Switch Mode

Chapter – 28

တိုက်ခိုက်ရေး အတွေ့အကြုံ

Chapter – 28 တိုက်ခိုက်ရေး အတွေ့အကြုံ

“မုန်တိုင်းလာနေပြီ..” ချူဖုန်း ရေရွတ်လိုက်သည်။ ပြတင်းပေါက်လေးမှ အပြင်ဘက်ရှိ မှောင်မဲနေသော လောကကြီးကို ကြည့်လိုက်သည်။ တစ်ခါတစ်ရံ ညကောင်းကင်ကို ဖြတ်၍ ကြယ်များကြွေကျသွားသည့်မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

သူတို့ကို ငွေတောင်ပံ၊ ခုန်းဂင်၊ မီးဝိညာဉ်နှင့် ကျားဖြူကဲ့သို့ စွမ်းအားကြီးစေနိုင်သည့် အသီးပေါ်လာမည်ဖြစ်သောကြောင့် ဆင့်ကဲပြောင်းလဲပြီးသူများမှာ သေချာပေါက် ဤနေရာသို့ ရောက်လာကြမည်ပင်။ ဤအသီးကို မည်သူကများ မလိုချင်ပဲ နေမည်နည်း..

စွမ်းအားကြီးသည့် သန္ဓေပြောင်းလူများ တိုင်ဟန်းတောင်တန်းသို့ ရောက်လာရန် သိပ်မလိုတော့။

သန္ဓေပြောင်းလူများ တစ်ဦးနှင့်တစ်ဦး တွေ့သည်နှင့် တိုက်ခိုက်မှုများ သေချာပေါက် ရှိလာမည်ပင်။ အချို့လူများမှာ တိုက်ပွဲတစ်ပွဲနိုင်ရုံဖြင့် ဂုဏ်သတင်းကျော်စောသွားနိုင်သည်။ အချို့သူများသည်လည်း ကြယ်ကြွေသကဲ့သို့ ပျောက်ကွယ်သွားလိမ့်မည်။ သူတို့ တစ်ကြိမ်တစ်ခါက ရရှိခဲ့သည့် အဆင့်လွန်စွမ်းအားများလည်း တောနက်ထဲ၌ ပျောက်ကွယ်သွားလိမ့်မည်။

အကျဉ်းချုပ်ရမည်ဆိုလျှင် မုန်တိုင်းကြီး ဝင်ရောက်လာတော့မည်ဖြစ်သည်။

“လင်းနွိုင်လည်း ဒါကြောင့်လာတာလား..” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သိပ်မကြာခင် ဤနေရာ၌ ရှုပ်ထွေးလာတော့မည်။ လူများသည် တောတောင်များထဲမှ သားရဲများနှင့် ငှက်ကိုသာမက ဂုဏ်သတင်းကျော်စောချင်သည့် စွမ်းအားကြီး သန္ဓေပြောင်းလူများကိုလည်း ကြောက်ကြရတော့မည်။

ဒိမ်ဒီဇီဝ‌ဆေးဝါးလုပ်ငန်းစုသည် သူ့သက်ဆိုင်ရာနယ်ပယ်နှင့် လုပ်ငန်းခွင်တွင် အင်အားကြီးမားကြောင်း သူသိသည်။ ယခုဆိုလျှင် ငွေအတောင်ပံကို သူတို့လုပ်ငန်းစုအောက်ထည့်လိုက်သည့်အတွက် ငွေတောင်ပံမှာ ပို၍ ပြိုင်ဘက်ကင်းသွားပြီဖြစ်ပြီး သူ့ကို စိန်ခေါ်နိုင်ရန် ပိုခက်ခဲသွားပြီဖြစ်သည်။

အနီးနားရှိ မြို့တစ်မြို့တွင်…

ယဲ့ကဲ မျက်နှာ မှောင်မည်းနေသည်။ သူ့အထက်လူက သူ့ကြောင့် တိုင်ဟန်တောင်တန်းရှိ သစ်ပင်၏လျှို့ဝှက်ချက်ကို အပြင်ပေါက်ကြားစေကာ အပြင်လောကသိသွားရသည်ဟု စွပ်စွဲလိုက်သည်ပင်။

ချင်းယွီကျူလည်း ပျော်ရွှင်ပုံ ပေါက်မနေပေ။ သူမမျက်နှာပေါ်၌ အမြဲတစေရှိနေတတ်သည့် အပြုံးပင် မရှိတော့။ အဖွဲ့၏ ဒုခေါင်းဆောင်တစ်ယောက်အနေဖြင့် သူမလည်း ဤမတော်တဆမှုကို တာဝန်ယူရမည်ပင်။

ဒိမ်ဒီဆေးဝါးအုပ်စုသည် ယခင်ကတည်းက တိုင်ဟန်းတောင်တန်းကို စောင့်ကြည့်နေခဲ့ခြင်းပင်။ သူတို့ထံမှ အတော်ဆုံးတိုက်ခိုက်သူများကို စေလွှတ်ကာ ထိုအပင်၏ တည်နေရာကို ရှာဖွေနေခဲ့ကြသည်ပင်။

သို့သော် လူသားတို့၏အစီအစဉ်ကို နတ်ဘုရားတို့က ရယ်မောလေသည်။ သူတို့ ဘာမှမလုပ်ရသေးခင် ဤလျှို့ဝှက်ချက် ပေါက်ကြားသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ဤကဲ့သို့ ပေါက်ကြားသွားသောကြောင့် သူတို့၏ကနဦး အားသာချက်မှာ သူတို့နှင့် ဝေးသထက် ဝေးသွားလေပြီ။ သန္ဓေပြောင်းလူများမှာ အသီးအတွက် တိုက်ခိုက်လာကြတော့မည်။

ထို့ကြောင့် အထက်ပိုင်းရှိ လူကြီးများအားလုံး ဒေါသထွက် ပေါက်ကွဲနေကြပြီဖြစ်သည်။

ကျွောကျွင်း သူ့ဖုန်းကို တင်းတင်းဆုတ်ကိုင်ထားပြီး ဖုန်းမျက်နှာပြင်ကို ဒေါသတကြီး ကြည့်လိုက်သည်။ ဖုန်းဝင်လာသည်နှင့် တန်းကိုင်လိုက်ကာ တစ်ဖက်လူကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ကျွောကျွင်း တော်တော့..” ယဲ့ကဲ အော်ဟစ်လိုက်သည်။ ပုံမှန်ဆိုလျှင် သူသည် အေးဆေးငြိမ်သက်သူပင်။ သို့သော် ယနေ့ကတော့ ပုံမှန်နေ့မဟုတ်။ “မင်းကိုတစ်ယောက်ယောက်က အတိတ်မေ့အောင် လုပ်လိုက်တာ .. အဲဒီတော့ မင်းအတိတ်မမေ့ခင်က ငါတို့ရဲ့သတင်းအချက်အလက်တွေကို အဲဒီလူကို ပြောလိုက်သေးလား..” သူ ဆူပူလိုက်သည်။

ကျွောကျွင်းသည် အံ့အားသင့်လွန်း၍ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖပ်ဖြူလျော်ဖြစ်လာသည်။ သူ အသည်းအသန် ခေါင်းခါပြသည်။ ယခုလိုမျိုး စွပ်စွဲချက်ကို သူ ဝန်မခံရဲ။ သူ့အတွက် ကောင်းကျိုးရှိမည် မဟုတ်ပေ။

“မဖြစ်နိုင်တာ .. ကျွန်တော်က လွယ်လွယ်ဒူးထောက်တတ်တဲ့ သူရဲဘောကြောင်တဲ့ကောင်မဟုတ်ဘူး .. ကျွန်တော်က အသေအကြေတိုက်ခိုက်ရင်း အခုလိုမျိုး ဖြစ်သွားတာ .. ကျွန်တော်က ဘယ်လိုလုပ် ကုမ္ပဏီကို သစ္စာဖောက်မှာလဲ..” ကျွောကျွင်း မတ်တပ်ရပ်ကာ အော်ဟစ်လာသည်။

“ကျွန်တော်တို့ဆီကနေ သတင်းပေါက်ကြားသွားတာ မဖြစ်နိုင်ဘူး .. တစ်ခြားနှစ်ဖွဲ့ ကျွန်တော်တို့ လျှို့ဝှက်ချက်တွေကို ထုတ်ပြောလိုက်တာထင်တယ်” အခန်းထဲမှ အခြားသန္ဓေပြောင်းသူတစ်ဦး ပြောလိုက်သည်။

အဖွဲ့အားလုံး ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုလက်အောက်မှ အဖွဲ့ဝင်များဖြစ်ကြသော်လည်း သူတို့ကြားမှ ယှဉ်ပြိုင်မှုမှာ ပြင်းထန်လှသည်။

“ဘောဓိဇီဝမျိုးရိုးဗီဇလိုမျိုး ကျွန်မတို့ရဲ့ ပြိုင်ဘက်က လုပ်တာလည်း ဖြစ်နိုင်တယ် … သူတို့လူတွေလည်း တိုင်ဟန်းတောင်ကို လာသွားတယ်..” ချင်းယွီကျူ ပြောလိုက်သည်။

ဘောဓိဇီဝမျိုးရိုးဗီဇသည်လည်း ဆေးဝါးကို အဓိကထားလုပ်နေသည်ပင်။ ဒိမ်ဒီဇီဝဆေးဝါးအုပ်စုကဲ့သို့ သူတို့လည်း ဤနယ်ပယ်၌ ထိပ်တန်းအဆင့် ရှိသည်။

ဤကုမ္ပဏီ စတင်ဖြစ်ပေါ်လာပုံမှာ လျှို့ဝှက်ဆန်းကြယ်နေသည်။ သူတို့သည် ဘုန်းကြီးအို အယောက်တစ်ရာကျော်နှင့် ဇီဝဆေးဝါးနယ်ပယ်မှ ထိပ်တန်းပညာရှင်များကို ဖိတ်ခေါ်ခဲ့သည်ဟု ပြောကြသည်။

သူတို့သည် ခေတ်ရှေ့ပြေးသော စက်ကိရိယာများကို အသုံးပြုကာ ဘုန်းကြီးများအား နည်းလမ်းပေါင်းစုံဖြင့် စမ်းသပ်ခဲ့ကြသည်။

နောက်ပိုင်း ကုမ္ပဏီသည် တစ်ဖြည်းဖြည်း ကျယ်ပြန့်လာပြီး ဤခေတ်လွန်ကာလတွင် ပို၍ပို၍ နာမည်ကြီးလာသည်။

“ဒီလူတွေ အတင့်ရဲပြီး ငါတို့ပိုင်တဲ့မြေပေါ် နင်းရဲလိမ့်မယ်လို့ ထင်မထားမိဘူး..” သန္ဓေပြောင်းလူတစ်ဦးမှ ပြောလိုက်သည်။

“သူတို့က ငါတို့တွေဒီမှာ အသာစီးရနေတာ သိသွားလို့ ကိစ္စတွေ ရှုပ်ထွေးသွားအောင် အပြင်ဘက်ကို သတင်းလွှင့်လိုက်တာ နေမယ်..” ချင်းယွီကျူ ပြောလိုက်သည်။

အခြားသန္ဓေပြောင်းလူများ မျက်မှောင်ကြုတ်လိုက်ကြသည်။ ဘောဓီမျိုးရိုးဗီဇလည်း ဤအသီးကို လိုချင်နေသည်ဆိုလျှင် ဤအုပ်စုသည် သူတို့အတွက် ကြီးမားသည့်ပြိုင်ဘက်ဖြစ်လိမ့်မည်။ သူတို့ထံတွင်လည်း ခုန်းဂင်ကဲ့သို့သော ပြိုင်စံရှားစွမ်းအားရှင်များ ခေါ်ထားပြီဖြစ်သည်။ ဤလူသည် ငွေတောင်ပံနှင့် ယှဉ်နိုင်သည့်သူပင်။

“ဒီကိစ္စတွေကို အမှုဆောင်တွေပဲ လက်လွှဲထားလိုက် … ငါတို့အခု ငါတို့တာဝန်ကျတဲ့ ပြဿနာတွေကိုပဲ‌ ဖြေရှင်းဖို့လိုတာ” ယဲ့ကဲ စိတ်တည်ငြိမ်သွားပြီဖြစ်သည်။

မကြာခင်တွင် ဤတောင်တန်းမှာ ငရဲမြေအဖြစ် ပြောင်းလဲတော့မည်ကို သူတို့အားလုံး သိကြသည်ပင်။

ချင်းရန်ကျေးရွာရှိ ခြံထဲတွင်…

လေများတိုက်ခတ်ကာ မိုးခြိမ်းသံများ ထွက်ပေါ်နေသည်။ ဤသည်မှာ သဘာဝအတိုင်း ဖြစ်လာသည့်အသံများမဟုတ်ပဲ လူတစ်ယောက် လက်သီးဝှေ့ယမ်းခြင်းကြောင့် ဖြစ်လာသည့် အသံများပင်။ ချူဖုန်း လက်ဝေ့ထိုးလေ့ကျင့်နေခြင်းပင်။ သူ၏လှုပ်ရှားမှုများမှာ ပို၍ လျှို့ဝှက်နက်နဲလာကာ သူ့လက်သီးကို ထူးဆန်းသည့်အားအလွှာတစ်ခု ဝန်းရံထားသည်။

သူ လက်သီးဝေ့လိုက်သည်နှင့် ပွင့်ချက်နှင့် အရွက်များ ကြွေကျလာသည်။

နောက်ဆုံးတွင် ညင်သာသော အော်သံတစ်သံနှင့်အတူ သူ့နှာခေါင်းနှင့် ပါးစပ်မှ အဖြူရောင်အခိုးအငွေ့များ ထွက်လာသည်။ ထိုအငွေ့သည် ခြံထဲသို့ ဝေ့ဝဲသွားပြီးနောက် သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်လာလေသည်။

သူ နွားနတ်ဆိုး၏ ရှစ်ခုမြောက်ပုံစံကို တတ်မြောက်သွားလေပြီ…

နွားဝါလေးပင်လျှင် ချူဖုန်း၏တိုးတက်မှုနှုန်းကို အံ့အားသင့်နေရသည်။

သို့သော် ထိုနေ့မှစကာ သူ့တိုးတက်မှု ရပ်တန့်သွားလေပြီ။ သူ နှစ်ရက်ဆက်တိုက် လေ့ကျင့်နေခဲ့သော်လည်း သူ ကျွမ်းကျင်ရန် အတော်လိုသေးသည်။ ဤနောက်ဆုံးပုံစံမှာ အနည်းငယ်ထူးခြားနေသည်။ သူ၏စည်းချက်များမှာ ပထမတစ်ခုနှင့် လုံးဝမတူတော့။

သူ လေ့ကျင့်ခြင်းကို ရပ်လိုက်ပြီး အနားယူလိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲသို့ဝင်ကာ သူ ရရှိထားသည့်တိုးတက်မှုကို ဂုဏ်ပြုရန်အတွက် စတင်ပြင်ဆင်လိုက်သည်။

သို့သော် ရေခဲသေတ္တာမှာ အလွတ်ဖြစ်နေလေပြီ။ အခဲခန်းထဲ၌ အမဲသားတစ်တုံးသာ ရှိတော့သည်။ နွားပေါက်သာ ဤအမဲသားကို မြင်သွားလျှင် သူ့ကို ဒေါသထွက်သွားလိမ့်မည်။

“အခု ငါ တိုင်ဟန်းတောင်တန်းထဲကို စွန့်စားခရီးထွက်ဖို့ အချိန်တန်ပြီထင်တယ်..” ချူဖုန်း ဆုံးဖြတ်ချက် ချလိုက်သည်။

ယခုအချိန်တွင် အနီးအနားမှ ရွာများကြောင့် ဈေးဝယ်စင်တာမှာ ပြောင်သလင်းခါနေပြီဖြစ်သည်။ အသားကို ရှာတွေ့ရန်မှာ မဖြစ်နိုင်။

သူ့အိမ်၌ ဆန်အိတ်နှင့် စပါးအိတ်အနည်းငယ် ရှိသော်လည်း ဤအစားအစာများမှာ သူ့အာဟာရလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်။ သူ အသားလိုအပ်သည်။

“နွားဝါလေး .. ငါတို့ တောင်တွေထဲ သွားရအောင်..” ချူဖုန်း အော်ပြောလိုက်သည်။

သူသာ တောထဲ၌ လှည့်လှည်သွားလာမည်ဆိုလျှင် နွားဝါလေးမှာ မရှိမဖြစ်လိုအပ်သည့် အဖော်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤတောင်တန်းများထဲမှ ထွက်လာခြင်းဖြစ်သောကြောင့် အားလုံးထက် ဤတောင်တန်းအကြောင်း ပိုသိမည်ပင်။

နွားဝါ နှေးတိနှေးတုံ့ပင် လမ်းလျှောက်လာလေ၏။ အပျင်းကြီးမှုက သူ့အသွေးအသားကို တိုက်စားသွားပြီဖြစ်ပြီး သူ့ခြေလက်များကိုပင် မသယ်ချင်တော့။

“ဝက်သားကုန်သွားပြီ .. ကြက်ဆင်လည်း ကုန်သွားပြီ .. ငါထင်တာတော့ ဒီနေ့ကစပြီး မင်း မြက်တွေပဲ စားရတော့မယ်ထင်တယ် .. မင်း ငါနဲ့မလိုက်ချင်ဘူးဆိုရင်လည်း အိမ်စောင့်လုပ်ပေါ့..” ချူဖုန်း ခြိမ်းခြောက်လိုက်သည်။

ချူဖုန်း၏ ခြိမ်းခြောက်မှုမှာ အလုပ်ဖြစ်သည်။ နွားဝါလေးမှာ ချက်ချင်းပင် အိပ်ရာထဲမှ အသည်းအသန် ထလာလေ၏။ အသားမပါသည့် အစားအစာကို သူ မတွေးဝံ့။

နောက်ဆုံးတွင်တော့ သူ ချူဖုန်းနှင့်အတူသွားရန် သဘောတူလိုက်သည်။

တိုင်ဟန်းတောင်တန်းသည် မိုးကုပ်စက်ဝိုင်းတစ်လျှောက် ရှည်လျားနေပြီး အဝေးမှကြည့်လျှင် တောင်ထိပ်များက လှိုင်းတွန့်သဖွယ် ဖြစ်နေသည်။

ချုဖုန်းတို့နှစ်ဦး အရှေ့ဘက်မှ စထွက်လာခဲ့ကြသည်။ သူတို့ သစ်ခွခြံကြီးကို ဖြတ်ကာ တောင်တန်းအတွင်း ဝင်သွားလိုက်သည်။

ဤနေရာ၌ သားရိုင်းကောင်များစွာ ရှိနေသည်။ ဥပဒေအရ ဒေသခံများ ဤနေရာ၌ အမဲလိုက်ခွင့်မရှိ။

တောင်တန်းကြီးသည် ရှေးသတ္တဝါများဖြစ်သည့် ကျားသစ်၊ သမင်၊ ဒရယ်၊ မျောက်နှင့် အခြားသတ္တဝါတို့ကျက်စားရာနေရာများပင်။

သူတို့အမြန်နှုန်းကြောင့် သူတို့ တောင်တန်းထဲသို့ရောက်ရန် သိပ်မကြာလိုက်။

ထူးဆန်းသည့်အသီးများ ရှိမလားဟု ချူဖုန်း လမ်းတစ်လျှောက်ရှိ သစ်ပင်နှင့် ချုံပုတ်အားလုံးကို စစ်ဆေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာမှာ လူလာနည်းသည့်နေရာပင်။

ဝမ်းနည်းစွာဖြင့် သူ ဘာမှမတွေ့ခဲ့။

“ခဏ .. မင်း ဘယ်သွားနေတာလဲ .. အဲဒီနေရာက အန္တရာယ်များတယ်..” ချူဖုန်း သွားနေရာမှ ရုတ်တရက် ရပ်တန့်လိုက်သည်။

နွားဝါသည် အဝေးရှိ တောင်အမြင့်စီ ပြေးသွားလိုက်သည်။ ထိုနေရာမှာ မြူခိုးများ ရစ်သိုင်းနေပြီး သားရဲကောင်များ၏အော်သံများ ထွက်နေရာ နေရာပင်ဖြစ်သည်။ ရံဖန်ရံခါ မြူခိုးများကြား၌ ပျံဝဲနေသည့် ငှက်ကြီးများကိုပင် မြင်နိုင်သည်။

နွားဝါသည် ထိုနေရာ၌ ရပ်နေပြီးနောက် ချူဖုန်းကို ထိုနေရာသွားရန် အချက်ပြလိုက်သည်။

“အဲဒီနေရာက အန္တရာယ်များတယ် .. အဲဒီနေရာမှာ ရက်စက်တဲ့သတ္တဝါတွေ အများကြီး ရှိတယ်..” ချူဖုန်းအမူအရာ ပြောင်းလဲသွားသည်။

ထိုတောင်အမြင့်ကို ကြည့်လိုက်သည်နှင့် ဤတောင်သည် မူလတိုင်ဟန်းတောင် မဟုတ်ကြောင်း သိနိုင်သည်။ ဤသည်မှာ နောက်မှပေါ်လာသည့်တောင်တစ်လုံးပင်။

ဤတောင်သည် အလွန်ပင် မြင့်မားလှသည်။ ဧဝရတ်တောင်နှင့် ဟိမဝန္တာတောင်တို့ပင် ဤတောင်နှင့်ယှဉ်လျှင် သေးငယ်သွားလိမ့်မည်။ ဤတောင်သည် တိမ်များကိုပင် ထိုးဖောက်သွားသောကြောင့် မီတာပေါင်း သောင်းချီမြင့်လိမ့်မည်။

ရှေးခေတ်သစ်ပင်ကြီးများ မိုးထိုးနေကာ နွယ်ပင်များသည်လည်း တစ်ပင်တစ်ပင်စာရှိသည်။ ကျားဟိန်းသံ ထွက်ပေါ်လာသည်နှင့် လူဝံ၏အော်သံများ ထွက်ပေါ်လာသည်။

ချူဖုန်း ထိုတောင်၏အဝေး၌ ရပ်နေသော်လည်း သေခြင်းတရားနှင့် ပျက်စီးခြင်းတရားတို့ကို ခံစားနေရသည်။

‘တိုက်ခိုက်ရေး အတွေ့အကြုံ’ စိုစွတ်နေသည့် မြေပြင်ပေါ်၌ နွားဝါ ထိုစာလုံးနှစ်လုံး ရေးလိုက်သည်။ ဤသည်မှာ သူ ချူဖုန်းကို ဤနေရာသို့ ခေါ်လာရသည့် အကြောင်းရင်းပင်။ ချူဖုန်း လက်ရှိရင်ဆိုင်နေရသည့် ပြဿနာမှာ တိုက်ပွဲအတွေ့အကြုံအစစ် မရှိသောကြောင့်ပင်။

ချူဖုန်းအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ ထိုသားရဲကောင်းများ၏ အနားသို့သွားရန် တစ်ခါမှ မစဉ်းစားဖူး။

“မူး…” နွားဝါ လောဆော်လာသည်။

“အေးပါ အေးပါ .. ဒီတစ်ခေါက်တော့ မင်းစကားနားထောင်လိုက်မယ်..” ချူဖုန်း အံကြိတ်ကာ စိန်ခေါ်မှုကို လက်ခံလိုက်သည်။ နွားဝါ သူ့ကို ဒုက္ခရောက်အောင် လုပ်မည်မဟုတ်မှန်း သူသိသည်။ ထို့အပြင် သူ၏အကြံပေးချက်မှာ ကျိုးကြောင်းဆီလျော်သည်။ နွားနတ်ဆိုးလက်ဝှေ့ပညာအားလုံးကို တတ်မြောက်တော့မည်ဟု စဉ်းစားမိလိုက်သည်နှင့် သူ မတွေဝေတော့။

နွားနတ်ဆိုးလက်ဝေ့ပညာမှာ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့်ပတ်ဝန်းကျင်မှလာခြင်း ဖြစ်လိမ့်မည်။

နောက်ဆုံးတွင် သူတို့ တောင်၏ ကိုယ်ထည်ပိုင်းသို့ သွားလိုက်ကြသည်။ တောင်တန်းမှာ ကျယ်ပြောကာ အဆုံးမရှိသည့်အတွက် ချူဖုန်းမှာ အဆုံးမရှိကျယ်ပြောသော ကုန်းပြင်မြင့်တစ်ခု၏အစွန်းပေါ် ရောက်နေသလို ခံစားလိုက်ရသည်။

ပန်းပင်များမှာ စိမ်းစိုနေသော်လည်း အားလုံးမှာ ရှေးဟောင်းအပင်များပင်။

“သူတို့ ထွက်လာလို့မရပေမယ့် ငါသွားလို့ရတာလား..” ချူဖုန်း မေးလိုက်သည်။

နွားဝါလေး ခေါင်းငြိမ့်ကာ အတည်ပြုပေးလာသည်။

“ပြီးရင် ငါပြန်ထွက်လာလို့ရလား..” ချူဖုန်း သံသယဝင်မိသည်။

နွားဝါ ထပ်ပြီး ခေါင်းညိမ့်လိုက်သည်။ ထိုထဲမှ သားရဲနှင့် ငှက်များ၏ သတ်ဖြတ်ခြင်းကို မခံရသရွေ့ သူ လာသည့်လမ်းအတိုင်း ပြန်ထွက်လာနိုင်ကြောင်း ပြောလိုက်သည်။

ချူဖုန်း တွေဝေနေမိသည်။ ဤကိစ္စ၏သဘောတရားကို နားမလည်သော်လည်း နွားဝါလေးက သူ့ကို ဘာမှထပ်မပြောပြတော့။

တောင်နှင့် အတော်လေး ဝေးနေသေးသော်လည်း သူ တစ်ခါမှ မကြားဖူးသည့် သားရဲများကို မြင်နေရပြီဖြစ်သည်။ အချို့အကောင်များသည် ခြင်္သေ့ခန္ဓာကိုယ်ရှိသော်လည်း ကျောရိုးထက်၌ ဆူးချွန်များရှိနေကာ အနည်းဆုံး ၁၀ မီတာမြင့်သည်။

ချူဖုန်း တံတွေးကို ခက်ခက်ခဲခဲဖြင့် မြိုချလိုက်ရသည်။ “ငါက ဒီတောရိုင်းမိစ္ဆာကောင်ရဲ့ ပြိုင်ဘက်ရော ဟုတ်လို့လား..”

နွားဝါက သူ တောထဲရောက်လျှင် မတိုက်ခိုက်ရန် ပြောလိုက်သည်။ အရေးအကြီးဆုံးမှာ အသက်ရှင်နေဖို့ပင်။ လုံခြုံဘေးကင်းအောင် လုပ်ပြီးမှ သူနှင့်သင့်တော်သည့် ပြိုင်ဘက်များနှင့် တိုက်ခိုက်ရမည်ပင်။

နောက်ဆုံးတွင်တော့ ချူဖုန်းတောင်နယ်နမိတ်ကိုကျော်ကာ သူ မသိသည့်လောကကြီးထဲသို့ ဝင်သွားလိုက်သည်။

နွားဝါသည် သူ့ကိုသင်ပေးထားသည့် လက်ဝေ့ပုံစံအတိုင်း လမ်းလျှောက်ရန် ပြောလာသည်။ သူ့ကြွက်သားများကို တင်းနေအောင် လုပ်ထားကာ သူ့အသက်ရှူသံကို ထိန်းထားရမည်ဟု ပြောလာလေသည်။

ချူဖုန်း သူ့အမိန့်ကိုနာခံကာ ရပ်နေရာမှ အလျင်အမြန် ထွက်လာလိုက်သည်။

ဘုန်း…

ထင်ထားသည့်အတိုင်းပင် တောအုပ်မှာ အန္တရာယ်များနှင့် ပြည့်နှက်နေသည်။ အဝေးရှိ သစ်ပင်များ လှုပ်ခါသွားပြီး သူ ရပ်နေခဲ့သည့်နေရာသို့ အိမ်တစ်လုံးအရွယ်အစားရှိသည့် ကျားသစ်တစ်ကောင် ခုန်အုပ်လာလေသည်။ ထိုကျားသစ်တွင် ဦးချိုတစ်စုံလည်း ရှိနေလေသည်။

အဝေးရှိ ချုံပုတ်ထဲ၌ ပုန်းနေသည့် ချူဖုန်း ဤမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်ပင်။ ထိုမြင်ကွင်းကိုကြည့်ပြီး သူ ကျောချမ်းသွားရသည်။

သူ သင်ယူစရာ အများကြီးရှိသေးသည်ဟု ချူဖုန်း ခံစားလိုက်ရသည်။ ဤတောင်သည် လူတစ်ယောက်၏ စွမ်းရည်နှင့် အသက်ရှင်နိုင်ရေးကို မြှင့်တင်ပေးနိုင်သည့် နေရာတစ်ခုပင်။ သူသာ ဤတောင်မှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှသာ သူ လေ့ကျင့်ထားသည့် ပညာများကို ကျွမ်းကျင်သွားလိမ့်မည်။

ချူဖုန်း နွားဝါလေး၏အကြံကို မဆန့်ကျင်တော့။ ဤအဖိုးမဖြတ်နိုင်သည့် လေ့ကျင့်ရေးကို သူ့စိတ်ဝိညာဉ်တစ်ခုလုံးဖြင့် နှစ်မြှုပ်ထားလိုက်သည်။ သူ အင်အားကြီးသည့်သူ ဖြစ်ချင်သည်။

သူ တောအုပ်ထဲ လျှောက်သွားရင်း ရုတ်တရက် လက်သီးအရွယ်အစားရှိသည့် ပင့်ကူတစ်ကောင် သူ့ရှေ့ ရုတ်တရက် ရောက်လာသည်။

ဖုန်း..

စက္ကန့်မဆိုင်းပဲ သူ ထိုသောက်ပင့်ကူကို လက်သီးဖြင့် ထိုးချလိုက်သည်။ ထိုသို့ထိုးလိုက်သည်နှင့် သွေးများ ပန်းထွက်လာသည်ပင်။

သူ အဆိပ်ထိသွားမည်စိုး၍ သူ့လက်သီးကို စစ်ဆေးကြည့်လိုက်သည်။

နွားဝါ ခေါင်းခါပြလိုက်၏။ ဤသည်မှာ သူ စိုးရိမ်စရာမလိုကြောင်း၊ ထိုနွားနတ်ဆိုးလက်ဝှေ့ပညာမှာ သူထင်ထားသည်ထက်ပို၍ စွမ်းအားကြီးကြောင်း ပြောလိုက်ခြင်းပင်။

လမ်းတစ်လျှောက် သူ သားရဲများစွာကို တွေ့ခဲ့ရသည်။ တစ်နေရာတွင် သူသည် မီတာနှစ်ဆယ်ခန့်ရှိသည့် ငှက်တစ်ကောင်၏ ဝါးမြိုခြင်းကို ခံရတော့မလိုပင်။

ထိုငှက်တွင် မီးတောက်နေသည့် ခန္ဓာကိုယ်ရှိနေသည်။ ချူဖုန်းကို လိုက်ဖမ်းရင်းဖြင့် သူ ကျောက်ဆောင်တစ်ခုနှင့် ဝင်တိုက်မိသွားသည်။ ထိုသို့ဝင်တိုက်မိသည်နှင့် ထိုကျောက်ဆောင်မှာ ချက်ချင်းပင် အရည်ပျော်သွားလေသည်။

ချူဖုန်း ထိုငှက်နှင့် ထိပ်တိုက်မရင်ဆိုင်။ တောနက်ထဲသို့ ဝင်သွားကာ ထိုငှက်မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ထူးဆန်းစွာ တိတ်ဆိတ်နေသည့် နေရာတစ်ခုကို ဖြတ်သန်းသွားရသည့်အချိန်တွင် ဤနေရာ၌ ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင် သူ့အပေါ် အချိန်မရွေး ခုန်အုပ်လာနိုင်ကြောင်း သူ့မသိစိတ်မှ ပြောနေသည်။

ဤနေရာသည် ကြောက်မက်ဖွယ်ကောင်းသည့် တောရိုင်းကောင်များ၏အသိုက်ဖြစ်လောက်သည်။ ထို့ကြောင့်သာ အခြားသားရဲကောင်များ မလာရဲခြင်းပင်။

သို့သော် နွားဝါကတော့ ရှေ့ဆက်လျှောက်သွားနေသည်။

ရုတ်တရက် သူမြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့ဆံပင်မွေးများပင် ထောင်ထသွားရသည်။ တစ်ကိုယ်လုံး အဖြူရောင်အမွေးများရှိနေသည့် ကျားဖြူတစ်ကောင်ကို သူမြင်လိုက်ရသည်။ သူ့အမွေးများမှာ ဆွတ်ဆွတ်ဖြူနေပြီး အခြားအရောင်တစ်မွေးမှပင်မရှိ။ သူ့ခန္ဓာကိုယ်သည် ခြောက်မီတာကျော်ရှည်လျားပြီး လက်စွယ်များမှာ ချွန်ထက် အေးစက်နေသည်။

“အဲဒါ ကျားမဟုတ်ဘူး..”

ဤသားရဲ၌ အမြှီးသုံးချောင်း ရှိနေသည်။ အမြှီးတစ်ခုစီတိုင်း တောက်ပနေပြီး ထိုအမြှီးများကို ညင်သာစွာ လွှဲရမ်းလိုက်သည်နှင့် ကျောက်တုံးကြီးပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။

“ဒါက ငါ့တို့ညစာ..” နွားဝါ မြေကြီးပေါ်၌ စာရေးပြလိုက်သည်။

ချူဖုန်း မျက်လုံးများ ပြူးကျယ်သွားရသည်။ “ဒါက ညစာဟုတ်လား .. မင်း ငါ့ကို လာနောက်နေတာလား..” ချူဖုန်း ကြောက်ရွံ့စွာ တီးတိုးပြောလိုက်သည်။

ဒါ ညစာ ဟုတ်တယ်…

နွားဝါလေး ပြတ်သားစွာပင် ခေါင်းညိမ့်လာလေသည်။

ဤနေရာမှာ ကွင်းပြင်ကျယ်ကြီးဖြစ်ပြီး မည်သည့်အပင်မရှိ။ မြေပြင်မှာ စိုစွတ်ပျော့ပျောင်းနေရမည့်အစား ခြောက်သွေ့နေသည်။ ကျောက်ကမ်းပါး၌ လှိုဏ်ဂူတစ်ခုလည်း ရှိနေသည်။ ဤသည်မှာ သေချာပေါက် ထိုမကောင်းဆိုးဝါး၏ အသိုက်ပင်ဖြစ်လိမ့်မည်။

ဤခြောက်မီတာရှည်သည့် မကောင်းဆိုးဝါးလည်း သူ၏ကျူးကျော်မှုကို အာရုံခံမိသွားကာ ချူဖုန်းကို အေးစက်စွာ ကြည့်လာလေ၏။

“ဝေါင်း..” မြေငလျင် လှုပ်ခတ်သွားစေပြီး တောင်ကုန်းများကိုပင် ယိမ်းယိုင်သွားစေနိုင်သည့် ဟိန်းသံကြီး ထွက်ပေါ်လာသည်။ ထို့နောက် ထိုကျားသည် အဖြူရောငအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ချူဖုန်းကို ခုန်အုပ်လာလေသည်။ အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသည်။

“ငါ့လက်သီးနဲ့ မင်းလည်ပင်းကို ထိုးဖောက်ပစ်မယ်..” ချူဖုန်း အော်ဟစ်လိုက်သည်။ ထို့နောက် ဤသားရဲကို သူ၏သံမဏိလက်သီးနှင့် ကြိုဆိုလိုက်လေသည်။

အပိုင်း ၂၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset