Switch Mode

Chapter – 60

မုန်တိုင်းအိမ်တော်မှ လူသတ်သမားများ

Chapter – 60
“မုန်တိုင်းအိမ်တော်မှလူသတ်သမားများ”

“ဒါ . . . ငါသတ်ဖို့ ကြိုးစားခဲ့တဲ့ လူပဲ . . .”
ဒဏ်ရာရသွားသည့်လူအား ဖုံးလွှမ်းနေသည့် ရေခဲများမှာ အရည်ပျော်ကျလာလျက် ရှိပြီး တချိန်တည်းမှာပဲ ကြောက်ရွံ့မှုများအား အတိုင်းသား မြင်တွေ့နိုင်ပါသည်။
သူဓားတစ်ချက်တည်းဖြင့် သတ်ရန် ကြိုးစားခဲ့သည့် လူမှာ ယခုအခါ သူ့ကို ဒုက္ခပြန်ပေးနေသည်ကို တွေ့လိုက်ရသဖြင့် တုန်လှုပ်လျက်လည်း ရှိနေပါသည်။
သူတို့၏လက်မှ ပြေးသွားသူမှာ ဒဏ်ရာရထားပြီး ဖြစ်ကာ အဖမ်းခံရလုနီးပါး ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အတော်ကြီးကို ခြေကုန်လက်ပန်း ကျနေပြီဖြစ်ပြီး အားမရှိတော့သလို ခံစားနေရ၏။ သူစဉ်းစားမိသည်မှာ –
(ငါ့ဘ၀မှာ ပြေးရင်းလွှားရင်းနဲ့ပဲ အချိန်ကုန်ဆုံးခဲ့ရတယ်။ ဒီနေ့တော့ ဒီနေရာမှာ ငါသေရတော့မှာပါ လား . . .)
တခဏအကြာ တစုံတစ်ခုအား ခံစားလိုက်ရသည်။
ဓားတိုလေးသုံးချောင်း လတ်ခနဲ ရောက်ရှိလာတာကို တွေ့လိုက်ရပြီး သူ့နောက်မှ လိုက်လာသူ ၃ ယောက်အား ထိမှန်သွားသည်ကိုပါ မြင်တွေ့လိုက်ရသည်။ ထိုသူများမှာ ဓားချက်ကို ခုခံပြီးကတည်းက ဆက်၍ မလိုက်နိုင်တော့သည်ကိုပါ သတိပြုမိလိုက်လေ၏။
ထိုလူ၏ မျက်လုံးများ အရောင်ဝင်းလတ်သွားပြီး အရှိန်ကို မြင့်ကာဖြင့် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားလိုက်ပါတော့သည်။
တကယ်ကို ကံကောင်းမှု တစ်ခုပင် မဟုတ်ပါလား။ အသက်ဘေးမှ လွတ်လာခဲ့ရပြန်ပါပြီ။
ထိုအချိန် သူတွန်းထုတ်ခဲ့မိသည့် လူအကြောင်းကို စဉ်းစားမိလိုက်ပြီး –
(ဟုတ်တယ် . . . ဒါ ဟိုလူလက်ချက်ပဲ နေမယ်။ ဒီ ပေ ၃၀၀ ပတ်ချာလည်မှာ ငါတို့ကလွဲပြီး ဘယ်သူမှ မရှိဘူး . . .
သူပဲ ဖြစ်ရမယ်။
ငါက ပုံမှန်အားဖြင့် ဆိုရင်တော့ သနားကြင်နာတတ်တဲ့ လူမဟုတ်ဘူး။ ငါသူ့ကို တွန်းဖယ်ပေးလိုက် တယ် ဆိုတာကလည်း ငါ့ကြောင့် အပစ်မဲ့တဲ့ လူတစ်ယောက်ကို မသေစေချင်လို့ပဲ။ ငါကလည်း အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိသလို ဖြစ်ခဲ့တာလေ . . .
ငါသူ့ကို တွန်းခဲ့တယ် . . .
ဒီလိုအကျိုးဆက်ကနေ ငါ့အသက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး . . .
ငါသာ ဂရုမစိုက်ခဲ့ရင် ဖြစ်ဖြစ် ဒါမှမဟုတ် ငါ့လမ်းပိတ်နေလု့ ငါသူ့ကို သတ်ခဲ့မိရင်ဖြစ်ဖြစ် အဲဒီလိုတွေသာ လုပ်မိမယ်ဆိုရင် ငါအသက်ရှင်ဖို့လည်း လုံးဝ မဖြစ်နိုင်လောက်ဘူး . . .)
ထိုလူမှာ စဉ်းစားရင်းဖြင့်ပင် ချွေးစေးများ ပြန်လာလေသည်။
(ငါသူ့မျက်နှာကို မှတ်မိတယ်။ တော်တော် ကျေးဇူးတင်စရာ ကောင်းတယ်။ ငါသေချာပေါက် သူ့ကို ကျေးဇူး ပြန်ဆပ်ရမယ် . . .
ငါက နင်ဘီလျူ . . . ငါက ကျေးဇူးကန်းတဲ့ လူတစ်ယောက် မဟုတ်ပါဘူး . . .)
ရုတ်တရက် ဆိုသလိုပဲ လျင်မြန်စွာ လှုပ်ရှားလိုက်ရာ ထိုနေရာမှ ချက်ချင်းကို ပျောက်ကွယ်သွားပါတော့သည်။
. . . . . .
တကယ်တော့ အဆိုပါ အဖြစ်အပျက်များမှာ အချိန်အကြာကြီးအတွင်း ဖြစ်ပွားခဲ့ခြင်းတော့ မဟုတ်ချေ။ ရဲရှောင်အိမ်မှ ထွက်သွားပြီး ၂ ရက်အတွင်းမှာပင် ဖြစ်၏။ ထို့ကြောင့် ရဲရှောင် အကြာကြီး ပျောက်နေသည်ဟုတော့ ယူဆ၍ မရနိုင်ပါချေ။
သို့သော်လည်း အန္တရာယ်ရှိသော အချိန်ကာလအတွက်မူ နှစ်ရက်ဆိုသည်မှာ အတော်ကို ကြာမြင့် နေပြီ ဖြစ်၏။ အိမ်တော်ထိန်း ဖြစ်သူမှာလည်း ရူးသွပ်လုနီးပါးကို ဖြစ်နေပါပြီ။
မြို့တော်အတွင်း မုန်တိုင်းထန်နေသလို လမ်းများရှိ လူများမှာလည်း ကြောက်ရွံ့စွာ နေထိုင်နေ ကြလျက် ရှိကြ၏။ ယခုနေ အပြင်ထွက်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသလိုပင် ဖြစ်မည်မှာ အသေအချာပါပင်။
ထိုရက်ပိုင်းလေး အတွင်းမှာပဲ ထူးဆန်းသော အဖြစ်အပျက်အချို့ ဖြစ်ပွားခဲ့လေသည်။
မူမျိုးနွယ်မှ ရဲမျိုးနွယ်အား ကလဲ့စားချေမည့် အစီအစဉ်အား ရပ်တန့်လိုက်ပုံပင်။ ကြီးကျယ်ခမ်းနား လှသော လေလံပွဲကြီး မကျင်းပခင်မှာတင် မူမျိုးနွယ်မှ လူတိုင်းသည် မြို့တော်မှ ထွက်ခွာသွားကြပြီး ဖြစ်လေ၏။ ထိုကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်မှာ အလွန်ပင် အံ့သြစရာ ကောင်းလှပါသည်။
ထိုကဲ့သို့ အခြေအနေများကြောင့် လူတိုင်းမှာ သို့လော သို့လောကို ဖြစ်နေကြပါတော့သည်။
(သူတို့က ဘာတွေ ဖြစ်ကြတာလဲ မသိဘူး . . .
အစကတော့ လူမိုက်တွေလိုလို ဘာတွေလိုလို လုပ်နေပြီး အခုကျ ဘာမှ အစအနတောင် မမြင်ရတော့ဘူးတဲ့လား . . . ကြည့်ရတာ ဘာကိုကြောက်လို့များ ပုန်းရှောင်သွားကြတာပါလိမ့် . . . ဒီလိုလုပ်ဖို့ တကယ်ကော လိုအပ်လို့လား . . .)
မည်သို့ပင် ဆိုစေကာမူ မူမျိုးနွယ် နောက်ဆုတ်သွားခြင်းကြောင့် အိမ်တော်ထိန်း ဖြစ်သူမှာ စိတ်သက်သာရာ ရသွားပါတော့သည်။
အနည်းဆုံးတော့ သူ၏ သခင်လေး လတ်တလော အေးအေးဆေးဆေး နေထိုင်နိုင်မည် မဟုတ်ပါ လား။
သို့သော်လည်း စိုးရိမ်စရာ အခြေအနေတစ်ခုမှာ ရဲရှောင် ပျောက်နေခြင်းပင် ဖြစ်သည်။
သူ့သခင်လေးအား နောက်ဆုံးမြင်တွေ့လိုက်ရသည်မှာ လွန်ခဲ့သော နှစ်ရက်ခန့်က ဖြစ်၏။ သခင်လေးလန်၊ သခင်လေးဇူနှင့် မိန်းကလေး စု တို့အား မေးမြန်းခဲ့သော်လည်း ထိုကဲ့သို့ ရဲရှောင်နှင့် အနီးစပ်ဆုံး သူများပင် ရဲရှောင် မည်သည့်နေရာသို့ ရောက်ရှိနေသလဲ ဆိုတာကို သဲလွန်စ ရှာမရကြချေ။ အိမ်တောင်ထိန်း ဖြစ်သူမှာလည်း ရဲရှောင်တစ်ယောက် ပျောက်ဆုံးနေသည်ဟုသာ ကောက်ချက်ချမိ နေပါတော့သည်။
ထိုအချိန်မှာပဲ အိမ်တော်ထိန်းဖြစ်သူမှာ တစုံတစ်ခုကို စဉ်းစားမိသွားသည်။
(ဖြစ်နိုင်တာက သခင်လေးကို မူမျိုးနွယ်ကများ ပြန်ပေးဆွဲသွားလား . . . ဒီလိုမှ မဟုတ်ရင် မူမျိုးနွယ်က ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားကြရတာလဲ . . .)
ဒေါသများ ထောင်းခနဲ ထွက်သွားပြီးနောက် ချက်ချင်းဆိုသလို သွေးသောက်အစောင့် ၃၆ ယောက်ကို ဦးဆောင်ကာ တောင်ဘက်ဂိတ်သို့ ထွက်သွားပါလေတော့သည်။
“ငါတို့ရဲ့ သခင်လေးကို ကယ်တင်ကြရမယ်။ ငါတို့ရဲ့ အသက်ကို ပေးရမယ် ဆိုရင်တောင်မှ သူ့ကို ရအောင် ကယ်တင်ရမယ် . . .”
သူ၏ မျက်ဝန်းများတွင် တိကျပြတ်သားမှုများကို မြင်တွေ့နိုင်ပြီး ကျယ်လောင်စွာပဲ အမိန့်ပေးလိုက် လေ၏။
မြင်းခွာသံများ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် လျင်မြန်စွာပင် ထွက်ခွာ လာခဲ့ကြလေသည်။
အဆိုပါ သွေးသောက်အစောင့်ရဲမက်များမှာ ဓားများ၊ သွေးများ ဖုံးလွှမ်းသော စစ်မြေပြင်မှ ထာဝရ အနားယူထားကြသော လူများ ဖြစ်ကြသည်။ အားလုံးမှာ သာမန်လူများ မဟုတ်ကြပါချေ။ ယခုအခါ သူတို့သည် သတ်ဖြတ်လိုသော အငွေ့အသက်များ အပြည့် ဖုံးလွှမ်းကာဖြင့် ရှိနေကြပြီး နှစ်ပေါင်းများစွာ ငုံ့လျိုးနေခဲ့သည့် သွေးဆာသော စိတ်များမှာလည်း ပေါက်ကွဲထွက်လာကြသည်။ သူတို့ ဖြတ်သန်းသွားရာ လမ်းကြောင်းတလျှောက် လူများမှာလည်း တုန်လှုပ်ကြောက်ရွံ့ နေကြပါတော့သည်။
တောင်ဘက်သို့ တဟုန်ထိုး သွားနေကြပြီး သေအံ့ဆဲဆဲ ဖြစ်နေသည့် မြင်းများကိုလည်း သနားညှာတာလိုဟန် မရှိကြချေ။ မိုင်တစ်ရာလောက် ဖြတ်သန်းလာပြီး နောက်မှာတော့ တောင်ခြေတစ်ခု သို့ ရောက်ရှိလာကြ၏။ တောင်ခြေသို့ ရောက်သည့်အခါ မြင်ကွင်းတစ်ခုကြောင့် မြင်းဇက်ကြိုးများအား ဆွဲရင်း ရပ်တန့်လိုက်ကြပါတော့သည်။
စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းတစ်ခိုကု မြင်တွေ့လိုက်ရခြင်းပင် ဖြစ်၏။
လူပေါင်းများစွာနှင့် မြင်းပေါင်းများစွာ မြေပြင်ပေါ် လဲကျသေဆုံးနေခြင်းကို မြင်တွေ့လိုက်ကြရပြီး တစ်ဦးတစ်ယောက်မှ အသက်ရှင်နေခြင်း မရှိပေ။
“သူ . . . သူတို့က မူမျိုးနွယ်ကမလား . . .”
ရဲမက်တစ်ဦးမှ ကျိုးပဲ့ပျက်ဆီးနေသော ရထားလုံး အစအနများအား ကြည့်ရင်း ပြောလိုက်သည်။ မူမျိုးနွယ်၏ တံဆိပ်များကို မြင်တွေ့လိုက်ရ၍ဖြစ်ပြီး တံဆိပ်မှာ တ၀က်တပျက် ဖြစ်နေသော်လည်း မူမျိုးနွယ်တံဆိပ်ဖြစ်ကြောင်း သိနိုင်ပါသေးသည်။
“မူမျိုးနွယ်က လူတွေလား . . . ဘယ်လိုဖြစ်ပြီး အကုန်သေကုန်ကြတာလဲ . . .”
အိမ်တော်ထိန်းလည်း မြင်းပေါ်မှ ဆင်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
“သူတို့အားလုံး သေနေကြပြီ။ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေလည်း အကုန် ကုန်ပြီ . . .”
အရပ်ရှည်ရှည် ခပ်တောင့်တောင့် မုတ်ဆိတ်မွှေးအပြည့်နှင့် နောက်ထပ် ရဲမက်တစ်ယောက်မှ ပြောလိုက်သည်။
“လူဆိုးဓားပြတွေနဲ့ တွေ့လို့များလား . . . ဒီလိုမျိုး ရုပ်ပျက်ဆင်းပျက်ကို ဖြစ်ကုန်ကြတာ ကြေးစား တစ်ယောက်ရဲ့ လက်ရာမျိုးပဲ . . .”
“အရေးမပါတာ . . . ဒီလို မြို့ဆင်ခြေဖုံးလေးမှာ ဘယ်လို လူဆိုးဓားမြကများ မူမျိုးနွယ်က လူတွေကိုသတ်ပြီး ပစ္စည်းလုဖို့ အစွမ်းရှိမှာလဲ . . . ဆင်ခြေဖုံးမြို့လေးထဲမှာ မပြောနဲ့ ချန်နိုင်ငံတော်ကြီး တစ်ခုလုံး၊ မော်တယ်ကမ္ဘာကြီး တစ်ခုလုံးမှာတောင် ဒီလောက် အစွမ်းထက်တဲ့ လူဆိုးဓားမြမျိုး မြင်တွေ့ခဲ့ဖူး ကြလို့လား . . .”
အိမ်တော်ထိန်းမှ ပြောလိုက်ပါသည်။
မုတ်ဆိတ်မွှေးနှင့်လူလည်း ပြုံးကာဖြင့် –
“မမြင်ဖူးပါဘူး . . .”
အိမ်တော်ထိန်း ပတ်ဝန်းကျင် အနေအထားကို သေချာစွာ ကြည့်ရှုသော်လည်း မည်သည့် ခြေရာ လက်ရာကိုမျှ မတွေ့ရှိခဲ့ပေ။ လေသံတီးတိုးဖြင့် –
“ဒီလိုမျိုး ဘယ်သူက လုပ်သွားပါလိမ့် . . . အဓိပ္ပါယ် မရှိလိုက်တာ . . .”
“စုစုပေါင်း အလောင်း ၇၀ ရှိတယ်။ ငါတို့အိမ်မှာ သေသွားခဲ့တဲ့ လူ ၈ ယောက်ကလွဲရင် ချန်နိုင်ငံတော်ရဲ့မြို့ထဲကို ၀င်လာတဲ့ မူမျိုးနွယ်က လူတွေအကုန် သေကုန်ကြတာပဲ။ တစ်ယောက်မှကို အသက်မရှင်နိုင်ခဲ့ကြဘူးပေါ့ . . .”
ရဲမက်တစ်ယောက်လည်း လဲကျနေသည့် အလောင်းတစ်လောင်းကို ကြည့်လိုက်ရင်း –
“အလယ်က အဖိုးကြီးက မူဇီဟိပဲ။ သူက ဒီခရီးစဉ်ရဲ့ ခေါင်းဆောင်။ မျိုးနွယ်စု ခေါင်းဆောင်ကြီးရဲ့ လေးယောက်မြောက် ညီလေ။ မြေကြီးအဆင့်ပဲ ရှိသေးပေမဲ့ အရေးပေးခံရတဲ့ လူတစ်ယောက် . . . ဒီမှာ အခုလို သေသွားရကတည်းက သူ့ကို သတ်လိုက်တဲ့ လူက ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားခဲ့ပုံ မရဘူး”
“နောက်ပြီး ခြေရာလက်ရာကလည်း တော်တော် သေသပ်တယ် . . .”
အိမ်တောင်ထိန်း သက်ပြင်းချလိုက်သည်။ အခြေအနေများမှာ ပိုမို၍ ရှုပ်ထွေးလာပြီဖြစ်ကြောင်း သဘောပေါက်သွားလေ၏။
ရဲရှောင်အဖို့ အပြစ်လွှဲချခံရတော့မည့် အဖြစ်ကိုလည်း ရိပ်စားမိလိုက်သည်။
ယခုကိစ္စမှာ သူတို့နှင့် ဘာမှ မဆိုင်ပါချေ။ ရဲမျိုးနွယ်မှ လူစုမည် ဆိုလျှင်တောင်မှ ယခုကဲ့သို့ လုပ်နိုင်စွမ်းရှိမည် မဟုတ်ပေ။ ယခုကဲ့သို့ မူမျိုးနွယ်နောက်သို့ သူတို့ လိုက်လာခဲ့ကတည်း အိမ်တော်ထိန်းမှာ သူ့အသက်ကို သေမင်းထံ ၀ကွက်အပ်ထားခဲ့ပြီးသား ဖြစ်လေ၏။
မူမျိုးနွယ် မည်မျှထိ အစွမ်းထက်သလဲ ဆိုတာကို သူသိလေသည်။ အကယ်၍ ရဲမျိုးနွယ်မှ အတိအလင်း ဆန့်ကျင်လိုက်မည် ဆိုပါက သစ်ပင်ကြီးအား ပုရွတ်ဆိတ် ကိုက်သလောက်ပင် ရှိမည် ဖြစ်သည်။ အိမ်တော်ထိန်း၏ စိတ်ထဲတွင် သူတို့၏ သခင်လေးအား မူမျိုးနွယ်မှ တကယ်ဖမ်းသွားမည် ဆိုလျှင်တောင် သူတို့လိုက်နိုင်ပြီး ကယ်တင်နိုင်ဖို့အတွက် အခွင့်အရေး အနည်းငယ်သာ ရှိနေသည် ဆိုတာကို မှတ်ယူထားပြီးသားပင် ဖြစ်သည်။ သူ့ဘက်မှ လူအကုန်လုံးပင် အသက်ဆုံးရှုံးနိုင်သေးတာပင် ဖြစ်၏။
ထိုကဲ့သို့ အင်အားကြီးသည့် မူမျိုးနွယ်မှ လူများမှာ အသတ်ခံလိုက်ရချေပြီ။ လူသတ်သမားများမှာ အတော်ကို အင်အားကြီးပြီး ကြောက်စရာ ကောင်းမည် ဆိုသည်ကို သိနိုင်ပြီး ဖြစ်နိုင်ချေ တစ်ခုမှာ ထိုလူများသည် ချန်နိုင်ငံတော်မှ လုံးဝ မဖြစ်နိုင်ပါချေ။
“တောင်နံရံကို ကြည့်ကြစမ်း . . .”
ရဲမက်တစ်ဦးမှ အော်ပြောလိုက်သည်။
အိမ်တော်ထိန်း လှမ်းကြည့်လိုက်သည့်အခါ ကြောင်ငေးသွားမိလေ၏။
လူသတ်သမားများမှာ သူတို့၏ လုပ်ရပ်အတွက် ရှောင်ပုန်းနေလိုခြင်း မရှိဘဲ စာတစ်ခုပင် ချန်ထား ခဲ့ပါသေးသည်။ ယခုလုပ်ရပ်အား သူတို့လုပ်လိုက်သည် ဆိုသည့် စာမျိုးပင် ဖြစ်၏။
အိမ်တော်ထိန်းတို့အဖွဲ့သည် စစလာတုန်းက တောင်နံရံတွင် စာများ ရှိနေသည်ကို သတိမပြုမိခဲ့ ကြပေ။ အဘယ်ကြောင့်ဆိုသော် မျက်စိရှေ့ရှိ မြင်ကွင်းကသာ အလွန်ကို အံ့သြတုန်လှုပ်ဖွယ်ရာ ဖြစ်နေလို့ပင်ဖြစ်၏။ တောင်နံရံတွင် စာလုံးများအား သိသာထင်ရှားစွာ ရေးထိုးထားခြင်း ဖြစ်လေသည်။
“မူမျိုးနွယ်က သိပ်ပြီး စိတ်ကြီးဝင်လွန်းတယ် . . . အဲဒါကြောင့် ငါတို့က သူတို့ကို လာပြီး သတ်လိုက်ရတာပဲ။ ဘယ်သူက ဒါမျိုးတွေ လုပ်သလဲ ဆိုတာကို သိချင်သူတွေလည်း ရှိမယ်လို့ထင်တယ်။ အခုလို လုပ်ခဲ့တာ မုန်တိုင်းအိမ်တော်ကပဲ . . .”
ထိုစာသားများ အောက်တွင် မုန်တိုင်းအတွင်းရှိ အိမ်တစ်လုံးပုံစံအား သွေးများဖြင့် ရေးဆွဲထားပါ သေးသည်။
လုံးဝကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားခြင်း ဖြစ်သည်။ လူများစွာကို သတ်ပြီးသည့်တိုင်အောင် ပုံဆွဲနိုင်နေခဲ့သေးသည် မဟုတ်ပါလား။
“ဒါ . . . ဒါ . . . ဒီလို . . .”
ရဲမက်တစ်ဦးမှာ အတော်ကြီးကို အံ့သြသော ဟန်ဖြင့် –
“တော်တော် ရဲတင်းတာပဲ . . . မုန်တိုင်းအိမ်တော်ဆိုတာ ဘာလဲ . . .”
အိမ်တော်ထိန်း၏ မျက်နှာ မည်းမှောင်သွားပြီးနောက် –
“မင်းစကားကို စိတ်ထဲမှာပဲ ထားလိုက် ထုတ်ဖော် ပြောမနေနဲ့တော့။ ငါတို့ရဲ့ သခင်လေးရဲ့ ခြေရာ လက်ရာလည်း ဒီမှာ မရှိဘူးဆိုတော့ သူက အဖမ်းမခံရလောက်ပါဘူး။ ငါတို့ မြန်မြန်ပြန်ရမယ်။ ဒီမှာ အချိန်ကြာကြာနေရင် အကျိုးမရှိဘူး . . .”
အိမ်တောင်ထိန်း၏ မျက်နှာကို ကြည့်ခြင်းအားဖြင့် စိုးရိမ်ပူပန်မှုများ ပြည့်နေသည်ကို တွေ့နိုင်လေသည်။ လေးလေးနက်နက်ကို ပူပန်နေဟန်ပါပင်။
(မုန်တိုင်းအိမ်တော်က နောက်ဆုံးတော့ လူလုံးပြလာပြီပေါ့ . . . ကမ္ဘာကြီးရဲ့ လျို့ဝှက်အဆန်း ကြယ်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံး အင်အားစု တစ်ခုပဲ . . .)
“မုန်တိုင်းအိမ်တော်” ဟူသည့် စာလုံးအား မြင်တွေ့သောအခါ သူအတော်ကြီးကို ရင်ခုန်သွားခဲ့သည်။
တုန်လှုပ်လျက် ရှိနေပြီး ယခုအခါ သူ၏ သခင်လေးအား ရှာမတွေ့ရုံသာမက မုန်တိုင်းအိမ်တော်ပါ ပါဝင်ပတ်သက်လာခဲ့ပြီ မဟုတ်ပါလား။
သူတို့ အိမ်ပြန်လာခဲ့ကြပြီးနောက် ပတ်ဝန်းကျင်တွင် လှည့်ပတ်၍ ရှာကြပြန်သည်။ မြို့တော်တစ်ခု လုံး နှံ့နေအောင် ရှာဖွေခဲ့သော်လည်း ရဲရှောင်၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ကြရချေ။
ထိုညတွင် အိမ်တော်ထိန်းတစ်ယောက် အိပ်မပျော်နိုင် ဖြစ်ခဲ့ရလေ၏။
နောက်တစ်နေ့တွင်လည်း ဆက်လက်၍ ရှာဖွေကြပြန်၏။ သို့သော်လည်း အချည်းအနှီးပင်။
ရဲမျိုးနွယ်မှ လူများသာမက ဇူဝူကျီ၊ လန်လန့်လန့်တို့လည်း သူတို့၏ လူများအား စေလွှတ်ကာ ကူညီ ရှာဖွေပေးကြသည်။
အားလုံးမှာ စိုးရိမ်နေကြပြီ ဖြစ်၏။ အထူးသဖြင့် ဇူဝူကျီမှာ လေလံပွဲမှ ကျောက်စိမ်းတောင်ဝှေးကို ၀ယ်ယူလိုက်နိုင်ကတည်းက အမှိုက်မှ ရွှေအဖြစ်သို့ ရောက်လာသူဟု အချီးကျူးခံခဲ့ရလေသည်။ ထို့ကြောင့် ဇူဝူကျီတစ်ယောက် အကျေနပ်ကြီး ကျေနပ်နေပါတော့သည်။
ရဲရှောင်၏ အကူအညီများကြောင့်သာ ယခုကဲ့သို့ ချီးကျူးခံရခြင်းဖြစ်ပြီး ရဲရှောင်ပျောက်နေသည့် အတွက် စိုးရိမ်စိတ်ဝင်နေခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။
သခင်လေးလန် မှာလည်း စိုးရိမ်လျက် ရှိ၏။ မျက်စိဖွင့် နားကိုစွင့်ကာ သူ့လူများစွာဖြင့် ရဲရှောင်အား အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း သဲလွန်စတစ်ခုပင် မရရှိခဲ့ကြချေ။
“ငါတို့ ဘာလို့ သူ့ကို ရှာမတွေ့ကြပါလိမ့် . . .”
လန်လန့်လန့် ဒေါသတကြီး ရေရွတ်လိုက်သည်။
“မင်းတို့အားလုံး အသုံးမကျတဲ့ကောင်တွေ . . . ထပ်ရှာကြ . . . ဘယ်နေရာမှ မကျန်စေနဲ့”
“သခင်လေး . . . ရှေ့မှာ သခင်လေးနေရဲ့ အိမ်တော် . . .”
“ဘာဖြစ်လဲ . . . ဘာသခင်လေးဖြစ်ဖြစ် ဂရုမစိုက်ဘူး ရှာသာရှာကြ . . .”
“သခင်လေး . . . အဲဒါ သခင်လေးနေရဲ့ အိမ်တော်နော် . . .”
“၀င်ရှာကြ . . .”
“ဘယ်သူက ငါ့ကို တားရဲလဲ . . . တားတဲ့လူကို ရိုက်ပြီး . . . အား . . .”
. . .
လမ်းတစ်လမ်းကို ရှာဖွေပြီးနောက် သူ့ကို ဖမ်းကာ အိမ်ပြန်ပို့ခြင်း ခံလိုရလေသည်။
“ဒီငတုံးက လူရှာချင်တာလား သူ့မိသားစု ဒုက္ခရောက်အောင် ပြဿနာ ရှာချင်နေတာလား . . .”

Comment

Leave a Reply

Options

not work with dark mode
Reset