Chapter – 57
“အရူးတစ်ယောက်၏ကုထုံး”
သူ၏ နှစ်ဘ၀ အတွေ့အကြုံအတွင်း မည်သည့် မိန်းကလေး၏ လက်ကိုမျှ မကိုင်တွယ်ခဲ့ဖူးပေ။ သို့သော်လည်း ယခုအခါမှာတော့ မိန်းကလေးတစ်ဦး၏ ၀မ်းဗိုက်နေရာကိုပင် ကိုင်တွယ်ခွင့်ရနေတာပဲ ဖြစ်၏။
သူ၏လက်မှတဆင့် ခံစားရသည့် ခံစားမှုမှာ အလွန်ကို ကျေနပ်ဖွယ်ရာပါပင်။ နွေးထွေးမှု၊ ချောမွေ့မှု၊ မွှေ့ပျံ့မှု စသော ခံစားချက်များ ရောယှက်ခံစားနေရတာပင် ဖြစ်လေသည်။
ရဲရှောင်တစ်ယောက် ပြာယာခတ်လျက် ရှိသည်။ သူ၏ ကျင့်စဉ်များအား လည်ပတ်စေရင်း ရှေးဦးခရမ်းရောင်ချီဓာတ်များအား အသုံးပြု၍ ၀မ်ရမ်ချူး၏ ခန္ဓာကိုယ်မှ အအေးဓာတ်များအား စုပ်ထုတ်နေတာ ဖြစ်သည်။
ရှေးဦးခရမ်းရောင်ချီဓာတ်မှာ အလွန်ထူးခြားသော စွမ်းအင်တစ်မျိုးဖြစ်ပြီး ဒဏ္ဍာရီလာ ကျင့်စဉ်တစ်ခုဆိုလည်း မမှားချေ။ အသုံးပြုပြီး သိပ်မကြာခင်မှာပဲ ရဲရှောင် သူ့လက်ဝါးသို့ အအေးဓာတ်များ လာရောက်စုဆုံလာတာကို ခံစားလိုက်ရသည်။ ရဲရှောင် အားတက်သွားပြီး ကျင့်စဉ်များအား ဆက်လက် လည်ပတ်စေလိုက်ရင်း စိတ်ကိုရှင်းအောင်ထားကာ အပြည့်အ၀ အာရုံစိုက်ထားလိုက်ပါတော့သည်။
နှစ်ဦးလုံး၏ စိတ်ဝိညာဉ်များမှာ ဆက်နွယ်ထားသကဲ့သို့ ခံဏားနေကြရပြီး တစ်ဦး၏ အခြေအနေကို တစ်ဦးသိသည့် အနေအထားမျိုးပါပင်။ ၀မ်ရမ်ချူးချူး ရဲရှောင်၏ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများအား ခံစားသိရှိနေပါသည်။ အပူဓာတ်များ သူမကိုယ်တွင်းသို့ ၀င်လေလေ ပို၍ သက်တောင့်သက်သာ ခံစားရလေပါပင်။ ရေပူစမ်းတစ်ခုအတွင်း ရေချိုးနေရသကဲ့သို့ အလွန် ခံစားရကောင်းနေတာဖြစ်ပြီး အိပ်ချင်သလိုပင် ဖြစ်လာပါတော့သည်။
သို့သော်လည်း သူမအနေဖြင့် သတိလက်လွတ် မနေ၀ံ့ချေ။
ရဲရှောင်၏ ကျင့်စဉ် အံ့သြဖွယ်ကောင်းပုံကို သူမသတိပြုမိလိုက်ပြီး နောက်မှာတော့ သူမ၏ ကိုယ်တွင်းမှ အေးစက်သော ချီဓာတ်များမှာ တဖြည်းဖြည်းဖြင့် လျော့ကျသွားသလို ခံစားနေရသည်။ သူမကို သေသည်အထိ ဒုက္ခပေးနိုင်သော ရေခဲချီဓာတ်များ စွမ်းအင်သိုလှောင်ရာအတွင်း ကုန်စင်ပျောက်ကွယ် သွားမည်ကို တွေးရင်း ပီတိဖြစ်လျက်လည်း ရှိနေပါတော့သည်။
ယခုကဲ့သို့ အန္တရာယ်ပေးနိုင်မည့် ချီဓာတ်များ ခန္ဓာကိုယ်အတွင်း ပျောက်ပြယ်သွားပြီး သူမ၏ ကျင့်စဉ်များအား စိတ်လွတ်လက်လွတ် ကျင့်ကြံ၍ ရတော့မည် ဖြစ်သဖြင့် ပျော်ရွှင်လျက်လည်း ရှိနေပါသည်။
အဘယ်ကြောင့်ဆိုသော် ယခုသူမကို ရဲရှောင် ကုသပေးနေသည်မှာ စေတနာ ပါသလို ခံစားမိနေ ပြီး တခါမျှ မခံစားဖူးသည့် ခံစားမှုမျိုးကို ခံစားနေရသည်။ သို့သော် အဆိုပါ ခံစားမှုမှာ အလွန်ကို ကောင်းမွန်သော ခံစားမှုပင် ဖြစ်၏။
၀မ်ရမ်ချူးချူး သက်ပြင်းတစ်ချက် ချလိုက်ရင်း ခေါင်ိးကု နည်းနည်းစောင်းလိုက်ပြီး ရဲရှောင်မျက်နှာအား ခိုးကြည့်လိုက်သည်။
(ဒီလူက ချောမောခန့်ညားတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး။ အသက်လည်း ကြီးနေပြီ ဒါပေမဲ့ ဒီလို ကြိုးကြိုးစားစား အလုပ်လုပ်နေတဲ့ပုံက တကယ် ဆွဲဆောင်မှု ရှိနေတယ် . . .
ငါ့ကို သူ့ရင်ထဲက စေတနာပါပါနဲ့ကို လုံလုံခြုံခြုံ ကုသပေးနေတာပဲ . . .
နောက်ပြီး ခုနတုန်းကလည်း အယောင်ယောင် အမှားမှားတွေနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ပုံက တကယ်ချစ်ဖို့ကောင်းလိုက်တာ . . .
ကြည့်ရတာ ဒီလူက ယောကျာ်းနဲ့ မိန်းမကြားက အကြောင်းအရာတွေကလွဲပြီး အရာအားလုံးကို တွေ့ကြုံဖူးတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်။
ကမ္ဘာကြီးတစ်ခုလုံးကို အုပ်ချုပ်နိုင်လောက်အောင် ဉာဏ်နီဉာဏ်နက် များတဲ့လူတစ်ယောက် ဖြစ်မယ် ဆိုရင်တောင်မှ မိန်းကလေး တစ်ယောက်နဲ့ ရင်ဆိုင်တွေ့တဲ့အခါ မခုတ်တတ်တဲ့ ကြောင်လေးလို လူငယ်လေးတစ်ဦး အတိုင်း ဖြစ်နေတာပဲ . . .)
၀မ်ရမ်ချူးချူး တွေးရင်းတွေးရင်းဖြင့် ရင်ထဲ ရဲရှောင်ကို သဘောကျသလို ဖြစ်လာ၏။
ရဲရှောင်၏ ခံစားချက်မဲ့သော မျက်နှာကို ကြည့်မိသည့် အခါမှသာ သူမ၏ အတွေးစများလည်း ပျက်ပြယ်သွားပါတော့သည်။
မူလက ယခုကုထုံးသာ အလုပ်ဖြစ်မည် ဆိုပါက ရဲရှောင်ဆီမှ ကျောက်စိမ်းအားဖြည့်ကြာပန်းပင် အား စုံစမ်း၍ သူမ၏ ဆရာကို ကုသနိုင်ရန် အနည်းငယ် မေးမြန်းကာ နောက်ဆုံး ရဲရှောင်အား သတ်ဖြတ်ရန် စဉ်းစားထားခဲ့တာဖြစ်၏။ သူမ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ရဲရှောင်ကို နှုတ်ပိတ်ချင်သည့် သဘောပင်။
ထိုကဲ့သို့ ပြုလုပ်ရန်မှာ ကျေးဇူးကန်းရာ ရောက်သော်လည်း သူမ၏ ဂုဏ်သိက္ခာအား ကာကွယ်ရန်အတွက် ထိုသို့ လုပ်ရန်သာ ဆုံးဖြတ်ထားခဲ့ပါသည်။
သို့သော်လည်း ယခု ရဲရှောင်မျက်နှာအားကြည့်ရင်း တစ်ခုခုကို နားလည်သွားသည်။
(အကယ်၍ တကယ်သတ်ရမယ် ဆိုရင်တောင်မှ ငါလုပ်နိုင်မယ် မထင်ဘူး . . .)
(သူက ထိပ်တန်း ဆေးပညာရှင်တစ်ယောက် ဖြစ်ပေမဲ့ ယောကျာ်းတစ်ယောက်ပဲမလား . . . ငါ့အတွက်ကတော့ အဖေနဲ့ ဆရာ့ကိစ္စကို ဖြေရှင်းပြီးရင် ပြန်ဖို့ပဲ ရှိတယ်။
ကောင်းကင်နယ်ပယ်က ဂိုဏ်းရဲ့ အမွေဆက်ခံသူတစ်ယောက် မဟုတ်ဘူး ဆိုရင်တောင်မှ ငါက မင်းသမီးတစ်ပါးပဲလေ။ ဘယ်လိုနိုင်ပါ့မလဲ . . .)
ထိုအချက်တွေကို စဉ်းစားမိလိုက်သည့် အခါမှာတော့ ၀မ်ရမ်ချူးချူး ၀မ်းနည်းသလို ဖြစ်သွားပြီး သက်ပြင်းချလိုက်မိလေ၏။
အကယ်၍ ရဲရှောင်သာ လှည့်ကြည့်လိုက်မည် ဆိုပါက စိတ်ရှုပ်ထွေးသော အမူအယာများဖြင့် ပြည့်နေသော မိန်းကလေးတစ်ဦးကို မြင်တွေ့ရမည်ဖြစ်၏။ ဒါ့အပြင် ၀တ်စုံပြည့် ၀တ်ဆင်ထားခြင်းကိုပါ မြင်တွေ့ရမှာ ဖြစ်ပါသည်။
သူမသည် သူမ၏ အ၀တ်အစားများကို ချွတ်ထားခြင်း မရှိဘဲ စွမ်းအင်သိုလှောင်ရာ နေရာရှိသည့် ၀မ်းဗိုက်ပိုင်းကိုသာ အပေါက်လေး ဖောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၀မ်းဗိုက်သားလေး အနည်းငယ်သာ လှစ်ဟပြသထားတာပင် ဖြစ်၏။
သို့သော်လည်း ထိုအခြေအနေကပင် သူမ အတတ်နိုင်ဆုံး လိုက်လျောမှု ပြုထားခြင်း ဖြစ်သည်။ သူမသည် အပျိုစင်စစ်စစ် တစ်ဦးဖြစ်ပြီး သူမအနေဖြင့် ယခုကဲ့သို့ သေရေးရှင်ရေး ကိစ္စမျိုးမှာပင် ၀မ်းဗိုက်သားအား ထုတ်ဖော်ပြသလိုခြင်း မရှိချေ။
အနှစ်ချုပ်ရမည်ဆိုသော် သူမအနေဖြင့် သူမ၏ သေဆုံးရတော့မည့် ဆရာကို ကုသရန်နှင့် ရဲရှောင်၏ လုပ်နိုင်စွမ်းကို စမ်းသပ်ရန်အတွက်နှင့်တော့ သူမ၏ မည်သူမျှ မထိတွေ့ဖူးရသေးသည့် ခန္ဓာကိုယ်အား ကိုင်တွယ်ခွင့်ပြုမည်မဟုတ်ပေ။ သူမအသက်သာ အသေခံလိုက်မည်ဟု ဆုံးဖြတ်ထားတာ ဖြစ်၏။
ထိုကုထုံးကို ကြားစဉ်ကတည်းကပင် သူမအနေဖြင့် ချီတုံချတုန်ဖြင့် စဉ်းစားခဲ့ရတာဖြစ်၏။
သို့သော်လည်း ခရမ်းရောင်ကောင်းကင်မီးဓာတ် သူမ၏ ခန္ဓာကိုယ်အား နွေးထွေးမှု ပေးလိုက်သည် ကို ခံစားမိပြီးနောက်မှာတော့ သူမစိတ်ရောကိုယ်ပါ သက်တောင့်သက်သာ ဖြစ်သွားခဲ့ရပါသည်။ ထိုကဲ့သို့ သော ခံစားမှုမှာ သူမအား ကြောက်ရွံ့မှုနှင့် စိတ်ရှုပ်ထွေးမှုကိုပါ တချိန်တည်း ဖြစ်ပေါ်စေပြန်ပါသေးသည်။
အချိန်များ တရွေ့ရွေ့ဖြင့် ကုန်ဆုံးခဲ့ချေပြီ . . .
၀မ်ရမ်ချူးချူးမှာ ကျွမ်းကျင်အဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး သူမ၏ စွမ်းအင်များ သန့်စင်လာပြီး ရေခဲချီဓာတ်များမှာလည်း တဖြည်းဖြည်းဖြင့် ပျောက်ကွယ်ကုန်တာကို ခံစားသိရှိနေပါသည်။ သူမ၏ အရှေ့ရှိ ယောကျာ်းမှာလည်း အသက်ရှူသံများ ပြင်းထန်နေပြီ ဖြစ်၏။
အတော်ကြီးကို ပင်ပန်းနေမှန်း သိသာလှလေသည်။
(ဒီလို အနေအထား လက်နောက်ပြန်ကြီးနဲ့ ငါ့ဗိုက်ကိုထိပြီး ကျင့်စဉ်ကို အကြာကြီး လည်ပတ်စေရတာ၊ ရပ်နားခြင်းမျိုးလည်း မရှိဘူး။ သူဘယ်လိုလုပ်ပြီး မပင်ပန်းပဲ နေလိမ့်မလဲ . . .)
ထိုအချက်ကို စဉ်းစားမိသောအခါ ၀မ်ရမ်ချူးချူးလည်း သူမ၏ ခန္ဓာကိုယ်အား ရဲရှောင်အနည်းငယ် သက်တောင့်သက်သာ အနေအထား ဖြစ်စေရန်အတွက် နည်းနည်းလောက် ရွေ့ပေးလိုက်ပါသည်။
သူမ၏ နှုတ်ခမ်းမှာလည်း ရှက်ရွံ့သလို အပြုံးတစ်ခု ဖြစ်ပေါ်နေလျက် ရှိ၏။
(ဟမ့် . . . သူက ငါ့ကို ရုပ်ဆိုးဆိုး မိန်းကလေးတစ်ယောက်လို့ ထင်နေလောက်တယ်။ ငါသာ ငါ့မျက်နှာအစစ်ကို ထုတ်ပြလိုက်ရင် ချက်ချင်း ငုတ်တုတ်မေ့သွားမယ်ထင်တယ် . . .
ဒါပေမဲံ ငါက ငါ့မျက်နှာ အစစ်အမှန်ကို ဘာလို့ ပြရမှာလဲ . . .)
၀မ်ရမ်ချူးချူး တွေးမိရင်း သူမဘာသာသူမ ရှက်ရွံ့သလို ဖြစ်နေလေ၏။ သူမသည် ရှက်ရွံ့ခြင်းကို ခံစားရလိုက်၊ စိတ်ရှုပ်ထွေးခြင်းကို ခံစားရလိုက်၊ ၀မ်းနည်းမှုကို ခံစားရလိုက်ဖြင့် အိပ်မက် မက်နေသလိုကို ဖြစ်နေလေတော့၏။
သူမ၏ တဘ၀လုံးအား တိုက်ခိုက်မှုများကိုသာ သင်ကြားရင်းဖြင့် မြုပ်နှံထားခဲ့တာ ဖြစ်သည်။ သူမအသက် ၅ နှစ်အရွယ်ကပင် စတင်၍ ကျင့်ကြံမှုများ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၇ နှစ်အရွယ်တွင် လက်အောက်ငယ်သားများအား အမိန့်ပေးနိုင်ရန် သင်ယူနိုင်နေပြီဖြစ်၏။ အသက် ၁၃ နှစ် အရွယ်သို့ ရောက်သည့်အခါ ချင်းယန်နယ်ပယ်ခေါ် ကောင်းကင်နယ်ပယ်တွင် စွန့်စားခန်းများပင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်လေသည်။
ယခုကဲ့သို့ ခံစားမှုများအား သူမ ဘယ်တုန်းကမျှ မခံစားခဲ့ရဖူးပေ။
သူမရော ရဲရှောင်ရောသည် ပေါင်းသင်းဆက်ဆံရေးနှင့် လူမှုရေးတွင် နားမလည်သည့်သူများ ဖြစ်ကြသော်လည်း သူမမှာ မိန်းကလေး ဖြစ်သည့်အတွက် ထူးခြားသလို ခံစားနေရသည်။ ထိုကဲ့သို့ မဖြစ်လောက်သည့် မိန်းကလေးဟူ၍ မရှိလောက်ပါချေ။
သိပ်မကြာခင်မှာပဲ ရဲရှောင်သည် ၀မ်ရမ်ချူးချူး၏ နောက်ဆုံးလက်ကျန် အအေးဓာတ်များအား စုပ်ထုတ်လိုက်ဟန်ရှိပြီး ဆက်လက်၍ စုပ်ယူစရာ မကျန်တော့သော အခါမှသာ သူ၏ လုပ်ဆောင်မှုများအား ရပ်တန့်လိုက်လေတော့၏။
သူ့မျက်လုံးမဖွင့်ခင်မှာပင် ၀မ်ရမ်ချူးချူးမှ –
“ပြီးပြီလား . . .”
ကုသမှု ပြုလုပ်နေစဉ်မှာ သူတို့သည် စိတ်ချင်းဆက်သွယ်ထားကြသလိုဖြစ်ပြီး ယခုကဲ့သို့ သူ၏ လှုပ်ရှားမှုများကို ၀မ်ရမ်ချူးချူး သိရှိနေသည့်အတွက် ရဲရှောင် အံ့သြဟန်တော့ မရှိချေ။ သို့သော်လည်း သူမ၏ အသံကို ကြားရသည့်အတွက် အံ့သြသွားခဲ့ရလေ၏။ အလွန်ကို ညင်သာလှပြီး နွေးထွေးလှသည့် အသံဖြင့် ပြောလိုက်ခြင်းပင် ဖြစ်ပြီး အစောပိုင်းကာလများတုန်းက သူမ ပြောသည့် နူးညံ့ညင်သာသည့် အသံနှင့် ညင်သာမှုမျိုး မတူချေ။ အစောပိုင်းကာလများတွင် နူးညံ့စွာ ပြောဆိုခဲ့သည်မှာ သူမတမင်တကာ ဟန်လုပ်၍ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယခုပြောဆိုသည့် နူးညံ့မှုမှာ သူမ၏ ရင်အတွင်းမှလာသော နူးညံ့ညင်သာမှုမျိုးပင် ဖြစ်၏။
ရဲရှောင် ခေါင်းညိတ်လိုက်ပြီး –
“ဟုတ်တယ် . . . ပြီးပြီ . . .”
ထို့နောက်မှာတော့ ချိုးချိုးချွတ်ချွတ် အသံများ ကြားလိုက်ရပြီးနောက် ၀မ်ရမ်ချူးချူး ထွက်ခွာ သွားပုံပင်။ ရဲရှောင်လည်း ယခုမှသာ သက်ပြင်းချလိုက်မိ၏။ သူ့လက်ဝါးတွင် ၀မ်ရမ်ချူးချူး၏ ဗိုက်မှ နွေးထွေးမှုကို ခံစားနေရတုန်းပင်။ အကယ်၍ ၀မ်ရမ်ချူးချူးသာ မြီးညှောင့်ရိုးနေရာအား ကိုင်တွယ်ခွင့် ပြုမည် ဆိုပါက ပိုမို၍ မြန်မြန်ဆန်ဆန် ပြီးသွားနိုင်ပါသည်။
ရဲရှောင် ပြတင်းပေါက်မှ ၀မ်ရမ်ချူးချူးတစ်ယောက် အ၀တ်အစားများအား သေချာပြန်လည်၍ ၀တ်ဆင်လာတာကို လှမ်းမြင်လိုက်ရသည်။ သူမ၏ ၀တ်ရုံနှင့် သူမ၏ ဆံပင်များမှာ လေအဝေ့တွင် မျောလွင့်နေလျက်ရှိပြီး အလွန်လှပပြီး ဆွဲဆောင်မှုရှိလှသည့် မြင်ကွင်းပါပင်။
“ဒီကောင်မလေးက အ၀တ်ချွတ်တာသာ ကြာတာ ၀တ်တာကြတော့လည်း မြန်လိုက်တာ . . .”
ရဲရှောင် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
သနားစရာရဲရှောင်မှာ ၀မ်ရမ်ချူးချူးမှ အ၀တ်အစားများ ချွတ်သွားခြင်း မရှိသည်ကို မသိရှိခဲ့ရှာပေ။
ယခုအချိန်တွင် သူမဟာ ဖြဲထားသော အပေါက်အား ဖုံးကွယ်၍ သေချာပြန်လည်ဝတ်ဆင်ထားပြီး ဖြစ်လေ၏။
“နောင်ကြီးဖန် . . . ရှင့်မှာ တကယ်အစွမ်းအစ ရှိတယ်ဆိုတာကို ကျွန်မ ယုံပါပြီ”
၀မ်ရမ်ချူးချူး နူးညံ့သော အသံလေးဖြင့် ပြောလိုက်သည်။ ဆက်လက်၍ –
“ဒါပေမဲ့ ရှင်ကျွန်မနဲ့အတူလိုက်ပြီး အပြာရောင်လေ နိုင်ငံတော်က ကျွန်မဆရာကို ကုသပေးနိုင်မလား . . .”
“မလိုက်နိုင်ဘူး။ ငါတို့ သဘောတူညီထားတာ ရှိတယ်လေ။ ငါက မင်းရဲ့ ဝေဒနာကို ပျောက်ကင်း အောင်လုပ်ပြီး ငါ့ရဲ့ အစွမ်းအစကို ပြသနိုင်တာနဲ့ ငါ့ရဲ့ လွတ်လပ်မှုကို မချုပ်နှောင်တော့ပါဘူးဆို . . .”
ရဲရှောင် ခပ်တည်တည်ပင် ဖြေလိုက်သည်။
“ဒါပေမဲ့ ငါမင်းရဲ့ ဆရာကို ကုသပေးနိုင်တယ်။ ပထမဆုံး သူလုပ်ရမဲ့ အလုပ်က ဒီချန်နိုင်ငံတော်ကို လာရမှာပဲ . . .”
၀မ်ရမ်ချူးချူး သက်ပြင်းချလိုက်သည်။
သူမအနေဖြင့် ဖိအားလည်း မပေးချင်တော့ချေ။
ထိုအချက်ကြောင့်ပင် ရဲရှောင်မှာ အံ့သြလျက် ရှိသည်။
ရဲရှောင်စိတ်တွင် ထင်နေသည်မှာ သူ့အနေဖြင့် သူမ၏ ဝေဒနာကို ကူသပေးသည့်တိုင်အောင် သူ့ကို လွတ်လပ်ခွင့် ပေးမည်ဟူသည့် ကတိအား မတည်နိုင်လောက်ဟု ထင်ခဲ့မိတာ ဖြစ်သည်။ အနည်းဆုံးတော့ တွန်းအားပေးလိမ့်မည်ဟု တထစ်ချ ယုံကြည်ခဲ့မိတာ ဖြစ်၏။ သူခပ်ချေချေ ပြောခဲ့သည် ဆိုတာကလည်း သူ့ကို ၀မ်ရမ်ချူးချူးမှ တွန်းအားပေးမည်ထင်၍ အစကတည်းကကို ခပ်မာမာ ပြောလိုက်ခြင်းပင် ဖြစ်၏။ သို့သော်လည်း သူ့ကို ၀မ်ရမ်ချူးချူးမှ လွတ်လပ်ခွင့် ပေးသည်ကို မြင်တွေ့ရသောအခါ အံ့သြသွားမိလေ၏။”
“ဟို . . . မှင်ရောင်အားဖြည့် ကြာပန်းပင်ကို ကျွန်မ ဘယ်လို လုပ်ရမလဲ။ တကယ်ပဲ ကျောက်စိမ်း အားဖြည့်ကြာပန်းပင်အဖြစ် ပြောင်းနိုင်လို့လား။ အချိန်တိုတိုလေး အတွင်းမှာလေ . . .”
၀မ်ရမ်ချူးချူး မေးလိုက်သည်။
ရဲရှောင်မှာ စိတ်ထဲမှ –
(ဒါက အစွမ်းထက်တဲ့ ၀မ်ရမ်ချူးချူး လေသံတဲ့လား . . . မေးတဲ့ပုံကလည်း သနားဖို့တောင် ကောင်းနေသေးတယ်။ အသံကလည်း ညင်သာနေလိုက်တာဆိုတာ . . .)
“ငါမင်းရဲ့ ပြဿနာကို အခု ဖြေရှင်းခဲ့ပေးပြီးပြီ။ ငါ့ရဲ့ လုပ်နိုင်စွမ်းကို အကောင်းဆုံ သက်သေပြလိုက်တာလေ ဟုတ်တယ်မလား . . . မင်းငါ့ကို ယုံတယ်ဆိုရင် ကြာပန်းပေးလိုက် . . .”
ရဲရှောင်မှာ ခပ်တည်တည်ပင် ပြောလိုက်၏။
“မင်းလက်ထဲမှာ ထားမယ်ဆိုရင် အရိုးသားဆုံး ပြောရရင် အမှိုက်လို ဖြစ်နေမှာပဲ။ ဒီလိုပစ္စည်းမျိုးက ငါ့လို ကြီးမြတ်တဲ့ လူတစ်ယောက် လက်ထဲမှာပဲ အကျိုးရှိမှာလေ။ ငါသာ ဒီပစ္စည်းရဲ့ အစွမ်းကို ကောင်းကောင်း အသုံးချနိုင်မှာ . . .”
၀မ်ရမ်ချူးချူး ရဲရှောင်အား ကျောခိုင်းလျက် အနေအထားဖြင့်ပင် လေးတွဲစွာ ခေါင်းညိတ်ပြ လိုက်လေ၏။
“ဒါဆိုရင် နောက်တစ်ခေါက် ဘယ်အချိန်လောက် ကျွန်မပြန်လာခဲ့ရမလဲ။ ရှင့်ကို ဘယ်လို ရှာရမလဲ။ ကျွန်မတို့ကြားမှာ ဆက်သွယ်လို့ရမဲ့ အရာ တစ်ခုခုတော့ ရှိတယ်တယ်နော် . . .”
၀မ်ရမ်ချူးချူး လေသံတီးတိုးဖြင့် မေးလိုက်သည်။
“အများကြီး စဉ်းစားနေဖို့ မလိုပါဘူး။ မင်းရောက်တဲ့အချိန် ငါ့ကိုသေချာပေါက် တွေ့လိမ့်မယ်”
ရဲရှောင် ပြောလိုက်သည်။ ဆက်လက်၍လည်း –
“အကယ်၍ ငါကမတွေ့ချင်လို့ ပုန်းနေမယ် ဆိုရင်တောင်မှာ ငါ့ကိုရှာဖို့ မင်းမှာ နည်းလမ်းတစ်ခုခု တော့ ရှိမှာပါ . . .”
၀မ်ရမ်ချူးချူး ခေါင်းညိတ်ပြလိုက်ပြန်သည်။
ထိုအချက်မှာ အမှန်ပါပင်။ ယခုကမ္ဘာတွင် ၀မ်ရမ်ချူးချူး မျက်စိအောက်မှ လွတ်မြောက်သွားသည့် လူ အများကြီး ရှိမနေချေ။
ယခုအခါ သူမကိုယ်တွင်းရှိ ဝိညာဉ်တော်ချီဓာတ်များ ပိုမိုသွက်လက်စွာ စီးဆင်းနိုင်နေသည်ကို သူမ ခံစားနေရသည်။ အဆင့်မြင့် နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားသလိုပင် ခံစားနေရပြီး အချိန်မရွေး ကောင်းကင်အဆင့်သို့ တက်နိုင်သည့် အခြေအနေမျိုးပင် ဖြစ်၏။
တကယ်တော့ သူ့အနေဖြင့် ယခုထက်ပိုမို၍ ကြိုးစား၍ ရသေးတာကိုလည်း ခံစားသိရှိနေသည်။ ကောင်းကင်အဆင့်၏ ထိပ်သီးတစ်ဦးဖြစ်ရန်အတွက် သူမလက်ရှိ ကုန်ဆုံးခဲ့သည့် အချိန်၏ သုံးပုံတစ်ပုံစာ လောက် ကြိုးစားလိုက်လျှင်ပင် ရောက်ရှိနိုင်မည်ဟု ထင်မြင်နေမိပါတော့သည်။
ထိုအခြေအနေအား သူမအနေဖြင့် အမြဲတမ်း အိပ်မက်မက်နေခဲ့တာဖြစ်ပြီး ယခုအခါ ထိုအိပ်မက်အား အကောင်အထည် ဖော်နိုင်တော့မည် ဖြစ်လေ၏။ သို့သော် သူမယခုအခါ အရမ်းကြီး ပျော်ရွှင်မနေပေ။ ကုန်ဆုံးခဲ့သည့် အချိန်များအား နှမြောသလိုပင် ခံစားနေရတာ ဖြစ်ပါတော့သည် . . .။