Chapter – 27 မုန်တိုင်း ရောက်လာလေပြီ
ပန်းခြံထဲရှိ မြေဆီလွှာမှာ မြေသြဇာကြွယ်ဝခြင်း မရှိသော်လည်း ပန်းပင်နှင့် အပင်များကို အာဟာရပေးရန် လုံလောက်တယ်။ ဗုဒ္ဓံသရနံပန်းနှင့် တရုတ်နှင်းဆီပန်းတို့သည် ဆောင်းဦးတွင် အလွန်ကြီးထွားလာပြီး စိတ်ရောကိုယ်ပါလန်းဆန်းစေသည့် မွှေးရနံ့များ ထွက်ပေါ်နေသည်။ သလဲသီးပင်တွင်လည်း အသီးများသီးနေပြီ ဖြစ်သည်။ အသီးများမှာ ရွှေရောင်သန်းကာ မှည့်လာပြီး မျက်နှာပြင်ပေါ်က အက်ကွဲကြောင်းမှ အတွင်းရှိအသီးအသားနှင့် အစေ့နီနီတို့ကို တွေ့နေရပြီသည်။
ချူဖုန်းသည် ပန်းခြံထဲတွင် ထိုင်ချလိုက်ပြီး မြေကြီးနား ကပ်ကြည့်လိုက်သည်။ သို့သော် မြေကြီးကို သေချာစစ်ဆေးကြည့်ရှုပြီးသော်လည်း အပင်ပေါက်လာခြင်းကို မတွေ့ရပါ။
သူ စိတ်ပျက်သွားရသည်။ အပင်တွေက ဘာလို့ မထွက်လာသေးတာလဲ…
အပင်များ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ရန်အတွက် သူ အစေ့သုံးစေ့ကို နေရာခွဲစိုက်ထားခဲ့သေးသည်။ သို့သော် မည်သည့်နေရာကမှ မထူးခြားသေး။ ထိုနေရာတွင် ပေါင်းပင်များပင်မရှိ။
အဲဒီအစေ့သုံးစေ့က မရှင်နိုင်တော့တာများလား .. အစေ့တွေက သေသွားပြီလား..
သူ အရှုံးကို လက်မခံနိုင်သေး။ အနည်းဆုံးတစ်စေ့ကိုတော့ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်စေချင်သည်။ ဤအစေ့များမှ ဘာအပင်များပေါက်လာမလဲဟု သူသိချင်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က အပင်အားလုံး၏ အစေ့ကို ကြိုးစားရှာဖွေခဲ့ပြီး အစေ့တစ်ခုချင်းဆီကို သူ့လက်ထဲရှိ အစေ့များနှင့် နှိုင်းယှဥ်ကြည့်ခဲ့သည်။ သို့သော်လည်း တစ်ခုမှ မတူပေ။
ဤသည်မှာ သူ့မျှော်လင့်ချက်ကို ပို၍နက်ရှိုင်းလာစေပြီး ဤအစေ့များမှာ သာမန်မဟုတ်ဟု သူပို၍ ခိုင်မာလာသည်။
ဂွပ်…
နွားဝါသည် သလဲသီးစိုက်ထားသော မြေပေါ် ရပ်လိုက်ပြီး သလဲသီးကြီးကို ဆွဲယူကာ တစ်လုပ်တည်း စားပစ်လိုက်လေ၏။ သူသည် မျက်လုံးမှိတ်ကာ အရသာကို ခံစားနေပြီး သူ့နှုတ်ခမ်းထောင့်မှ အနီရောင်အရည်များ စီးကျနေလေသည်။
“နွားနတ်ဆိုး .. မင်း ဒီနေရာကိုနင်းရင် သတိထားပြီးနင်း .. ငါ့အစေ့တွေပေါ်ကို တက်မနင်းမိစေနဲ့..” ချူဖုန်း သတိပေးလိုက်သည်။
ချူဖုန်း၏သတိပေးချက်ကို နွားဝါလေး လျစ်လျူရှုလိုက်သည်။ ရှုံ့တွနေသည့် အစေ့များ ပြန်ရှင်သန်လာလိမ့်မည်ဟု သူမယုံကြည်။ ချူဖုန်း စိတ်ပူနေသော်လည်း သူကတော့ သလဲသီးကိုသာ ဆက်စားနေလိုက်သည်။
ချူဖုန်း စိတ်ရှုပ်နေရသည်။ သူ မည်သည့်နည်းလမ်းသုံးသုံး အစေ့များမှာ ဘာမှဖြစ်မလာ။
နောက်ဆုံးတွင်တော့ ထိုအစေ့များကို တူးကြည့်ရန် သူ ဆုံးဖြတ်ချက် ချလိုက်သည်။ မဟုတ်လျှင် သူ့အသည်းကို လက်သီးပေါင်းတစ်ရာ ကုတ်ခြစ်နေသကဲ့သို့ သူ ခံစားနေရလိမ့်မည်။
“နည်းနည်းပြည့်တဲ့အစေ့ကို အရင်တူးလိုက်မယ်..”
ချူဖုန်း မြေပြင်ပေါ် ထိုင်ချလိုက်ပြီး အစေ့ပေါ် အုပ်မိုးထားသော မြေမှုန့်နှင့် ကျောက်တုံးအပိုင်းအစကို ဂရုတစိုက် တူးလိုက်သည်။ အစေ့မှ အညွှန့်လေးများ ထွက်နေလျှင် ထိုအညွှန့်များကို ဖျက်ဆီးမိမည်စိုးသောကြောင့် သူ အတတ်နိုင်ဆုံး ဖြေးညှင်းစွာ လုပ်နေခြင်းပင်။
အမှိုက်များကို ဖယ်ရှားလိုက်သည်နှင့် အနည်းငယ်ရှုံ့တွနေသည့်အစေ့ကို တွေ့လိုက်ရသည်။ အစေ့သည် အပင်မပေါက်သေးသော်လည်း အနည်းငယ် စိမ်းစိုလာလေလေပြီ။
“နည်းနည်းတော့ မျှော်လင့်ချက် ရှိသေးတယ်..” ချူဖုန်း ဝမ်းသာသွားရသည်။
အစေ့ကို သေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် အစေ့မျက်နှာပြင်မှာ ယခင်ကထက် အနည်းငယ် ပို၍ ချောမွတ်လာသည်ကို သူတွေ့လိုက်ရသည်။ ပို၍အစိမ်းရောင်သန်းလာပြီး မျက်နှာပြင်ထက်တွင် ရှုပ်ထွေးသော ပုံစံများရှိနေသည်။
အစေ့သည် ယခင်က ခြောက်သွေ့ကာ ဝါဝင်းနေသည်ပင်။
ချူဖုန်း အံ့အားသင့်နေရသည်။ အစေ့ကို ကြည့်လေလေ အစေ့မှာ ထူးခြားသည်ဟု ခံစားရလေလေပင်။
သူ ယခုမှ စိတ်အေးရတော့သည်။ သို့သော် သူ တွေဝေလာသည်။ အပင်မြန်မြန်ထွက်လာရန် မြေကြီးထဲ မြေဩဇာထည့်ရမလား သူမသိတော့။
ချူဖုန်း နွားဝါကို လှည့်ကြည့်ကာ အလိမ်အပညာပြည့်နေသည့်အပြုံးဖြင့် ကြည့်လိုက်သည်။ “ငါ့ရဲ့ချစ်ရတဲ့နွားပေါက်လေး .. မင်း မလုပ်ချင်တာသိပေမယ့် ငါမင်းအကူအညီကို လိုအပ်တယ် .. ငါ့မှာ နည်းလမ်းမရှိတော့ဘူး..”
နွားဝါ တောင့်တင်းသွားကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ချူဖုန်းကို မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်လာလေသည်။ ဤသည်မှာ ချူဖုန်းကို ကွေ့ဝိုက်မနေပဲ တည့်တိုးပြောဟု ပြောနေသလိုပင်။
“ငါ တစ်ခါပဲ ပြောမယ် .. နွားချေး…”
ဖုန်း..
နွားဝါ ချူဖုန်းကို ခြေထောက်ဖြင့် ကန်လိုက်ပြီးနောက် အခန်းထဲသို့ ပြေးဝင်သွားကာ တံခါးစောင့်ပိတ်လိုက်သည်။ သူသည် အခန်းတစ်ခုလုံးကို အပိုင်စီးထားရုံသာမက နှစ်ယောက်အိပ်ကုတင်ကြီးကိုလည်း အပိုင်စီးထားသည်ပင်။
ညအိပ်ချိန်တိုင်း ခြေကားယား၊ လက်ကားယားဖြင့် မှောက်အိပ်သည်ပင်။
ချူဖုန်းမှာ ကူကယ်ရာမဲ့နေလေပြီ။
အစေ့များကို မြေကြီးဖြင့် ပြန်ဖုံးလိုက်ပြီးနောက် လက်ဝေ့ထိုးခြင်းကို ပြန်လေ့ကျင့်လိုက်သည်၊။ သူ အနည်းငယ် လောနေသည်။ သန္ဓေပြောင်းသည့်သူများ တစ်နေ့ထက်တစ်နေ့ များပြားလာပြီး သူတို့တစ်ဦးစီတွင် မတူညီသည့် စွမ်းအားများ ပိုင်ဆိုင်ထားကြသည်ပင်။ ထို့ကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် တစ်ခုခုလိုအပ်သည်။
တစ်ချိန်တည်းမှာပင် သူ တိုင်ဟန်းတောင်တန်းသို့သွားကာ သူ့ကံကို စမ်းသပ်ချင်သည်။ ကံကောင်းလျှင် သူ ထူးဆန်းသည့်အရာတစ်ခုခုနှင့် တွေ့နိုင်သည်။
သို့သော် ဤသည်မှာလည်း သူ ထိုတောင်တန်းများ၌ နေထိုင်သည့် သားရဲများနှင့် ငှက်များကို တိုက်ခိုက်နိုင်မှသာ။
ဤသည်မှာ နွားဝါ၏ ပထမပုံစံလက်သီးထိုးနည်းသာဖြစ်သော်လည်း ချူဖုန်း ဤပညာကို ထပ်ခါတလဲလဲ လေ့ကျင့်နေခဲ့သည်။ သူ့လက်သီးမှာ အားပြင်းလှပြီး ခြံထဲ၌ ကြွေကျနေသည့် သစ်ရွက်များကိုပင် တစ်စစီဖြစ်အောင် လုပ်နိုင်စွမ်း ရှိလေသည်။
“မူး..”
ရုတ်တရက် သူလက်သီး လွှဲရမ်းလိုက်သည်နှင့် နွားရိုင်းတစ်ကောင် အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် နားစည်ကွဲလောက်အောင် ကျယ်လောင်လှပြီး ခြံဝင်းလေးထဲ၌ ပဲ့တင်ထပ်နေသည်။
ဖုန်း..
နွားဝါလေး ထိတ်လန့်သွားကာ အခန်းထဲမှ တရှိန်ထိုး ထွက်လာကာ ခြံထဲသို့ မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်လိုက်သည်။
ချူဖုန်းနောက်တွင် အနက်ရောင်တိဗက်နွား၏အရိပ်တစ်ခု ပေါ်လာလေသည်။ ထိုနွား၏အမွေးများမှာ မည်းနက်တောက်ပြောင်နေပြီး သူသည် နွားဝါလေး၏မျက်လုံးကို စိုက်ကြည့်နေလေသည်။ ဤနွားသည် နွားအစစ်နှင့် တူလှသောလည်း သူ့အကြည့်များမှာ မြင်ရသူကို ကြောက်ရွံ့သွားစေနိုင်သည်။
ချူဖုန်း၏ လက်သီးချက်ကြောင့် ဤနွားကြီးပေါ်လာခြင်းပင်။ ဤနွားသည် ချူဖုန်းနှင့်အတူ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။
သူ နွားဝါလေး၏ ပထမပုံစံလက်ဝှေ့ထိုးနည်းကို အဆုံးစွန်ထိ ရောက်သွားပြီဖြစ်ကြောင်း သူသိလိုက်သည်။
ပထမပုံစံမှာ နွားဝါလေး၏ လက်သီးထိုးနည်းပုံစံ ကိုးမျိုး၏အခြေခ့ပင်။ ထို့ကြောင့် ပထမပုံစံမှာ ကျန်သည့်ပုံစံရှစ်မျိုးထက် ပိုခက်ခဲသည်ပင်။
ပထမတစ်မျိုး ရလိုက်သည်နှင့် ကျန်သည့်ပုံစံများမှာ ခက်ခဲမည်မဟုတ်တော့။
သေချာပါသည်။ ချူဖုန်း ပထမငါးမျိုးကို နှစ်ရက်အတွင်း ပြီးမြောက်သွားသည်။ သူ၏တိုးတက်နှုန်းမှာ သိသိသာသာပင် မြန်ဆန်လာသည်။
နွားဝါမှာ ချူဖုန်း၏ တိုးတက်မှုကို အံ့အားသင့်နေရသည်။ ထို့နောက် သူသည် မြေပြင်ပေါ်၌ မညီမညာဖြစ်နေသည့် စာလုံးအချို့ကို ချရေးလာလေသည်။ သူသည် ချူဖုန်းကို နွားလားမျိုးဆက်ဖြစ်လိမ့်မည်ဟု ရေးထားခြင်းပင်။
ချူဖုန်း ဒေါသပေါက်ကွဲသွားရသည်။
ထိုနေ့ နွားပေါက်အတွက် ပြင်ပေးသည့် ဝက်သားပန်းကန်ထဲ၌ သူ အမဲသားနည်းနည်း ရောပစ်လိုက်လေသည်။
“ဟေ့ကောင် .. ငါတို့ ကွဲသွားတဲ့နေ့ကတည်းက ငါ မင်းကို သတိရနေတာ .. အခုတလော ဘယ်လိုလဲ..” ကျိုးချွမ် ချူဖုန်းကို ဖုန်းဆက်လာသည်။
“မဆိုးပါဘူး .. မင်းရော ဘယ်လိုလဲ .. သန္ဓေပြောင်းနဲ့ပတ်သက်တဲ့ သတင်းတွေ တွေ့လိုက်တယ် .. မင်း အဆင်ပြေလား..” ချူဖုန်း ကျိုးချွမ်၏လုံခြုံရေးကို မေးလိုက်သည်။
“ဒီရက်ပိုင်း ငါ ရွှေနဲ့ကျောက်တုံးတွေကို အရည်ဖျော်လာနိုင်တယ် .. ငါ့ကိုယ်ငါတောင် လန့်သွားခဲ့တာ .. ဒါပေမဲ့ ငါ အသားကျသွားမှာပါ .. ဒါပေမဲ့ ဒီချိုကြီး .. ငါ့ခေါင်းပေါ်မှာ ပေါက်လာတဲ့ ဒီသောက်ချိုကြီးက သောက်ရမ်းရုပ်ဆိုးတယ်..” ကျိုးချွမ် ပြောလာသည်။
ထိုဦးချိုကို ဖုံးရန်အတွက် သူ့ဆံပင်များကို နောက်လှန်တင်ထားခဲ့ရသည်။ သို့သော် သူ၏ဆံပင်ပုံစံမှာ လမ်းသရဲနှင့်တူသည်ဟုဆိုတာ သူ့မိသားစုများက မျက်စိစပါးမွေးစူးနေကြသည်။ လူတိုင်း၏ ရှုံ့ချသည့် စကားသံများကို နေ့တိုင်းကြားလာရသောအခါ သူ စိတ်ဓာတ်ကျလာမိသည်။
ချူဖုန်း သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
“ဟုတ်သားပဲ .. ဒီနှစ်ရက် နွားနတ်ဆိုးလေးက ငါ့ကို မနှောက်ယှက်ပါလား .. ထူးထူးဆန်းဆန်း .. တစ်နေကုန် တိတ်ဆိတ်နေတော့ ငါတောင် မနေတတ်တော့ဘူး” ကျိုးချွမ် ပြောလိုက်သည်။
ရုတ်တရက် ချူဖုန်း တစ်ခုခုကို အမှတ်ရသွားကာ အံ့ဩသွားရသည်။ “မဟုတ်သေးပါဘူး .. ဒီနှစ်ရက်လုံး သူ ဖုန်းကိုဖက်ထားပြီး ဖုန်းထဲ အော်နေတာ ငါတွေ့ပါတယ် .. သူ တစ်ယောက်ယောက်နဲ့ စကားပြောနေတာပါ..”
“မဖြစ်နိုင်တာ .. ဒီနှစ်ရက်လုံး တကယ်ကို အရမ်းတိတ်ဆိတ်နေတာ .. ညဘက်ကြီး နှောက်ယှက်မယ့်သူမရှိတော့ ငါအိပ်လို့တောင် မပျော်တော့ဘူး…” နွားဝါ သူ့ကို မခေါ်ကြောင်း ကျိုးချွမ် ပြောလိုက်သည်။
ချူဖုန်း အမူအရာ ပြောင်းလဲသွားကာ ချက်ချင်း ဖုန်းချပစ်လိုက်သည်။
နွားဝါက ကျိုးချွမ်ကို ခေါ်နေတာမဟုတ်ရင် ဘယ်သူ့ကို ခေါ်နေတာလဲ .. သူ့အတန်းဖော် တစ်ယောက်ယောက်ကို ခေါ်နေတာလား.. ချူဖုန်း မူးဝေလာပြီး အမြင်အာရုံပင် ဝေဝါးလာသည်။
နွားဝါက ပိုပြီးတော့ ဉာဏ်ကောင်းလာတာလား.. သူ့အဆက်အသွယ်စာရင်းထဲက နံပါတ်တွေကိုတောင် တိတ်တိတ်လေး ယူနိုင်နေပြီလား..
သူ့ဦးရေပြားမှ အဖြူရောင်အငွေ့များ ထွက်ပေါ်လာလေ၏။ ဤသည်ကို ကြည့်ခြင်းဖြင့် သူ မည်မျှ ဒေါသထွက်နေသည်ကို သိနိုင်သည်ပင်။ “နွားနတ်ဆိုး .. ငါ မင်းကို ဖင်စုတ်အောင် ရိုက်ပစ်မယ်…” သူ နွားဝါအခန်းထဲသို့ ဝင်သွားကာ အော်ဟစ်လိုက်သည်။
ချုဖုန်း လဲလျောင်းနေသည့် နွားဝါပေါ်သို့ ပစ်လဲချလိုက်သည်။
နွားဝါလေးသည် ချူဖုန်းကို အကြောင်သား ကြည့်နေလေ၏။
“မင်း ငါ့ဖုန်းအဆက်အသွယ်စာရင်းထဲကလူတွေကို ထပ်ပြီး နှောက်ယှက်နေပြန်ပြီလား..” ချူဖုန်း စွပ်စွဲလိုက်သည်။
နွားဝါ အသည်းအသန်ခေါင်းခါလိုက်ကာ သူ့ရှေ့ခြေထောက်ဖြင့် ဖုန်းမျက်နှာပြင်ကို ထိုးပြလိုက်သည်။
ချူဖုန်း ဖုန်းကို အမြန်ယူကာ ဖုန်းခေါ်ထားသည့်စာရင်းကို ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် သူစိတ်ပူနေသည့်အရာ ဖြစ်မသွား။
သို့သော် ဤ ဖုန်းနံပါတ်များကို သူ မရင်းနှီး။ ဤဖုန်းနံပါတ်များမှာ ဘယ်သူ့ဖုန်းနံပါတ်များ ဖြစ်မလဲဟု သူ စဉ်းစားလိုက်သည်။ တစ်ချိန်တည်းမှာပင် နွားဝါ၏နှောက်ယှက်မှုကို ခံနေရသည့် တစ်ဖက်လူများကို သူ သနားသွားရသည်။
…
အခြားမြို့တစ်ခုတွင်…
ကျွောကျွင်းမှာ ရူးတော့မတတ်ပင် ဖြစ်နေလေပြီ။ သူ သတိရလာသည့်နေ့မှစကာ ဖုန်းနံပါတ်တစ်ခု သူ့ကို အချိန်တိုင်း ထပ်ခါတလဲလဲ ခေါ်နေသည်။ တစ်ခါတစ်ရံ မနက်ပိုင်းခေါ်ပြီး တစ်ခါတစ်ရံ ညနေပိုင်းခေါ်လာသည်။
သူ့ခေါင်းမှ ဒဏ်ရာများမှာ မပျောက်ကင်းသေး။ အတိတ်မေ့ခြင်းနှင့် အလွန်နာကျင်လှသော ဒဏ်ရာကြောင့် သူ ပင်ပန်းနွမ်းနယ်ကာ မူးဝေနေခဲ့သည်။
သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ချင်သော်လည်း သူ အိပ်ပျော်သွားသည့်အချိန်တိုင်း အိပ်မက်ဆိုးဖုန်းသံက သူ့ကို လန့်နိုးအောင် လုပ်နေသည်။
သူ ဖုန်းကိုလည်း မပိတ်ပစ်ရဲ။ သူသည် သန္ဓေပြောင်းသူတစ်ဦးဖြစ်သောကြောင့် အဖွဲ့ခေါင်းဆောင်များကို ဖုန်းဖြင့်သာ ဆက်သွယ်ရသည်ပင်။
ပို၍မုန်းစရာကောင်းသည်မှာ တစ်ဖက်လူသည် ဖုန်းခေါ်တိုင်း နွားအော်သံကိုသာ ထုတ်လွှတ်နေသည်။ ထိုရှည်လျားလှသည့်အသံမှာ သူ အံကြိတ်ရသည်အထိ စိတ်တိုစရာ ကောင်းလှသည်။ ဖြစ်နိုင်လျှင် သူ တစ်ဖက်လူ လည်ပင်းကို သွားညှစ်ပစ်ချင်လာသည်။
သူ့ခေါင်းမှာ ဒဏ်ရာမှာ တိရစ္ဆာန်တစ်ကောင် တက်နင်းခံရသည့်ဒဏ်ရာနှင့် တူနေသည်ဖြစ်ရာ ယခု နွားအော်သံကြားလိုက်ရသည့်အချိန်တွင် သူ စိတ်တိုလာသည့်အပြင် သူ့ဒဏ်ရာလည်း ပို၍ဆိုးရွားလာသည်။ တစ်ခါအော်တိုင်း သူ့ခေါင်းကို တစ်ချက် တက်နင်းနေသကဲ့သို့ပင်။
တစ်ခါတစ်ရံ သူ ဒေါသထွက်လွန်းသောကြောင့် ဖုန်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖောက်ခွဲပစ်ချင်လာသည်။
သို့သော် သူ မလုပ်နိုင်။ ဤဖုန်းမှာ ထူးခြားသည့်ဖုန်းပင်။ ဖုန်း၏လုပ်ဆောင်ချက်များ ရိုးရှင်းသော်လည်း သူမည်သည့်နေရာသွားသွား ဤဖုန်း လိုင်းမိနေလိမ့်မည်။ ထို့အပြင် ဤဖုန်းသည် သူနှင့်ဆက်စပ်နေသောကြောင့် သူ ဖုန်းကို မဖျောက်ဖျက်ပစ်ရဲ။
ချင်းရန်ရွာ၊ ချူဖုန်းအိမ်တွင်…
ဖုန်းကို အိပ်ရာပေါ်တင်လိုက်ရန် နွားဝါ အချက်ပြလိုက်သည်။ ထို့နောက် ဖုန်းကို သုံးလေးချက်နှိပ်ကာ ထိုနံပါတ်ကို ထပ်ခေါ်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် သူ ထွက်ပြေးသွားလေသည်။
ထင်ထားသည့်အတိုင်း တစ်ဖက်မှ နားကွဲလောက်သည့်အော်သံကြီး ထွက်ပေါ်လာသည်။ “ခွေးကောင် .. ငါ မင်းကို ရှာမတွေ့စေနဲ့ .. မဟုတ်ရင် မင်း..”
ဖုန်းကိုင်လိုက်သည့်သူမှာ ကြမ်းတမ်းစွာပင် အော်ဟစ်ဆဲဆိုနေလေ၏။
ချူဖုန်း ဆွံ့အသွားရသည်။ ဤအသံကို သူမှတ်မိသည်။ ဤသည်မှာ ကျွောကျွင်းအသံပင်။ “သနားစရာကောင်းလိုက်တဲ့ကောင်..” ချူဖုန်း တွေးလိုက်သည်။ “နွားဝါက ဘယ်လိုလုပ် ကျွောကျွင်းကို ပစ်မှတ်ထားလိုက်တာလဲ..”
ချူဖုန်းမှာ ငိုရမလား၊ ရယ်ရမလားပင် မသိတော့။ ထိုနေ့ သူ သတိလစ်နေသည့်ကျွောကျွင်း၏ခန္ဓာကိုယ်အနှံ့ လိုက်ရှာစဉ်က နွားဝါလေးလည်း သူ့ဘေးနား၌ ရပ်ကာ ဖုန်းကလိနေခဲ့သည်ပင်။ သူ အလုပ်ရှုပ်နေခြင်းမှာ ကျွောကျွင်း၏ ဖုန်းနံပါတ်ကို ယူရန်ပင်။
ချူဖုန်း အခန်းထဲမှ ထွက်လာကာ မရယ်မိအောင် နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
အခန်းထဲ၌ နွားဝါ တစ်ကောင်တည်းကျန်ခဲ့ကာ ဖုန်းကို မြတ်နိုးစွာ ကြည့်နေလေသည်။ တစ်ခါတစ်ရံတွင် ကျွောကျွင်း၏ဆဲဆိုသံများကို တုံ့ပြန်သည့်အနေဖြင့် တမူးမူး အော်ဟစ်နေလေသည်။
ထိုညတွင် ချူဖုန်း လက်ဝေ့ထိုးနည်းကို ဆက်လေ့ကျင့်နေခဲ့သည်။ တစ်ခဏအတွင်း သူ ခြောက်ခုမြောက်နှင့် ခုနှစ်ခုမြောက်ပုံစံကို ကျွမ်းကျင်သွားသောကြောင့် သူ အံ့အားသင့်သွားရသည်။
သူ လက်ဝါးအရွယ်အစား ကျောက်တုံးကြီးကို မကာ သူ့လက်ဖြင့် ပွတ်သပ်လိုက်သည်နှင့် ထိုကျောက်တုံးသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားလေသည်။
ချူဖုန်း အံ့အားသင့်သွားကာ သူ့လက်ကို မြှောက်ကြည့်လိုက်သည်။ ဒီလက်မှာ ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရှိနေတယ်…
ချူဖုန်း သူ့တိုးတက်မှုနှုန်းကို သံသယဝင်သောကြောင့် နွားဝါနှင့် တိုင်ပင်ဆွေးနွေးသည့်အချိန်က နွားဝါ သူ့ကို မြေပြင်ပေါ်၌ စာလုံးများရေးကာ ပြောပြခဲ့သည်။
အချို့လူများမှာ သူတို့တစ်သက်လုံး ပြင်းပြင်းထန်ထန် လေ့ကျင့်လျှင်ပင် ပထမအဆင့်ကို ဖြတ်ကျော်နိုင်မည်မဟုတ်ကြောင်း သူ ပြောပြခဲ့သည်။
တစ်ချိန်တည်းမှာပဲ လက်ဝှေ့ထိုးနည်းပုံစံကို လအနည်းငယ်၊ ရက်သတ္တပတ်အနည်းငယ်အတွင်း တတ်မြောက်သွားသူများလည်း ရှိသည်။ “တတ်မြောက်သည်” ဆိုသည်မှာ ပုံစံထဲတွင် ပါဝင်သည့် အကွက်အားလုံးကို ပြီးမြောက်ခြင်းဖြစ်သည်။ ဤသည်မှာ ထပ်လာမည့်လေ့ကျင့်ခန်းများအတွက် ပထမဆုံးအဆင့်ပင်။
“ဒါဆို မကြာခင်မှာ ငါ ဒီလက်ဝှေ့ပုံစံကို ကျွမ်းကျင်တော့မှာလို့ ဆိုလိုတာလား..” ချူဖုန်း ရေရွတ်လိုက်သည်။
သူသည် မြန်မြန်တတ်မြောက်အောင် လုပ်မနေပဲ ပုံမှန်အတိုင်းသာ ဆက်လက်လေ့ကျင့်လိုက်သည်။
ရေချိုးပြီးနောက် သူ အင်တာနက်ပေါ်မှ သတင်းများကို ရှာဖွေလိုက်သည်။
သတင်းများကို သေချာကြည့်ပြီးနောက် သတင်းထူးတစ်ခု သူ့အာရုံကို ဆွဲဆောင်သွားသည်။
တိုင်ဟန်းတောင် အတွင်းပိုင်းတွင် ပုံမှန်မဟုတ်သည့်အပင်တစ်ပင် ပေါက်လာကြောင်း တစ်စုံတစ်ယောက် သတင်းပို့ခဲ့သည်။ ထိုသတင်းထွက်လာသည်နှင့် သန္ဓေပြောင်းလူအားလုံး တောင်ထဲသို့ ဝင်သွားကြသည်။ သူတို့အားလုံး ထိုအပင်မှ သီးလာမည့်အသီးကို လိုချင်နေကြသည်ပင်။
အဘယ်ကြောင့်ဆိုသော် ကောလဟာလများအရ ငွေတောင်ပံ၊ ခုန်းဂင်၊ မီးဝိညာဉ်နှင့် ကျားဖြူတို့ အခြားသန္ဓေပြောင်းများထက် စွမ်းအားကြီးရခြင်းမှာ သူတို့သည် မြက်ပင်မှ သီးလာသည့်အသီးကို စားခြင်းမဟုတ်ပဲ သစ်ပင်တစ်ပင်မှ သီးလာသည့်အသီးကို စားကြသောကြောင့်ပင်။
ထို့ကြောင့် အသီးသီးနိုင်လောက်သည့် ထူးခြားသည့်သစ်ပင်တစ်ပင် ပေါ်လာသည်ဟူသည့်သတင်းထွက်လာသည်နှင့် အားလုံး လှုပ်ရှားလာကြသည်။ အားလုံးမှာ စွမ်းအားအကြီးဆုံး ဖြစ်ချင်ကြသည်ပင်။
တိုင်ဟန်းတောင်ကြီးမှာ ရုတ်တရက်ပင် တစ်လောကလုံး၏ အာရုံစိုက်ရာ ဖြစ်လာသည်ပင်။
“မုန်တိုင်း လာနေပြီ..”
အပိုင်း ၂၇ ပြီး၏။