အခန်း (၅၀၂) မိုးကောင်းကင်မျိုးနွယ်စု အာဏာလွန်ဆွဲခြင်း၊ ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော်
လက်ရှည်လူဝံမျိုးနွယ်စု။
အင်မော်တယ်ကမ္ဘာမှာ ပဋိပက္ခမျောက်လေးကောင်နဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတွေရှိတာ အမှန်ပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ သူတို့ရဲ့အရည်အချင်းကို မေးခွန်းမထုတ်ပါဘူး။ ဒါပေမဲ့ မျိုးနွယ်စုတစ်စုအဖြစ် တည်ရှိနေလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပြီး မေးလိုက်ပါတယ် “မင်းက ဘယ်လိုတွေးထားလို့လဲ”
လီရွှမ်အောက်ဟာ ခံစားချက်ကို ထိန်းချုပ်ပြီး ပြောလိုက်ပါတယ် “ကျွန်တော်တို့တွေ လက်ရှည်လူဝံ မျိုးနွယ်စုကို တိတ်ဆိတ်ဂိုဏ်းထဲ ဆွဲထည့်လိုက်လို့ ဘာမှထူးခြားသွားမှာ မဟုတ်ဘူး၊ အပြင်ဘက်မှာလည်း တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားစုတွေရှိဖို့ လိုအပ်တယ်၊ အင်မော်တယ်ကမ္ဘာက အဓိကအင်အားစုတိုင်းလိုလိုမှာ လက်အောက်ခံအင်အားစုတွေ ရှိကြတယ်”
“ရွမ်လိန့်ကျောင်းတော်လိုမျိုးပေါ့၊ အပေါ်ယံမှာ ကျွန်တော်နဲ့ ဂိုဏ်းတူအစ်ကိုပဲ ရှိတယ်လို့ ထင်ရတယ်၊ အနန္တကပ်ဘေးရောက်လို့ ကျွန်တော်နဲ့ ဂိုဏ်းတူအစ်ကို ကပ်ဘေးထဲဝင်ရင်တောင် ရွမ်လိန့်ကျောင်းတော်က ကောင်းကင်တာအိုကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ဘယ်သက်ရှိကမှ မတွေးကြဘူး၊ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် မိုးကောင်းကင်မျိုးနွယ်စုရဲ့ ကျင့်ကြံသူအများစုက ရွမ်လိန့်ကျောင်းတော်ကပဲ၊ တာအိုပညာရှိတွေထဲမှာလည်း ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိက အကျိုးအမြတ် အများဆုံး ရသွားတာ”
ဟန်ကျွယ်ဟာ လီရွှမ်အောက်ရဲ့ ဆိုလိုရင်းကို နားလည်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စက မလိုအပ်ဘူးလို့ ခံစားရပေမဲ့ တပည့်တွေက တစ်ခုခုလုပ်ချင်တာ ဖြစ်တဲ့အတွက် လုပ်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“လက်ရှည်လူဝံမျိုးနွယ်စုထဲက အရည်အချင်းအရှိဆုံးတစ်ယောက်ကို တိတ်ဆိတ်ဂိုဏ်းထဲ ဆွဲခေါ်လိုက်၊ ပြီးတော့ မင်း သူ့ကို သိမ်းသွင်းပေါ့”
လီရွှမ်အောက်ဟာ ဟန်ကျွယ်စကားကြောင့် ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်းဦးညွှတ်ကာ တာအိုဘုံကျောင်းထဲကနေ အလျင်စလို ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ လီရွှမ်အောက် တစ်ခုခုလုပ်မှာကို မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အပေါ်ထားရှိတဲ့ လီရွှမ်အောက်ရဲ့ မျက်နှာသာပေးမှုက ကြယ်ခြောက်ပွင့်ဖြစ်တဲ့အတွက် အန္တိမမူလ မဟာတာအိုကိုလည်း ကျင့်ကြံထားတာကြောင့်ပါ။
၇၄ နှစ် ကြာပြီးနောက်။
ထုံးစံအတိုင်း ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာ ကျင့်ကြံအားထုတ်နေပါတယ်။
“ငါက မိုးကောင်းကင်မျိုးနွယ်စုရဲ့ စစ်နတ်ဘုရား ကောင်းကင်နတ်ဘုရား စစ်သူကြီးပဲ၊ မိုးကောင်းမျိုးနွယ်စုအတွက် အင်မော်တယ် နတ်ဘုရားတွေ ရွေးချယ်ဖို့အတွက် အင်မော်တယ်ကမ္ဘာက သက်ရှိအားလုံးကို ငါ ဆင့်ခေါ်တယ်၊ ငါ စကြဝဠာမှာ အနန္တကမ္ဘာကို ဖွင့်လှစ်မယ်၊ မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်ရှိတဲ့ ဘယ်သူမဆို ကောင်းကင်ဘုံ ၁၃ ထပ်က ငါ့ဆီလာပြီး အင်မော်တယ် နတ်ဘုရား စွမ်းအားကို တောင်းခံနိုင်တယ်”
ဒီအသံဟာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို မိုးခြိမ်းသံအလား မြည်ဟိန်းပြီး ပဲ့တင်ထပ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘မိုးကောင်းကင်မျိုးနွယ်စုက အင်မော်တယ် နတ်ဘုရားတွေကို ရွေးချယ်နေပြီလား… ဒီကောင်တွေက ကောင်းကင်ရုံးတော်ကို ဖြိုဖျက်ဖို့ ကြိုးစားနေတာပဲ’
မိုးကောင်းကင်မျိုးနွယ်စုက အင်မော်တယ် နတ်ဘုရားတွေကို ကိုယ်စားပြုတယ်လို့ သက်ရှိအားလုံးက တွေးသွားရင် ကောင်းကင်ရုံးတော်က ဘာမှသုံးစားရမှာ မဟုတ်တော့ပါဘူး။ ကောင်းကင်ရုံးတော်မှာ အင်မော်တယ်တွေ တစ်စတစ်စ လျော့ပါးပြီး နောက်ဆုံးမှာ ဖန်းလျန်တစ်ယောက်ပဲ ကျန်တော့ရင် ကောင်းကင်ရုံးတော် သေဆုံးသွားမှာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို တွေးမိလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်က သူ့ကို ကောင်းကင်ရုံးတော် ဘေးတွေ့ရင် ကူညီပေးဖို့ ပြောထားခဲ့တာ မဟုတ်ပါလား။ ဒါပေမဲ့ အခုအချိန်က ကောင်းကင်ရုံးတော်အတွက် အခက်ခဲဆုံးအချိန် မဟုတ်သေးပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ဟာ တာအိုကိုမရရှိခင် စိတ်လိုက်မာန်ပါ မလုပ်ရဲပါဘူး။
“မင်းတို့ကောင်တွေ လုပ်ထားကြပေါ့၊ ငါ တာအိုပညာရှိ ဖြစ်သွားမှ ကိစ္စအားလုံးကို အတိုးနဲ့ ရှင်းပစ်မယ်”
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုက သူ့ကို ကြံစည်ရုံနဲ့တင် အားမရလို့ အခု ကောင်းကင်ရုံးတော်ကို ကြံစည်နေပါပြီ။ ဒါကြောင့် မိုးကောင်းကင်မျိုးနွယ်စုကို ဒီအတိုင်း လွှတ်ထားလို့ မရတော့ပါဘူး။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ မိုးကောင်းကင်မျိုးနွယ်စုထဲမှာ ရောက်နေတဲ့ သူ့ရဲ့ ပထမဆုံး တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းကို တွေးမိလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုပြီး ရွှမ်ချင်းကျွင်းရဲ့ အိပ်မက်ထဲ သွားလည်ပါတယ်။
သူတို့နှစ်ယောက်စလုံး အိပ်မက်နယ်မြေထဲ ဝင်ရောက်သွားကြပါတယ်။ အိပ်မက်နယ်မြေမှာ ကြည်လင်သန့်ရှင်းတဲ့ မြစ်ချောင်းတွေနဲ့ စိမ်းလန်းစိုပြေတဲ့ တောင်တန်းတွေ ရှိနေပါတယ်။ ဒါ့အပြင် အပြာရောင် ကောင်းကင်ထက်မှာလည်း တိမ်ဖြူတိမ်ဖွေးတွေဟာ လေပြေနဲ့အတူ ဟိုဟိုဒီဒီ မျောပါနေကြပါတယ်။ တောအုပ်ကို ကျော်ဖြတ်ပြီး တိုက်ခိုက်လာတဲ့ လေနုလေအေးလေးဟာ လူတစ်ယောက်ရဲ့ နှလုံးသားကို လှုပ်ကိုင်နိုင်စွမ်း ရှိပါတယ်။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို ပြန်တွေ့လိုက်ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀,၀၀၀ နဲ့စာရင် ရွှမ်ချင်းကျွင်းဟာ အတော်လေး ပြောင်းလဲသွားပါပြီ။ ရွှမ်ချင်းကျွင်းဟာ ခရမ်းရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး တည်ကြည်လေးနက်တဲ့ ကိုယ်ဟန်ရှိပါတယ်။ သူ့ရဲ့လှပလွန်းတဲ့ မျက်နှာလေးဟာ အလွန်တရာမှ အေးစက်ပြီး ယောက်ျားတိုင်းကို အထင်သေးနေသလိုပါပဲ။
သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံမိတုန်းက ရွှမ်ချင်းကျွင်းဟာ သာမန်ယောင် ဆောင်ခဲ့ပါသေးတယ်။
ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် သတိကြီးကြီးထားသွားပါတယ်။ နေလ ယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်က ဟန်ကျွယ်ရဲ့ မျက်နှာကို ကာထားတဲ့အတွက် ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ရဲ့ မျက်နှာကို မမြင်ရပါဘူး။
ရွှမ်ချင်းကျွင်းဟာ ကျင့်ကြံအားထုတ်နေတုန်း အိပ်မက်ထဲ ရုတ်တရက် ဆွဲထည့်ခံလိုက်ရတဲ့အတွက် အခုလိုမျိုး သတိကြီးနေတာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ ရွှမ်ချင်းကျွင်းဟာ တစ်စုံတစ်ခုကို တွေးမိသွားပါတယ် “ဟန်ကျွယ်လား…”
ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “အဆင်ပြေရဲ့လား…”
သူတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့တဲ့ အိပ်မက်က လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်ကပါ။ ဟန်ကျွယ်ဟာ အချိန်တွေကြာညောင်းပြီး မိတ်ဆွေဟောင်းတစ်ယောက်ကို ပြန်တွေ့လိုက်ရလို့ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ ဒီလိုဖြစ်ရတာက ဟန်ကျွယ်ဟာ သူ့ဘဝမှာ လူအများကြီးနဲ့ မဆက်ဆံခဲ့တာကြောင့်ပါ။ ဒါကြောင့် မိတ်ဆွေတစ်ယောက် ဆုံးပါးသွားရင် တော်တော်လေး တာသွားပါတယ်။
ရွှမ်ချင်းကျွင်းဟာ ပြုံးပြီး ဟန်ကျွယ်ကို သေချာကြည့်လိုက်ပါတယ် “အဆင်ပြေပါတယ်၊ ရှင်လည်း ပိုကြည့်လို့ ကောင်းလာတယ်၊ ရှင်က တိတ်ဆိတ်ဂိုဏ်းကို တည်ထောင်လိုက်တဲ့လူမလား”
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းက သူ့အကြောင်းကို သိနေလို့ မအံဩပါဘူး။
“ဟုတ်တယ်၊ မင်းရော မိုးကောင်းကင်မျိုးနွယ်စုမှာ အဆင်ပြေရဲ့လား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပြောရင်းဆိုရင်းနဲ့ ရွှမ်ချင်းကျွင်းက သူ့ကို ကျင့်ကြံမှုရင်းမြစ်တွေ ပေးခဲ့တာကို သတိပြန်ရသွားပါတယ်။
ရွှမ်ချင်းကျွင်းက ပြောလိုက်ပါတယ် “ကျွန်မ နတ်ဘုရားရာထူးကို ရလိုက်တယ်၊ ဒါပေမဲ့ ကျွန်မက ရေနှောက်မှာ ငါးဖမ်းနေတာပါ၊ တကယ်အာဏာ မရှိပါဘူး၊ ဒါနဲ့ မိုးကောင်းကင်မျိုးနွယ်စုက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပစ်မှတ်ထားကောင်း ထားနိုင်တယ်၊ ရှင် ဂရုစိုက်အုန်း”
“ဒီအကြောင်းကို ငါ သိပြီးပြီ၊ ငါ မင်းကို လာတွေ့တာက မတွေ့တာကြာလို့ မိတ်ဆွေဟောင်းကို လာကြည့်တာ၊ နောက်တစ်ခုက မင်း မိုးကောင်းကင်မျိုးနွယ်စုမှာ မပျော်ရင် တိတ်ဆိတ်ဂိုဏ်းကို အချိန်မရွေး လာခိုလှုံနိုင်တယ်၊ မိုးကောင်းကင်မျိုးနွယ်စုရဲ့ အကြံအစည်အတွက်တော့ မစိုးရိမ်နဲ့၊ ငါ့တာအိုစက်ကွင်းကို တာအိုပညာရှိအတုတောင် မထိုးဖောက်နိုင်ဘူး၊ သူတို့အကြံအစည် အောင်မြင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”
ရွှမ်ချင်းကျွင်းဟာ ပြုံးလိုက်ပါတယ် “ကောင်းပြီလေ၊ ကျွန်မကလည်း တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ချင်ပါတယ်”
‘တဲ့တိုးကြီးပါလား’ ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။
“ကျွန်မ တိတ်ဆိတ်ဂိုဏ်းရဲ့ အေးအေးဆေးဆေး ကျင့်ကြံတဲ့မူကို နှစ်သက်တယ်၊ အရင်တုန်းက ကျွန်မ သဘောမတူခဲ့တာက ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ချင်လို့ပဲ၊ အခုကံတရား အထောက်အပံ့လည်း ရပြီးပြီ၊ ရှင်သာ ကျွန်မကို လက်ခံမယ်ဆိုရင် ကျွန်မက တိတ်ဆိတ်ဂိုဏ်းထဲဝင်ဖို့ အသင့်ပဲ၊ ဒါပေမဲ့ ကျွန်မ မလာခင် ရှင့်အတွက် လက်ဆောင်တစ်ခု ပြင်စရာ ရှိသေးတယ်”
“ဘာလက်ဆောင်လဲ”
“အချိန်ရောက်ရင် သိရလိမ့်မယ်၊ ရှင် လုံးဝ အံဩသွားစေရမယ်လို့ ကျွန်မ အာမခံတယ်”
“ကောင်းပါပြီ” ဟန်ကျွယ်ဟာ ပြုံးပြီး သဘောတူလိုက်ပါတယ် ‘ဘာလဲ… သူက ငါ့ကို လောကဦးခရမ်းရောင်ချီ လက်ဆောင်ပေးချင်တာလား’
အဲဒီနောက် ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်း ပြောပြာတဲ့ အတွေ့အကြုံတွေကို စိတ်ဝင်တစား နားထောင်ပါတယ်။
ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကြောင့် ဂူအောင်းကျင့်ကြံတာကို ဝါသနာ ပါသွားပါတယ်။ အဲဒါကြောင့် ကပ်ဘေးပြီးတာနဲ့ အပြင်ကို သိပ်မထွက်ဘဲ ဂူအောင်းကျင့်ကြံပါတယ်။ ဒါပေမဲ့ အပြင်ထွက်တဲ့ အကြိမ်တွေကလည်း စွမ့်စားခန်းတွေချည်းပါပဲ။
ဟန်ကျွယ်နဲ့ ရွှမ်ချင်းကျွင်းဟာ အတန်ကြာ စကားပြောဆိုကြပြီးမှ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းရဲ့ လေသံကနေ ရွှမ်ချင်းကျွင်းက မိုးကောင်းကင်မျိုးနွယ်စုကို အတော်လေး သဘောမကျမှန်း ပြောနိုင်ပါတယ်။
အဓိကအကြောင်းရင်းကတော့ မိုးကောင်းကင်မျိုးနွယ်စုဟာ စည်းလုံးမှုမရှိဘဲ မပြတ် ပြဿနာတက်နေတာပါ။ ဒီလိုဖြစ်ရတာက ပြိုင်ဆိုင်မှု ပြင်းထန်လို့ပါ။ မိုးကောင်းကင်မျိုးနွယ်စုမှာ ဧကရာဇ်နေရာကိုတောင် အလှည့်ကျ ထိုင်ကြပါတယ်။
ဂျိရှင်းရှန်ဟာ လုံးဝကို ရုပ်သေးရုပ် ဖြစ်သွားပါတယ်။ အာဏာက မကြာခဏ ပြောင်းလဲနေတဲ့အတွက် မိုးကောင်းကင်မျိုးနွယ်စုရဲ့ မြေအင်မော်တယ်တွေဟာ တစ်ခုခုမှားနေပြီဆိုတာကို ခံစားမိကြပါတယ်။ ဒီလိုသာ ဆက်သွားရင် ဘယ်သူမှ မတိုက်ခိုက်ရင်တောင် မိုးကောင်းကင်မျိုးနွယ်စုက အလိုလို ပြိုလဲသွားမှာပါ။
ဒီလိုအခြေအနေမှာ ရွှမ်ချင်းကျွင်း မိုးကောင်းကင်မျိုးနွယ်စုကို စွန့်ခွာချင်တာ မထူးဆန်းပါဘူး။
‘ငါ မိုးကောင်းကင်မျိုးနွယ်စုကို အချင်းချင်း တိုက်ခိုက်အောင် လုပ်သင့်လား’
ရွှမ်ချင်းကျွင်းရဲ့ စကားအရ မိုးကောင်းကင်မျိုးနွယ်စုကို လက်တလော ဦးဆောင်နေတဲ့သူက ကျိုးချွမ်ပါ။ ကျိုးချွမ်ရဲ့ နောက်ခံက လျှို့ဝှက်ဆန်းကြယ်ပြီး ဘယ်ဂိုဏ်းကလာလဲဆိုတာကို ရွှမ်ချင်းကျွင်း မသိပါဘူး။ ဒါပေမဲ့ အဆက်အသွယ်ကတော့ တော်တော်ကျယ်ပြန့်ပါတယ်။
ဟန်ကျွယ်ဟာ ကျိုးချွမ်ကို ကျိန်စာတိုက်ပြီး မိုးကောင်းကင်မျိုးနွယ်စုကို ပြဿနာပိုတက်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုမှ မိုးကောင်းကင်မျိုးနွယ်စုဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို အာရုံစိုက်ချိန် မရမှာပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ချက်ချင်း ကျိန်စာမတိုက်ဘဲ စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နှစ်ငါးဆယ်ကြာလို့ တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ပြီးတာနဲ့ ဟန်ကျွယ်ဟာ မိုးကောင်းကင်မျိုးနွယ်စုက ကျိုးချွမ်ကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျိုးချွမ်ကို မတော်တဆ သေအောင် ကျိန်စာတိုက်မိမှာစိုးတဲ့အတွက် သေချာဂရုစိုက်ပြီး ကျိန်စာတိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျိုးချွမ်ကို တစ်ရက်ပဲ ကျိန်စာတိုက်ပြီး ရပ်လိုက်ပါတယ်။ ဒီလောက်နဲ့ဆို ကျိုးချွမ်လည်း သေလောက်အောင် ကြောက်သွားမှာပါ။
စိတ်ကောင်းဝင်သွားတဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ် ထင်ထားသလိုပဲ မိုးကောင်းကင်မျိုးနွယ်စုဟာ ဝရုန်းသုန်းကား ဖြစ်သွားပါတယ်။
စာစောင်တွေကနေ ရှန်စစ်သူကြီးနဲ့ ဂျိရှင်းရှန်တို့ တစ်ယောက်ပြီး တစ်ယောက် အတိုက်ခိုက်ခံရတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ် ‘ကျွတ်..ကျွတ်… တော်တော် သနားဖို့ ကောင်းတာပဲ’
လဝက်ကြာတဲ့အခါမှာတော့ လီရွှမ်အောက်ဟာ လက်ရှည်လူဝံကို ရွေးချယ်ပြီးကြောင်း အဲဒီလက်ရှည်လူဝံက တောင်ထပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ စောင့်နေကြောင်း လာပြောပါတယ်။
ဟန်ကျွယ်ဟာ အပြင်ဘက်က လက်ရှည်လူဝံကို တာအိုစက်ကွင်းထဲ တန်းရွှေ့လိုက်ပြီး လီရွှမ်အောက်လက်ထဲ အပ်လိုက်ပါတယ်။
ဒီလက်ရှည်လူဝံနဲ့ တွေ့ဖို့တော့ ဟန်ကျွယ်မှာ လေလောဆယ် စိတ်ကူးမရှိပါဘူး။ ကျင့်ကြံမှုက ကွာခြားလွန်းတဲ့အတွင် အဆင့်အတန်းကလည်း ကွာခြားလှပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ လူတိုင်းကို လက်ခံတွေ့ဆုံမှာ မဟုတ်ပါဘူး။ လူတိုင်းကိုသာ လက်ခံတွေ့ဆုံနေရင် ဟန်ကျွယ်မှာ ကျင့်ကြံဖို့တောင် အချိန်ရမှာ မဟုတ်ပါဘူး။
တောတောင်မြစ်ချောင်းတွေပေါ်မှာ လီရွှမ်အောက်နဲ့ လက်ရှည်လူဝံဟာ တိမ်ဖြူစီးပြီး ပျံသန်းနေကြပါတယ်။ လက်ရှည်လူဝံဟာ လူသားပုံစံ မျောက်တစ်ကောင် ဖြစ်တဲ့အတွက် တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ရှိပါတယ်။ လက်ရှည်လူဝံဟာ နားကုပ်လိုက် ပါးကုပ်လိုက်နဲ့ ဘေးနားပတ်ဝန်းကျင်ကို စိတ်ဝင်တစား စူးစမ်း ကြည့်ရှုပါတယ်။
လီရွှမ်အောက်က သတိပေးလိုက်ပါတယ် “တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ တခြားသူတွေနဲ့ ရန်မဖြစ်နဲ့၊ မဟုတ်ရင် ငါ မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”
လက်ရှည်လူဝံက စပ်စုလိုက်ပါတယ် “တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ စီနီယာထက် စွမ်းအားကြီးတဲ့လူ ဘယ်နှယောက်ရှိလဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 502
? Views, Released on December 9, 2024