Switch Mode

Chapter – 506

အခန်း (၅၀၆) တာအိုပညာရှိတို့ရဲ့ အကြံအစည်၊ ကံတရား အထောက်အပံ့ ပြောင်းလဲခြင်း
ဟန်ကျွယ်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ အသံကို ကြားရတဲ့အခါမှာ အူတက်သွားပါတယ် ‘ငါ အပြင်မထွက်ရင် ကောင်းကင်တာအိုအောက်မှာရှိတဲ့ သက်ရှိတွေ အကုန်လုံး လာလည်း အလကားပဲ… ကောင်းတယ်… မင်းတို့တွေက ငါ့ကို အရင်ဆုံး ရန်စမှတော့ ငါကလည်း အားမနာနေတော့ဘူး…’
ဟန်ကျွယ်ဟာ နောက်ကျရင် ဂိုဏ်းချုပ်တျန်ကျွယ်ကို ကြမ္မာဆိုးစာအုပ်နဲ့ ကျိန်စာတိုက်ပြီး အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မသေဘူးဆိုရင်တောင် အနည်းဆုံး ရူးသွားတဲ့အထိ ဟန်ကျွယ်က ကျိန်စာတိုက်မှာပါ။
တစ်ချိန်တည်းမှာပဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက သက်ရှိအားလုံးဟာ ဒီကိစ္စကို ဆွေးနွေးကြပါတယ်။။ သူတို့တွေဟာ အထိတ်တလန့် မဖြစ်ဘဲ ဂိုဏ်းချုပ်တျန်ကျွယ်က သူတို့ကို ဘာလို့ မတရားစွပ်စွဲတယ် ဆိုတာကို ပဟေဠိဖြစ်နေကြပါတယ်။
တိတ်ဆိတ်ဂိုဏ်းသားတွေရဲ့ မျက်လုံးထဲမှာ ဟန်ကျွယ်က အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ ဖြစ်တဲ့အတွက် လောကဦး ခရမ်းရောင်ချီကို ခိုးယူဖို့အချိန် မရှိပါဘူး။ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ တာအိုပညာရှိတွေက သူတို့တိတ်ဆိတ်ဂိုဏ်းကို တမင်ခက်ခဲအောင် လုပ်နေတယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ် တာအိုဟောကြားတာကို အကြိမ်များစွာ နားထောင်ပြီးနောက်မှာ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဟန်ကျွယ်ကို တာအိုပညာရှိတွေထက် ပိုယုံကြည်နေကြပါပြီ။ ဟန်ကျွယ်က အလန့်တကြား မဖြစ်ရင် ကောင်းကင်ပြိုကျရင်တောင် တိတ်ဆိတ်ဂိုဏ်းသားတွေက ထိတ်လန့်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်က ဘာမှမပြောတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းသားတွေကလည်း ဟန်ကျွယ်ဆီသွားပြီး ဒီကိစ္စကို မမေးကြပါဘူး။ တိတ်ဆိတ်ဂိုဏ်းဟာ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ စကားကို မကြားသလိုမျိုးပါပဲ။ အတန်ကြာ‌ ဆွေးနွေးပြီးတဲ့နောက်မှာတော့ ဆွေးနွေးသံတွေ ပြန်တိတ်သွားပြီး ကျင့်ကြံခြင်းကိုသာ အာရုံပြန်စိုက်ကြပါတယ်။
ရွှမ်ချင်းကျွင်းကတော့ ဟန်ကျွယ်ကို သွားရှာပြီး ဒီကိစ္စအကြောင်း မေးမြန်းပါတယ်။ ရွှမ်ချင်းကျွင်းဟာ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ စကားကို ကြားတာနဲ့ တာအိုပညာရှိတွေက သူမကို အသုံးချလိုက်မှန်း သိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို နှစ်သိမ့်ပေးပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် ဘာမှမဖြစ်ဘူးလို့ ကတိပေးလိုက်ပါတယ်။ ဒီတော့မှပဲ ရွှမ်ချင်းကျွင်းဟာ စိတ်သက်သာရာ ရသွားပါတယ်။
ဒီလိုနဲ့ နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။
အသွင်ပြောင်း သက်ရှိတွေဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဘေးမှာ မကြာခဏ ပေါ်လာပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်တစ်ထောင်အတွင်း ဘယ်သက်ရှိမှ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို မတိုးဝင်ရဲပါဘူး။
တိတ်ဆိတ်ဂိုဏ်းက ကြမ်းတမ်းမှုနဲ့ ကျော်ကြားတဲ့အပြင် လီတောက်ခုံးရဲ့ အစွမ်းကလည်း လျှော့တွက်လို့မရတာမို့ တာအိုပညာရှိ အမိန့်ပေးတာတောင် သက်ရှိအားလုံးဟာ တိတ်ဆိတ်ဂိုဏ်းကို ရန်မစရဲကြပါဘူး။
လောကဦး ခရမ်းရောင်ချီက သက်ရှိအများစုအတွက် အလွန်တရာမှ အလှမ်းဝေးတဲ့အရာ ဖြစ်တာမို့ သက်ရှိအများစုဟာ လောကဦး ခရမ်းရောင်ချီက တကယ်ရှိလား လုပ်ဇာတ်လား ဆိုတာတောင် မခွဲခြားနိုင်ကြပါဘူး။
ဒီနှစ်တစ်ထောင်အတွင်းမှာ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ တစ်ယောက်ပြီး တစ်ယောက် နတ်မင်းအဆင့်ကို ထိုးဖောက်လာကြပါတယ်။ ဒီအထဲမှာ မုရုံချီ၊ ချူရှီရန်၊ ဟန်ယိုတို့ ပါဝင်ပါတယ်။ ဟန်ယိုဟာ ရှကျဲ့မျိုးနွယ်စုခေါင်းဆောင် ဖြစ်တဲ့အတွက် သူ့အရည်အချင်းကလည်း ရှကျဲ့မျိုးနွယ်စုထဲမှာ ထိပ်ဆုံးပါပဲ။
ဟန်ယို နတ်မင်းအဆင့် ထိုးဖောက်လာတာကို ထောက်ဆခြင်းအားဖြင့် မကြာခင်မှာ ရှကျဲ့မျိုးနွယ်စုဝင် အများအပြားကလည်း နတ်မင်းအဆင့်ကို ထိုးဖောက်တော့မယ်လို့ ခန့်မှန်းလို့ရပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် တိတ်ဆိတ်ဂိုဏ်းမှာ နတ်မင်းအဆင့် ကျင့်ကြံသူ တစ်သောင်း ပေါ်ပေါက်လာမှာပါ။
နတ်မင်းအဆင့် ကျင့်ကြံသူ တစ်သောင်းဆိုတဲ့ အင်အားက ရှေးခေတ်ကစလို့ အခုအချိန်အထိ ဘယ်အင်အားစုမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့ အင်အားကြီးတစ်ခုပါ။ ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုကို ကြည့်လေလေ အားရလေလေပါပဲ။
“ဝုန်း…”
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တောင်တွေဟာ လှုပ်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါတစ်ခု ထွက်ပေါ်လာပါတယ်။
တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ရုတ်တရက် ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရောင်ဝါကြောင့် အလန့်တကြား မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောင်ဝါပိုင်ရှင်က ကျောက်ရွှမ်ယွမ် ဖြစ်နေမှန်း သိနေလို့ပါပဲ။
ကျောက်ရွှမ်ယွမ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို ထိုးဖောက်နိုင်သွားခဲ့ပါပြီ။
တိတ်ဆိတ်ဂိုဏ်းမှာ နောက်ထပ် ကောင်းကင်ဘဝဂ် ကျင့်ကြံသူတစ်ဦး ထပ်ပေါ်လာခဲ့ပါပြီ။
ဒါကြောင့် အချိန်တစ်ခုအတွင်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ကောင်းကင်ဘဝဂ်အဆင့် ကျင့်ကြံသူ တစ်ယောက် ပိုရှိတာက တိတ်ဆိတ်ဂိုဏ်းကို အင်အားပိုကြီးစေပြီး သူတို့ကို ပိုလုံခြုံစေလေလေပါပဲ။
အထူးသဖြင့် အမည်ခံတပည့်တွေကို ဒီလို ပိုခံစားရပါတယ်။ တိတ်ဆိတ်ဂိုဏ်းမှာ အမည်ခံတပည့်ပေါင်း သိန်းချီရှိပါတယ်။ ဒီအထဲကမှ လက်တစ်ဆုပ်သာ တပည့်စစ်တွေရဲ့ တပည့်အဖြစ် လက်ခံတာကို ခံရပါတယ်။ အမည်ခံတပည့်တွေဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ရှိနေတယ်ဆိုပေမဲ့ တကယ်တော့ တပည့်စစ်တွေနဲ့ အမည်ခံတပည့်တွေက ကမ္ဘာနှစ်ခုပါ။ အမည်ခံတပည့်တိုင်းဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်စစ်ဖြစ်လာဖို့ မမျှော်လင့်တဲ့သူ မရှိပါဘူး။
ကျောက်ရွှမ်ယွမ်ဟာ ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်တာနဲ့ လီရွှမ်အောက်နဲ့ တာအိုအရှင်သခင်ကို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ အရူးအမူး စိန်ခေါ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တစ်ရာ ပြိုင်ပွဲမှာ ကျောက်ရွှမ်ယွမ်ဟာ လီရွှမ်အောက်နဲ့ တာအိုအရှင်သခင်ကို ရှုံးနိမ့်ခဲ့ပါတယ်။ လီတောက်ခုံးကတော့ တာအိုပညာရှိအတု ဖြစ်နေတာကြောင့် နှစ်တစ်ရာပြိုင်ပွဲထဲ ဝင်ပါဖို့ မလိုတော့ပါဘူး။
တိတ်ဆိတ်ဂိုဏ်းရဲ့ အတွင်းစည်းက သက်ဝင်လှုပ်ရှားနေပေမဲ့ တာအိုပညာရှိတွေကတော့ စားမဝင် အိပ်မပျော် ဖြစ်နေပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က တာအိုပညာရှိရဲ့ တာအိုစက်ကွင်းမှာ လီမုယဲ့၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ တာအိုပညာရှိ ကျင်းအန်းနဲ့ ဂိုဏ်းချုပ်တျန်ကျွယ်တို့ စုစည်းနေကြပါတယ်။
“သေမျိုးတွေက တိတ်ဆိတ်ဂိုဏ်းကို ကြောက်ကြတယ်၊ ငါတို့တွေ ဘယ်လိုလုပ်ကြမလဲ” တောင်ဘက်စွန်း ကောင်းကင်အရှင်းက သောကရောက်နေတဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းကို ဖျက်ဆီးဖို့ အမိန့်ပေးခဲ့တဲ့လူက ဂိုဏ်းချုပ်တျန်ကျွယ်ပါ။ ဒါပေမဲ့ သက်ရှိတွေက နားမထောင်တဲ့အတွက် ဂိုဏ်းချုပ်တျန်ကျွယ်ဟာ အခုအချိန်မှာ ထားစရာနေရာ မရှိပါဘူး။
တာအိုပညာရှိကျင်းအန်းက ခေါင်းခါလိုက်ပါတယ် “အမှန်အတိုင်း ပြောရရင် မင်းတို့တွေ ဘာလို့ သူ့ကို ရန်သွားစတာလဲ၊ ဒီကလေးရဲ့ စရိုက်က လိပ်လိုပဲ၊ တစ်နေရာမှာ ပုန်းနေပြီး ဘယ်တော့မှ အပြင်မထွက်ဘူး၊ အခုအချိန်မှာ အင်မော်တယ်ကမ္ဘာက သူ့အတွက် အကောင်းဆုံး အကာအကွယ်ပဲ၊ သူ အင်မော်တယ်ကမ္ဘာကနေ မခွာဘူးဆိုရင် ငါတို့တွေ သူ့ကို ဘာလုပ်နိုင်မှာလဲ၊ ငါတို့တပည့်တွေကလည်း သူ့တာအိုစက်ကွင်းရဲ့ အရံအတားကို ချိုးဖျက်နိုင်တာမှ မဟုတ်တာ၊ ဒီကလေးကို ရန်သွားစတာက ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုပဲ”
“ဟွန်း…” ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မပျော်ဖြစ်သွားပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်က သရော်လိုက်ပါတယ် “မင်း သိနေမှတော့ အစောကြီးတည်းက ဘာလို့ မပြောတာလဲ”
တာအိုပညာရှိ ကျင်းအန်းဟာ သူ့မျက်လုံးကို လှည့်လိုက်ပါတဘ် “ငါ ပြောတာရော မင်းတို့က နားထောင်မှာလား”
လီမုယဲ့က ဝင်ပြောလိုက်ပါတယ် “တော်တော့… ဖြစ်ပြီးတာက ဖြစ်ပြီးပြီ၊ ဒီလိုဆိုမှတော့ တိတ်ဆိတ်ဂိုဏ်းရဲ့ အရံအတားကို ဖျက်ဆီးဖို့ ငါ စန့်ချွမ်အဂ္ဂဘိုးဘေးကို လွှတ်လိုက်မယ်၊ မင်းတို့ရဲ့ တပည့်တွေကို စုစည်းပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားမှ အသင့်စောင့်နေခိုင်းကြ”
တာအိုပညာရှိသုံးပါးရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ်။ သူတို့သုံးယောက်ဟာ ဒီစကားကို စောင့်နေတာ ကြာပါပြီ။
တာအိုပညာရှိကျင်းအန်းက ပြုံးလိုက်ပါတယ် “စန့်ချွမ်အဂ္ဂဘိုးဘေးက ရှီတုတောက်ကို ခြေရာဖျောက်နိုင်ပြီလား”
လီမုယဲ့က မတူသလို မတန်သလို ပြောလိုက်ပါတယ် “ရှီတု‌တောက်က ဘယ်လိုလုပ်ပြီး စန့်ချွမ်အဂ္ဂဘိုးဘေးကို ယှဉ်နိုင်မှာလဲ”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပါတယ် “ဒီလိုဆိုမှတော့ မင်း ငါတို့ကို နောက်တစ်ခါ စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်”
ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ လေသံဟာ သရော်သံ ပေါက်နေပါတယ်။ ကတယ်လည်း သရော်နေတာပါ။ ဒီကိစ္စတွေ အကုန်လုံးက လီမုယဲ့ကြောင့် ဖြစ်ရတာ မဟုတ်ပါလား။ လီမုယဲ့သာ ဟန်ကျွယ်ကို ထောင်ချောက်မဆင်ခဲ့ရင် ဘယ်လိုလုပ်ပြီး လောကဦး ခရမ်းရောင်ချီကို ဆုံးရှုံးနိုင်မှာလဲ။
ဒါကလည်း ထူးတော့ ထူးဆန်းပါတယ်။ တာအိုပညာရှိတွေ ဟန်ကျွယ်ကို ထောင်ချောက်ဆင်တိုင်း ဟန်ကျွယ်က အမြဲတမ်း ထောင်ချောက်ကို ထိုးထွက်ခဲ့တာချည်းပါပဲ။ တာအိုပညာရှိတွေ ဒီလိုအဖြစ်မျိုး ကြုံတွေ့ရတာ ဒါ ပထမဆုံးပါပဲ။
သေမျိုးတွေဟာ ပုံစံတူစားပွဲပေါ်က ပုရွက်ဆိတ်တွေလိုပါပဲ။ တာအိုပညာရှိတွေဟာ အထက်စီးကနေ ငုံ့ကြည့်နေတာ ဖြစ်တဲ့အတွက် သူတို့ရဲ့လမ်းကြောင်းတွေကို အထင်းသားကြီး မြင်နေရပါတယ်။ ဒါကြောင့် ဘယ်နည်းလမ်းကိုမဆိုသုံးပြီး သူတို့ရဲ့လမ်းကြောင်းကို ဟန့်တားနိုင်ပါတယ်။
ပုရွက်ဆိတ်တွေကတော့ သေးငယ်လွန်းတဲ့အပြင် ပုံစံတူစားပွဲပေါ်မှာ ရှိနေတာကြောင့် ပုံစံတူစားပွဲ အပြင်ဘက်မှာ ရပ်နေတဲ့ လူတွေကို မမြင်နိုင်ပါဘူး။ အဲဒါကြောင့် ပုရွက်ဆိတ်တွေဟာ အတားအဆီးတွေ့တိုင်း တခြားလမ်းကနေ ရှောင်ကွင်းပြီး သွားကြရပါတယ်။
အခုအချိန်မှာ တာအိုပညာရှိတွေက ပုရွက်ဆိတ်တစ်ကောင်ရဲ့ အရှေ့မှာရှိတဲ့ လျှောစောက်ငယ်လေး နောက်ဘက်မှာ တွင်းတစ်တွင်း တူးထားပါတယ်။ ယုတ္တိဗေဒနဲ့ ပြောရမယ်ဆိုရင် ပုရွက်ဆိတ်ဟာ ဒီတွင်းကို မမြင်နိုင်ပါဘူး။ ဒါပေမဲ့ ဒီပုရွက်ဆိတ်က တွင်းထဲကျဖို့ နေနေသာသာ လျှောစောက်ကိုပါ ရှောင်ကွင်းသွားပါတယ်။ ဟန်ကျွယ်က ဒီလိုပုရွက်ဆိတ်မျိုးပါ။
တာအိုပညာရှိတွေဟာ ဘာလို့ ဒီလိုဖြစ်နေရလဲဆိုတာကို နားမလည်နိုင်ပါဘူး။ သူတို့တွေ ဟန်ကျွယ်ကို ဘယ်လောက်ပဲ ထောင်ချောက်ဆင်ဆင် ဟန်ကျွယ်က ထောင်ချောက်ထဲ မကျတဲ့အပြင် နောက်ဆုံးမှာ သူတို့ပဲ ခံလိုက်ရပါတယ်။ ဒီကိစ္စကို တာအိုပညာရှိတွေအတွက် လုံးဝကို ယုတ္တိမရှိတာပါ။
ဒီလိုနဲ့ နောက်ထပ် နှစ် ၇၀၀ ကုန်ဆုံးသွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ အမည်ခံတပည့်တွေ ပိုပိုများလာပါတယ်။ ဒီလို အမည်ခံတပည့်တွေ ပိုများလာတာက ဟန်ကျွယ် တပည့်သစ်လက်ခံလို့ မဟုတ်ပါဘူး။ နဂိုရှိနှင့်ပြီးသား အမည်ခံတပည့်တွေ စပြီးတော့ မျိုးပွားလာတာပါ။
ဒီကိစ္စကို စီစဉ်တဲ့လူက ဟန်ဇွေတျန်ပါ။ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ ခြိမ်းခြောက်စကားကို ကြားပြီးတည်းက ဟန်ဇွေတျန်ဟာ အပြင်မှာရှိတဲ့ တပည့်တွေကို လက်ခံတာက စွန့်စားရတယ်လို့ ခံစားလာရပါတယ်။ အဲဒါကြောင့် အထဲမှာရှိတဲ့ သက်ရှိတွေကို မျိုးပွားခိုင်းတာပါ။ ဘာပဲဖြစ်ဖြစ် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က ကြီးမားကျယ်ပြန့်လွန်းတဲ့အတွက် သက်ရှိအများကြီး နေထိုင်ဖို့ လုံလောက်ပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကို မသိချင်ယောင် ဆောင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိတ်ဆိတ်ဂိုဏ်းက ကိုယ့်ဘာသာ ကြီးထွားလာဖို့ စနစ်တစ်ခု လိုအပ်လို့ပါပဲ။ ဒီအထဲမှာ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း ပညာသင်ပေးတာက မပါမဖြစ်ပါ။
တစ်နေ့မှာတော့ လီတောက်ခုံးဟာ ဟန်ကျွယ်ဆီ ရုတ်တရက် လာလည်ပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။
“ဂိုဏ်းချုပ်… ကောင်းကင်တာအို ကံတရား အထောက်အပံ့က ဒီအတောအတွင်း ပြောင်းလဲသွားတယ်၊ ကျွန်တော် ခံစားချက် သိပ်မကောင်းဘူး” လီတောက်ခုံးက ခပ်တိုးတိုး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လီတောက်ခုံးက ကောင်းကင်တာအိုထဲ တိုက်ရိုက်ဝင်ရောက်ဖူးတာကို သတိရသွားပါတယ်။ ကြည့်ရတာ လီတောက်ခုံးဆီမှာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ကြည့်ရှုနိုင်တဲ့ နည်းလမ်းတစ်ခု ရှိနေသလိုပါပဲ။
“ဘာဖြစ်လို့လဲ”
“ကျွန်တော့်အထင် တာအိုပညာရှိတစ်ပါးက ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ပြီး အင်မော်တယ်ကမ္ဘာထဲ တဒင်္ဂ ဝင်ရောက်ချင်တာ ဖြစ်ရမယ်၊ တာအိုပညာရှိတစ်ပါးအတွက် အင်မော်တယ်ကမ္ဘာထဲ ဝင်လို့ရတဲ့အချိန်က ဘယ်လောက်ပဲ တိုတောင်းသည်ဖြစ်ပါစေ သူ သတ်ချင်တဲ့ ရန်သူကိုတော့ ကျိန်းသေပေါက် သတ်နိုင်လိမ့်မယ်” လီတောက်ခုံးဟာ မျက်နှာတော်‌တော်လေး ပျက်နေပါတယ်။
ဟန်ကျွယ်ဟာ လန့်သွားပြီး စနစ်ကို ချက်ချင်း မေးလိုက်ပါတယ် “ကောင်းကင်တာအိုပညာရှိက ငါ့တာအိုစက်ကွင်းရဲ့ အရံအတားကို ထိုးဖောက်နိုင်လား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မဖြစ်နိုင်ပါ။]
“တာအိုပညာရှိတွေ အကုန်လုံး ပေါင်းတိုက်ရင်‌ရော…”
[ဖြစ်နိုင်ပါသည်။ သို့သော် အချိန်လိုအပ်သည်။ လက်ရှိ အင်မော်တယ်ကမ္ဘာသည် တာအိုပညာရှိ လေးပါးထက်ပိုသော ဓမ္မစွမ်းအားကို တောင့်မခံနိုင်ပေ။]
‘ဒီလိုဆို ငါ လုံခြုံသေးတာပဲ’ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီတာအိုပညာရှိတွေ ရူးသွားပြီနဲ့ တူတယ်’
လီတောက်ခုံးက မေးလိုက်ပါတယ် “ဂိုဏ်းချုပ် ကျွန်တော်တို့တွေ ဘယ်လိုလုပ်ကြမလဲ”
ဟန်ကျွယ်က ဘာမှမဖြစ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “အေးအေးဆေးဆေး ဆက်ကျင့်ကြံချည်၊ တာအိုပညာရှိတွေ ကိစ္စကို ငါ ရှင်းလိုက်မယ်”
လီတောက်ခုံးဟာ ဟန်ကျွယ်စကားကြောင့် မှင်သက်သွားပါတယ်။ လီတောက်ခုံးဟာ ဟန်ကျွယ်က ကောင်းကင်တာအိုပညာရှိထက် စွမ်းအားကြီးတယ်လို့ သိထားပေမဲ့ အခုလိုမျိုး ယုံကြည်မှု ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
‘ဒီလိုစွမ်းအားကြီးတဲ့လူက တိုက်လည်း မတိုက်ဘူး၊ ရည်မှန်းချက်လည်း မကြီးဘူး၊ တော်တော် လေးစားကြည်ညိုစရာ ကောင်းပါလား’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset