Chapter – 64
“ကြိုတင်ဟောကိန်းထုတ်ခြင်း”
မည်သို့ပင် ဖြေရှင်းချက်များ ပေးနေပါစေ မင်းသမီးကြီးမှာ စုယဲ့ယွဲ့၏ တကိုယ်လုံးအား သေချာကို စစ်ဆေးပါတော့သည်။ နောက်ဆုံးမှာတော့ သူမထင်သကဲ့သို မဟုတ်တာကို သဘောပေါက်သွားမိပြီး သူမကိုယ်သူမ အစိုးရိမ်လွန်နေသည်ဟုလည်း တွေးလိုက်မိသည်။
ယခုမှသာ သူမလည်း စိတ်သက်သာရာ ရရှိသွားခဲ့လေ၏။
(ဟမ့် . . . တစ်ညထဲနဲ့ အသားအရည်တွေ စိုပြည်လာတာ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး။ ဟိုလိုတွေ မဖြစ်ခဲ့တောင် တစ်ခုခုတော့ သေချာပေါက် ဖြစ်ခဲ့ရမယ်။ ဒီလိုမှ မဟုတ်ရင် အခုလို ဖြစ်လာစရာ အကြောင်းမှ မရှိတာ . . .
အဲဒီလို တစ်ခုခု ဖြစ်ခဲ့တဲ့အရာပြီးရင် ငါထင်နေသလို ဖြစ်မလာဘူးလို့ ပြောလို့မရပြန်ဘူး . . .
ဒီနှစ်ယောက်ကို စေ့စပ်ပေးထားတာ ကြာပြီ ဆိုပေမဲ့ ဒီလိုကိစ္စကို အခုချိန်မှာ လက်မခံနိုင်သေးဘူး)
မင်းသမီးကြီးမှာ သူမစိတ်ကို ပြန်၍ ထိန်းလိုက်သည်။
စုယဲ့ယွဲ့ကိုတော့ အခန်းထဲ ထည့်၍ ပိတ်ထားလိုက်ကြလေ၏။ အခန်းအတွင်း အကျဉ်းချထားခံရသလို နေထိုင်ခဲ့ရပြီး သူမအတော်ကို ၀မ်းနည်းပက်လက် ဖြစ်နေလေမိပါသည်။
ယခုကဲ့သို့ အကျဉ်းချခံထားရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့မိဖူးချေ။
အဘယ်ကြောင့် သူမကို ယခုကဲ့သို့ အကျဉ်းချထားသလဲ ဆိုတာကိုလည်း နားမလည်နိုင်အောင် ဖြစ်နေရသည်။ ထိုကဲ့သို့ ပိတ်လှောင်ထားရသည့် အကြောင်းရင်းကို နောက်အတော်ကြာလောက်ပြီး ရင့်ကျက်သည့် အရွယ်ရောက်မှသာ သိနိုင်မည် ဖြစ်ပါတော့သည်။
. . .
တောင်များဖြင့် ဝိုင်းနေသည့် ဝါးတောတစ်ခုအတွင်းတွင် ဖြစ်သည်။
“ချူးအာ ဒီတစ်ကြိမ်မှာ အမှားလုပ်ခဲ့မိပါတယ်။ ကျွန်မကို အပြစ်ပေးပါ . . .”
အဖြူရောင်ဝတ်ရုံဝတ် မိန်းကလေး ချူးအာမှာ ခေါင်းကိုငုံ့လျက် အဖြူရောင်ဝတ်ရုံဝတ် လူတစ်ဦး၏ ရှေ့တွင် မတ်တတ်ရပ်နေလေ၏။ ထိုလူကတော့ ဘီးတပ်ကုလားထိုင် တစ်ခုပေါ်တွင် ထိုင်နေခြင်း ဖြစ်သည်။
အဖြူရောင်ဝတ်ရုံဝတ် လူလည်း သက်ပြင်းချကာ မျက်စိကို မှေးစင်းလျက် –
“ချူးအာ . . . မင်းရဲ့ လုပ်ရပ်က ဒီတစ်ခါမှာတော့ ငါတို့ရဲ့ အစီအစဉ်တွေကို တော်တော် အနှောင့်အယှက် ဖြစ်သွားပြီ။ ဒါကြောင့် မူမျိုးနွယ်ကတော့ တော်တော်ကြီး အထိနာကုန်ကြပြီလေ။အခု ငါတို့က သူတို့ကို မတိုက်ခိုက်တော့ဘူး ဆိုရင်တောင်မှ မြို့ထဲကို လာရဲတော့မှာ မဟုတ်ဘူး . . .”
ချူးအာ ခေါင်းငုံ့လျက်ပင် –
“ဟုတ်ပါတယ် . . .”
“ဒါပေမဲ့ အဲဒီ မူဇီဟိ ဆိုတဲ့လူက မင်းကို တကယ်ပဲ စော်ကားမော်ကား လုပ်ရဲတယ်။ သူကတော့ ဒီလို ဖြစ်သင့်ပါတယ်။ သူသေတာ ကောင်းတယ်”
၀တ်ရုံဖြူနှင့်လူ ခပ်တည်တည်ပဲ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် . . . ငါကတော့ ရဲမျိုးနွယ် ပါဝင်ပတ်သက်နေတဲ့ အနှောင့်အယှက်ပေးမဲ့ အစီအစဉ် တစ်ခုကို ကမ္ဘာကြီးကို ချပြဖို့ စီစဉ်ထားတာ အခုတော့ ခဏဆိုင်းငံ့ထားရမှာပဲ . . .”
“ဟုတ်ကဲ့ပါ . . .”
“ဒါပေမဲ့ မင်းရဲ့ လုပ်ရပ်တွေက ရဲမျိုးနွယ်ကို တကယ်ကြီး ကူညီလိုက်သလို ဖြစ်သွားတယ်။ သူတို့တွေ စိတ်ပူပန်စေမှုတွေကနေ သက်သာရာ ရသွားမှာတော့ အမှန်ပဲ . . .”
၀တ်ရုံဖြူနှင့်လူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဘာတွေ ဖြစ်သလဲ ဆိုတာကို သေချာ ပြောပြစမ်း . . . တိုက်ဆိုင်မှုအချို့လည်း ရှိနေပုံပဲ။ ဒါပေမဲ့ ဒီလိုတွေ ဖြစ်လာအောင် မီးရှို့ပေးလိုက်တဲ့ လူတစ်ယောက်ယောက် ရှိနေတယ်လို့တော့ ငါထင်တယ်”
ချူးအာ ခေါင်းကို ငုံ့ကာဖြင့် –
“အဲဒီလူက ဖန်ဇီလင်လို့ ခေါ်တဲ့လူပါပဲ . . .”
“ဖန်ဇီလင် . . .”
၀တ်ရုံဖြူနှင့်လူ ပြုံးလျက် ပြောလိုက်သည်။
“သူ့အကြောင်းကို သေချာ စုံစမ်းပါ . . .”
“ကောင်းပါပြီ . . .”
“ဒါနဲ့ နိုင်ငံသုံးခုရဲ့ စစ်ပွဲအခြေအနေကိုလည်း အာရုံစိုက်ထားဦး။ စစ်ဖြစ်အောင် တတ်နိုင်သမျှ ဆွသာပေး . . .”
၀တ်ရုံဖြူနှင့်လူ ပြောလိုက်ပြန်သည်။
“ငါတို့ မုန်တိုင်းအိမ်တော်က လူလုံးပြတာနဲ့ တော်ဝင်တရားရုံလည်း ကျဆုံးစေရမယ်။ အခု မင်းက ငါတို့ရဲ့ ပုံရိပ်ကို ထုတ်ဖော် ပြသခဲ့တယ်။ ဒါကတော့ ကံတရားပေါ့လေ . . .”
“မင်းဆက်တွေကို ဖယ်ရှားနိုင်မှသာ ငါလည်း စိတ်သက်သာရာ ရမယ်။ အခွင့်အရေးကို လက်လွတ် မခံနဲ့ . . .”
“ကောင်းပါပြီ . . .”
“ချူးအာ . . . မင်းက နိုင်ငံသုံးခုကြားမှာ ပြဿနာတွေ ဖန်တီးတာကို တာဝန်ယူထားလိုက်။ တတ်နိုင်သမျှ စစ်ပွဲ မြန်မြန်ဖြစ်အောင်သာ လုပ် . . .”
“ကောင်းပါပြီ . . .”
“၀မ်အာ . . .”
“ဟုတ်ကဲ့ပါ သခင်ကြီး . . .”
“လေလံပွဲပြီးတဲ့နောက် ဆေးပညာရှင်တွေက သူတို့ဂိုဏ်းတွေ သူတို့ ပြန်ကြမှာ မဟုတ်လား . . .”
“ဟုတ်ပါတယ်။ ဆရာက တကယ်ကို ခန့်မှန်းတဲ့နေရာမှာ ကျွမ်းကျင်လှပါတယ် . . .”
“အင်း . . . ဒါပေမဲ့ ဂိုဏ်းအချို့က လူအများစုကတော့ ပြန်မရောက်ကြသေးဘူး ဟုတ်တယ်မလား”
“ဟုတ်ပါတယ် . . .”
“အဲဒီလူတွေက မပြန်သေးဘူးဆိုတာ မျိုးနွယ်စုကြီးတွေ၊ တော်ဝင်မျိုးနွယ်တွေနဲ့တောင်မှ ရင်းနှီးမှု ယူချင်နေကြတာ ဟုတ်တယ်မလား . . .”
“ဟုတ်ပါတယ် . . . ဆရာက သိပ်ပြီး အမြင်စူးရှတာပဲ . . .”
“ဒါက မထူးဆန်းပါဘူး . . . သူတို့တွေက သူတို့ရဲ့ ပိုင်နက်ထဲကနေ ထွက်လာကြတဲ့ အချိန်တိုင်း အကျိုးအမြတ်တစ်ခုခု မရဘဲ မပြန်ကြဘူးလေ။ ဒီမျိုးနွယ်စုကြီးတွေ တော်ဝင်မျိုးနွယ်တွေက သူတို့ လိုချင်တဲ့ အကျိုးအမြတ်တွေကို ပေးနိုင်တယ် မဟုတ်လား . . .”
၀တ်ရုံဖြူနှင့်လူ၏ မျက်နှာတွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်သွားပြီး ဆက်လက်၍ –
“တကယ်တော့ ဒီကမ္ဘာကြီးက တကယ်ကို ဆန်းကြယ်တယ်။ မျိုးနွယ်စုကြီးတွေက တော်ဝင်မျိုးနွယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ လူတွေလို့ မြင်ကြတယ်။ အဲဒီလိုပဲ ဂိုဏ်းက လူတွေကျပြန်တော့ မျိုးနွယ်စုကြီး တွေကို အရူးတွေလို့ ထင်ကြပြန်ရော။ အဲဒီအချိန် တော်ဝင်မျိုးနွယ် ကကျ ကျန်တဲ့ နှစ်ဖွဲ့လုံးကို အရူးလို့ပဲ ထင်နေပြန်တယ်။ ပြောရမယ်ဆိုရင် အရူးကစားနည်းတစ်ခုကို ကစားနေကြတဲ့ အရူးအဖွဲ့တွေပေါ့ . . .”
“မျိုးနွယ်စုကြီးတွေက တော်ဝင်မျိုးနွယ်ကို အသုံးချကြတယ်။ သူတို့က တော်ဝင်မျိုးနွယ်ရဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး သူတို့ဘ၀ လုံခြုံအောင် လုပ်ကြတယ်။ သူတို့မျက်လုံးထဲ တော်ဝင်မျိုးနွယ် ဆိုတာ သူတို့လိုရာ ကြိုးဆွဲနိုင်တဲ့ ရုပ်သေးရုပ်လို့ပဲ မြင်ကြတာလေ . . .”
“ဂိုဏ်းတွေ အမြင်မှာတော့ မျိုးနွယ်စုကြီးတွေမှာက တိကျတဲ့ အနာဂတ်ဆိုတာ မရှိဘူး၊ သူတို့ အသက်ရှင်နိုင်ဖို့အတွက် ရုန်းကန်နေကြရတယ်လို့ ထင်ကြတယ်။ အဲဒီလို ဘာမှ ရေရေရာရာ အဓိပ္ပာယ် မရှိဘဲ နှစ်ပေါင်းများစွာ ရုန်းကန်နေတာကို မြင်တွေ့ရတဲ့အတွက် ဂိုဏ်းကြီးတွေ အမြင်မှာတော့ မျိုးနွယ်စု ကြီးတွေဟာ အရူးတွေလိုပဲ . . .”
“တော်ဝင်မျိုးနွယ်ရဲ့ အတွေးက ကျတော့ ဒီလို . . . သူတို့မှာ အာဏာရှိတယ်။ လိုအပ်လာရင် မျိုးနွယ်စုကြီးတွေနဲ့ ပူးပေါင်းပြီး ဂိုဏ်းတွေကို တိုက်ထုတ်တာမျိုး ဒါမှမဟုတ် ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး မျိုးနွယ်စုကြီးတွေကို ဖိနှိပ်လာတာမျိုးတွေ လုပ်နိုင်ကြတယ်။ သူတို့အတွေးမှာတော့ သူတို့ဟာ နှစ်ဖက်လုံး ကနေပြီး အကျိုးအမြတ် ရနိုင်တယ်လို့ တွေးကြတယ်လေ။ အဲဒါကြောင့် သူတို့က မျိုးနွယ်စုကြီးတွေကိုရော ဂိုဏ်းတွေကိုပါ အသုံးချလို့ရနိုင်တဲ့ အရူးတွေလို့ သဘောထားကြတာ . . .”
“ဒါပေမဲ့ . . . ငါ့အတွေးကတော့ ဒီကမ္ဘာကြီးထဲမှာ ဒီအရူးအင်အားစု သုံးစုက မျှခြေတစ်ခုကို ထိန်းထားရုံပဲ ရှိတယ် . . .”
သူခပ်တည်တည်ပဲ ပြောလိုက်သည်။ သူ့မျက်လုံးများကတော့ အလွန်ကို နက်နဲသည့်ဟန် ပေါ်နေလေ၏။
“အဲဒါကြောင့် ဒီမျှခြေကြီး ပျက်ဆီးသွားတာနဲ့ လက်ရှိမင်းဆက်က ဖိနှိပ်ခံရတဲ့ အခြေအနေမျိုးကို ရောက်ရှိသွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မော်တယ်ကမ္ဘာရဲ့ လက်ရှိအခြေအနေက မျှခြေကို ပျက်ဆီးလာ မှာ သေချာတယ် . . .”
“မင်းဆက်အသစ်တစ်ခုက သေချာပေါက် ပေါ်လာမှာပေါ့။ အရင်မင်းဆက်ကတော့ ပြုတ်မှာပဲ”
စကားတွေ အများကြီး ပြောပြီးသည့်နောက် တော်တော် ပင်ပန်းသွားပုံပင်။ ထို့ကြောင့် ဘီးတပ် ကုလားထိုင်၏ နောက်ကို မှီချလိုက်ရင်း –
“ဒီမျှခြေကို ဘယ်လို ဖျက်ဆီးကြမလဲ . . . ၀မ်အာ . . . ဒါက မင်းအပေါ်မှာ မူတည်သွားပြီ”
“ကောင်းပါပြီ . . . ဒီက အစေခံလေး နားလည်ပါပြီ . . .”
“အင်း . . . အစီအစဉ်တွေဘာတွေများ ရှိနေလား . . .”
“ကျွန်မ စဉ်းစားထားမိတာကတော့ ကျွန်မတို့ မြို့ထဲမှာရှိတဲ့ ဂိုဏ်းကြီးတွေထဲက အရေးကြီး ပုဂ္ဂိုလ် တစ်ယောက်နှစ်ယောက်လောက်ကို သတ်လိုက်မယ်။ ပြီးရင်း ခြေရာလက်ရာ အတုတွေ ချန်ထားခဲ့လိုက်မယ်။ အဲဒါဆိုရင် ဂိုဏ်းတွေရဲ့ မျှခြေ ပျက်ဆီးသွားမှာပဲ။ နောက်ပြီး မျိုးနွယ်စုကြီးတွေကိုကျ ဒီဂိုဏ်းတွေရဲ့ အရှုပ်ထုပ်ထဲ ရောက်အောင် ဆွဲခေါ်လိုက်မယ်။ ဒီလိုသာ ဖြစ်လာမယ်ဆိုရင် တော်ဝင်မျိုးနွယ်ကလည်း သေချာပေါက် ပါဝင်ပတ်သက်လာလိမ့်မယ်။ အဲဒါဆိုရင် ဘယ်လိုအခြေအနေ တွေပဲ ဆက်ဖြစ်နေပါစေ ခုနက မျှခြေဆိုတာကြီးကတော့ ပျက်ဆီးသွားမှာ အမှန်ပဲ။ ကျွန်မတို့တော့ နည်းနည်း စွန့်စားရမှာပေါ့ . . .”
“ဒါပေမဲ့ ဒီအကျိုးဆက်တွေ အဆုံးသတ်သွားတဲ့ အခါမှသာ နောက်ထပ်လှုပ်ရှားမှု တစ်ခုကို ကျွန်မတို့ဘက်က လုပ်ရမယ် . . .”
၀တ်ရုံဖြူနှင့်လူ ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး –
“မင်းရဲ့ ဗျူဟာက အတော်ကောင်းပါတယ်။ ဒါပေမဲ့ မင်းတစ်ခုခုကို မေ့နေတယ်။ တော်ဝင်မျိုးနွယ် ထဲမှာ ဉာဏ်ပညာမြင့်မားတဲ့ လူတွေ ရှိနေတယ်။ တော်ဝင်မျိုးနွယ် ဆိုတာက ဒီပြဿနာတွေ အားလုံးကို ဖန်တီးနိုင်စွမ်း ရှိတဲ့လူတွေလေ . . .”
မျက်လုံးများ မှေးစင်းကာ ဆက်လက်၍ –
“ချန်နိုင်ငံတော်ရဲ့ လက်ရှိဘုရင်က နည်းနည်း အသက်ကြီးနေပြီ။ မင်းသားကလည်း သိပ်ပြီး စိတ်ရှည်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ တခြားမင်းသား နှစ်ပါးက အရွယ်လည်း ရောက်လာပြီ တစ်ခုခုလုပ်မယ်ကိုင်မယ်ဆိုရင် လုပ်နိုင်နေပြီလေ . . .”
“ပြဿနာက ဒီကနေ စသင့်တယ်။ ဒါကမှ . . .”
ထိုမျှထိသာ ပြောပြီး ရုတ်တရက် စကားကို ရပ်တန့်လိုက်သည်။ ဆက်၍ မပြောတော့ချေ။
သို့သော်လည်း ၀မ်အာ၏ မျက်လုံးများ အရောင်လင်းလတ်သွားပြီး –
“ဟုတ်တယ် . . . ကျွန်မကို ဉာဏ်အလင်းပွင့်သွားစေတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး။ ဒီကအစေခံလေး ဘာလုပ်ရမလဲ ဆိုတာကို ကောင်းကောင်း သိပါပြီ . . .”
“အင်း . . . မင်းကိုယ်မင်း အဲဒီလို ပြောမနေနဲ့ . . . ငါ့ရှေ့မှာ အဲဒီလို ကြားရတာ နားမချမ်းသာဘူး။ ကိုယ့်နာမည်နဲ့ပဲ ကိုယ်ပြောကြ . . .”
၀တ်ရုံဖြူနှင့်လူလည်း ၀မ်အာနှင့် ချူးအာတို့အား ကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။
နှစ်ယောက်လုံး၏ မျက်နှာတွင် ကျေနပ်သွားသည့် အပြုံးများ ပြုံးလိုက်ကြသည်။ ထို့နောက် လက်နှစ်ဖက်ကို ယှက်ရင်း –
“သခင်ကြီးရဲ့ အမိန့်အတိုင်းပါပဲ . . .”
“မျှခြေကို ချိုးဖျက်ပြီး မင်းဆက်ကို ပြောင်းလဲပစ်ကြ . . . အချိန်တိုအတွင်း မျှခြေအသစ်တစ်ခု ဖြစ်လာလိမ့်မယ် . . .”
၀တ်ရုံဖြူနှင့်လူလည်း ပြောလိုက်ပါတော့သည်။
. . .
ထိုအချိန်တွင် ရဲရှောင်သည်လည်း အချိန်ကို အလဟဿ မဖြုန်းတီးဘဲ ကျင့်ကြံမှုများကိုသာ လုပ်နေခဲ့တာ ဖြစ်ပါတော့သည်။
. . .
မြို့တော်အတွင်းမှာလည်း ငြိမ်းချမ်းလျက် ရှိနေပါသည်။ ဟွာရန်းမင်းသား၏ နန်းတော်မှ လူများဟာလည်း ရှာဖွေမှုများ ဆက်လက်၍ မပြုလုပ်ကြတော့ချေ။ အိမ်ရှေ့မင်းသားမှာလည်း မူမျိုးနွယ်မှ လူများ သေဆုံးသွားပြီး ကတည်းက ငြိမ်ချက်သား ကောင်းနေတာပဲ ဖြစ်လေ၏။
အပြင်ပိုင်းအရ ကြည့်မည် ဆိုလျှင်တော့ အရာရာတိုင်း ပြေလည်ကာ ပဋိပက္ခများအားလုံးလည်း နိဂုံးချုပ်သွားပြီဟု ထင်စရာပင်။
သို့သော်လည်း နေရာတစ်ခုမှာတော့ ဖရိုဖရဲ ဖြစ်လျက်ပင် ရှိနေသေးလေ၏။
လင်းပါအို လေလံခန်းမပင် ဖြစ်ပေသည်။
ကွမ်ဝမ်ရှန်အပါအ၀င် လူများသည် သူတို့ကိုယ်သူတို့ ဆွဲကြိုးချပစ်ချင်စိတ်များပင် ပေါ်နေကြပြီ ဖြစ်ပါသည်။
လူတိုင်း စိတ်ဓာတ်ကျသော အမူအယာများဖြင့် ရှိနေကြလေ၏။
လင်းပါအို လေလံခန်းမ၏ သူဌေးမှာလည်း ချန်ရှင်းမြို့တော်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
လေလံခန်းမရှေ့သို့ ရောက်ရောက်ချင်းမှာပင် ၀မ်ဇန်းဟို ပြောလိုက်သည်မှာ –
“ငါ့ရဲ့ မရဏကျောက်တုံးကို မင်းတို့ မရောင်းလိုက်ကြဘူးမလား . . .”
အစောတလျင်ပင် မေးလိုက်သည်။
အတော်ကို အရေးကြီးနေဟန်ပါပင်။
ကွမ်ဝမ်ရှန်အား နှုတ်ဆက်ခြင်းမျိုးပင် မပြုလုပ်နိုင်တော့ဘဲ တန်း၍ မေးလိုက်ခြင်း ဖြစ်၏။
ကွမ်ဝမ်ရှန်မှာလည်း ချက်ချင်းပင် ဆွံ့အသွားမိလေသည်။
(သူဌေးက ဘာကို ဆိုလိုတာလဲ . . . ငါတို့က အဲဒီပစ္စည်ကို ဘယ်တော့မှ စစချင်း ရောင်းတာလည်း မဟုတ်ဘူး။ နောက်ပြီး ဒီပစ္စည်းကို လေလံပွဲတိုင်းမှာ ရောင်းဖို့ ငါတို့ကို အမိန့်ပေးခဲ့တာလည်း သူပဲ . . . ဘယ်လိုဈေးနဲ့ဖြစ်ဖြစ် ငါတို့က ရောင်းရမှာလေ။
အခုလို ရောင်းထွက်သွားတော့လည်း ဒီလို လာမေးပြန်ပြီ . . .
ဘာကို ပြောချင်နေတာလဲ . . .)
“ရောင်းလိုက်ပါပြီ . . .”
မ၀ံ့မရဲဖြင့် ကွမ်ဝမ်ရှန် ပြန်ဖြေလိုက်သည်။
“ရောင်းလိုက်ပြီလား . . .”
သူဌေးဝမ်ဇန်းဟိုမှာ တစ်ချက်တုန်သွားပြီး မျက်နှာလည်း ဖြူရော်ရော် ဖြစ်သွားလေသည်။ ထိုအချိန် သူ့ကိုယ်သူ မထိန်းနိုင်တော့သလိုပင် ဖြစ်သွားလေ၏။
“ဘယ်သူ့ကိုလဲ . . .”
သူဌေးဖြစ်သူ၏ နောက်မှ အမည်းရောင်ဝတ်ရုံ ၀တ်ဆင်ထားသော လူတစ်ဦးမှ ရှေ့သို့ တိုးလာပြီး ရုတ်တရက် မေးလိုက်သည်။
ထိုလူမှာ သူဌေးနောက်မှ မည်သည့်အခါကမျှ လိုက်ဖူးခြင်း မရှိချေ။
ထို့ကြောင့် လူတိုင်း ထိုလူကို မြင်သည့်အခါ ထူးဆန်းသလို ဖြစ်နေကြလေ၏။
သို့သော်လည်း ထိုလူမှ ပြောသည်ကို ကြားလိုက်ရသောအခါ သူဌေးမှာ ပို၍ပင် တုန်သွားပြီး ထိတ်လန့်တုန်လှုပ်သွားဟန်ပါပင်။
သူဌေးထက် ပိုမို အာဏာရှိသော လူပင် ဖြစ်လေသလော . . .
“ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေ ယူလာတဲ့ လူပါပဲ။ သူက မရဏ ကျောက်တုံးကို ၀ယ်သွားတာပါ”
ကွမ်ဝမ်ရှန်မှာ အခြေအနေတစ်ခုခု ထူးခြားနေပြီ ဆိုတာကို ရိပ်မိလိုက်သည်။
“သူ့နာမည်က ဖန်ဇီလင်လို့ ခေါ်ပါတယ်”
ထိုစကားမျှသာ ပြောရုံရှိသေး သူဌေး၏ တကိုယ်လုံးမှာ ပိုမို၍ပင် တုန်ရီလာသလိုပါပင်။
“သွားပြီပေါ့ . . .”
၀တ်ရုံနက်နှင့်လူလည်း မျက်မှောင်ကြုတ်လိုက်ပြီး –
“ကျုပ်တို့ ဒီလူကို ရှာနိုင်ဦးမလား . . .”
“ရမှာပါ . . .”
ကွမ်ဝမ်ရှန် ယုံကြည်စိတ်ချသော ဟန်ဖြင့် ဖြေလိုက်သည်။
“ဘာလို့လဲဆိုတော့ လေလံပွဲပြီးတော့ သူက သူရတဲ့ ငွေစတွေ အကုန်လုံးကို မယူသွားဘူး။ အများစုကို လေလံခန်းမမှာပဲ ထားခဲ့တယ်။ သူ့ရဲ့ နောက်ထပ် ရောင်းစရာ ရှိတာတွေကို လာပြီး မရောင်းဘူး ဆိုရင်တောင်မှ သူ့ငွေစတွေ ပြန်ယူဖို့အတွက် ကြိမ်းသေလာဦးမှာပါ . . .”
ကွမ်ဝမ်ရှန် အနည်းငယ် ပြုံးလိုက်ပြီး ဆက်လက်၍ –
“ဒီလောက်များပြားတဲ့ ငွေပမာဏကို ဘယ်လိုလူကမှ မယူဘဲ မနေပါဘူး။ နောက်ပြီး သူ့ပုံစံက ပိုက်ဆံလိုနေတဲ့ပုံဆိုတော့ ကြိမ်းသေလာမှာ . . .”
၀မ်ဇန်းဟိုနှင့် ၀တ်ရုံနက်နှင့် လူတို့လည်း အနည်းငယ် စိတ်သက်သာရာ ရသွားကြဟန်ဖြင့် သက်ပြင်းကိုယ်စီ ချလိုက်သြည်။ ထို့နောက် ရယ်မောလိုက်ပြီး –
“ကောင်းတယ် ကောင်းတယ် . . .”
“ဒီလိုဆိုမှတော့ ကျုပ်တို့ ချန်ရှင်းမြို့တော်ထဲမှာ နေမှပဲ ရမှာပေါ့ . . . အဲဒါမှ မရဏကျောက်တုံး သတင်းရတဲ့အခါ အချိန်မရွေး လာလို့ရမှာ . . .”
၀တ်ရုံနက်နှင့်လူလည်း ဆုံးဖြတ်ချက် ချလိုက်ပါတော့သည် . . .။