Chapter – 63
“ရူးသွပ်နေသည့်မိန်းကလေး”
ဖေးယွမ်ဆေးလုံးသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မသန့်စင်မှုများကိုသာမက သူမ၏ ခန္ဓာကိုယ်ကိုပါ ကြံ့ခိုင်သန်မာလာစေတာ ဖြစ်သည်။ ရုတ်တရက်ဆိုသလို စုယဲ့ယွဲ့ သူမ၏ ဗိုက်မှ စူးစူးဝါးဝါး နာကျင်မှုကို ခံစားလိုက်ရပြီး ဒါကိုကြည့်ခြင်းအားဖြင့် သူမ၏ ကျင့်ကြံမှုများမှာ ပုံမှန် မဟုတ်ဘူးဆိုတာကို သိနိုင်ပေသည်။
သူမ ခံစားနေရသည်မှာ အရိုးများနှင့် ကြွက်သားများအား သန့်စင်ခြင်းကြောင့် ခံစားရသည့် နာကျင်မှုမျိုးလည်း မဟုတ်ပေ။
ခြေလှမ်းများပင် ယိုင်နဲ့နေပြီး ရဲရှောင်အား –
“ရှောင်ရှောင် . . . နင်ငါ့ကို ဘာဆေးလုံး ပေးလိုက်တာလဲ။ ငါတော်တော်ကို ခံနေရပြီ . . .”
“ဘာမှမဖြစ်ပါဘူး။ အနားနည်းနည်းယူလိုက်ရင် ကောင်းသွားမှာပါ။ သိပ်မကြာခင်ကို ကောင်းသွား လိမ့်မယ် . . .”
ရဲရှောင်ပြုံးကာဖြင့် ပြောလိုက်သည်။
သူမကို စိတ်သက်သာရာရစေရန် ပြောလိုက်ခြင်း မဟုတ်ပေ။ သူမ၏ ခန္ဓာကိုယ်မှ အညစ်အကြေး များစွာ ထွက်ပေါ်သွားခြင်းကြောင့် သူမအနေဖြင့် ရုတ်တရက် နာကျင်မှုများ ခံစားသွားရသည်မှာ ပုံမှန်ပင် ဖြစ်သည်။ သို့သော်လည်း ထိန်းညှိခြင်းလုပ်နေသည့် ကာလလေးတစ်ခုသာ ခံစားရမည်ဖြစ်ပြီး နာရီအနည်းငယ် ကြာပါက ပုံမှန် ပြန်ဖြစ်သွားမှာ ဖြစ်ပါသည်။ ထိုအချိန် နာကျင်မှုများကို ခံစားရတော့မည် မဟုတ်ဘဲ ဒါသည်ပင်လျှင် အညစ်အကြေး မည်မျှများကြောင်း သက်သေပါပင်။
“အင်းပါ . . . ငါအိမ်ပြန်တာ ကောင်းလိမ့်မယ်။ ငါ့အစာအိမ်က တော်တော်နာနေတယ်။ ဒီနေရာမှာ ဒီိတိုင်း ထိုင်မနေသင့်တော့ဘူး . . .”
စုယဲ့ယွဲ့ ခပ်ဖျော့ဖျော့ အဖြေပေးလိုက်သည်။
“စိတ်မပူနဲ့ . . . ဒီမှာပဲ ညအိပ်လို့ရတယ် . . . ငါမင်းအဖေကို အကြောင်းကြားခိုင်းထားပြီးပြီ။ နောက်ပြီး မင်းသာ ဒီလိုပုံစံနဲ့ ပြန်သွားရင် ငါလည်း စိတ်ချနိုင်မှာ မဟုတ်ဘူး . . .”
သူမသည် နဂိုတုန်းက တကယ်ကို ခံရခက်နေသော်လည်း ရဲရှောင်၏ စကားကြောင့် စိတ်ထဲ လန်းဆန်းကာ အနည်းငယ် သက်သာသွားသလိုပင် ခံစားလိုက်ရသည်။ ပြုံးလျက် ရှိနေသဖြင့် သူမပါးစပ်ထဲရှိ သွားလေးများကိုပင် မြင်နိုင်ပါသည်။
“နင်က ငါ့ကို တကယ် စိုးရိမ်တယ်ပေါ့ . . .”
အကယ်၍ ယခုနေရာတွင်သာ ၀မ်ရမ်ချူးချူး ဆိုပါက သူမ၏ ဂုဏ်သိက္ခာဆိုတာကြီးကို ထည့်စဉ်းစားပေဦးမည် ဖြစ်သည်။ ရဲရှောင်လည်း ခေါင်းညိတ်လိုက်ပြီး –
“ဒါပေါ့ . . .”
“ဟုတ်ပါပြီ . . .”
စုယဲ့ယွဲ့မှာတော့ သူမ ညအိပ်ရခြင်းကို သင့်တော်၏ မသင့်တော်၏ စဉ်းစားမိဟန်လည်း မရှိချေ။ ပျော်ရွှင်သော ဟန်ပန်ဖြင့်ပင် –
“ဒါဆိုလည်း ငါ့အတွက် အခန်းတစ်ခန်း မြန်မြန်ပြင်ဆင်ပေး။ ငါ အနားယူချင်နေပြီ။ နောက်ပြီး ရေလည်း ချိုးချင်တယ်။ ချိုးပြီးတာနဲ့ တန်းအိပ်ပစ်မယ်။ ငါတော်တော်ကို ပင်ပန်းပြီး အိပ်ချင်နေပြီလေ”
လွန်ခဲ့သော ရက်များအတွင်း သူမသည် အလွန်ကို စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ခဲ့ရတာ ဖြစ်လေသည်။
. . .
ညသန်းခေါင်းအချိန်တွင် ဖြစ်သည်။
ရဲရှောင် အိပ်ယာထက်တွင် တင်ပျဉ်ခွေထိုင်ကာ ရှေးဦးခရမ်းရောင်ချီဓာတ်များအား လည်ပတ်၍ ကျင့်ကြံနေလျက် ရှိသည်။ ယခုအကြိမ်တွင်မူ ရှေးဦးခရမ်းရောင်ကျင့်စဉ်အတွင်းမှ အပူချီဓာတ်စွမ်းအားကို လေ့ကျင့်လျက် ရှိတာကြောင့် သူခန္ဓာကိုယ် တစ်ခုလုံးမှ အပူချီလှိုင်းများလည်း ပြန့်နှံ့လျက် ရှိနေပါသည်။
ပြင်ဆင်မှုများ ပြုလုပ်ပြီးသည့် နောက်တွင် ရဲရှောင် လေလံပွဲမှ အနိုင်ရရှိခဲ့သည့် မိုးတိမ်သဲကျောက် အပိုင်းအစ ၃ ခုကို ထုတ်ယူလိုက်သည်။
ရှေးဦးခရမ်းရောင်ကျင့်စဉ်မှ အပူချီဓာတ်များသည် သူ့လက်ဝါး အလယ်တည့်တည့်တွင် ရုတ်တရက် စုဆုံသွားလေသည်။
သူ့လက်ဝါးအတွင်း နေလုံးအသေးစားလေး တစ်လုံးကို ဖန်ဆင်းထားမိသလို ရဲရှောင် ခံစားမိနေ လေ၏။
ချွေးသီးချွေးပေါက်များကျကာ သူ၏ အားကုန်သုံး၍ နေလုံးအသေးစားလေးအား တတ်နိုင်သမျှ ဖြစ်နိုင်အောင် လုပ်နေမိသည်။
သူ့လက်ထဲရှိ မိုးတိမ်သဲကျောက်များမှာ အပူစွမ်းအင်လှိုင်းများ၏ လွှမ်းခြုံသွားမှုကို ခံရကာ ဖြည်းညင်းစွာဖြင့် လည်ပတ်ပါတော့သည်။ မိုးတိမ်သဲကျောက်များ ရဲရဲနီ ပူပြင်းသွားသည်ကို မြင်တွေ့နိုင်ပြီး အရည်တော့ ပျော်ကျသွားခြင်း မရှိချေ။
ကမ္ဘာ့ထိပ်တန်းအဆင့် အပူစွမ်းအားကို ထုတ်ပေးနိုင်သည့် ရှေးဦးခရမ်းရောင်ချီဓာတ်များမှာ မိုးတိမ်သဲကျောက်အား အရည်ပျော်ကျသွားအောင် မစွမ်းနိုင်ခြင်းသည် တကယ်ကို မယုံကြည်နိုင်စရာပါပင်။
ရဲရှောင် အသက်ကို ရှူထုတ်လိုက်ပြီးနောက် သူ့တကိုယ်လုံး အားနည်းသွားသလို ခံစားလိုက်ရသည်။ ကျင့်စဉ်ကို ပြန်လည် ရုပ်သိမ်းကာ မိုးတိမ်သဲကျောက်များအား ပြန်သိမ်းရင်း –
“ငါ့ရဲ့ ကျင့်ကြံမှုက လုံလောက်မှု မရှိသေးဘူး။ ဒါလေးကိုတောင် အရည်ပျော်အောင် မလုပ်နိုင် သေးဘူးပဲ . . .”
ရဲရှောင်သည် မိုးတိမ်သဲကျောက်အား အရည်ပျော်စေပြီး လက်နက်တစ်ခုခု ပြုလုပ်ဖန်တီးရန် ဖြစ်သော်လည်း သူ့အနေဖြင့် အရည်ပျော်ကျအောင် မလုပ်နိုင်သဖြင့် လက်လျော့လိုက်ရပြီ ဖြစ်ပါသည်။
“မိုးတိမ်သဲကျောက်ကို အရည်ပျော်ဖို့က ကျင့်ကြံခြင်း အဆင့်အရ ပြောမယ်ဆိုရင် အနည်းဆုံးတော့ မြေကြီးအဆင့် ၈ လောက်မှပဲ ဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ရှေးဦးခရမ်းရောင်ကျင့်စဉ်က တခြားကျင့်စဉ်တွေနဲ့ မတူဘူး။ အဲဒီတော့ ငါ့အနေနဲ့ အခု မလုပ်နိုင်သေးတောင် မြေကြီး အဆင့် ၃ လောက် ရောက်ရင် လုပ်နိုင်လောက်တယ် . . .”
ရဲရှောင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဆက်လက်၍ –
“အခုတော့လည်း ဘာမှ မလုပ်နိုင်ဘူးပေါ့။ မြေကြီးအဆင့် ၃ ရောက်မှ စမ်းကြည့်ရတာပေါ . . .”
ထို့နောက်မှာတော့ စုယဲ့ယွဲ့၏ သိုင်းကျင့်စဉ်စာအုပ်အား ယူကြည့်လိုက်သည်။ အနည်းငယ် ကြည့်ရှုပြီးနောက်မှာတော့ သူအနည်းငယ် ဆွံ့အသွားမိပါသည်။
သူမျှော်လင့်ထားသလိုပါပင်။ ဖန်းဟွာဓားရေးကျင့်စဉ်မှာ အပိုင်းအစတစ်ခုမျှသာ ဖြစ်နေပါသည်။ အပြည့်အစုံ မဟုတ်သေးချေ။
အကယ်၍ စုယဲ့ယွဲ့သာ ယခုကျင့်စဉ် အပြည့်အ၀ကို ကျင့်ကြံလိုက်မည် ဆိုပါက အောင်မြင်မှုများစွာ ရရှိသွားနိုင်မှာ အသေအချာပင်။ ကောင်းကင်အဆင့်လောက်ထိကို ရောက်ရှိသွားနိုင် မှာ ဖြစ်ပြီး မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးအချို့တော့ ရှိနေနိုင်ပါသေးသည်။
“ဟုတ်ပြီ . . . မင်းကို ပြည့်စုံသွားအောင် လုပ်ပေးရမှာပေါ့ . . .”
ရဲရှောင်သည် ကမ္ဘာအနှံ့သို့ သွားလာခဲ့ဖူးသူ တစ်ဦးဖြစ်သည်နှင့်အညီ သိုင်းကျင့်စဉ်များအား ကျွမ်းကျင်သူတစ်ဦး ဖြစ်လေသည်။ သူ့မှတ်ဉာဏ်အတွင်း သိုင်းကျင့်စဉ်ပေါင်းများစွာသည် တံဆိပ်ရိုက် ထားသကဲ့သို့ စွဲထင်ကျန်နေလျက် ရှိနေသေးသည်။ ဖန်းဟွာဓားသိုင်းသည် အဆင့်အမြင့်ဆုံး ဓားရေး ကျင့်စဉ် တစ်ခုတော့လည်း မဟုတ်ချေ။ ယခုကဲ့သို့ အပိုင်းအစ စာအုပ်လေး မဆိုထားနှင့် ကျင့်စဉ် အပြည့်အစုံရှိလျှင်ပင် ပထမတန်းစားကျင့်စဉ်လောက်ဟုသာ ဆိုနိုင်ပေသည်။
မည်သို့ပင် ဖြစ်စေ၊ အဆင့်အမြင့်ဆုံး မဟုတ်တာတော့ အမှန်ပင်။
သို့သော်လည်း သူ့အနေဖြင့် ထိုကျင့်စဉ်ကို ပြည့်စုံအောင် လုပ်ပေးရပေဦးမည်။
စာအုပ်အား ပြီးစီးသွားသည့်အခါ ရဲရှောင် တခဏမျှ စဉ်းစားလိုက်ပြီး ယင်ကျင့်စဉ်ကိုပါ ထည့်သွင်း ပေးလိုက်လေသည်။
ရဲရှောင်သိသမျှ ကျင့်စဉ်များထဲတွင် အဆိုပါ ကျင့်စဉ်သည် မိန်းကလေးများ လေ့ကျင့်ရန်အတွက် အသင့်တော်ဆုံးပင် ဖြစ်လေသည်။
. . .
နောက်တနေ့ မနက်တွင် စစ်သူကြီးရဲ၏ အိမ်တော်၌ တစ်ညတာ နားခိုခဲ့သော စုယဲ့ယွဲ့တစ်ယောက် စိတ်လှုပ်ရှား အံ့သြသော အရိပ်အယောင်ဖြင့် –
“ရှောင်ရှောင် . . .”
ရဲရှောင်အား လှမ်းကြည့်လိုက်ရင်း –
“ငါ့ကို ကြည့်ကြည့်စမ်း . . . ကြည့်စမ်းပါ . . .”
“ဘာဖြစ်နေလို့လဲ . . .”
ရဲရှောင် လှပသည့် မျက်နှာလေးအား စိုက်ကြည့်လိုက်ရင်း ပြောလိုက်သည်။ နားမလည်နိုင်အောင် လည်း ဖြစ်နေပါသည်။
“အာ . . . နင်က ငတုံးပဲ . . .”
စုယဲ့ယွဲ့ နှုတ်ခမ်းစူလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူမ၏ မျက်နှာကို လက်ညိုးထိုးပြ၍ –
“သေချာကြည့်လေ . . . အနီးကပ်ကြည့်ကြည့် . . .”
ရဲရှောင်လည်း သူမ၏ မျက်နှာအား သေချာကြည့်ရှုပြီး –
“ဘာဖြစ်နေသလဲ ဆိုတာကို သေချာ ပြောစမ်းပါ . . .”
စုယဲ့ယွဲ့လည်း အလိုမကျဟန်ဖြင့် –
“ငါ့ရဲ့ အသားအရည်တွေ ပြောင်းလဲနေတာ မမြင်ဘူးလား . . .”
ရဲရှောင် ခေါင်းခါပြလိုက်ပြီး –
“မသိဘူးလေ . . . တကယ်ပဲ ကောင်းလာလို့လား . . .”
စုယဲ့ယွဲ့ ချက်ချင်းပင် စိတ်ဓာတ်ကျသွားပုံ ပေါ်သွားသည်။
ယခုမနက် သူမနိုးလာပြီးနောက် အ၀တ်အစားလဲလှယ်ကာ မှန်ကြည့်မိလိုက်သည်။ ထိုအခါ သူမ တစ်ခုခု ပြောင်းလဲနေသည်ကို သတိပြုမိလိုက်၏။ တကယ်ကို ပြောင်းလဲနေခြင်းဖြစ်ပြီး သူမ၏ အသားအရည်မှာ နှင်းဆီသွေးရောင်ဘက်သို့ ပြောင်းလဲနေခြင်း ဖြစ်သည်။ အဖြူနှင့် ပန်းရောင် ရောထားသည့် အရောင်မျိုးပင် ဖြစ်၏။ သူမကိုယ်သူမ အလွန် လှပလာသလို ခံစားလိုက်ရပြီး သူမကိုယ် သူမ အိပ်မက်လား တကယ်လားကိုပင် မသေချာ ဖြစ်နေလေသည်။
ပို၍ အရေးကြီးသည့် အချက်မှာ သူမ၏ မျက်နှာရှိ အမည်းစက်အချို့မှာလည်း လုံးဝကို ပျောက်ကွယ်ကုန်ပြီ ဖြစ်သည်။
ထိုကဲ့သို့ တုန်လှုပ်ဖွယ် ပြောင်းလဲမှုများကို တွေ့လိုက်ရသောအခါ သူမအတော်ကို စိတ်လှုပ်ရှား သွားမိသည်။ ထို့ကြောင့် ရဲရှောင်ထံ ချက်ချင်းပြေးလာပြီး ပြသလိုက်ခြင်းဖြစ်လေသည်။ သို့သော်လည်း ရဲရှောင်အနေဖြင့် ထိုပြောင်းလဲမှုများအား သတိမပြုမိလောက်အောင် ညံ့ဖျင်းလိမ့်မည်ဟု မထင်ထား ခဲ့မိချေ။
“နင်က တကယ့်ကို ငတုံးပဲ . . .”
စုယဲ့ယွဲ့ တကယ်ကို ၀မ်းနည်းသွားခဲ့သည်။
သို့သော်လည်း သူမ စဉ်းစားမိသည်မှာ –
(ဒီမှာ တစ်ညတည်း အိပ်လိုက်ရုံနဲ့ ငါ့မျက်နှာက ဘယ်လိုဖြစ်ပြီး အရမ်းလှလာရတာလဲ . . . ကြည့်ရတာ ရဲရှောင်ရဲ့အိမ်က လူကို နုပျိုလှပစေတဲ့ အစီအရင်တွေနဲ့များ လုပ်ထားလို့လား . . .)
သူမထုတ်ဖော်မပြောသော်လည်း စိတ်ကူးထဲ ဆက်၍ စဉ်းစားနေမိသည်။
(နောက်ပိုင်း ငါဒီကို မကြာခဏ လာလာအိပ်ရမယ် . . . ဟမ့် . . . အနှေးနဲ့အမြန်ဆိုသလို ငါ့အိမ်ကို ဖြစ်စေရမယ် . . .)
သူမ၏ ကျင့်စဉ်စာအုပ်ကို ယူလိုက်ပြီးနောက် မကျေမနပ်ဖြင့် ထွက်ခွာသွားပါတော့သည်။
သူမအနေဖြင့် သူမ၏ မပြည့်မစုံ ဖြစ်နေသည့် ကျင့်စဉ်မှာ ပြောင်းလဲမှုများ ဖြစ်သွားသည်ကို သတိမပြုမိချေ။ ရဲရှောင်မှာ အားလုံးကို ပြောင်းလဲလိုက်ခြင်း မဟုတ်သော်လည်း အတော်များများကို ပြောင်းလဲပေးခဲ့ခြင်း ဖြစ်ပေသည်။
တကယ်တော့ သူမစာအုပ်ကို ရရှိခဲ့ကတည်းက သေချာ မကြည့်ရှုရသေးခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လေလံပွဲမှ ပြန်လာပြီးချင်းပင် ရဲရှောင်ပျောက်ဆုံးသည့်သတင်းကို ကြားလိုက်ရပြီး စိတ်ပူပန်နေမိသဖြင့် မကြည့်မိခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် သူမကိုယ်နှင့်မကွာ ရှိနေရခြင်း ဖြစ်လေ၏။
အကယ်၍ သူမသာ တစ်ကြိမ်တစ်ခါလောက် ဖတ်ရှုလိုက်မိမည် ဆိုပါက သူမ၏ မှတ်ဉာဏ်ဖြင့် အလွတ်မှတ်နိုင်သွားမည်ဖြစ်၍ ယခုကဲ့သို့ ကိုယ်နှင့်မကွာ ဆောင်ထားခြင်း ရှိမည် မဟုတ်ပေ။ အကယ်၍ ကြည့်ရှုမိထားလျှင်တောင်မှ အထဲရှိ အကြောင်းအရာများ ပြောင်းလဲနေမှုအား မရိပ်မိနိုင်လောက်ပါဘူး။
ထိုအချိန် အပြင်ဘက်မှ –
“သခင်လေး . . . ဟွာရန်းနန်းတော်က လူတွေ ရောက်လာပါတယ်။ သူတို့ပြောတာတော့ မင်းသမီး ကို လာပြန်ကြိုတာပါတဲ့ . . .”
“ကောင်းပြီ . . .”
ရဲရှောင် လှမ်းပြောလိုက်သည်။
မိန်းကလေး ထွက်သွားပြီးနောက် ရဲရှောင်လည်း တစုံတစ်ခုကို စဉ်းစားမိသွားသည်။
(သွားပြီ . . . ငါကတော့ လိမ်ပြောလိုက်မိပြီ . . .)
လွန်ခဲ့သောညက ရဲရှောင်သည် ဟွာရန်းနန်းတော်အား စုယဲ့ယွဲ့ ပြန်မလာနိုင်ကြောင်းကို အကြောင်းကြားလိုက်မည်ဟု ပြောခဲ့သော်လည်း တကယ်တော့ ထိုကဲ့သို့ ခိုင်းစေခဲ့ခြင်း မရှိခဲ့ပေ။
. . .
စုယဲ့ယွဲ့ နန်းတော်သို့ ပြန်ရောက်သောအခါ –
“အဓိပ္ပါယ်မရှိလိုက်တာ . . . တော်တော် အဓိပ္ပါယ်မရှိဘူး . . .”
မင်းသားဟွာရန်းမှာ ဒေါသထွက်လျက် ရှိလေသည်။ သူ၏ တန်ဖိုးထားရသည့် ရတနာတစ်ခုအား သူစိမ်းတစ်ယောက်မှ လုယူသလို ခံစားမှုမျိုးကို ခံစားနေရသည်။ စုယဲ့ယွဲ့အား စိတ်ဆိုးမာန်ဆိုး အမူအယာ ဖြင့် –
“နင်က လက်မထပ်ရသေးတဲ့ မိန်းကလေးနော် . . . ဒီလို မိန်းကလေးတစ်ယောက်က ယောကျာ်း လေး တစ်ယောက်ရဲ့အိမ်မှာ သွားအိပ်ရသလား . . . အရူးမ . . . နင်က ငါ့ကို တံတွေးခွက်မှာ ပက်လက် မျောအောင် လုပ်နေတာမလား . . .”
စုယဲ့ယွဲ့ ခေါင်းကိုငုံ့လျက်သာ နားထောင်နေမိသည်။
(အဖေက အမြဲဒီလိုပဲ မလိုအပ်ဘဲနဲ့ ရေကြီးခွင်ကျယ်တွေ လုပ်လုပ်နေတာ . . .)
“နင် . . . နင်က ငါ့ကို သိက္ခာချနေတာပဲ . . .”
မင်းသားဟွာရန်း အပြစ်ပေးရန်အတွက် နည်းလမ်းရှာနေပုံပင်။ သို့သော်လည်း တကယ့်တကယ် တန်းတွင်တော့ သူ၏ တန်ဖိုးရှိလှသည့် သမီးတစ်ယောက်လုံးကို အပြစ်မပေးရက်ပေ။ ထို့ကြောင့်ပင် သူ့ကိုယ်သူ ဒေါသထွက်လျက် ရှိနေလေ၏။
တခဏမျှ ကြာသောအခါ စုယဲ့ယွဲ့လည်း မတ်တတ်ရပ်လိုက်ပြီးနောက် သူမ၏ ဒူးခေါင်းမှ ဖုန်များကို ခါလိုက်သည်။ ထို့နောက်မှာတော့ ပြုံးလျက်ပင် အိမ်အတွင်းသို့ ၀င်ရောက်သွားပါတော့ သည်။
မင်းသားဟွာရန်းလည်း သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်လေ၏။ သူ့ကိုယ်သူ အားမလို အားမရ ဖြစ်နေမိတာဖြစ်ပြီး သူက ပြင်းပြင်းထန်ထန် ဆူနေသော်လည်း စုယဲ့ယွဲ့ကတော့ အပြုံးမပျက်ပင် အထဲသို့ ၀င်သွားသည် မဟုတ်ပါလား။
“အမေရေ . . . သမီးလျို့ဝှက်ချက်တစ်ခု ပြောရဦးမယ် . . .”
စုယဲ့ယွဲ့တစ်ယောက် သူမ၏ အမေလက်အား ဖက်ရင်း ပြောလိုက်သည်။
“ဘာလျို့ဝှက်ချက်များလဲ . . .”
မင်းသမီးကြီးလည်း စိတ်ဝင်စားဟန်ဖြင့် မေးလိုက်၏။
“အင်း . . . လျို့ဝှက်ချက်ကတော့ သမီးမနေ့ညက ရှောင်ရှောင်ရဲ့အိမ်မှာ အိပ်ခဲ့တယ်။ ဒီမနက် သမီးလည်း နိုးလာရော သမီးရဲ့ အသားအရည်တွေ အရမ်းကို ချောမွေ့နေတာကို တွေ့လိုက်ရတယ်လေ”
စုယဲ့ယွဲ့ ပြုံးရွှင်စွာဖြင့် ဆက်လက်၍ –
“အမေ . . . သမီးမျက်နှာကို ကြည့်ပါဦး . . . ပိုပြီး လှလာတယ် မဟုတ်လား။ လျို့ဝှက်ချက်ဆိုတာ အဲဒါကို ပြောတာလေ . . .”
မင်းသမီးကြီးလည်း လျို့ဝှက်ချက်ကြီးဆိုတာကို ကြားသောအခါ သူမ၏ အမူအယာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူမ၏ သမီးအား ဖြူရော်နေသော မျက်နှာထားဖြင့် ကြည့်ကာ –
“မနေ့ညက အိပ်ပြီး . . . အသားအရည်က ပိုပြီး ကောင်းလာတယ် ဟုတ်လား . . . ဒါ . . .”
မင်းသမီးကြီးမှာ လိမ္မာပါးနပ်သူ တစ်ဦးဖြစ်ပြီး ယေဘူယျအားဖြင့် မိန်းကလေးတစ်ယောက်သည် လက်မထပ်ရသေးဘူး ဆိုပါက အသားအရည်များ ထူးခြားပြီး ကောင်းမွန်လာခြင်း မရှိနိုင်ပေ။
လက်ထပ်ပြီးသည့် အချိန်ရောက်မှသာ အသားအရည်တွေ စိုပြည်လာလေ့ရှိတာ ဖြစ်ပါသည်။
ယခုအခါ စုယဲ့ယွဲ့ထံမှ စကားကို ကြားလိုက်ရသည့်အခါ မင်းသမီးကြီးလည်း အထင်လွဲမှား သွားမိလေ၏။
(ဒီကောင်မလေးက တစ်ညလုံး ဟိုမှာနေတယ်။ ဟိုကောင်လေး ရဲရှောင်နဲ့ သူနဲ့ . . . ဒုက္ခပါပဲ)
“သမီးတို့နှစ်ယောက်က ဘာတွေလဲ . . .”
မင်းသမီးကြီး မျက်နှာပျက်ယွင်းစွာဖြင့် မေးလိုက်သည်။
“နင် . . . နင်က . . . ငတုံးပဲ။ ဒီလို ကိစ္စမျိုး ဘာလို့ လုပ်ရတာလဲ။ နင်က ငါ့ကို သေစေချင်နေပြီ လား . . .”
စုယဲ့ယွဲ့မှာ ပါးစပ်အဟောင်းသားဖြင့် အံ့သြသွားလေသည်။ မျက်လုံးများမှာလည်း ပြူးကျယ်ကာ –
“ဘယ်လို ကိစ္စမျိုးများ လုပ်မိလို့လဲ . . . သမီး မလုပ် . . .”
စုယဲ့ယွဲ့ အတော်ကြီးကို စိတ်ရှုပ်လျက် ရှိနေပါတော့သည် . . .။