အခန်း (၄၉၆) ဇင်ဗုဒ္ဓ၊ အသက် ၂၅,၀၀၀ ပြည့်ခြင်း
ရာသီစက်ဝန်း အလီလီလည်ပတ်လို့ နှစ် ၇၀၀ ကုန်ဆုံးသွားပါတယ်။ ဒီနှစ် ၇၀၀ အတွင်းမှာ အင်မော်တယ်ကမ္ဘာက သိပ်ပြီးတော့ မပြောင်းလဲပါဘူး။ တခြားအရာတွေတော့ မပြောတက်ပေမဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကတော့ အရင်အတိုင်းပါပဲ။
လူသားတွေက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဘေးက တောင်တန်းတွေကို နေရာယူထားတဲ့အတွက် စုစည်းလာတဲ့ ရှန်တျန်သက်ရှိ အရေအတွက်ဟာ လျော့ကျလာပါတယ်။
တန်လုံရဲ့ တာအိုဟောကြားမှုကို နားထောင်ရပြီးနောက် လူသားမျိုးနွယ်စုထဲမှာ အားကြီးတဲ့ ကျင့်ကြံသူတွေ အများကြီး ပေါ်ပေါက်လာပါတယ်။ အင်အားကြီးလာတာနဲ့ လူသားတွေရဲ့ နှလုံးသားထဲက ရည်မှန်းချက်ကလည်း တဖြည်းဖြည်း ကြီးမားလာပါတယ်။ သူတို့တွေဟာ အသွင်မပြောင်းလဲရသေးတဲ့ ရှန်တျန်သက်ရှိတွေ သားရဲကြမ်းတွေကို စပြီးတော့ အမဲလိုက်လာပါတယ်။
သူတို့မျက်လုံးထဲမှာ လူသားအသွင် မပြောင်းလဲရသေးတဲ့ သက်ရှိတိုင်းက သားရဲကြမ်းတွေနဲ့ ဘာမှမကွာပါဘူး။
လူသားတွေက သက်ရှိအားလုံးရဲ့ စိတ်ဝိညာဉ်ပါ။ လူသားတွေရဲ့ ရုပ်သွင်ကလည်း လျှို့ဝှက်ဆန်းကြယ်ပါတယ်။ လူသားတွေ မပေါ်ခင်တုန်းက သက်ရှိတိုင်းရဲ့ ရုပ်သွင်က အကြမ်းဖျင်းအားဖြင့် တူညီကြပါတယ်။
နွီဝါက လူသားတွေကို ဖန်တီးပြီး ကောင်းကင်တာအိုရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး လူသားတွေဟာ ပထမဆုံး ကောင်းကင်တာအို မျိုးနွယ်စု ဖြစ်ခဲ့ပါတယ်။ လက်ရှိ မိုးကောင်းကင် မျိုးနွယ်စုကလည်း သူတို့ရဲ့ လူသားရုပ်သွင်ကို ဆက်လက် ထိန်းသိမ်းထားကြပါသေးတယ်။
တိတ်ဆိတ်ဂိုဏ်းသားတွေဟာလည်း ဘေးနားပတ်ဝန်းကျင်က ရှန်တျန်သက်ရှိတွေနဲ့ လူသားတွေရဲ့ တိုက်ပွဲကို မြင်ပါတယ်။ အမည်ခံတပည့်လို့ ယူဆလို့ရတဲ့ ဟန်ဇွေတျန်ဟာ ဒီတိုက်ပွဲတွေကိုကြည့်ပြီး တော်တော်လေး မပျော်မရွှင် ဖြစ်လာပါတယ်။ ဒါပေမဲ့ တာအိုစက်ကွင်းကြောင့် ဟန်ဇွေတျန်ခဗျာ ဘာမှမလုပ်နိုင်ရှာပါဘူး။
ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံနေတာ ဖြစ်တဲ့အတွက် ဒီကိစ္စတွေကို မသိပါဘူး။ ဟန်ကျွယ်ဟာ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်နဲ့ အလှမ်းဝေးနေသေးတယ် ဆိုပေမဲ့ တစ်နေ့တစ်ခြား တိုးတက်လာတာကိုတော့ ခံစားမိပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ပန်ရှင်းသည် တာအိုပညာရှိအတု တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် လောကဦးဖီးနစ်မိသားစု၏ လျှို့ဝှက်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် ဆန်းကြယ်စွမ်းအားတစ်ပါးကို သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ မော့ကျူသည် တာအိုပညာရှိတစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
‘အင်း… ထပ်ပြီးတော့ ကျိန်စာတိုက်ခံကြရပြန်ပြီလား’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အမှောင်သခင်ကြီးကို ယုံကြည်တဲ့သူတွေက မနည်းဘူးဆိုတာ သိသာလှပါတယ်။
ဟန်ကျွယ်ဟာ မော့ကျူကို သတိထားမိသွားပါတယ်။
မော့ကျူဟာ လီမုယဲ့လက်ထဲမှာပဲ ရှိပါသေးတယ်။ အရင်တုန်းက လီမုယဲ့ဟာ ဟန်ကျွယ်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်လိုတဲ့အတွက် မော့ကျူကို တပည့်အဖြစ် လက်ခံခဲ့တာပါ။ ဒါပေမဲ့အခု လီမုယဲ့နဲ့ ဟန်ကျွယ်ရဲ့ ဆက်ဆံရေးက အရင်လို မကောင်းတော့ပါဘူး။ ဒီလိုအချိန်မှာ မော့ကျူက တာအိုပညာရှိဆီကနေ လမ်းညွှန်မှု ရလိုက်တာဆိုတော့ ဘယ်နည်းနဲ့မှ သွေးရိုးသားရိုး မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။ လီမုယဲ့က မော့ကျူနဲ့ ခြိမ်းခြောက်ရင်တောင် ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားက ကျောက်စိုင်ကျောက်ခဲလို တည်ငြိမ်နေမှာပါ။
ဒီနှစ် ၇၀၀ အတွင်းမှာ ဟန်ကျွယ် အာရုံစိုက်ရမဲ့ ကိစ္စတွေ တစ်ခုမှာ မရှိပါဘူး။ လက်ရှိ အင်မော်တယ်ကမ္ဘာက အေးချမ်းနေတုန်းပါပဲ။ ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံပါတယ်။
ဒီလိုနဲ့ နောက်ထပ် နှစ် ၂၀ ကုန်ဆုံးခါနီးမှာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဘေးက လူသားမြို့တစ်မြို့ကို ဘုန်းကြီးတစ်ပါး ရောက်လာပါတယ်။
ဒီဘုန်းကြီးက အပေါ်ယံကြည့်ရင် အသက်လေးဆယ်လောက်ရှိပြီး တောင်ဝှေးတစ်ချောင်း ကိုင်စွဲထားပါတယ်။ လူသားတွေ ဝတ်ဆင်ထားပြီး သားရေအဝတ်တွေနဲ့ နှိုင်းယှဉ်ရင် ဒီဘုန်းကြီးဝတ်ထားတဲ့ သင်္ကန်းက တစ်မူထူခြားနေပါတယ်။ ဒါကြောင့် ဒီဘုန်းကြီး မြို့ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ လူသားတွေ အာရုံစိုက်တာကို ခံလိုက်ရပါတယ်။
“အော့မီတော်ဖော့” ဘုန်းကြီးဟာ အသာအယာ ရေရွတ်လိုက်ပြီး မြို့ထဲမှာ လျှောက်သွားပါတယ်။ ဒီလိုနဲ့ လေးငါးရက်ကြာတဲ့ အခါမှာတော့ ဗုဒ္ဓဂိုဏ်းနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီမျိုးစုံ မြို့တစ်ခုလုံး ပျံ့နှံကုန်ပါတယ်။ လူသားတွေဟာ ဒီဒဏ္ဍာရီတွေကို နားထောင်ပြီး အံဩတကြီး ဖြစ်ကုန်ကြပါတယ်။
ဒီဘုန်းကြီးဟာ တန်လုံလိုမျိုး တစ်ခါတည်း တာအိုဟောကြားခြင်းမပြုဘဲ ဗုဒ္ဓဂိုဏ်းရဲ့ ဒဏ္ဍာရီအမျိုးမျိုးကို ဖြန့်ကျက်ပြီး သေမျိုးတွေက ဘယ်လိုဘယ်နည်းနဲ့ ဗုဒ္ဓဂိုဏ်းကနေ တာအိုကို ရယူနိုင်တယ်ဆိုတာကို သာမန်လူတွေ သိလာအောင် လုပ်ပါတယ်။ ဒီပုံပြင်တွေက သာမန်လူတွေကို အတော်လေး မိုတီပေးသွားပါတယ်။
တခြားတစ်ဖက်မှာတော့ ချူရှီရန်ဟာ ဟန်ကျွယ်ဆီ သွားလည်ပါတယ်။
“ဆရာဘိုးဘိုး… ဗုဒ္ဓဂိုဏ်းက ဇင်ဗုဒ္ဓကို လူသားမျိုးနွယ်စုဆီ စေလွှတ်လိုက်တယ်၊ အဲဒီဇင်ဗုဒ္ဓက လူတွေကို လှည့်ဖြားသွေးဆောင်နေတယ်၊ လူသားမျိုးနွယ်စုသာ သူ့လက်အောက်ရောက်သွားရင် ဗုဒ္ဓဂိုဏ်းက တိတ်ဆိတ်ဂိုဏ်းနဲ့ နယ်နိမိတ်ချင်း ထိစပ်သွားလိမ့်မယ်၊ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး” ချူရှီရန်က အလေးအနက် ပြောလိုက်ပါတယ်။
ချူရှီရန်ဟာ တစ်ခါတုန်းက အဂ္ဂဗုဒ္ဓဖြစ်ခဲ့ဖူးတဲ့အတွက် ဗုဒ္ဓဂိုဏ်းရဲ့ နည်းလမ်းတွေ အကုန်လုံးနဲ့ အလွန်တရာမှ အကျွမ်းဝင်ရှိလှပါတယ်။ အခုအချိန်မှာသူက တိတ်ဆိတ်ဂိုဏ်းသား ဖြစ်နေတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းအတွက် တွေးပေးရမှာ ပုံမှန်ပဲ မဟုတ်ပါလား။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ရတယ်၊ ဘာမှမဖြစ်ဘူး၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က ငါ့ဆန်းကြယ်စွမ်းအားနဲ့ သီးခြားဖြစ်တည်နေတာ၊ ဗုဒ္ဓဂိုဏ်းက ဘာပဲလုပ်လုပ် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို ခြေတစ်ဖဝါးတောင် လှမ်းနိုင်မှာ မဟုတ်ဘူး”
“လူသားတွေကို တောင်းပန်ရင်ရော…”
“ငါက အခုလက်ရှိ လူသားတွေနဲ့ ရင်းနှီးတာ မဟုတ်ဘူး၊ ငါလာခဲ့တဲ့ သေမျိုးကမ္ဘာက ငါ့ဝိညာဉ်ထဲမှာ ရှိနေတုန်းပဲ”
ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ နတ်အာရုံကို ကောက်ချိတ်ပြီး ကြယ်ပင်လယ်ထဲ ခေါ်ယူကာ ထုန်ကျန့်ကမ္ဘာကို ပြသလိုက်ပါတယ်။ ကြယ်ပင်လယ်ကိုတော့ လောကဦးချီတွေ ဖုံးလွှမ်းနေတာကြောင့် ချူရှီရန်ဟာ ချောင်းမကြည့်နိုင်ပါဘူး။
ချူရှီရန်ရဲ့ နတ်အာရုံဟာ ထုန်ကျန့်ကမ္ဘာကို လွှမ်းမိုးသွားတဲ့အခါမှာတော့ ချူရှီရန်ဟာ မအံဩဘဲ မနေနိုင်ပါဘူး ‘ဒီသေမျိုးကမ္ဘာက…’
ကျင့်ကြံအားထုတ်နေတဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ ချူရှီရန်ကို တွေ့လိုက်ရတဲ့အတွက် စိတ်ထဲမှာ ရင်ထိတ်သွားပါတယ် ‘ဒါက အဂ္ဂဗုဒ္ဓပဲ’
အဲဒီနောက် ဝတ်ရုံဖြူဗုဒ္ဓဟာ အဂ္ဂဗုဒ္ဓက ဟန်ကျွယ်တပည့် ဖြစ်နေတာကို တွေးမိပြီး စိုးရိမ်စိတ်တွေ ပြေပျောက်သွားပါတယ်။
အသက်ရှူကြိမ် လေးငါးကြိမ် အကြာမှာတော့ ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ နတ်အာရုံကို ပြန်ဆွဲထုတ်လိုက်ပါတယ်။
ချူရှီရန်ဟာ မျက်လုံးဖွင့်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ သက်ပြင်းချလိုက်ပါတယ် “ဆရာဘိုးဘိုးက တကယ်ကို စွမ်းတာပဲ၊ ဒီသေမျိုးကမ္ဘာ ရှိနေမှတော့ အပြင်ဘက်မှာရှိတဲ့ လူသားတွေက ဂရုစိုက်စရာ မလိုတော့ဘူး၊ ကျွန်တော် တကယ်ပဲ လေးစားမိပါတယ်”
ချူရှီရန်ရဲ့ စကားက နှလုံးသားထဲကနေ လာတာပါ။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ ထုန်ကျန့်ကမ္ဘာက ဟန်ကျွယ်အတွက် ဘာအကျိုးအမြတ်မှ မရှိပါဘူး။ ဒါကြောင့် ဟန်ကျွယ် ဒီသေမျိုးကမ္ဘာကို ဆက်ထားတာက ရည်ရွယ်ချက်ကောင်းနဲ့ဆိုတာ ထင်ရှားလှပါတယ်။
သေမျိုးကမ္ဘာမှာ မွေးပြီး သေမျိုးကမ္ဘာကို ပြန်ဂရုစိုက်တဲ့ ဟန်ကျွယ်လိုမျိုး ကျင့်ကြံသူက တကယ်ကို ရှားပါးပါတယ်။ ကျင့်ကြံမှု မြင့်မားလာလေလေ လူသားဆန်တဲ့ စိတ်ဓာတ်က လျော့နည်းလေပါပဲ။ များသောအားဖြင့် ကျင့်ကြံမှု မြင့်လာပြီဆိုရင် ကိုယ်ကျိုးပဲ ကြည့်တက်တဲ့ အင်မော်တယ်နတ်ဘုရားတွေ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်သွားကြတာချည်းပါပဲ။
“ကောင်းကောင်းမွန်မွန် ကျင့်ကြံချည်၊ တကယ်တော့ ငါက မင်းအရည်အချင်းကို တန်ဖိုးအထားဆုံးပဲ၊ မင်းအနေနဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေထဲမှ ထိပ်ဆုံးသုံးနေရာဝင်ဖို့ ငါ မျှော်လင့်တယ်” ပြောပြောဆိုဆို ဟန်ကျွယ်ဟာ ချူရှီရန်ကို စိုက်ကြည့်လိုက်ပါတယ်။
ချူရှီရန်ဟာ ကျောက်စိုင်ကျောက်ခဲလို ခိုင်မာတဲ့အကြည့်နဲ့ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ကျွယ်လို လူမျိုးနောက်ကို လိုက်တာက သူ့ရဲ့ တာအိုနှလုံးသားကို ပိုပြီးတော့ ခိုင်မာစေတယ် မဟုတ်ပါလား။ ချူရှီရန်ဟာ ဟန်ကျွယ်ကို ထိပ်ဆုံးရောက်အောင် ကူညီပြီး အဲဒီအချိန်ရောက်ရင် အစစ်အမှန် အေးချမ်းတဲ့ သနားကြင်နာမှု ကြီးစိုးတဲ့ ကောင်းကင်တာအိုကို ဖွင့်လှစ်မှာပါ။
ချူရှီရန် ထွက်သွားတာနဲ့ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို အသုံးပြုပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်က ကျင့်ကြံသူတွေကို စစ်ဆေးလိုက်ပါတယ်။
[ဇင်ဗုဒ္ဓ: ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ကနဦးအဆင့်၊ ဗုဒ္ဓဂိုဏ်း၏ ဗုဒ္ဓတစ်ပါး ဖြစ်သည်။]
‘ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ကနဦးအဆင့်… တော်တော် အားနည်းတာပဲ’ ဟန်ကျွယ်ဟာ ဇင်ဗုဒ္ဓကို လျစ်လျူရှုလိုက်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နှစ်တစ်ထောင်ကျော် ကြာညောင်းသွားပါတယ်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ဟန်ကျွယ်ဟာ အသက် ၂၅,၀၀၀ ပြည့်သွားပါပြီ။
ဇင်ဗုဒ္ဓက တကယ်ကို အရည်အချင်း ရှိပါတယ်။ လူသားမျိုးနွယ်စုမှာ ဗုဒ္ဓကျင့်ကြံသူတွေ တော်တော်များများ ပေါ်ပေါက်လာပါပြီ။ ဒီဗုဒ္ဓဂိုဏ်း ကျင့်ကြံသူတွေက လူသားမျိုးနွယ်စုမှာ အဆင့်အတန်း မြင့်မားတဲ့နေရာမှာ ရှိနေကြပါတယ်။
ဒီနေ့မှာတော့ ဗုဒ္ဓဂိုဏ်း ကျင့်ကြံသူ အုပ်စုတစ်စုဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားကို ရောက်ရှိလာကြပါတယ်။ ဒီအုပ်စုကို ဦးဆောင်လာတဲ့လူက ဘုန်းကြီးအို တစ်ပါးပါ။ ဘုန်းကြီးအိုကြီးက အရင်ဆုံး ဒူးထောက်လိုက်တဲ့အတွက် ကျန်တဲ့ ဘုန်းကြီးတွေလည်း လိုက်ဒူးထောက်ကြပါတယ်။
“ဘိုးဘေးကျိုးဖန်…” ဘုန်းကြီးအော်ကြီးဟာ ကျိုးဖန်ရဲ့ နာမည်ကို အော်ဟစ်ပြီး ရှိခိုးလိုက်ပါတယ်။ တခြားဘုန်းကြီးတွေလည်း ဘုန်းကြီးအိုကြီးနည်းတူ လိုက်ရှိခိုးကြပါတယ်။
တစ်ခဏအကြာမှာ ကျိုးဖန်ရဲ့ အသံ ထွက်ပေါ်လာပါတယ် “ဘာကိစ္စလဲ”
ကျိုးဖန်ဟာ စိတ်မရှည်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျိုးဖန်အမုန်းဆုံးက ဗုဒ္ဓဂိုဏ်းမို့လို့ပါပဲ။ ဒါ့အပြင် ကျိုးဖန်ဟာ လူသားမျိုးနွယ်စုက ဗုဒ္ဓဂိုဏ်းကျင့်စဉ်တွေကို ကျင့်ကြံကတည်းက နောက်ကျော ဓားနဲ့ထိုးခံရတယ်လို့ ခံစားနေခဲ့ရပြီးပါပြီ။
ဘုန်းကြီးအိုကြီးက ငိုယိုပါတော့တယ် “လူသားတွေကို ထွက်ကယ်ပါအုန်း… အင်မော်တယ်တွေတောင် မကုသနိုင်တဲ့ ပလိပ်ရောဂါ ဖြစ်ပေါ်နေတာ အတော်ကြာပြီ”
တာအိုဘုံကျောင်းထဲက ကျိုးဖန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီဘုန်းကြီးတွေက ငါ့ကို အပြင်ထွက်အောင် လှည့်ဖြားနေတာလား…’
ဒီအချိန်မှာပဲ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာပါတယ် “ဟမ်… ဒီပလိပ်ရောဂါ ရောက်လာတာ ကောင်းတယ်၊ ဒါက ကောင်းကင်တာအိုရဲ့ ဒဏ်ခတ်မှုပဲ၊ လူသားတွေက ရှန်တျန်သက်ရှိတွေကို စည်းမရှိ သတ်ဖြတ်ပြီး အလောင်းတွေကို တောထဲပစ်ထားလို့ ဒီလိုဖြစ်ရတာ”
ဒီအသံက လီရွှမ်အောက်ရဲ့ အသံပါ။
ဘုန်းကြီးအိုကြီးဟာ ဆက်ငိုပါတယ် “ဘိုးဘေးကျိုးဖန်… ဘိုးဘေး မကယ်ရင် လူသားမျိုးနွယ်စုတစ်ခုလုံး မျိုးတုံးရပါလိမ့်မယ်”
ဘုန်းကြီးအိုကြီးရဲ့ စကားအဆုံးမှာပဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကနေ ကြောက်မက်ဖွယ် လေပြင်းတစ်ခု ထွက်ပေါ်လာပြီး ဘုန်းကြီးတွေကို လွှင့်စဉ်ထွက်သွားစေပါတယ်။ သူတို့တင် မဟုတ်ပါဘူး။ မိုင်ဆယ်သန်းအတွင်းက လူတိုင်း မိုးကုပ်စက်ဝိုင်းဆီကို လွှင့်စဉ်ထွက်သွားတာပါ။ လူသားမြို့တွေကတော့ တစ်ခါတည်း လဲပြိုကုန်ပါတယ်။
လေထဲက လူသားတွေက ပြင်းပြင်းထန်ထန်တော့ ဒဏ်ရာမရကြပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ သူတို့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ပဲ လေနဲ့အတူ အဝေးကို လွှင့်ပါသွားကြပါတယ်။
လူသားမျိုးနွယ်စုတစ်ခုလုံး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဘေးကနေ အဝေးကို ရွှေ့ခံလိုက်ရတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 496
? Views, Released on December 9, 2024