်ကြီး ရှိနေတယ်လို့ သံသယဝင်နေတာာလး၊ ဘယ်လောက်တောင် ယုတ္တိမရှိလိုက်လဲ၊ ငါတို့တွေက အမှန်တရားဘက်တော်သား တာအိုဂိုဏ်းကပါနော်၊ ဘယ်လိုလုပ်ပြီး ဒီလိုအောက်တန်းကျတဲ့ နည်းလမ်းကို သုံးမှာလဲ”
ဒီလိုနဲ့ ခန်းမတစ်ခုလုံး ရေခဲခေတ်လို အေးစိမ့်ကျသွားပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေး တိုက်ခိုက်ခဲ့တဲ့ အချိန်ကနေ စရေတွက်ရင် နောက်ထပ် နှစ် ၃၀၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေတုန်း ဖြစ်ပြီး အခုထက်ထိ တာအိုကို မရရှိသေးပါဘူး။ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်တာကြောင့် ဟန်ကျွယ်ဟာ ကြယ်ပင်လယ်ထဲကို ကြည့်မိလိုက်တဲ့အခါ မျက်နှာပြောင်းသွားပါတယ်။
ဟန်ကျွယ် ကြယ်ပင်လယ်ထဲ ပစ်ထည့်ထားခဲ့တဲ့ မဟာတာအို ခရမ်းရောင်ချီဟာ ဘယ်အချိန်က ဘယ်ပုံဘယ်နည်းနဲ့ နတ်ဘီလူးချီ ၄၉ ခုဆီ ရောက်သွားလဲ မသိပါဘူး။ မဟာတာအို ခရမ်းရောင်ချီဟာ အကိုင်းအခက်တွေ ဖြာထွက်ပြီ နတ်ဘီလူးချီ ၄၉ နဲ့ ဆက်သွယ်သွားပါတယ်။ မဟာတာအို ခရမ်းရောင်ချီရဲ့ အကူအညီနဲ့ နတ်ဘီလူးချီ ခဲလာတာကို ပိုမြန်လာသလိုပါပဲ။
‘ဒီမဟာတာအို ခရမ်းရောင်ချီက ငါ့ကို ပဋိပက္ခ နတ်ဘီလူးတွေ ထုတ်လုပ်ဖို့ ကူညီပေးမှာလား’
ဟန်ကျွယ်ဟာ နှလုံးခုန်မြန်သွားပါတယ်။ ဟန်ကျွယ်ဟာ မတော်တဆမှုတွေကို ကာကွယ်တဲ့အနေနဲ့ နတ်ဘီလူးချီတွေမှာ လမ်းခြောက်သွယ် အမှတ်အသား ကောက်မှတ်လိုက်ပါတယ်။
လမ်းခြောက်သွယ် အမှတ်အသားကို ဖန်တီးခဲ့သူက လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ပါ။ ဒါပေမဲ့ ဒီဆန်းကြယ်စွမ်းအားက တစ်မူထူးခြားတဲ့ ဆန်းကြယ်စွမ်းအား ဖြစ်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ ကျင့်ကြံမှုက သူ့ကျင့်ကြံမှုထက် မကျော်မချင်း တစ်ဖက်လူရဲ့ သေခြင်းရှင်ခြင်းကို အေး‌ဆေး ထိန်းချုပ်နိုင်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset