အခန်း (၅၀၅) မဟာတာအို ခရမ်းရောင်ချီ၊ တာအိုပညာရှိရဲ့ ဒေါသ
[သင်သည် အသက် ၃၀,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် အောက်ပါ ရွေးချယ်မှုများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ချက်ချင်းထွက်၍ ကောင်းကင်ဘုံတိုင်အောင် တာအိုဟောကြားပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် မဟာတာအို ခရမ်းရောင်ချီအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ မူလရည်ရွယ်ချက်အား ဆက်လက် ထိန်းသိမ်းပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် မဟာတာအို ခရမ်းရောင်ချီအား ရရှိမည်။]
ဒီရွေးချယ်မှုက ဟန်ကျွယ် တိတ်ဆိတ်ဂိုဏ်းသားတွေကို သန့်စင်တုန်းက ပေါ်လာခဲ့တာပါ။ အဲဒီတော့က ဟန်ကျွယ်ဟာ ရွေးချယ်မှု မလုပ်ခဲ့ပါဘူး။ တပည့်အားလုံးကို သန့်စင်ပြီးလို့ တာအိုဘုံကျောင်းကို ပြန်ရောက်မှာ ဟန်ကျွယ်ဟာ ဒီရွေးချယ်မှုကို ပြန်ကြည့်တာပါ။ အခုဆိုရင် ဟန်ကျွယ်အသက်က ၃၀,၀၄၄ နှစ် ရှိသွားပါပြီ။
ဟန်ကျွယ် ဘာလို့ ချက်ချင်း မရွေးချယ်ခဲ့တာလဲဆိုတော့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးက အတော်လေး လိုချင်စရာ ကောင်းနေလို့ပါ။ ကြမ္မာဆိုးစာအုပ်က ကောင်းကင်တာအို အကောင်းစား ရတနာဖြစ်နေပါပြီ။ ထပ်ပြီးတော့ အဆင့်တက်သွားမယ်ဆိုရင်….။
အခုအချိန်မှာ ဟန်ကျွယ် အပြင်ထွက်ရင်တောင် ကောင်းကင်တာအိုကနေ မထွက်ခွာသမျှ ကာလပတ်လုံး ဘယ်တာအိုပညာရှိမှ ဟန်ကျွယ်ကို အန္တရာယ်ပေးနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အတန်ကြာ တွေးတောပြီးတဲ့နောက်မှာတော့ ဒီကိစ္စက မလိုအပ်ဘူးလို့ ခံစားလိုက်ရပါတယ်။ အင်မော်တယ်ကမ္ဘာက တာအိုစက်ကွင်း မဟုတ်တဲ့အတွက် တာအိုပညာရှိတွေမှာ တခြားနည်းလမ်းတွေ မရှိဘူးလို ဘယ်သူမှ အာမမခံနိုင်ပါဘူး။
ဟန်ကျွယ်ဟာ သူ့စိတ်ကို သူပြန်ထိန်းပြီး နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စနှင့် မဟာတာအို ခရမ်းရောင်ချီအား ရရှိပါသည်။]
[မဟာတာအို ခရမ်းရောင်ချီ: မဟာတာအို ခရမ်းရောင်ချီနဲ့ ပေါင်းစပ်ပြီးသူ မည်သူမဆို မဟာတာအို ပညာရှိ ဖြစ်လာပိုင်ခွင့် ရှိသည်။]
‘အင်း… မဟာတာအိုပညာရှိ ဆိုပါလား…’
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူထင်ထားတဲ့အတိုင်း မှန်နေလို့ပါ။ ဒါပေမဲ့ ဒီဟာက ဖြစ်လာပိုင်ခွင့်ပဲ ရှိတာပါ။ ကျိန်းသေကြီး ဖြစ်လိမ့်မယ်လို့တော့ အတပ်ပြောလို့ မရပါဘူး။
ဟန်ကျွယ်ဟာ မဟာတာအို ခရမ်းရောင်ချီကို ထုတ်ယူလိုက်ပါတယ်။ မဟာတာအို ခရမ်းရောင်ချီက မီးခိုရောင်ရှိပြီး မီးခိုးလုံးတစ်လုံးလိုပါပဲ။ ဘာတွေ ထူးခြားနေလဲဆိုတာတော့ ဟန်ကျွယ်လည်း မမြင်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ မဟာတာအို ခရမ်းရောင်ချီကို လောလောဆယ် မလိုသေးတဲ့အတွက် သူ့ဝိညာဉ်ထဲက ကြယ်ပင်လယ်ထဲ ပစ်ထည့်လိုက်ပါတယ်။ ဒီမဟာတာအို ခရမ်းရောင်ချီက အနာဂတ်မှာ အသုံးဝင်လာနိုင်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ဘာသာ တာအိုပညာရှိ ဖြစ်လာနိုင်တာမို့ မဟာတာအို ခရမ်းရောင်ချီကို လောလောဆယ် မလိုအပ်ပါဘူး။
ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံအားထုတ်ပြီး တာအိုရရှိဖို့ အားသွန်ခွန်စိုက် ကြိုးစားပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ရောက်နေပေမဲ့ တာအိုကို ရရှိဖို့ဆိုရင် အတော်လေး လိုပါသေးတယ်။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ ပျင်းကြောဆွဲနေလို့ မရပါဘူး။
မဟာတာအိုနဲ့ ပေါင်းစပ်တာက အလွန်ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဟန်ကျွယ်ဟာ အရည်အချင်း ရှိတယ်ဆိုရင်တောင် ဒီဖြစ်စဉ်က တစ်ဆင့်ချင်း နှေးကွေးစွာ သွားနေတုန်းပါပဲ။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာရဲ့ သမိုင်းမှာ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို အသက် ၃၀,၀၀၀ နဲ့ ပထမဆုံး ရောက်ရှိတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ပါ။
ဝေးကွာလှတဲ့ အတိတ်ကို ပြန်ကြည့်ရင် လောကကြီး ဖန်တီးပြီးခါစအချိန်မှာ တာအိုဘိုးဘေးဟာ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ရှိဖို့ နှစ်ပေါင်းဘီလီယံချီ ကြာညောင်းခဲ့ပါတယ်။ ဒါက ဒဏ္ဍာရီသက်သက်မို့ အတိအကျတော့ ယူလို့မရပါဘူး။ ဒီထက် ကြာတာလည်း ဖြစ်နိုင်ပါတယ်။ ဒီမြန်တာတော့ မဖြစ်နိုင်ပါဘူး။
နှစ် ၉၀ ကြာတဲ့အခါမှာတော့ ရွှမ်ချင်းကျွင်းဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရောက်လာပြီး ဟန်ကျွယ် နာမည်ကို အော်ခေါ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရွှမ်ချင်းရဲ့ အော်ခေါ်သံကို ကြားတာနဲ့ အရင်ဆုံးတွက်ချက်ကြည့်ပါတယ်။ သက်တမ်း သန်း ၅၀ ကုန်ဆုံးပြီးတဲ့နောက်မှာတော့ ဘာအန္တရာယ်မှ မရှိတာ သေချာတဲ့အတွက် ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းဟာ တာအိုဘုံကျောင်းထဲ ရွှေ့လိုက်ပါတယ်။
သူတို့နှစ်ယောက် ပြန်တွေ့ဆုံတာက အေးချမ်းလွန်းပါတယ်။ ဇာတ်ကားတွေထဲကလို မျက်ရည်ရွှဲလဲ မဖြစ်ကြပါဘူး။
ရွှမ်ချင်းကျွင်းဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ကျွန်မ ပြန်လာပြီ၊ ရှင် ကျွန်မကို ရှင်ရဲ့ တာအိုလက်တွဲဖော်အဖြစ် အသိအမှတ် ပြုသေးရဲ့လား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အသိအမှတ်ပြုတာပေါ့၊ မင်းက ငါ့ကို မစွန့်ပစ်ဘူးလေ”
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းအကြောင်းကို ရှင်းဟုန်ရွှမ် သိအောင် ပြောပြပြီးပါပြီ။ ဒီကိစ္စအတွက် ရှင်းဟုန်ရွှမ်က ဘာသောကမှ မဖြစ်ပါဘူး။ အင်မော်တယ်ကမ္ဘာမှာ ယောက်ျားတစ်ယောက် မိန်းမအများကြီးယူတာက ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သေမျိုးဧကရာဇ်တွေတောင် ကိုယ်လုပ်တော်ထောင်ချီရှိတာပဲ မဟုတ်ပါလား။
ရွှမ်ချင်းကျွင်းရဲ့ အပြုံးဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် ပိုတောက်ပသွားပြီး သူမရဲ့ ညာလက်ကို အသာမြှောက်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ရွှမ်ချင်းကျွင်းရဲ့ လက်ဖဝါးပေါ်မှာ မြွေတစ်ကောင်နဲ့ ဆင်တူတဲ့ ခရမ်းရောင် ရောင်ဝါတစ်ခု ပေါ်လာပါတယ်။
“ဒါက လောကဦး ခရမ်းရောင်ချီပဲ၊ ဒီဟာနဲ့ဆိုရင် ရှင် ကောင်းကင်တာအိုပညာရှိ ဖြစ်ပိုင်ခွင့်ရှိတယ်၊ ဒါက ရှင့်အတွက် ကျွန်မရဲ့ အထူးလက်ဆောင်ပဲ”
ရွှမ်ချင်းကျွင်းဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။ လောကဦး ခရမ်းရောင်ချီက အင်မော်တယ်ကမ္ဘာမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးကို အရူးအမူး ဖြစ်စေနိုင်တဲ့ အကောင်းစား ရတနာ မဟုတ်ပါလား။
ဒါပေမဲ့ ဟန်ကျွယ်ဟာ တုန်လှုပ်ခြင်း မရှိပါဘူး “ဘယ်တာအိုပညာရှိဟာလဲ”
“ချန်ကျောင်းတော်ရဲ့ လောကဦး ခရမ်းရောင်ချီ၊ အရင်တုန်းကတော့ မိုးကောင်းကင်မျိုးနွယ်စုအတွက် ချန်ထားတာ”
‘နွီဝါဟာ မဟုတ်ဘူးလား…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခုကို တွေးမိလိုက်ပါတယ်။
ပုံမှန်ဆိုရင် ကောင်းကင်တာအိုပညာရှိ ကိုးပါးရှိတာ ဆိုပေမဲ့ နွီဝါ၊ ဖူရှီ၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ချုံရှီလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ တာအိုပညာရှိမင်ကျွယ်၊ တာအိုပညာရှိ ကျင်းအန်းနဲ့ ဧကရာဇ်ရှောင်တို့သာ ပေါ်လာပါတယ်။ ကျန်တဲ့တာအိုပညာရှိက အရိပ်အယောင် လုံးဝမပြပါဘူး။
‘ဒီအတိုင်းဆို ကိုးယောက်မြောက် ကောင်းကင်တာအိုပညာရှိက သေသွားတာ ကြာပြီဆိုတဲ့ သဘောပဲ’ ဟန်ကျွယ်ဟာ သူ့ခန့်မှန်းချက် မှန်မမှန် သိရအောင် စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သင့်ခန့်မှန်းချက် မှန်ကန်ပါသည်။ လက်တလော၌ ကောင်းကင်တာအိုပညာရှိ ခုနစ်ပါးသား ရှိသည်။]
စနစ်ရဲ့ အဖြေကြောင့် ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ် ‘ကောင်းကင်တာအိုပညာရှိက ခုနစ်ပါးပဲ ရှိတာဆိုပေမဲ့ လီမုယဲ့နဲ့ ဘိုးဘေးရှီတျန်လိုမျိုး တာအိုပညာရှိတွေက ဒီထက်မက ရှိနေမှာ ကျိန်းသေတယ်…’
ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ရဲ့ တိတ်ဆိတ်မှုကြောင့် မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘာမှမဖြစ်ပါဘူး… မင်း တကယ်ပဲ ငါ့ကို ဒီလောကဦး ခရမ်းရောင်ချီ ပေးမှာလား”
ရွှမ်ချင်းကျွင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။ ရွှမ်ချင်းကျွင်းရဲ့ မျက်လုံးတွေဟာ တည်ငြိမ် အေးချမ်းနေပါတယ်။
ဟန်ကျွယ်ဟာ လောကဦး ခရမ်းရောင်ချီကို ချက်ချင်း ကောက်ယူပြီး ဘယ်လိုရခဲ့လာဆိုတာကို အသေးစိတ် မေးမြန်းပါတယ်။ ရွှမ်ချင်းကျွင်းကလည်း တစွန်းတစ မဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောပါတယ်။
မိုးကောင်းကင်မျိုးနွယ်စုမှာ ရွှမ်ချင်းကျွင်းဟာ ချန်ကျောင်းတော်အဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ ဟန်ကျွယ် အိပ်မက်ထဲ လာမလည်ခင်ကတည်းက ချန်ကျောင်းတော်မှာ လောကဦး ခရမ်းရောင်ချီ ရှိနေတယ်ဆိုတာကို ရွှမ်ချင်းကျွင်း သိပြီးပါပြီ။ အဲဒီနောက် ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိ လီမုယဲ့က ရွှမ်ချင်းကျွင်းဆီ အသံလွှင့်ပြီး လောကဦး ခရမ်းရောင်ချီ ရအောင် ကူညီမဲ့အကြောင်း ပြောလာပါတယ်။
ရွှမ်ချင်းကျွင်းဟာ တာအိုပညာရှိက သူ့ကို ဘာလို့ရွေးချယ်ရလဲဆိုတာ မသိတဲ့အတွက် အတော်လေး ပဟေဠိ ဖြစ်သွားပါတယ်။ လီမုယဲ့ကတော့ တာအိုဂိုဏ်း အတွင်းရေး အခြေအနေကြောင့်လို့ အဖြေပြန်ပေးပါတယ်။ ဒါ့အပြင် လီမုယဲ့ တခြားလူတွေကိုလည်း ရွေးထားပါသေးတယ်။ နောက်ဆုံးမှာတော့ ရွှမ်ချင်းကျွင်းဟာ လီမုယဲ့ရဲ့ အကူအညီနဲ့ လောကဦး ခရမ်းရောင်ချီကို အောင်မြင်စွာ ရောက်ရှိပြီး အင်မော်တယ်ကမ္ဘာဆီ ပြန်ပြေးလာခဲ့ပါတယ်။
ဟန်ကျွယ်ဟာ ဖြစ်စဉ်အလုံးစုံကို ကြားတာနဲ့ လီမုယဲ့က တမင်သက်သက် ထောင်ချောက်ဆင်တာမှန်း သိလိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ လောကဦး ခရမ်းရောင်ချီက ဟန်ကျွယ်ဆီကို ရောက်လာပြီ ဖြစ်တဲ့အတွက် လီမုယဲ့အကြံအစည်က ဘယ်လိုနည်းနဲ့မှ အောင်မြင်နိုင်မှာ မဟုတ်တော့ပါဘူး။
ဟန်ကျွယ်ဟာ သက်တမ်း သန်း ၅၀ သုံးစွဲပြီး ရွှမ်ချင်းကျွင်းကို သန့်စင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်နဲ့ ရွှမ်ချင်းကျွင်းဟာ အတော်အတန် ကြာတဲ့အထိ စကားစမြည် ပြောဆိုပါတယ်။ ပြီးတော့မှ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို အပြင်အထိ ကိုယ်တိုင်လိုက်ပို့ပြီး တာအိုဘုံကျောင်း တည်ဆောက်စေပါတယ်။
ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ဆီ ပြန်လာပြီးနောက် တစ်ခုခု ပြောင်းလဲသွားတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်နဲ့ တွေ့ဆုံပြီးနောက် ရွှမ်ချင်းကျွင်းဟာ လန်းဆန်းတက်ကြွသွားပြီး ဝန်ထုပ်ဝန်ပိုးတွေကနေ လွတ်ကင်းသွားတယ်လို့ ခံစားလိုက်ရပါတယ်။
တာအိုဘုံကျောင်းထဲ ပြန်ရောက်တာနဲ့ ဟန်ကျွယ်ဟာ လောကဦး ခရမ်းရောင်ချီကို စတင်သန့်စင်ပါတယ်။ ဒီလောကဦး ခရမ်းရောင်ချီကို သန့်စင်ဖို့အတွက် ဟန်ကျွယ်ဟာ သက်တမ်း ၄ ဘီလီယံ ကုန်သွားပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က ရွမ်လိန့်ကျောင်းတော် တာအိုစက်ကွင်းမှာ တရားထိုင်နေတဲ့ လီမုယဲ့ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
“ဘာတွေ ဖြစ်ကုန်တာလဲ၊ ဘာဖြစ်လို့ ငါရဲ့ တာအိုပညာရှိအာရုံက ကျိုးပြတ်သွားရတာလဲ” လီမုယဲ့ဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ မျက်နှာပျက်သွားပါတယ် “တော်တော်ကောင်းတဲ့ အကွက်ပဲ”
“ဟန်ကျွယ်… ဟန်ကျွယ်… မင်းက ဘယ်သူလဲ၊ မင်းနောက်မှာ ဘယ်သူ ရှိနေတာလဲ”
လီမုယဲ့ဟာ ဟန်ကျွယ်က အသက် ၃၀,၀၀၀ ပဲ ရှိသေးပြီး အရင်ဘဝမှာလည်း ဘာနောက်ခံမှ မရှိတာကို တွက်ချက်မိပါတယ်။ ဒါကြောင့်လည်း ဟန်ကျွယ် နောက်ကွယ်မှာ ကျိန်းသေပေါက် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါး ရှိရမယ်လို့ ကောက်ချက် ချလိုက်တာပါ။
လီမုယဲ့ရဲ့ အကြည့်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံကို ဖြတ်သန်းပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ရောက်သွားပါတယ်။ ဒါပေမဲ့ လီမုယဲ့ဟာ မြူခိုးတွေကိုပဲ မြင်ရပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ဘာရှိနေတယ်ဆိုတာကို မတွေ့ရပါဘူး။
‘ဒီအတိုင်းဆို ငါ လောကဦး ခရမ်းရောင်ချီကို အလကားသက်သက် ပေးလိုက်သလို ဖြစ်သွားမှာပေါ့၊ မဖြစ်ဘူး… ငါ ဒီအတိုင်းဖြစ်ခံလို့ မရဘူး’ လီမုယဲ့ဟာ ချက်ချင်း မတ်တတ်ထရပ်ပြီး တာအိုစက်ကွင်းထဲကနေ ထွက်ခွာသွားပါတယ်။
…
တာအိုဘုံကျောင်းထဲမှာတော့ ဟန်ကျွယ်ဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။
[လီမုယဲ့သည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]
[တောင်ဘက်စွန်း ကောင်းကင်အရှင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]
[ဂိုဏ်းချုပ်တျန်ကျွယ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]
[တာအိုပညာရှိ ကျင်းအန်းသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် မုန်းတီးတဲ့လူတွေ များနေရတာလဲ… လောကဦး ခရမ်းရောင်ချီနဲ့ ပတ်သက်နေလို့များလား၊ ဒီအစုတ်ပလုတ် တာအိုပညာရှိတွေက အေးအေးချမ်းချမ်းနေရတာကို မကြိုက်ဘူးနဲ့တူတယ်’
ဟန်ကျွယ်ဟာ လီမုယဲ့ ရွှမ်ချင်းကျွင်းကို ရှာတာက တိုက်ဆိုင်မှုတစ်ခုလို့ မယူဆပါဘူး။ ဒီလောကဦး ခရမ်းရောင်ချီက ထောင်ချောက်ဆိုတာ သိသာလွန်းလှပါတယ်။ ဒါပေမဲ့ စနစ်ရဲ့ အကြွင်းမဲ့သန့်စင်ခြင်းက လောကဦး ခရမ်းရောင်ကို လုံးဝ သန့်စင်လိုက်တဲ့အတွက် တာအိုပညာရှိတွေရဲ့ အကြံအစည်ကို လုံးဝချိုးဖျက်လိုက်တာ ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ ဒီအကြောင်းကလွဲရင် တာအိုပညာရှိတွေက သူ့ကို မုန်းတီးစရာ တခြားအကြောင်းအရင်း မရှိပါဘူး။
‘ငါ့ကို မုန်းတယ်တဲ့လား၊ မုန်းစမ်း… ကြိုက်သလောက် မုန်းစမ်း…. ငါ တာအိုကို ရတာနဲ့ မင်းတို့အကုန်လုံးကို သတ်ပစ်မယ်’ ဟန်ကျွယ်ရဲ့ ခံယူချက်က တခြားလူတွေ သူ့ကို ရန်မလာစရင် သူကလည်း တခြားလူတွေကို ရန်သွားမစပါဘူး။ ဒါပေမဲ့ တခြားလူတွေက သူ့ကို ရန်လာစရင်တော့ ဟန်ကျွယ်ဟာ အဲဒီလူတွေကို သေမင်းဆီ ပို့ပေးမှာပါ။
‘အခုတော့ နေနှင့်အုန်းပေါ့ကွာ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကြုံးဝါးလိုက်ပြီးနောက် ခံစားချက်တွေကို ထိန်းချုပ်ကာ ဆက်လက် ကျင့်ကြံပါတယ်။
ဒီအချိန်မှာပဲ….
“ငါက ကောင်းကင်တာအိုပညာရှိ ဂိုဏ်းချုပ်တျန်ကျွယ်ပဲ၊ တိတ်ဆိတ်ဂိုဏ်းက လောကဦး ခရမ်းရောင်ချီကို ခိုးယူပြီး ကောင်းကင်နိယာမကို ချိုးဖျက်လိုက်တယ်၊ ဒီလိုအပြစ်က သေဒဏ်ပေးဖို့ ထိုက်တန်တယ်၊ သက်ရှိအားလုံး နားထောင်ပါ၊ တိတ်ဆိတ်ဂိုဏ်းကို ရှင်းလင်းပြီး ကောင်းကင်တာအို ကုသိုလ်ကံကို အရယူပါ၊ မင်းတို့ရဲ့ အကျိုးဆောင်မှုနဲ့ ထိုက်တန်တဲ့ ဆုလာဘ်တွေကို ရရှိလိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 505
? Views, Released on December 9, 2024