Chapter – 62
“ဉာဏ်ကြီးရှင်မိန်းကလေး”
ရဲရှောင်မှ ထိုကဲ့သို့ ပြောလိုက်သဖြင့် အိမ်တော်ထိန်းလည်း ဆက်လက်၍ မေးမြန်းမနေတော့ဘဲ စကားလမ်းကြောင်းကို လွှဲလိုက်ကာ –
“သခင်လေး . . . မူမျိုးနွယ်ကလူတွေ သေကုန်ပြီ သိလား . . .”
ရဲရှောင် ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီးနောက် –
“ဘာ . . . အကုန်သေကုန်ပြီ ဟုတ်လား . . . ဘာတွေ ဖြစ်ကုန်တာလဲ။ ဘယ်သူလုပ်တာလဲ ဆိုတာ ခင်ဗျားသိလား . . .”
“တကယ် သေကုန်ကြပြီ။ လုပ်သွားတဲ့ လူတွေကတော့ ကမ္ဘာမှာ လျို့ဝှက်အဆန်းကြယ်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ မုန်တိုင်းအိမ်တော်ကပဲ။။ သဲလွန်စ တစ်ခု ချန်ခဲ့တယ်လေ။ ဒီကိစ္စကို သူတို့လုပ်ကြောင်း စာရေးထားခဲ့တာ။ မုန်တိုင်းအိမ်တော်က မူမျိုးနွယ်ကို တမင်ပဲ လုပ်ကြံလိုက်ကြတာ များလား . . .”
ရဲရှောင် တစုံတစ်ခုကို ချက်ချင်းပဲ သဘောပေါက်သွားသည်။
(ကြည့်ရတာ မုန်တိုင်းအိမ်တော်ရဲ့ ညာလက်ရုံး လက်ချက်များလား . . .)
သူမသည် မူမျိုးနွယ်အား သုတ်သင်လိုက်သူ ဖြစ်နိုင်ပြီး အတော်ကို အစွမ်းအာဏာ သက်ရောက် ပုံပါပင်။
ရဲရှောင်လည်း တကယ်ကို ထိတ်လန့်တုန်လှုပ်သွားမိလေသည်။
“မုန်တိုင်းအိမ်တော်ဆိုတာ ဒဏ္ဍာရီလိုပဲ ထင်ထားတာ။ အခုတော့ ရုပ်လုံးပေါ်လာကြပြီပေါ့ . . .”
ရဲရှောင် ရေရွတ်လိုက်သည်။ မျက်လုံးများလည်း အရောင်ဝင်းလတ်သွားကာ ဝါးရုံတောအတွင်း ၀င်ရောက်သွားသည့် လူများနောက်သို့ လိုက်ခဲ့သည်ကို သတိရသွားမိသည်။ ယခုကိစ္စသည်လည်း အဆိုပါ လူများနှင့် ပတ်သက်ဆက်နွယ်နေလိမ့်မည်ဟု သူခန့်မှန်းမိနေသည်။
(အခွင့်အရေးရှိတဲ့ တနေ့ကျရင် အဲဒီဝါးရုံတောကြီးကို ဆီလောင်းပြီး မီးနဲ့ကို ရှို့ကြည့်ဦးမယ်။ ဘယ်သူတွေများ ထွက်လာမလဲလို့ပေါ့ . . .)
သူဥယျာဉ်သို့ ပြန်ရောက်သောအခါ စုယဲ့ယွဲ့ ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။ ကောင်းကင်ထက်ရှိ လမင်းကြီးအား မမှိတ်မသုန် ကြည့်နေလေ၏။
ရဲရှောင်လည်း သူမနှင့် မျက်နှာချင်းဆိုင်တွင် ညင်သာစွာဖြင့် ၀င်ထိုင်လိုက်လေသည်။
ကောင်မလေးမှ လမင်းကြီးကို ကြည့်ရင်း –
“ရှောင်ရှောင် . . . နင်လပေါ်မှာ လူတွေရှိလားဆိုတာ အမြဲတမ်း သိချင်ခဲ့လား . . .”
ရဲရှောင်မှ –
“အဲဒီလိုတော့ ထင်တာပဲ . . . ဒဏ္ဍာရီအရဆိုရင် အဲဒီမှာ နတ်ဘုရားမတစ်ယောက် ရှိနေတယ် ဟုတ်တယ်မလား . . .”
မိန်းကလေးမှ “အင်း” ဟု ပြန်လည် အဖြေပေးလိုက်ပြီးနောက် ဆက်လက်၍ –
“ရှောင်ရှောင် . . . နင်ငါ့ကို စိတ်ပူအောင် သိပ်လုပ်တာပဲ . . .”
ရဲရှောင်မှ နူးညံ့စွာ ပြုံးလိုက်ပြီးနောက် –
“စိတ်မပူပါနဲ့ . . . ငါက ဘယ်သူမို့လို့လဲ။ ငါက အမြဲတမ်း အဆင်ပြေပြီးသား . . .”
စုယဲ့ယွဲ့မှ ခေါင်းညိတ်ပြလိုက်ပြီးနောက် –
“နင်က အခုတော့ အဆင်ပြေနေပြီပေါ့။ ဒါပေမဲ့ ငါတကယ်ကို လန့်နေခဲ့တာ . . .”
တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် လေသံမြင့်ကာ –
“ရှောင်ရှောင် . . . နင်ဟိုနေ့က လေလံပွဲကို မသွားခဲ့ဘူးမလား . . . စိတ်ညစ်စရာ တကယ်ကောင်း တယ်။ ငါအဲဒီနေ့က အဲဒီလေလံပွဲမှာ ရှိနေခဲ့တယ်လေ။ ငါလည်း အတော်ကို အမြင်ကျယ်ခဲ့တယ်။ နောက်ပြီး ဖန်းဟွာဓားသိုင်းဆိုတဲ့ စာအုပ်တစ်အုပ်လည်း ရခဲ့တယ်။ ဓားရေးကျင့်တဲ့ စာအုပ်ပေါ့။ တကယ်ကောင်းတဲ့ ဓားရေးကျင့်စဉ်တစ်ခုပဲ။ အခုကစပြီး ငါကတော့ ထိပ်တန်း ဓားသိုင်းပညာရှင်တစ်ယောက် ဖြစ်တော့မှာ”
“ဖန်းဟွာဓားသိုင်း ဟုတ်လား . . . အဲဒါက တကယ်ပဲ အစွမ်းထက်လား . . . ငါ့ကို ပြကြည့်ပါဦး”
ရဲရှောင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ယေဘူယျအားဖြင့် ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းသည် သိပ်တော့ မသင့်တော်ပါချေ။ အကယ်၍ အိမ်တော်ထိန်းကြီးသာ ရှိနေမည် ဆိုပါက ရဲရှောင်ကို သေချာပေါက် တားမြစ်မည် ဖြစ်ပါသည်။ ယခုကဲ့သို့ အဆင့်မြင့် သိုင်းကျမ်းမျိုးဟာ လင်းပါအို လေလံခန်းမလို အဆင့်မြင့် လေလံပွဲကြီးတွေမှာသာ တွေ့နိုင်တာ ဖြစ်ပြီး အဆင့်မြင့် သိုင်းကျမ်းတစ်ကျမ်းဆိုလည်း မမှားချေ။ သူဟာ ရှောင်ဧကရာဇ်တစ်ဦး ဖြစ်သဖြင့် အဆိုပါ ဓားသိုင်းကျမ်းမှာ အတုလား အစစ်လားဆိုတာ ခွဲခြားနိုင်သေး၏။
စုယဲ့ယွဲ့မှာတော့ ယခုလို ရဲရှောင် တောင်းယူလိုက်သည်ကို စိတ်ခုခြင်း မရှိပါချေ။
ပြုံးလိုက်ပြီးနောက် သူ၏ အ၀တ်အတွင်းမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီး ရဲရှောင်ကို ပေးလိုက်ပါတယ်။ ယခုမှသာ ရဲရှောင်လည်း စုယဲ့ယွဲ့ဘေးတွင် ဓားတစ်ချောင်း ချထားသည်ကို သတိပြုမိ လိုက်ပါသည်။
(ကြည့်ရတာ ဒီမိန်းကလေးက သိုင်းပညာရပ်တွေကို စိတ်ဝင်စားတယ်ထင်တယ်။ ဒီစာအုပ်က တကယ်ကို ပြီးပြည့်စုံတဲ့ စာအုပ် ဟုတ်လားမဟုတ်လားဆိုတာ ငါသိချင်လိုက်တာ။ ဒီလိုမှ မဟုတ်ရင် ဒီကောင်မလေး ကျင့်ရတာ တပိုင်းတစ ဖြစ်သွားလိမ့်မယ် . . .)
ရဲရှောင်လည်း –
“ယဲ့ယွဲ့ . . . မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက် ရောက်ပြီလဲ . . .”
စုယဲ့ယွဲ့မှ အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် –
“မော်တယ်အဆင့် ၇ ပဲ ရှိသေးတယ် . . .”
“မော်တယ်အဆင့် ၇ . . .”
ရဲရှောင် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီးနောက် အနည်းငယ်လည်း အံ့သြသွားမိသည်။ ဟွာရန်း နန်းတော်မှ မင်းသမီးတစ်ဦးအနေဖြင့် ယခုကဲ့သို့ ကျင့်ကြံမှုတွင် မော်တယ်အဆင့် ၇ သို့ ရောက်ရှိနေခြင်း မှာ တကယ်ကို အထင်ကြီးစရာပါပင်။ ထို့ကြောင့် ဆက်လက်၍ –
“မင်းက ငယ်ငယ်ကတည်းက ဒီလို ကျင့်ကြံမှုတွေ လုပ်ခဲ့တာမလား . . .”
“အန်း . . . ငါ့အဖေက သူ့တဘ၀လုံးကို တိုက်ခိုက်မှုတွေနဲ့ပဲ အချိန်ကုန်ဆုံးခဲ့တာလေ။ အဲဒါ ကြောင့်ပဲ သူက ငါ့ကို အခုလို သိုင်းကျင့်စဉ်တွေ ကျင့်ကြံတာကို သဘောမတူဘူး။ သူထင်နေတာက မိန်းကလေးတစ်ယောက် သိုင်းကျင့်စဉ်တွေကို ကျင့်ကြံလိုက်မယ်ဆိုရင် နူးညံ့သိမ်မွေ့မှုတွေ ပျောက်ဆုံး ကုန်လိမ့်မယ်တဲ့ . . . ငါကတော့ ကျင့်စဉ်တွေကို အရမ်းစိတ်ဝင်စားတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ငါ့ရဲ့ အိမ်တော်က အစောင့်ရဲ့ဆီကနေ စပြီး သင်ယူခဲ့တယ်။ ဒါကို ငါလျို့ဝှက်ထားခဲ့တာ ငါ့အဖေလည်း သတိမထားမိခဲ့ဘူး။ အဲဒီလိုနဲ့ ခိုးပြီး လေ့ကျင့်ခဲ့တယ်လေ။ ဟူး . . . ငါ့ကို သင်ပေးနေတဲ့ အစောင့်ကတော့ သိပ်မကြာခင်ကပဲ တိုက်ပွဲမှာ သေဆုံးသွားခဲ့ရတယ်။ စိတ်ပျက်စရာပါပဲ . . .”
ရဲရှောင် တုန်လှုပ်သွားသည်။
(ဘာ . . . လွန်ခဲ့တဲ့ ၂ နှစ်က အစောင့်တစ်ယောက်က သင်ပေးတာ။ တိတ်တဆိတ် ခိုးပြီး လေ့ကျင့်ရတယ်။ အဲဒါတောင်မှ နှစ်နှစ်အတွင်း မော်တယ် အဆင့် ၇ တဲ့လား . . . တော်တော်ကို ထူးဆန်းတယ် . . .)
ယခုကဲ့သို့ နှုန်းအရ သူမအား အတော်ကို ပါရမီပါသူဟု သတ်မှတ်၍ရပြီး သို့သော်လည်း ချင်းယန် နယ်ပယ်နှင့် ယှဉ်လျှင်တော့ ထူးချွန်သည်ဟု ဆို၍ မရပေ။ မော်တယ်ကမ္ဘာမှာတော့ ယခုကဲ့သို့ အောင်မြင်မှုမျိုးမှာ အတော်ကို ကြီးကျယ်လှသည့် အောင်မြင်မှုဟု ဆိုနိုင်ပါသည်။
ဒါ့အပြင် သူမ၏ မိဘများ ခွင့်ပြုချက်မရှိဘဲ လေ့ကျင့်ခဲ့တာဖြစ်ပြီး တိတ်တဆိတ်ဖြင့် ခိုး၍ လေ့ကျင့် ခဲ့တာလည်း ဖြစ်ပါသည်။
ထိုကဲ့သို့ တစ်ယောက်တည်း ခိုး၍ လေ့ကျင့်ရသဖြင့် လေ့ကျင့်ချိန်တွင် သူမကို ပြသလမ်းညွှန်ပေး သည့် ဆရာလည်း ရှိမည် မဟုတ်ပေ။
သူမကို သင်ကြားပေးခဲ့သည့် အစောင့် ဆိုသည်မှာလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် အဆိုပါ အစောင့်မှာလည်း သိပ်ပြီး ကျွမ်းကျင်ပညာရှင် မဟုတ်ဘူး ဆိုတာကို သိနိုင်ပါသည်။ ကျွမ်းကျင်ပညာရှင်ဆိုပါက အလွယ်တကူ သေဆုံးလိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့ ဆိုးရွားသည့် အခြေအနေအောက်တွင် သူမကိုယ်တိုင် လေ့ကျင့်အားထုတ်မှုကြောင့် မော်တယ်အဆင့် ၇ သို့ ရောက်ရှိနေခြင်းသည် မဟာအောင်မြင်မှုကြီးပင် ဖြစ်သည်။
တကယ်ကို မယုံကြည်နိုင်ဖွယ်ရာ တိုးတက်မှုပင် ဖြစ်လေ၏။
ရှောင်ဧကရာဇ်လိုလူပင် အံ့သြသွားရတာ ဖြစ်ပေသည်။
သူ့ရှေ့ရှိ ကောင်မလေးမှာ သရဲတစ္ဆေတစ်ကောင်ဟုပင် ထင်မှတ်နေလေတော့၏။
“ဘာဖြစ်လို့လဲ . . .”
စုယဲ့ယွဲ့မှာ ရဲရှောင်တစ်ယောက် တိတ်ဆိတ်သွားသည်ကို သတိပြုမိသွားဟန်ဖြင့် မေးလိုက်သည်။
“ငါ့ရဲ့ ကျင့်ကြံမှုနှုန်းက အရမ်းနှေးနေလို့လား။ ငါ အရမ်းအားနည်းနေလို့လားဟင် . . . ငါ့အဖေက ပြောတယ် ငါက ကျင့်ကြံမှုပိုင်းမှာ ပါရမီ မပါဘူးတဲ့ . . . အဲဒါကြောင့် ငါလည်း စိတ်ဓာတ်ကျနေတာ”
ရဲရှောင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
(ဘာ . . . ပါရမီ မပါဘူးတဲ့လား . . . ဘာလဲဟ မင်းသာ ပါရမီမပါရင် ဒီကမ္ဘာမှာ ဘယ်သူမှ ကျင့်ကြံမှု လုပ်နိုင်တဲ့ ပါရမီ ရှိမှာ မဟုတ်တော့ဘူး)
ရဲရှောင်၏ အရင်ဘ၀တွင် သူသည် တော်ဝင်မျိုးနွယ်စုတစ်စုမှ မွေးဖွားလာခြင်း မဟုတ်ပေ။ သန့်စင်သော ယန်ကျင့်စဉ်ကို ကံအားလျော်စွာ ရရှိခဲ့ပြီးနောက် ကျင့်ကြံမှုများမှာ မြန်ဆန်လာခဲ့ရလေသည်။ နှစ်တစ်သောင်းတွင် တစ်ကြိမ်သာ တွေ့ရမည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်နဲ့ပင် ကောင်းစွာ ယှဉ်နိုင်ပေသေးသည်။
သို့သော်လည်း ယခု စုယဲ့ယွဲ့၏ စကားများကို နားထောင်ပြီးနောက် ကမ္ဘာကြီးပေါ်တွင် ကိုယ့်ထက် တော်သည့် တတ်သည့်လူများ ရှိနိုင်ကြောင်း သဘောပေါက်သွားမိခဲ့သည်။ စုယဲ့ယွဲ့မှာ သူ့ယခင်ဘ၀တုန်းက သူစကျင့်ခါစထက်ပင် ပိုမိုမြန်ဆန်နေပါသေးသည်။
“ငါကတော့ ကျင့်ကြံမှုတွေက မင်းနဲ့ သင့်တော်တယ်လို့ ထင်တယ် . . .”
ရဲရှောင်ပြောလိုက်သည်။
“လာစမ်းပါဦး မင်းရဲ့ အစွမ်းကို ကြည့်စမ်းပါရစေ . . .”
ပြောပြီးနောက် ချက်ချင်းပင် စုယဲ့ယွဲ့၏ လက်အား လှမ်းကိုင်လိုက်သည်။
သူ့အနေဖြင့် သူမအပေါ် အမြတ်ထုတ်လိုခြင်း အလျင်းမရှိပေ။ သူ့ရှေ့တွင်ရှိနေသည့် ကောင်မလေးအကြောင်း ပိုမို၍ သိချင်နေမိခြင်းသာ ဖြစ်ပေသည်။
သူမ၏ လက်များမှာ အေးစက်၍ ချောမွေ့နေပါသည်။ ရှေးဦးခရမ်းရောင်ချီဓာတ်များကို လည်ပတ်စေလျက် သူမ၏ အသွေးအသားထဲသို့ ဝိညာဉ်တော်စွမ်းအားများကို စီးဆင်းစေလိုက်သည်။
ထို့နောက်မှာတော့ ရဲရှောင် သူမ၏ လက်ကို လွှတ်ပေးလိုက်ပြီး ပြုံးလိုက်ပါသည်။
နာနာကျင်ကျင်ဟန်ဖြင့် တစ်ချက်ရယ်လိုက်ပြီး သူ့ကိုယ်သူပင် ရှက်ရွံ့မိသလို ဖြစ်သွားသည်။ သူကိုယ်တိုင် နှစ်တစ်သောင်းတွင် တစ်ကြိမ်လောက်သာ ပေါ်ထွက်နိုင်သည့် ပညာရှင်ဘ၀မျိုးဖြင့် နေထိုင်ခဲ့သော်လည်း ကောင်မလေး၏ အစွမ်းကို မြင်တွေ့ရသောအခါ အတော်ကြီး ထိတ်လန့်အံ့သြ သွားမိသည်။ သူထင်ထားသည်ထက်ပင် ပိုမိုအစွမ်းထက်နေသည် မဟုတ်ပါလား။
ပင်ကိုယ်စွမ်းရည်အားဖြင့် ယှဉ်လျှင် သူ့ယခင်ဘ၀မှာထက်ကို စုယဲ့ယွဲ့မှ ပိုသာလေသည်။ သူဆုံတွေ့ခဲ့ရသည့် ၀မ်ရမ်ချူးချူးထက်လည်း နိမ့်မည် မဟုတ်ပေ။ တကယ်တော့ ၀မ်ရမ်ချူးချူးထက်ပင် ပို၍ သာလွန်နိုင်ပါသေးသည်။ သို့သော်လည်း စုယဲ့ယွဲ့မှာ ဆရာကောင်းကောင်းနှင့် ဆုံတွေ့ခဲ့ရခြင်း မရှိဘဲ သူမတစ်ဦးတည်းသာ ကျင့်ကြံနေခဲ့ရသဖြင့် မလိုလားအပ်သော ကျင့်ကြံမှုများလည်း လုပ်ခဲ့ရပါသည်။ ထို့ကြောင့်ပင် သူမ၏ သွေးကြောများ အနည်းငယ် ပျက်ဆီးစ ပြုနေသည်ကို ရဲရှောင် တွေ့လိုက်ရသည်။
သို့သော်လည်း ထိုပျက်ဆီးမှုများမှာ ရဲရှောင်အမြင်တွင် စာဖွဲ့လောက်စရာတော့ မဟုတ်ပေ။
(ဝိညာဉ်တော်ယင်ဓာတ်ရှိတဲ့ မိန်းမတစ်ယောက်၊ ထိပ်တန်းအဆင့် သွေးကြောတွေနဲ့အတူ မွေးဖွားလာတဲ့လူ တစ်ယောက်၊ သူ့ရဲ့ ချီဓာတ်တွေကလည်း မြစ်လိုပဲ။ ခန္ဓာကိုယ်အချိုးအစားကလည်း ကျင့်ကြံသူတစ်ယောက်မှာ ရှိရမဲ့ ပြည့်စုံတဲ့ ခန္ဓာကိုယ် . . .)
ရဲရှောင် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။
(သူ့လိုလူမျိုးသာ ချင်ယန်နယ်ပယ်မှာဆို ဂိုဏ်းကြီးတွေ သူ့ကို အမွေဆက်ခံသူအဖြစ် ထားချင်ကြ လွန်းလို့ တိုက်ခိုက်ကြလိမ့်မယ် ထင်တယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တစ်ချက်က ဒီလို မော်တယ်ကမ္ဘာမှာ သူ့အဖေက သူ့ကို ကျင့်ကြံမှုတွေလုပ်မှာကို တားမြစ်ထားတယ်တဲ့။ ကျင့်ကြံဖို့အတွက် အဆင့်တောင် မမီဘူးဆိုပဲ . . .)
ထိုအချိန်မှာပဲ ရဲရှောင် နားလည်သွားသည့် အချက်တစ်ချက်မှာ စုယဲ့ယွဲ့သည် နွံနစ်နေသည့် ပတ္တမြားတစ်လုံး ဆိုတာကိုပါပဲ။
တကယ်ကို နှမြောစရာ ကောင်းလွန်းလှသည်။
“မင်းမျက်လုံးတွေကို မှိတ်ထားလိုက်။ ငါမင်းကို လက်ဆောင်တစ်ခု ပေးမလို့ . . .”
ရဲရှောင် ညင်သာစွာ ပြောလိုက်သည်။
“ဘာလက်ဆောင်လဲ . . .”
စုယဲ့ယွဲ့ ရှက်ရွံ့မှုနှင့်အတူ ပျော်ရွှင်မှုကိုပါ ခံစားသွားရသည်။ ရဲရှောင်ထံမှ ပထမဆုံးအကြိမ်အဖြစ် လက်ဆောင်ရတော့မည် မဟုတ်ပါလား။ မျက်လုံးများကို ပိတ်လျက်ပင် ပြန်ပေးလိုက်တာ ဖြစ်ပါသည်။
“ပါးစပ်ဟ . . .”
“အ . . .”
ထိုအခိုက်မှာတင် သူမ၏ ပါးစပ်အတွင်းသို့ ဆေးလုံးတစ်လုံး ရောက်ရှိလာသည်ကို ခံစားလိုက်ရ သည်။ လျင်မြန်စွာပင် အရည်ပျော်သွားပြီး လည်ချောင်းထဲမှတဆင့် အစာအိမ်အတွင်း ရောက်ရှိသွားလေ သည်။ စုယဲ့ယွဲ့တစ်ယောက် ပြာယာခတ်သွားပြီး ရုတ်တရက်ဆိုသလို ပါးစပ်အတွင်းမှ မွှေးပျံ့သည့် ရနံ့တစ်ခုကိုလည်း ခံစားလိုက်ရလေသည်။ သူမ သေချာအရသာခံရန် ပြင်လိုက်စဉ်မှာပင် ချက်ချင်းဆိုသလို အပူချီဓာတ်များအဖြစ် ပြောင်းလဲသွားပြီး တကိုယ်လုံးသို့ ပြန့်နှံ့သွားလေတော့သည်။ သူမ၏ အသွေးများ အသားများ နေရာအနှံ့သို့ပင် ဖြစ်ပါသည်။
ဖော်မပြနိုင်သော သက်တောင့်သက်သာ ရှိမှုမျိုး သူမတကိုယ်လုံးသို့ ပြန့်နှံ့သွားသလို ခံစားလိုက်ရသည်။
ချက်ချင်းပင် မျက်လုံးများ ဖွင့်လိုက်ပြီး –
“ဟာ . . . တကယ် ခံစားလို့ ကောင်းတာပဲ။ အဲဒါဘာလဲ . . . ဘာလို့ ဒီလောက်ထိ ကောင်းနေရတာလဲ။ နင့်မှာ ထပ်ရှိနေသေးလား . . .”
သူမအနေဖြင့် အဆိုပါ အရသာကို နောက်ထပ်တစ်ကြိမ် ခံစားချင်နေတာပဲ ဖြစ်ပါသည်။
ထိုကဲ့သို့သော စိတ်ကူးမျိုး မိန်းကလေး အများစုတွင် ရှိတတ်ကြသည်မှာ သဘာဝပင်။ သို့သော်လည်း အဆိုပါ ဆေးလုံးကို စားသုံးလိုက်မှုကြောင့် သူမ၏ ပျက်ဆီးစ ပြုနေသော သွေးကြောများ လုံးဝ ကောင်းမွန်သွားတာကိုတော့ သူမ မသိလိုက်ပေ။
တကယ်တော့ ပိုမို၍ပင် အစွမ်းထက်စေသွားတာပင် ဖြစ်၏။
ရဲရှောင်မှာ ပြုံး၍သာ နေလေသည်။
သူမကို မျက်လုံးများ မှိတ်ထားခိုင်းပြီးနောက် ဖေးယွမ်ဆေးလုံးအား ပါးစပ်ထဲ ထည့်ပေးလိုက်ခြင်း ပင် ဖြစ်သည်။ သူကတော့ ကူညီချင်စိတ်ဖြင့် ပေးလိုက်တာဖြစ်ပြီး စုယဲ့ယွဲ့မှာတော့ ထိုကဲ့သို့ တန်ဖိုးကြီး ဆေးလုံးအား သကြားလုံး စားသလို ထပ်မံ၍ စားချင်နေသည် မဟုတ်ပါလား။ ထိုကဲ့သို့ ဆေးလုံးများကို ထပ်မံ၍ ကျွေးနိုင်သော်လည်း ဖြုန်းတီးရာပင် ရောက်မည်ဖြစ်ပါသည်။
“မရှိတော့ဘူး . . . တစ်လုံးပဲရှိတာ”
ရဲရှောင် လက်ခါပြရင်း ပြောလိုက်သည်။
ထိုအချိန် သူ့စိတ်ထဲ စိုးရိမ်စိတ် အနည်းငယ်လည်း ဖြစ်သွားမိလေသည်။
အကယ်၍ စုယဲ့ယွဲ့သာ ပါးစပ်မလုံဘဲ တခြားသူများကို လျှောက်ပြောလိုက်မည် ဆိုပါက သူ့အနေဖြင့် နောက်ပိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မည် မဟုတ်ပေ။
“တကယ် အရသာ ရှိတာပဲ . . .”
စုယဲ့ယွဲ့ နှုတ်ခမ်းကို သပ်လိုက်ရင်း ပြောလိုက်သည်။ ဆက်လက်၍ –
“ဒီလို အရသာရှိတဲ့ ဆေးလုံးမျိုးသာ အများကြီး ရှိလို့ကတော့ ငါတစ်နေ့ကို အလုံး ၈၀ ၁၀၀ လောက် စားချင်တယ်။ စဉ်းစားကြည့်ရင် သိပ်တော့လည်း များတဲ့ ပမာဏ မဟုတ်ပါဘူး . . .”
ရဲရှောင်တစ်ယောက် ဆွံ့အသွားလေ၏။
(ဘယ်လိုမိန်းကလေးမျိုးလဲ . . . နေ့တိုင်း အလုံး ၈၀ ကနေ ၁၀၀ ဟုတ်လား . . . တကယ်ကိုပဲ ကွာ . . .)
ထို့နောက် စုယဲ့ယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး –
“ဟာ . . . ငါ့ဗိုက်တွေ နာလာပြီ . . .”
ချက်ချင်းပင် ထခုန်လိုက်ပြီး ပတ်ဝန်းကျင်ကို ထိတ်ထိတ်ပြာပြာ ကြည့်လိုက်သည်။
“အား . . . မဟုတ်ဘူး . . . မဟုတ်ဘူး . . .”
ထို့နောက်မှာတော့ လျင်မြန်စွာပင် ထွက်ခွာ သွားပါတော့သည်။
ရဲရှောင် မျက်မှောင်တစ်ချက် ကြုတ်သွားသည်။ သူအချက်တစ်ချက်ကို တကယ်ပင် မေ့နေတာပဲ ဖြစ်ပါတော့သည် . . .။