Switch Mode

Chapter – 494

အခန်း (၄၉၄) တာအိုပညာရှိ၏ မုန်းတီးမှု
တန့်လုံရဲ့ ဓားချက်ဟာ တာအိုစက်ကွင်းရဲ့ အရံအတားကို သွားထိတဲ့အခါမှာ ကြည့်လို့ကောင်းတဲ့ လှိုင်းဂယက် ပေါ်လာတာကလွဲရင် အရံအတားကို ထိခိုက်မှု တစ်စုံတစ်ရာတောင် မဖြစ်စေပါဘူး။
ဒီအဖြစ်ကို မြင်လိုက်ရတဲ့ တန့်လုံဟာ မျက်မှောင်ကြုတ်သွားပြီး သူ့လက်ထဲက ဓားကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပါတယ်။ ဒီတစ်ခါမှာတော့ တန့်လုံဟာ ဓမ္မစွမ်းအားကို အားကုန်ထုတ်သုံးလိုက်တဲ့အတွက် မြေပြင်တောင် တုန်ဟီးထွက်သွားပါတယ်။ လူသားမျိုးနွယ်စုဟာလည်း ဒီအသံတွေကို ကြားပြီး မြို့ထဲကနေ ပျံထွက်ကာ အဝေးကနေ ကြည့်ကြပါတယ်။
လူသားတွေဟာ သူတို့ကို တာအိုဟောကြားဖူးတဲ့ တန့်လုံကို မြင်တာနဲ့ တန်းမှတ်မိသွားပါတယ်။
“အင်မော်တယ်က ဘာလုပ်နေတာလဲ”
“တစ်ခုခုက သူ့ကို တားထားတာနဲ့တူတယ်”
“သူက အင်မော်တယ်နယ်မြေကို စိန်ခေါ်ချင်တာလား”
“ငါတို့တွေ ဘယ်လိုလုပ်ကျမလဲ၊ ဘိုးဘေးကျိုးဖန်က အင်မော်တယ်နယ်မြေထဲကို တစ်ယောက်မှ ဝင်မလာနဲ့လို့ ပြောထားဖူးတယ်၊ အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်က ဘိုးဘေးကျိုးဖန်ရဲ့ ရန်သူတော်များလား မသိဘူး”
“ငါတို့မှာ ရွေးချယ်စရာ မရှိဘူးလေ၊ ဒီကိစ္စထဲ ဝင်မပါတာ ပိုကောင်းတယ်”
တန့်လုံ ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက် လူသားမြို့တွေကို အပြင်းအထန် သက်ရောက်စေတာတောင် တာအိုစက်ကွင်းရဲ့ အရံအတားက စွန်းရာတစ်ချက် မထင်ပါဘူး။
ဒီဖြစ်ရပ်ကြောင့် စောစောက ရင်ထိတ်ခဲ့ကြတဲ့ တိတ်ဆိတ်ဂိုဏ်းဝင်တွေဟာ ဝမ်းသာသွားကြပါတယ်။ ရှန်တျန်သက်ရှိတွေကလည်း အပြင်ဘက်က လျှာထွက်လုနီး ဖြစ်လာတဲ့ တန့်လုံကို သရော်လာကြပါတယ်။
လီတောက်ခုံးဟာ သက်ပြင်းချလိုက်ပါတယ် “ဂိုဏ်းချုပ်မှာ ဒီလိုမျိုး အကာအကွယ် အရံအတား ရှိနေလိမ့်မယ်လို့ ထင်မထားဘူး၊ ငါတောင် ဒီအရံအတားက ဘာလဲဆိုတာကို အာရုံမခံနိုင်ဘူး”
လီရွှမ်အောက်ကလည်း ခေါင်းညိတ်ပြီး စပ်ဖြီးဖြီး ပြောလိုက်ပါတယ် “တန့်လုံကို ကြည့်စမ်းပါအုန်း၊ လျှာထွက်နေပြီ၊ သူ ဒီလိုဖြစ်တာကို ကျွန်တော် ပထမဆုံးအကြိမ် မြင်ဖူးတာပဲ၊ သူ တော်တော်ရှက်နေမှာ ကျိန်းသေတယ်”
ဆယ်မိနစ်အကြာမှာတော့ တန့်လုံဟာ လက်လျှော့လိုက်ပြီး ဒယ်အိုးဖင်လိုမျက်နှာနဲ့ လေပေါ်မှာ ပေါလောမျောလိုက်ပါတယ်။ တန့်လုံဟာ ရှေ့လည်းတိုးမရ နောက်လည်း ဆုတ်မရတဲ့အတွက် တကယ့်ကို ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။
ဒီအတိုင်းသာ ထွက်သွားမယ်ဆိုရင် တခြားသူတွေကဲ့ရဲ့တာကို ခံရမဲ့အပြင် ရွမ်လိန့်ကျောင်းတော်ရဲ့ မျက်နှာကိုလည်း အိုးမည်းသုတ်ရာ ရောက်မှာပါ။ ဒါပေမဲ့ အကာအကွယ် အရံအတားကို ချိုးဖျက်ဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့ အနေအထားပါ။
ဒီအချိန်မှာပဲ ဟန်ကျွယ်ရဲ့ အသံထွက်ပေါ်လာပါတယ် “စီနီယာ… ကျုပ် ပြောပြီးလေ၊ တိတ်ဆိတ်ဂိုဏ်းထဲမှာ ရွမ်လိန့်ကျောင်းတော်ကလူ တစ်ယောက်မှ မရှိဘူး၊ ကျေးဇူးပြုပြီး ထွက်သွားပေးပါ” ဟန်ကျွယ် ယဉ်ယဉ်ကျေးကျေး ပြောနေတာက တန့်လုံကို နောက်ဆုတ်ဖို့ လမ်းပေးနေတာပါ။
တန့်လုံဟာ ဒီကအခြေအနေကို ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က တာအိုပညာရှိတွေ ကြည့်နေမယ်ဆိုတာကို သိပါတယ်။ ဒါကြောင့် တန့်လုံသာ ဒီအတိုင်း ထွက်သွားမယ်ဆိုရင် မျက်နှာထားစရာနေရာ ရှိတော့မှာ မဟုတ်ပါဘူး။
‘ငါ ဘာလုပ်သင့်လဲ’ တန်လုံဟာ ခေါင်းခြောက်အောင် စဉ်းစားရင်း မလှမ်းမကမ်းက လူသားမြို့တွေကို ကြည့်မိလိုက်ပါတယ် ‘လူသားမျိုးနွယ်စုက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နဲ့ ဒီလောက် နီးကပ်နေတာဆိုတော့ သူတို့တွေ တစ်နည်းနည်းနဲ့ ဆက်နွှယ်နေတာ ဖြစ်ရမယ်’
“လူသားမျိုးနွယ်စုနဲ့ ကျုပ်ကို ခြိမ်းခြောက်ချင်တာလား၊ ခင်ဗျား အဲဒီလိုလုပ်ရင် ရွမ်လိန့်ကျောင်းတော်က ရွမ်လိန့်ကျောင်းတော်လို့ ခေါ်နိုင်အုန်းပါ့မလား” ဒီအသံကို တန့်လုံတစ်ယောက်ပဲ ကြားလိုက်ရပါတယ်။
ဟန်ကျွယ်ရဲ့ စကားကြောင့် တန့်လုံရဲ့ မျက်နှာဟာ ပိုပိုရုပ်ဆိုးလာပါတယ်။
“နောက်မကျခင် ရပ်လိုက်တော့၊ မဟုတ်ရင် ထာဝရပျက်သုဉ်း ရလိမ့်မယ်”
ဟန်ကျွယ်က တန်လုံကို မကြောက်သလို လီမုယဲ့ကိုလည်း မကြောက်ပါဘူး။ လောလောဆယ်မှာ ရွမ်လိန့်ကျောင်းတော် တစ်ခုလုံးနဲ့ ပြဿနာမတက်ချင်တဲ့အတွက် ဒီလောက် သည်းခံနေတာပါ။
တန့်လုံဟာ ဟန်ကျွယ်ရဲ့ ဒီစကားကို ကြားလိုက်ရတာနဲ့ နှလုံးလှုပ်သွားပြီး ချက်ချင်း လှည့်ထွက်သွားပါတယ်။ တန့်လုံဟာ ဟန်ကျွယ်ကို မကျေနပ်ပေမဲ့ ဟန်ကျွယ် စကားတွေထဲမှာ အလိမ်အညာ မပါဘူးဆိုတာကို သိပါတယ်။
တန့်လုံ ထွက်သွားတဲ့အခါ ‌တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ ပြန်လည် အေးချမ်းသွားပါတယ်။
ဒီကိစ္စမှာ လီတောက်ခုံးနဲ့ လီရွှမ်အောက်ကလွဲရင် အသက်ရောက်ဆုံးလူတွေကို ပြပါဆိုရင် လူသားတွေကို ပြရပါလိမ့်မယ်။ တန့်လုံရဲ့ တာအိုဟောကြားမှုကို နားထောင်ပြီးနောက်မှာ လူသားတွေက တန့်လုံကို အရမ်းစွမ်းအားကြီးတဲ့ တန်ခိုးရှင်လို တွေးခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့အထင်ကြီးခဲ့တဲ့ တန်ခိုးရှင်က အင်မော်တယ်နယ်မြေထဲကို ခြေတစ်ဖဝါးတောင် မဝင်နိုင်ဘူးလို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပါဘူး။
‘အင်မော်တယ်နယ်မြေထဲမှာ ဘယ်လိုစွမ်းအားကြီးပုဂ္ဂိုလ်မျိုး ပုန်းအောင်းနေတာလဲ’
အနာဂတ်မှာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ လူသားမျိုးနွယ်စုရဲ့ ဒဏ္ဍာရီတစ်ခု ဖြစ်လာပါတယ်။
လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ ရွမ်လိန့်ကျောင်းတော်ရန်ကို မစိုးရိမ်ရတော့တဲ့အတွက် စိတ်အေးလက်အေး ဖြစ်သွားပြီး ကျင့်ကြံမှုကို အာရုံစိုက်ကြပါတယ်။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ချုံရှီလိုင်က ဟန်ကျွယ်ကို အိပ်မက်ပေးပါတယ်။ ချုံရှီလိုင် တရစပ် အိပ်မက်ပေးမှုကို မခံနိုင်တာကြောင့် ဟန်ကျွယ်ဟာ လက်ခံဖို့ ရွေးချယ်ဖို့လက်ခံရပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ဟာ ချုံရှီလိုင် ဘာပြောမလဲဆိုတာကို ကြားချင်ပါသေးတယ်။
အိပ်မက်ထဲမှာ ဟန်ကျွယ် ပေါ်လာတာနဲ့ ချုံရှီလိုင်က ပထမဆုံး မေးလိုက်ပါတယ် “မင်း လီတောက်ခုံးနဲ့ လီရွှမ်အောက်ကို လက်ခံလိုက်တာလား”
ဟန်ကျွယ်ဟာ ဒီမေးခွန်းအတွက် ပြင်ဆင်ပြီးပါပြီ “ကျွန်တော် သူတို့ကို လက်ခံတယ်ဆိုတာက ရွမ်လိန့်ကျောင်းတော်က သူတို့နှစ်ယောက်ကို ဂိုဏ်းထဲကနေ နှင်ထုတ်လိုက်လို့ပါ”
“မင်းက လီမုယဲ့ကို ရန်စလိုက်တာပဲ၊ အနာဂတ်မှာ မင်းအတွက်လွယ်မှာ မဟုတ်ဘူး၊ အဲဒီနှစ်ယောက်ကို ဗုဒ္ဓဂိုဏ်းဆီ ပို့လိုက်”
ချုံရှီလိုင်က လီတောက်ခုံးကို လိုချင်နေတာ ကြာပါပြီ။ တာအိုဂိုဏ်းရဲ့ တပည့်တွေထဲမှာ လီတောက်ခုံးက အရည်အချင်း အရှိဆုံးပါ။ လီတောက်ခုံးမှာ ပဋိပက္ခရုပ်ခန္ဓာ မရှိပေမဲ့ သူ့ရဲ့ သုံးသပ်နားလည်နိုင်စွမ်းအက အလွန်တရာမှ ထက်မြက်ပါတယ်။
“ဒါဆို ကျွန်တော် သူတို့ရဲ့ ဆန္ဒကို မေးကြည့်လိုက်ပါ့မယ်”
“သူတို့ကို ဗုဒ္ဓဂိုဏ်းဆီ တစ်ခါတည်း လွှတ်လိုက်”
“မဖြစ်နိုင်ပါဘူး”
ဟန်ကျွယ်ရဲ့ ငြင်းဆန်မှုကြောင့် အိပ်မက်တစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ချုံရှီလိုင်နဲ့ ဆက်ဆံရေး ပျက်ပြားမှာကို မကြောက်ပါဘူး။ တောင်းဆိုတိုင်းသာ လိုက်လျောမယ်ဆိုရင် နောင်တစ်ချိန်မှာ ချုံရှီလိုင်က မဖြစ်နိုင်တာတွေပါ တောင်းဆိုလာမှာ ကျိန်းသေပါတယ်။
“ဟန်ကျွယ်… ငါရဲ့ ကျေးဇူးကို မင်း မှတ်ထားသေးလား” ချုံရှိလိုင်ရဲ့ လေသံဟာ အေးစက်လာပါတယ်။
“မှတ်မိပါတယ်၊ အဲဒီကျေးဇူးကို ကျွန်တော် သေချာပေါက် ပြန်ဆပ်မှာပါ၊ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော် အေးအေးဆေးဆေးပဲ နေချင်တယ်၊ တိုက်ပွဲကြားထဲ ဝင်မပါချင်ဘူး၊ လီတောက်ခုံးက ကျွန်တော်အပေါ် ကျေးဇူးရှိတယ်၊ ဒါကြောင့် ကျွန်တော် သူ့ကို လက်မခံလို့ မရဘူး၊ ဒီအတိုင်းပဲ တစ်ချိန်ချိန်မှာ ဗုဒ္ဓဂိုဏ်း ပြဿနာတက်ခဲ့ရင်လည်း ကျွန်တော်က ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး”
ဟန်ကျွယ်က ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်တာပါ။ ဟန်ကျွယ်နဲ့ လီတောက်ခုံးက အဲဒီလောက်ကြီး ရေစက်မရှိပါဘူး။
ချုံရှီလိုင်ဟာ ဟန်ကျွယ်စကားရဲ့ ဆိုလိုရင်းကို နားလည်ပါတယ်။ ဒါပေမဲ့ တခြားတာအိုပညာရှိတွေ စောင့်ကြည့်နေတာ ဖြစ်တဲ့အတွက် ချုံရှီလိုင်ဟာ ဟန်ကျွယ်ကို အဝေးတွန်းမထုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချန်ကျောင်းတော်နဲ့ တခြားတာအိုပညာရှိတွေက ဟန်ကျွယ်ကို ခိုလှုံခွင့်ပေးမှာ ကျိန်းသေနေလို့ပါပဲ။
ဒီအချက်တွေအပြင် လက်ရှိဟန်ကျွယ်က မသိကိန်းတစ်ခုသာသာ မဟုတ်တော့ပါဘူး။ တိတ်ဆိတ်ဂိုဏ်း ပိုင်ဆိုင်ထားတဲ့ အင်အားက အင်မော်တယ်ကမ္ဘာကို ကိုင်လှုပ်နိုင်စွမ်း ရှိလာပါပြီ။
“မင်းစကားကို မမေ့နဲ့၊ ငါ ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိကို ဝိုင်းဖျောင်းဖျပေးမယ်၊ ဒီလိုမျိုးကိစ္စက ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ဖို့ ငါမျှော်လင့်တယ်”
“ကျေးဇူးပါပဲ၊ တာအိုပညာရှိ” ဟန်ကျွယ်ဟာ ချက်ချင်းပဲ ပြောလိုက်ပါတယ်။
[ချုံရှီလိုင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်ခွဲ။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ဂရုမစိုက်ပါဘူး။ တာအိုပညာရှိတွေရဲ့ ခံစားချက်က တည်ငြိမ်လွန်းတဲ့အတွက် မကြိုက်ဘူးဆိုကတည်းက ရန်သူလို့ ယူဆလို့ရပါတယ်။ ဒါပေမဲ့ ချုံရှီလိုင်ဟာ ဟန်ကျွယ်ကို အသုံးဝင်သေးတယ်လို့ ထင်တဲ့အတွက် ပေါ်တင်ကြီး ဘာမှမလုပ်တာပါ။
အိပ်မက်အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ရောက်တာနဲ့ ဆက်လက် ကျင့်ကြံပါတယ်။ ဘာပဲဖြစ်ဖြစ် တာအိုပညာရှိတွေဟာ အင်မော်တယ်ကမ္ဘာထဲ မဝင်နိုင်ပါဘူး။ ဝင်နိုင်ခဲ့ရင်တောင် ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းကို ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ချုံရှီလိုင်ရဲ့ သဘောထားကနေ လီတောက်ခုံးရဲ့ အရည်အချင်းက တာအိုပညာရှိ ဖြစ်နိုင်တယ်လို့ ဟန်ကျွယ် ကောက်ချက် ချလိုက်ပါတယ်။ ဒီကောက်ချက်ချမှုကြောင့် ဟန်ကျွယ်ဟာ နှလုံးခုန် မြန်လာပါတယ်။ ဒီအတိုင်းသာဆိုရင် တိတ်ဆိတ်ဂိုဏ်းထဲမှာ ဟန်ကျွယ်ကလွဲလို့ တာအိုပညာရှိဖြစ်ဖို့ အနီးကပ်ဆုံးလူက လီတောက်ခုံး ဖြစ်သွားမှာပါ။
ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်က ကျင့်ကြံအားထုတ်ရင်း တပည့်တွေကို ပြုစုပြိုးထောင်ဖို့ပါ။ ဒီလိုဆိုရင် နောင်တစ်ချိန်ချိန်မှာ ဘာပြဿနာတက်တက် ဟန်ကျွယ် ဝင်ပါစရာမလိုတော့ပါဘူး။ တပည့်တွေလက်ထဲ လွှဲထားလို့ရပါပြီ။
တန့်လုံ ထွက်သွားပြီးနောက် ရွမ်လိန့်ကျောင်းတော်က နောက်ထပ် ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်ကိုမှ ထပ်မလွှတ်တော့ပါဘူး။ ကြည့်ရတာ သူတို့တွေ လက်လျှော့သွားပုံပါပဲ။
တိတ်ဆိတ်ဂိုဏ်းရဲ့ နှစ်တစ်ရာပြိုင်ပွဲဟာ ထပ်မံရောက်ရှိလာပါတယ်။ ဒီတစ်ခါမှာတော့ လီတောက်ခုံးနဲ့ လီရွှမ်အောက်လည်း ဝင်ပြိုင်ပါတယ်။
အများသူငါ မျှော်လင့်ထားတဲ့အတိုင်း လီတောက်ခုံးက ပထမချိတ်ပြီး လီရွှမ်အောက်နဲ့ တာအိုအရှင်သခင်က ဒုတိယနေရာကို ပူးတွဲရသွားပါတယ်။ သူတို့နောက်မှာတော့ ကျောက်ရွှမ်ယွမ်က တတိယ၊ ကျိုးဖန်က စတုတ္ထနဲ့ လီယောင်က ပဥ္စမနေရာကို ယူထားပါတယ်။ အဲဒီနောက်ပိုင်း အဆင့်တွေကတော့ သိပ်ပြောင်းလဲခြင်း မရှိပါဘူး။
ဒါပေမဲ့ ဒီကိစ္စက တခြားတပည့်တွေကို လှုပ်နိုးလိုက်သလို ဖြစ်သွားပါတယ် ‘အနာဂတ်မှာ နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဂိုဏ်းထဲဝင်လာအုန်းမှာလား’
တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ ရွယ်တူချင်းကို ကျော်တက်နိုင်တယ်လို့ ယုံကြည်ချက် ရှိပေမဲ့ နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်ခဲ့တဲ့ စွမ်အားကြီးပုဂ္ဂိုလ်တွေကို ယှဉ်နိုင်လိမ့်မယ်လို့တော့ ယုံကြည်ချက် မရှိပါဘူး။
ဒါကြောင့် အချိန်တစ်ခုအထိ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ကျားကုတ်ကျားခဲ ကြိုးစား ကျင့်ကြံကြပါတော့တယ်။
လီတောက်ခုံးဟာ သူ့ကိုယ်သူ ပထမရလို့ ဂုဏ်မယူပါဘူး။ လီတောက်ခုံးကို ဟန်ကျွယ်ကို ထပ်မံစိန်ခေါ်ပေမဲ့ တစ်ချက်တည်းနဲ့ ပွဲသိမ်းခံလိုက်ရတဲ့အတွက် တာအိုနှလုံးသား ပြိုကွဲလုနီး ဖြစ်သွားပါတယ်။
ဒီတိုက်ပွဲအပြီးမှာ ဟန်ကျွယ်က တာအိုပညာရှိအတု မဟုတ်ဘူးလို့ လီတောက်ခုံးက သံသယဝင်သွားပါတယ်။ စွမ်းအားချင်းက မိုးနဲမြေလို ကွားခြားလွန်းနေတယ် မဟုတ်ပါလား။
ဒီလိုနဲ့ နှစ် ၈၀၀ ကုန်ဆုံးသွားပါတယ်။
ဒီနေ့မှာတော့ ကောင်းကင်ပြင်ဟာ ရုတ်တရက် ခရမ်း‌ရောင် ပြောင်းသွားပြီး ရှုမငြီးတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မော့ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ရဲ့ အကြည့်က တာအိုဘုံကျောင်းကို ဖြတ်ပြီး ကောင်းကင်ယံဆီ ရောက်သွားပါတယ်။
ဟန်ကျွယ်ရဲ့ စိတ်ထဲမှာလည်း အားကောင်းတဲ့ လေးလံမှုတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒီခံစားချက်ကို ဟန်ကျွယ် မခံစားရတာ အတော်ကြာခဲ့ပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset