Chapter – 61
“အပြန်လမ်း”
သူတို့သည် မနက်အစောပိုင်းကတည်းက ရှာဖွေခဲ့ကြတာဖြစ်ပြီး ထိုသတင်းသည် ဘုရင့်နားသို့ တိုင်အောင် ပေါက်သွားခဲ့သည်။
ဘုရင်ဖြစ်သူမှာလည်း အတော်ကြီးကို ဒေါသထွက်နေပုံပါပင်။
“လန် . . . မင်းရဲ့သားကို မင်းနိုင်အောင် ထိန်းထားပါ။ ဒီလိုမှ မဟုတ်ရင် သူ့ကိုငါ အမိန့်ထုတ် ရလိမ့်မယ် . . .”
လန်မျိုးနွယ်မှာလည်း အတော်ကြီးကို တုန်လှုပ်သွားခဲ့သည်။ ထို့ကြောင့်ပင် လူအများအပြား စေလွှတ်ကာဖြင့် လန်လန့်လန့်အား ပြန်ခေါ်လိုက်ရခြင်းပင် ဖြစ်သည်။
လန်လန့်လန့်မှာ အိမ်သို့ ခေါ်ယူခြင်း ခံရသည့် လမ်းတလျှောက်တွင် ပါးစပ်မှ –
“ငါ့ကိုလွှတ်စမ်း . . . ငါရဲရှောင်ကို ရှာရမယ် . . .”
ဇူဝူကျီမှာ သူ၏ အသုံးမကျမှုအတွက် သူ့ကိုယ်သူ ဒေါသထွက်လျက် ရှိသည်။
(လူတစ်ယောက်ကိုရှာရတာ အဲဒီလောက်တောင် ခက်ခဲလား . . . ဟိုကောင် လန်ကလည်း စိတ်ထင်ရာတွေ လျှောက်လုပ်နေတယ်။ ခေါင်းဖြတ်ခံရဖို့တော့ နီးနေပြီ . . .)
မင်းသား ဟွာရန်း၏ အိမ်တော်မှ ရဲရှောင်ကို လူအများအပြား ရှာဖွေနေသည်ကို ကြားသောအခါ ချက်ချင်းဆိုသလို အမိန့်ထုတ်ကာဖြင့် ရဲရှောင်အား ရှာဖွေစေပါတော့သည်။
အင်အားစုကြီး ၃ စုမှာ အင်တိုက်အားတိုက်ဖြင့် ရဲရှောင်အား ရှာဖွေလျက် ရှိကြသည်။
မင်းသမီးဖြစ်သူ စုယဲ့ယွဲ့မှာလည်း သူမ၏ အစေခံနှင့်အတူ ရဲရှောင်၏ အိမ်တော်သို့ ခပ်သုတ်သုတ် ရောက်လာလေသည်။
“သူ့ကို တွေ့ပြီလား . . .”
“မင်းတို့ ဘာလို့ သူ့ကို မတွေ့ကြသေးတာလဲ . . .”
“အခြေအနေဆိုး တစ်ခုခုနဲ့များ ကြုံတွေ့နေသလား . . .”
“ကြည့်ရတာ ပြည့်တန်ဆာအိမ်မှာ အပျော်လွန်ပြီး အိမ်ကိုတောင် မပြန်နိုင်တော့ဘူးထင်တယ်။ ရှာကြစမ်း . . .”
မိန်းကလေး၏ အမိန့်ကြောင့် မြို့ထဲရှိ ပြည့်တန်ဆာအိမ်များမှာ ကံဆိုးကုန်ကြပါသည်။ ပြည့်တန်ဆာအိမ်တိုင်း အရှာခံကြရပြီး အဆိုပါ အိမ်များ အတွင်းရှိ ဖောက်သည်များမှာ အခန်းတွင်းမှ မလုံ့တလုံ အ၀တ်အစားများဖြင့် မောင်းထုတ်ခြင်းကို ခံကြရပါတော့တယ်။
အဆိုပါ ဖောက်သည်များမှာ သူတို့၏ သိက္ခာကျခြင်းအတွက် ဒေါသထွက်ကြသော်လည်း တခြားလူများကိုပါ ကိုယ်လုံးတီးနီးပါး အနေအထားများဖြင့် မြင်လိုက်ကြရသောအခါ ရှက်ရွံ့သွားကြ ပါတော့တယ်။
အပြင်ဘက်သို့ ရောက်ရှိကတည်းက သူတို့၏ မျက်နှာများအား လက်များဖြင့် ကာရံထားကြတာ ဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် သူတို့ဘယ်သူမှန်း မည်သူမျှ မသိစေချင်လို့ပင် ဖြစ်သည်။ ခန္ဓာကိုယ် ထက် မျက်နှာကို ကာရံထားခြင်းက ပိုမို၍ ကောင်းမွန်မည်ဟု သူတို့ စဉ်းစားမိကြ၍ ဖြစ်ပြီး ခန္ဓာကိုယ်မှာ တစ်ယောက်နှင့်တစ်ယောက် အတူတူပင် မဟုတ်ပါလား။ သို့သော်လည်း တခဏအကြာမှာတော့ အချို့လူများမှာ မျက်နှာများအစား ပေါင်ကြားနေရာကိုသာ လက်ဖြင့် ဖုံးလိုက်ကြသည်။ မျက်နှာထက် သူတို့၏ သိသာထင်ရှားနေသည့် သေးငယ်သော အရွယ်အစားကို လူသိမှာ ပိုရှက်နေကြပုံပါပင်။
မျက်နှာကိုရော ပေါင်ကြားကိုပါ လက်ဖြင့် ကာရံထားခြင်း မရှိသည့် လူအချို့လည်း ရှိပါသေးသည်။ ထိုလူများမှာ ခြေထောက်ကို ခပ်ကားကားရပ်လျက် ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ရှိနေကြပုံပင်။ ထိုကဲ့သို့ ရှက်ရွံ့ခြင်းမရှိဘဲ ရှိနေကြခြင်းမှာ သူတို့တွင် လူအများ အားကျ ဂုဏ်ယူရလောက်သည့် အရွယ်အစားမျိုး ရှိနေကြလို့ပင် ဖြစ်ပါသည်။
မြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေ၏။
လူတိုင်း လိုက်ရှာနေသည့် သခင်လေး ရဲရှောင်မှာ နောက်ဆုံးမှာတော့ ပြန်လာပြီပဲ ဖြစ်သည်။
သူပြန်လာရာတွင် သူ၏ နဂိုပုံစံအမှန်ကို ပြောင်းလဲ၍ ပြန်လာနေတာပင် ဖြစ်သည်။ မျက်နှာတွင် ဒဏ်ရာအချို့ ရှိနေသေးသော်လည်း ၀မ်ရမ်ချူးချူးမှ ပြင်းပြင်းထန်ထန် မတိုက်ခိုက်လိုက်သည်က တစ်ကြောင်း၊ သူလေ့ကျင့်သည့် ရှေးဦးခရမ်းရောင်ချီဓာတ်များ၏ လည်ပတ်မှု စွမ်းအားကြောင့်က တစ်ကြောင်းကြောင့် ဒဏ်ရာများ အကုန်လုံးနီးပါး သက်သာပျောက်ကင်းလုနီးနီး ဖြစ်နေချေပြီ။
ထို့ကြောင့် ရှောင်ဧကရာဇ် အနေဖြင့် ဟန်မပျက် ရှိနေနိုင်သေးတာပင် ဖြစ်၏။
သူ့အိမ်ရှေ့ရှိ လမ်းသို့ ခြေချလိုက်သောအခါ လူအများအပြား၏ အသံကို သူကြားလိုက်ရလေသည်။
“သခင်လေး ပြန်လာပြီဟေ့ . . . ငါတို့ သခင်လေး ပြန်လာပြီ . . .”
ထိုလူများမှာ သူ၏အိမ်မှ အစေခံများပင် ဖြစ်ကြလေ၏။
“သခင်လေးရဲ ပြန်လာပြီ . . . သခင်လေးရဲ ပြန်လာပြီ . . .”
ထိုအသံများမှာတော့ ဇူရှန်ဖူနှင့် ဟွာရန် နန်းတော်မှ လူများ၏ အသံပင် ဖြစ်သည်။
“တော်သေးတာပေါ့ ဒီကောင်လေး ပြန်လာသေးလို့ . . . နောက်ဆုံးတော့ ငါအေးအေးဆေးဆေး နေလို့ရပြီပေ့ါ . . .”
ထိုအသံကတော့ တချို့သော လူများမှ ပြောလိုက်ခြင်းပင် ဖြစ်၏။ သူတို့အနေဖြင့် ကံကောင်း သွားသလိုလည်း ခံစားလိုက်ကြရသည်။ ရဲရှောင် ပျောက်သွားကတည်းက သူတို့၏အိမ်များအား နေ့နေ့ညည အပြန်ပြန် အလှန်လှန် ရှာဖွေခြင်းကို ခံခဲ့ကြရတာ ဖြစ်သည်။
ထိုကဲ့သို့သော စိတ်ရှုပ်ထွေးစရာ အနေအထားကို မည်သူမျှ ရင်မဆိုင်ချင်ကြပေ။
ရဲရှောင်အား ရှာဖွေရန်အတွက် လူများစွာ ၀င်လာကြသည့် အချိန်တိုင်း သူတို့၏ အိမ်တံခါးများအား ရိုက်နှက်တွန်းကန်ခြင်းကို ခံခဲ့ကြရပြီး ကျယ်လောင်သော အသံများပင် ထွက်ပေါ်ကုန်ပါသည်။
သူတို့အတွက် ဘယ်တော့မှ မမေ့နိုင်တော့မည့် အဖြစ်အပျက်များပင် ဖြစ်လေတော့သည်။
စုယဲ့ယွဲ့ မှာလည်း ရဲရှောင်ပြန်လာသည်ကို ကြားသောအခါ ချက်ချင်းဆိုသလိုပင် ပြေးထွက်သွားပြီး ဒေါသတကြီးဖြင့် –
“နင်ဘယ်တွေသွားပြီး ဘာတွေ လုပ်နေတာလဲ . . . ကောင်စုတ်လေး . . . လာစမ်း . . . နင့်ကို မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးရမယ် . . .”
ရဲရှောင် ရင်ထဲ နွေးခနဲကို ခံစားလိုက်ရသည်။
မိန်းကလေးမှာ ဒေါသတကြီးဖြင့် အော်ဟစ်နေသော်လည်း သူမ၏ အသံတွင် စိုးရိမ်ပူပန်မှုများအား အထင်းသား မြင်တွေ့နိုင်လေသည်။
ဒါ့အပြင် အော်နေစဉ် သူမ၏ မျက်လုံးများသည်လည်း နီရဲနေလျက်ရှိပြီး နှုတ်ခမ်းများမှာလည်း တုန်ရီနေလျက် ရှိလေ၏။ အဆိုပါ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူမငိုထားမှန်း သိသာလှပါသည်။
ယခုအချိန်တွင် သူမသည် အလွန်ကို ချစ်စဖွယ် ကောင်းနေလေသည်။
ရဲရှောင်မှ စိတ်အေးလက်အေး အမူအယာဖြင့် လမ်းလျှောက်လာသည်ကို မြင်သောအခါ စုယဲ့ယွဲ့ အံ့သြသလို ခံစားလိုက်ရသည်။ တချိန်တည်းမှာပင် သူမဆုံးရှုံးသွားသည့် အရာအားလုံး တစ်ချိန်တည်းမှာ ပြန်လည် ရရှိလိုက်ရသလို ခံစားလိုက်ရပြီး ချက်ချင်းပင် ရဲရှောင်ထံသို့ ပြေးဆင်းသွားလေသည်။ သူမ တကိုယ်လုံးအား ရဲရှောင်ရင်ခွင်ထဲသို့ ပစ်ဝင်ပစ်တော့မည့် ပုံစံပါပင်။ သို့သော်လည်း မည်သို့သော အကြောင်းကြောင့်ရယ်မသိ ချက်ချင်းပင် ရပ်တန့်သွားလေတော့၏။
ရဲရှောင်နှင့် ၁ ပေကျော်ကျော်လောက် အကွာအဝေးမှာပဲ ရပ်တန့်ကာ ရဲရှောင်အား ကြည့်ရင်း –
“နင် . . . နင် သရဲတော့ မဟုတ်ပါဘူးနော် . . .”
သူမ၏ လက်ကလေးများဖြင့် ရဲရှောင်၏ ခန္ဓာကိုယ်နှင့် မျက်နှာအား ထိကြည့်လိုက်လေ၏။ ရဲရှောင်ကိုယ်မှ ခပ်နွေးနွေး ခံစားမိလိုက်သောအခါ ရုတ်တရက် –
“နင် . . . မသေဘူးပေါ့ . . .”
သူမ ထခုန်မိမတတ်ပင် ဖြစ်သွားလေသည်။
သူမ၏ ပါးပြင်ထက်မှ မျက်ရည်များသည်လည်း ကျဆင်းလာလေ၏။
ရဲရှောင်ပျောက်ဆုံးနေသည့် ၂ ရက်တာအတွင်း ကောင်မလေးမှာ အထိတ်ထိတ် အလန့်လန့်ကို ခံစားနေရတာပင် ဖြစ်၏။
အစပိုင်းတွင် တည်တည်ငြိမ်ငြိမ် ဟန်ပန်မျိုး ဟန်ဆောင်၍ နေသော်လည်း ထိုကဲ့သို့ ကြာရှည် မနေထိုင်နိုင်ခဲ့ချေ။ ထို့နောက်မှာတော့ သူမ၏ လူများစွာကို စေလွှတ်ရင်း ရှာဖွေစေခဲ့တာဖြစ်ပြီး သို့သော်လည်း အစအနပင် မတွေ့ခဲ့ရတာပင် ဖြစ်သည်။
တကယ်တော့ သူမတင်မက လူတိုင်း ရှာမတွေ့ခဲ့ခြင်းပင် ဖြစ်လေ၏။
တချို့လူများမှာတော့ စိုးရိမ်ခြင်း မရှိကြချေ။ ရဲရှောင်လို ပွေရှုပ်ရှုပ် လူငယ်မှာ တခါတရံ လူများအား အရူးလုပ်တတ်သည်ကိုလည်း သူတို့ သိနေကြလို့ပင် ဖြစ်လေသည်။
သို့သော်လည်း ယခုအခါတွင်တော့ အရင်နှင့် မတူပေ။ မူမျိုးနွယ်လည်း မြို့တော်ထဲမှ ပျောက်ဆုံး နေခဲ့ကြတာဖြစ်ပြီး ရဲရှောင်၏ အဓိက ရန်သူတော်များဟုပင် ဆိုနိုင်ပါသည်။
လူအများ၏ စိတ်ထဲ ရဲရှောင်ပျောက်နေခြင်းသည် မူမျိုးနွယ်နှင့် ဆက်စပ်နေလိမ့်မည်ဟု ထင်မြင်ခဲ့ကြသည်။ သို့သော်လည်း မူမျိုးနွယ်မှ လူအားလုံး သေဆုံးကုန်ကြပြီ ဖြစ်သော်လည်း ရဲရှောင်ကတော့ ပျောက်ဆုံးနေတုန်းပါပင်။
သူတို့အားလုံး မြို့တော်တစ်ခုလုံးအား ရှာဖွေခဲ့ကြသော်လည်း သဲလွန်စ တစုံတစ်ရာပင် မရရှိခဲ့ကြ ချေ။
အဆိုးဆုံး ရဲရှောင်သေပြီဟု တွေးကြရုံမှလွဲ၍ တခြားဘာမှ မစဉ်းစားနိုင်ကြတော့ပါဘူး။
သူတို့အားလုံး၏ မျှော်လင့်ချက်များ ရေစုန်မြောတော့မည့် အချိန်တွင် လမ်းထောင့်စွန်းမှ အေးဆေးတည်ငြိမ်ဟန်ဖြင့် လျှောက်လာသော ရဲရှောင်အား တွေ့လိုက်ကြရခြင်းပင် ဖြစ်လေ၏။
ထိုကဲ့သို့ ရုတ်တရက် ပေါ်လာခြင်းမှာ သူတို့အားလုံးကို အံ့သြသွားစေရုံသာမက အထိတ်တလန့် ပင် ဖြစ်သွားစေခဲ့ပါသည်။
“မင်းဘာတွေ ပြောနေတာလဲ . . . ငါက ဘာလို့ သေရမှာတုန်း . . .”
ရဲရှောင် နှုတ်ခမ်းကို ပွတ်လိုက်ရင်း ပြောလိုက်သည်။ သူ့ရင်ထဲမှာတော့ နွေးထွေးသွားပြီး ရရှိလိုက် ရသည့် ခံစားမှုမှာ နေပူပြင်း၍ ဖုန်ထူထူကို ခံစားခဲ့ရသော်လည်း ညနေဆည်းဆာ အချိန်တွင် သာယာလှပ သည့် မြင်ကွင်းကို ခံစားလိုက်ရသလိုမျိုးပင် ဖြစ်၏။
“ဒီလိုအချိန်မှာတောင် နင်က ဒီလို အရူးလာလုပ်ချင်နေသေးတယ်။ နင်ဘယ်တွေများ သွားနေခဲ့ တာလဲ”
စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသော မင်းသမီးလေးမှာ ချက်ချင်း ဆိုသလိုပင် အမူအယာ ပြောင်းလဲ သွားပြီး ဒေါသအိုး ပေါက်ကွဲလာပုံပါပင်။ ကျယ်လောင်သော လေသံဖြင့် –
“အခုက ဘယ်လိုမျိုး အခြေအနေတွေ ရှိနေသလဲဆိုတာ နင်မသိဘူးလား . . . ငါတို့ နင့်ကိုရှာရ လွန်းလို့ ရူးတောင် ရူးချင်နေပြီ ဆိုတာကိုရော သိရဲ့လား။ ဘယ်လောက်တောင် အန္တရာယ်များတဲ့ လောကကြီးလဲ ဆိုတာကိုရော နင်သိလား . . . ငါနင့်ကို ဘယ်လောက်ထိ ဂရုစိုက်သလဲ ဆိုတာကိုရော နင်သိရဲ့လား . . . နင်သိရဲ့လားလို့ ဖြေစမ်း . . .”
သူမ ပြောရင်းဖြင့် လေသံမှာလည်း ကျယ်လောင်သထက် ကျယ်လောင်လာပါသည်။ လမ်းမထက်ရှိ လူအားလုံး သူမ၏ အသံကို ကောင်းစွာ ကြားနိုင်လေ၏။
ထို့နောက် ရုတ်တရက် ဆိုသလို အော်ဟစ်နေခြင်းမှ ရပ်တန့်လိုက်ပြီး ရှိုက်ကြီးတငင်ကို ငိုသွား ပါတော့သည်။ ရဲရှောင်၏ ရင်ခွင်ထဲသို့ ပြေးဝင်ကာ တကိုယ်လုံး တုန်ရီကာ ငိုနေတာပဲ ဖြစ်သည်။
အလှပဂေးလေး ရင်ခွင်ထဲသို့ ရောက်နေတာ ကြည့်ရင်း ရဲရှောင် တကိုယ်လုံး တောင့်နေသလို ဖြစ်နေသည်။ သူ၏ လက်များအား လေထဲတွင် မြောက်ထားရင်း ဘာဆက်လုပ်ရမှန်း မသိပုံပါပင်။
ယခုကဲ့သို့ ပေါင်းသင်ဆက်ဆံရေးတွင် လုံးဝ နားမလည်သူ ရဲရှောင်မှာ ကောင်မလေး တစ်ယောက်လုံး သူ့ရင်ခွင်ထဲ ရောက်ရှိနေသည်ကိုပင် လက်ဖြင့် ဖက်လိုက်ရကောင်းမှန်း မသိချေ။
ကောင်မလေးမှာ သူ့မကိုယ်တိုင် ရင်ခွင်ထဲ ရောက်လာခြင်း ဖြစ်ခြင်းကြောင့် ယခင်ကလည်း ထိုကဲ့သို့သော အခြေအနေမျိုးကို သူမတွေ့ကြုံခဲ့ရဘူးပေ။ သူ၏ နှစ်ဘ၀ အတွေ့အကြုံတွင် ယခုကဲ့သို့ အခြေအနေမျိုး မရှိခဲ့သဖြင့် သူမကို တွန်းထုတ်ပစ်ချင်စိတ်ပင် ဖြစ်ပေါ်နေမိသည်။ သို့သော်လည်း ထိုကဲ့သို့ လုပ်လိုက်ပါက အမှားကြီး မှားမည်မှန်း သူအသေအချာ သိနေပါသည်။ တကယ်တော့ သူ့ရင်ထဲမှာလည်း နွေးထွေးသော ခံစားမှုတစ်မျိုးကို ခံစားနေရပြီး သူမ၏ အပြုအမူများကြောင့် ရင်ခုန်စိတ်လှုပ်ရှားလျက်လည်း ရှိနေလေသည်။
တခဏအကြာတွင် သူ့စိတ်ထဲ အတွေးတစ်ခု ဖြစ်ပေါ်လာသည်။
(ငါ့ရဲ့ လက်ရှိဘ၀မှာ သန့်စင်တဲ့ ယန်ကျင့်စဉ်ကိုမှ ငါမလေ့ကျင့်တော့တာ ငါဘာများ ကြောက်နေ စရာ လိုသေးလို့လဲ . . .)
ထို့နောက်မှာတော့ သူလက်များကို အောက်ချလိုက်သည်။ စုယဲ့ယွဲ့မှာ ရှိုက်ကြီးတငင် ငိုယိုနေခြင်း ဖြစ်ပြီး သူမ၏ မျက်ရည်များမှာ ရဲရှောင်၏ ပခုံးတွင် စိုစွတ်သွားပါတော့သည်။ သူမတကိုယ်လုံး တသိမ့်သိမ့် တုန်နေတာကိုလည်း ခံစားနေလေ၏။
ရဲရှောင်၏ လက်များသည် တဖြည်းဖြည်းဖြင့် စုယဲ့ယွဲ့အား တင်းတင်းကြပ်ကြပ်ကို ဖက်ထားမိသား ဖြစ်သွားသည်။
ယခုကဲ့သို့ မိန်းကလေး တစ်ဦးအား ဖက်လိုက်ခြင်းမှာ သူ့နှစ်ဘ၀ အတွေ့အကြုံလုံးတွင် ပထမဆုံး အကြိမ်ပင် ဖြစ်၏။
ထိုအချိန် သူ့ရင်ခုန်သံများမှာ အလွန်ကို မြန်ဆန်လျက် ရှိနေလေသည်။
တချိန်တည်းမှာပဲ “ပိုင်ဆိုင်လိုခြင်း” ဟူသော စိတ်ဆန္ဒသည်လည်း ရင်ထဲအပြည့် ဖြစ်ပေါ် လာလေ၏။
ယခုခံစားမှုသည် သူ့အတွက် အသစ်လို ဖြစ်နေပြီး ပြန်ပင် မလွှတ်ချင်တော့ပေ။
စုယဲ့ယွဲ့ ကျေနပ်လောက်အောင် ငိုယိုပြီးနောက် သူမရဲရှောင်၏ ရင်ခွင်အတွင်း ရောက်ရှိနေသည် ကို သတိပြုမိသွားပုံပင်။ ချက်ချင်းပင် ရဲရှောင်၏ လက်များအား ဖယ်လိုက်ပြီး မျက်ရည်များအား သုတ်လိုက်သည်။ ခေါင်းငုံ့ကာဖြင့်ပင် ရှိနေလေ၏။
ထို့နောက် တဖက်သို့ လှည့်သွားပြီး အိမ်အတွင်းသို့ ယုန်တစ်ကောင်ကဲ့သို့ ပြေးဝင်သွားပါတော့ သည်။
မိန်းကလေး အတော်ကို ရှက်ရွံ့သွားပုံပါပင်။
ရဲရှောင်လည်း နောက်မှ ကျယ်လောင်သော အသံဖြင့် –
“သေချာသွား . . . သေချာသွားဟ နံရံတွေကိုလည်း တိုက်မိနေဦးမယ် . . .”
စုယဲ့ယွဲ့လည်း ရှက်ရွံ့ ဒေါသထွက်သည့် အသံဖြင့် ချက်ချင်းပင် –
“နင့်အပူ မပါပါဘူး . . .”
ထို့နောက်မှာတော့ သူမလည်း ပျောက်ကွယ်သွားပါတော့သည်။
ကြည့်ရှုနေသူများမှာလည်း ကြည်နူးနေကြဟန်ပါပင်။ သူတို့နှစ်ယောက်၏ သံယောဇဉ်ကိုလည်း သဘောပေါက်သွားဟန်ပါပဲ။
“ခင်ဗျားတို့လည်း သွားကြတော့ . . . ကျုပ်ပြန်လာပြီပဲ။ အေးဆေးပါ ဟဲဟဲ . . . အခု ပြန်လို့ရပြီ။ အားလုံး အဆင်ပြေပြီ . . .”
ထိုအချိန်မှာပဲ အိမ်တော်ထိန်းမှ အစောင့်တစ်ယောက်အား –
“လန်ရဲ့ အိမ်တော်ကိုသွားပြီး သခင်လေး ရဲရှောင် ပြန်လာပြီဆိုတာကို သတင်းပို့လိုက်ဦး။ စိုးရိမ်မနေနဲ့လို့လည်း ပြောလိုက်နော် . . .”
အစောင့်လည်း ခေါင်းညိတ် အရိုအသေ ပေးလိုက်ရင်း လျင်မြန်စွာပဲ ထွက်ခွာ သွားပါတော့သည်။
အကယ်၍ လန်လန့်လန့်ကိုသာ ရဲရှောင် ပြန်ရောက်ကြောင်း အကြောင်းမကြားဘူး ဆိုပါက လန်လန့်လန့် အနေဖြင့် မည်မျှထိ ရူးမိုက်သည့် လုပ်ရပ်များ ဆက်လုပ်နေဦးမည် ဆိုသည်ကို မည်သူမျှ မသိနိုင်တော့ချေ။
ဇူဝိူကျီမှ ရယ်မောလိုက်ပြီး –
“ရှောင်ရှောင် . . . မင်းအခုတော့ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာပြီပေါ့ . . . ငါလည်း သွားသင့်ပြီ။ ဒီလိုမှ မဟုတ်ရင်လည်း အရိုက်ခံရမှာ ကြောက်တယ်ဟေ့ . . .”
ဇူဝူကျီ ရယ်မောကာဖြင့် အဓိပ္ပာယ်ဖော်ရခက်သော စကားများကို ပြောဆိုကာ သူ့လူများနှင့်အတူ ထွက်ခွာသွားပါတော့သည်။
သူ့ရဲ့ သူငယ်ချင်း ပြန်သွားပြီးနောက် ရဲရှောင်လည်း အိမ်ထဲသို့ ၀င်သွားလိုက်သည်။ အိမ်တော်ထိန်းမှာ အချိုသာဆုံးပြုံး၍ ရဲရှောင်အား ကြိုဆိုနေလေ၏။ ရဲရှောင်၏ မျက်နှာမှ ဒဏ်ရာများကို မြင်သောအခါ ချက်ချင်းပင် မျက်နှာပျက်သွားပြီး –
“သခင်လေး . . . ဒဏ်ရာတွေက . . .”
ရဲရှောင် လက်ကာပြလိုက်ရင်း –
“ဘာမှ စိုးရိမ်စရာ မရှိဘူး။ ကျုပ် အဖမ်းခံခဲ့ရတယ်။ အခုလို ပြန်လာနိုင်ဖို့ နည်းနည်းတော့ ရုန်းကန် ခဲ့ရတာပေါ့ . . .”
“ဘယ်သူက သခင်လေးကို ဖမ်းရဲတာလဲ . . .”
အိမ်တော်ထိန်း ဒေါသတကြီး ပြောလိုက်သည်။
(မူမျိုးနွယ်ကတော့ မဖြစ်နိုင်ဘူး။ ငါတို့ သခင်လေးကို ဖမ်းသွားတာ နောက်တစ်ဖွဲ့ ဖြစ်ရမယ်။ သေချာ စောင့်ကြည့်ရတော့မယ် အဲဒီအဖွဲ့ကို . . .)
“အင်း . . . ဒါနဲ့ ပတ်သက်ပြီး ခင်ဗျားလည်း စိုးရိမ်မနေနဲ့တော့”
ရဲရှောင် ပြောလိုက်သည်။
“ကျုပ် သူတို့နဲ့ မိတ်ဆွေ ဖွဲ့ခဲ့ပြီးပြီ။ ပြောရရင် အစကတည်းက သူတို့က ကျုပ်ကို ရန်လိုခဲ့တာတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မြို့ထဲမှာလည်း သူတို့တွေ မရှိလောက်တော့ဘူး။ စိုးရိမ်မနေနဲ့တော့”
ရဲရှောင် ခပ်အေးအေးပင် ပြောလိုက်လေတော့သည် . . .။