အခန်း (၄၈၇) တာအိုပညာရှိအတု နောက်ဆုံးအဆင့်၊ လောကဦး ခရမ်းရောင်ချီ
ဒီတစ်ခါ ကြမ္မာဆိုးစာအုပ် အဆင့်မြှင့်တင်တာက နှစ် ၃၀ တောင် ကြာပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဟန်ကျွယ်အတွက် နှစ် ၃၀ က မျက်တောင်တစ်ခတ်စာပဲ ရှိပါတယ်။
[ကြမ္မာဆိုးစာအုပ်သည် ကောင်းကင်ဘဝဂ် အကောင်းစားရတနာ အဆင့်မှ ကောင်းကင်တာတို စိတ်ဝိညာဉ် ရတနာအဖြစ်သို့ ရောက်ရှိသွားပါပြီ။]
‘တစ်ခါတည်း ကောင်းကင်တာအို အဆင့်ကို ရောက်သွားတာလား’ ဟန်ကျွယ်ဟာ ပျော်သွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိမင်ကျွယ်ကို ချက်ချင်း ကျိန်စာမတိုက်ဘဲ ဆက်ကျင့်ကြံပါတယ်။ အဆင့်တက်ဖို့က သိပ်မလိုတော့တဲ့အတွက် ဟန်ကျွယ်ဟာ တာအိုပညာရှိအတု နောက်ဆုံးအဆင့်ကို ရောက်မှပဲ တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ် အရင်တစ်ခေါက် အဆင့်တက်တာကနေ စရေတွက်ရင် နှစ် ၆,၀၀၀ ကျော်သွားပါပြီ။ ပြီးခဲ့တဲ့အချိန်တွေကို ပြန်စဉ်းစာကြည့်တော့လည်း မနေ့တစ်နေ့ကလိုပါပဲ။ ကောင်းကင်တာအို ကနဦးခေတ်မှာ ရန်ငြိုးရန်စတွေ အရှုပ်အရှင်းတွေ သိပ်မရှိတဲ့အတွက် အချိန်ကုန်ဆုံးတာက လျင်မြန်လွန်းပါတယ်။ သက်ရှိတိုင်းက ကျင့်ကြံအားထုတ်ရင်း အလုပ်များနေကြတာပါ။
ကံတရား အထောက်အပံ့ဂိုဏ်း အသီးသီးက အင်မော်တယ်ကမ္ဘာကို ခြေဆန့်တယ်ဆိုပေမဲ့လည်း အင်မော်တယ်ကမ္ဘာက ကျယ်ပြန်လွန်းတဲ့အတွက် နေရာစုံရောက်ဖို့ဆိုတာ အတော်ခက်ခဲလွန်းပါတယ်။ တစ်ယောက်ယောက်က ပုန်းအောင်းပြီး ကျင့်ကြံနေမယ်ဆိုရင် ရှာတွေ့ဖို့ မဖြစ်နိုင်သလောက်ပါပဲ။
တခြားတစ်ဖက်မှာတော့ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က တာအိုပညာရှိမင်ကျွယ်ဟာ အလိုလိုနေရင်း စိတ်လေးလာပါတယ်။ အကြောင်းအရင်းတချို့ကြောင့် တာအိုပညာရှိမင်ကျွယ်ဟာ ကပ်ဘေးတစ်ခု ရောက်လာတော့မယ်လို့ ခံစားနေရပါတယ်။ ဒီလိုမျိုး ခံစားချက်က တာအိုပညာရှိမင်ကျွယ် တာအိုကို ရရှိပြီးနောက် ပထမဆုံးအကြိမ် ခံစားရတာပါ။
တာအိုပညာရှိမင်ကျွယ်ဟာ ရုတ်တရက်ဆိုသလို အမှောင်သခင်ကြီးကို တွေးမိသွားပါတယ် ‘အမှောင်သခင်ကြီးက ငါ့ကို ကျိန်စာမတိုက်တာကြာပြီ၊ တစ်ခုခု ပြင်ဆင်နေတာများလား’ တာအိုပညာရှိမင်ကျွယ် ဆက်တွေးလေလေ တုန်လှုပ်ချောက်ချားလေလေပါပဲ။
အဲဒီနောက် တာအိုပညာရှိမင်ကျွယ်ဟာ တခြားတာအိုပညာရှိတွေက ဒီအတောအတွင်း ပူးပူးကပ်ကပ် ရှိနေပြီး သူ့ကို ရှောင်နေတာကို တွေးမိလိုက်ပါတယ် ‘မဖြစ်ဘူး… ငါ မဟာမိတ်ရှာရမယ်၊ ချုံရှီလိုင်က ယုံလို့မရဘူး’
တာအိုပညာရှိမင်ကျွယ်ဟာ နေရာကနေ ချက်ချင်းထပြီး ထွက်ခွာသွားပါတယ်
နှစ် ၃၀၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေးတစ်ခု ရသွားပါတယ်။ ဟန်ကျွယ်ဟာ တစ်ခါတည်း ဂူအောင်းကျင့်ကြံလိုက်ပါတယ်။ နှစ် ၅၀ အတွင်းမှာပဲ ဟန်ကျွယ်ဟာ အောင်မြင်စွာ အဆင့်တက်နိုင်သွားခဲ့ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ရဲ့ ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၂၀,၃၈၀/၆,၇၉၀,၀၀၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အတု နောက်ဆုံးအဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
‘ဝိုး… ငါ့သက်တမ်းက နှစ်ဆထပ်တိုးသွားပြန်ပြီ’
ဟန်ကျွယ်ဟာ တဖြည်းဖြည်းနဲ့ တာအိုပညာရှိကို နီးကပ်လို့လာပါပြီ။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ပြီးရင် တာအိုပညာရှိမင်ကျွယ်ကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
၄၉ နှစ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်လို့ ပြီးသွားပါတယ်။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီးကျိန်စာတိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ အားကောင်းတဲ့ရောင်ဝါတစ်ခုကို ခံစားမိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါမှာ မိုးကုပ်စက်ဝိုင်းဆီကနေ ပျံသန်းလာတဲ့ ဓားချီကို တွေ့လိုက်ရပါတယ်။ ဒီဓားချီက ဇုထူရဲ့ လက်ဖဝါးကို နှစ်ပိုင်းပြတ်သွားစေတဲ့အတွက် သွေးစသွေးနတွေ မြေကြီးပေါ် လွှင့်စဉ်ကုန်ပါတယ်။
နှစ်ပိုင်းပြတ်သွားတဲ့ လက်ဖဝါးအစိတ်အပိုင်း နှစ်ခုဟာ ပြင်းထန်စွာ လှုပ်ခါသွားပြီး ပြန်ပေါင်းစပ်ဖို့ ကြိုးစားပါတယ်။ ဒီအချိန်မှာပဲ နောက်ထပ် ဓားချီတစ်ခု ထပ်ရောက်လာပြီး လက်ဖဝါးတစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာ ကွဲကျေသွားစေပါတယ်။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီဓားချီက အတော်ပြင်းတာပဲ… ဒီဓားချီပိုင်ရှင်က အနည်းဆုံး တာအိုပညာရှိအတု ဖြစ်ရမယ်၊ ငါ ဘာလို့ ဒီဓားချီကို ရင်နှီးနေပါလိမ့်’
ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ဓားချီပေါ်ကနေ ပျံသန်းလာတဲ့ ဝတ်ရုံဖြူဓားသမား တစ်ယောက်ကို တွေ့လိုက်ရပါတယ်။
‘ဟင်… လီတောက်ခုံးပါလား’
လီတောက်ခုံးဟာ ဇုထူရဲ့ လက်ဖဝါးရှေ့မှာ ရပ်လိုက်ပြီး အောက်က အသားတစ်တွေကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီသတ်ဖြတ်ရောင်ဝါက နတ်ဆိုးချီတွေပါလား၊ မိစ္ဆာဘိုးဘေးက တစ်ခုခုကို ကြံစည်နေတာများလား’
အဲဒီနောက် လီတောက်ခုံးရဲ့ အကြည့်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ရောက်သွားပါတယ်။ လီတောက်ခုံးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အကြောင်းကို ကြားခဲ့တာ ကြာပါပြီ။ တကယ်တော့ ဒီနေ့ လီတောက်ခုံး ဒီကိုလာတာကလည်း ဇုထူရဲ့လက်ဖဝါးကို ရှင်းလင်းဖို့ မဟုတ်ပါဘူး။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီကို လာတာပါ။
ရှေ့ဆက်သွားတဲ့အခါမှာ လီတောက်ခုံးဟာ မမြင်ရတဲ့ အရံအတားဆီ ရောက်သွားပါတယ်။ လီတောက်ခုံးဟာ သူ့ရဲ့ဓမ္မစွမ်းအားကို တိတ်တဆိတ် ထုတ်သုံးလိုက်တဲ့အခါမှာ အလွန်အားကောင်းတဲ့ စွမ်းအားတစ်ခုရဲ့ ဟန့်တားခြင်းကို ခံရပြီး တစ်ခါတည်း ဓမ္မစွမ်းအား ပျော်ဝင်သွားတာကို တွေ့လိုက်ရပါတယ်။
‘တော်တော် ထက်တဲ့ အစီအရင်ပါလား’
လီတောက်ခုံးဟာ မျက်ခုံးပင့်တက်သွားပြီး အော်ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်… ကျုပ်က ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့် လီတောက်ခုံးပဲ၊ ဒီနေ့ ဒီကိုလာရတာက ပညာချင်း ဖလှယ်ချင်လို့ပါ”
“တာအိုရောင်းရင်းလီ… တာအိုရောင်းရင်းက ဒီလောက် အစွမ်းထက်တာ၊ ကျုပ်က ဘယ်လိုလုပ်ပြီး တာအိုရောင်းရင်းလီကို ယှဉ်နိုင်မှာလဲ၊ ပညာဖလှယ်ဖို့ကိစ္စကို မေ့ပစ်လိုက်ပါ”
ဟန်ကျွယ်ဟာ လီတောက်ခုံးကို စကားပြန်လိုက်သလို စိတ်ထဲမှာလည်း တွက်ချက်လိုက်ပါတယ် “လီတောက်ခုံး ငါ့ဆီရောက်လာတာက တာအိုပညာရှိတစ်ပါးပါးရဲ့ စီစဉ်မှုကြောင့်လား”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[တာအိုပညာရှိ၏ စီစဉ်မှုကြောင့် မဟုတ်ပါဘူး။ လီတောက်ခုံးသည် သင့်အား စိတ်ဝင်စားနေခြင်းတည်း။]
‘စိတ်ဝင်စားနေတာ…’ ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘မဟုတ်မှလွဲရော ဒီကောင်က ငါ့ကို တပည့်အဖြစ် လက်ခံချင်သေးတာလား’
“ဟန်ကျွယ်… ငါ့ကို အထဲမဝင်ခိုင်းတော့ဘူးလား၊ ငါ တိုက်ခိုက်မှာကို စိုးရိမ်နေတာလား၊ ငါ လီတောက်ခုံးက ဘယ်တော့မှ သူများကို အကောက်မကြံသလို ခိုးကြောင်ခိုးဝှက်လည်း မတိုက်ခိုက်ဘူး”
ဟန်ကျွယ်ဟာ လီတောက်ခုံးရဲ့ စကားကို ယုံကြည်ပေမဲ့ ပိုသေချာသွားအောင် စနစ်ကို ထပ်မေးလိုက်ပါတယ် “လီတောက်ခုံး အထဲဝင်လာရင် ငါ့အတွက် အန္တရာယ်ရှိနိုင်လား”
[မရှိပါ။]
ဒီမေးခွန်းမှာတော့ စနစ်က ဟန်ကျွယ်ရဲ့ သက်တမ်းကို မနှုတ်သွားပါဘူး။ ကြည့်ရတာ စနစ်က လီတောက်ခုံးရဲ့ လာရင်းရည်ရွယ်ချက်ကို တွက်ချက်ပြီးပုံပါပဲ။
“လီတောက်ခုံးက ရွမ်လိန့်ကျောင်းတော်ကို သစ္စာရှိတုန်းပဲလား”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လီတောက်ခုံးသည် ရွမ်လိန့်ကျောင်းတော်ကို သစ္စာရှိသော်လည်း သက်စွန့်ဆံဖျား သစ္စာရှိမည် မဟုတ်ပေ။]
ဒီအဖြေကြောင့် ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ကျဉ်းမြောင်းသွားပါတယ်။
ရွမ်လိန့်ကျောင်းတော်ရဲ့ ဖွဲ့စည်းပုံက ရှုပ်ထွေးလွန်းပါတယ်။ အပေါ်ယံမှာ တပည့်နှစ်ယောက်တည်း ရှိတယ်ဆိုပေမဲ့ နောက်ကွယ်မှာတော့ တပည့်ပေါင်း မရေမတွက်နိုင်အောင် ရှိနေပါတယ်။ ကျန်းတုကူးနဲ့ လီတောက်ခုံး နှစ်ယောက်စလုံးက ရွမ်လိန့်ကျောင်းတော်က လာတာဆိုပေမဲ့ တွေ့တာနဲ့ တိုက်ခိုက်ကြတဲ့ ရန်သူတော်ကြီးတွေ ဖြစ်နေပါပြီ။ ဒီကိစ္စကို လီတောက်ခုံးက လုံးဝ ကျေနပ်မှာ မဟုတ်ပါဘူး။
“ဝင်လာခဲ့ပါ”
ဟန်ကျွယ်ဟာ လီတောက်ခုံးကို နတ်အာရုံနဲ့ ရစ်ပတ်လိုက်ပါတယ်။ လီတောက်ခုံးကလည်း ခုခံခြင်း မပြုတဲ့အတွက် တာအိုဘုံကျောင်းထဲကို တစ်ခါတည်း ပါသွားပါတယ်။
တာအိုဘုံကျောင်းထဲ ရောက်တာနဲ့ လီတောက်ခုံးဟာ ဟန်ကျွယ်ကို အကဲခတ်လိုက်ပါတယ် “မင်းက တကယ်ကြီး တာအိုပညာရှိအတု ဖြစ်နေတာလား” လီတောက်ခုံးရဲ့ မျက်လုံးတွေဟာ မီးပုံကြီးလို တောက်လောင်လာပြီး စိတ်ထဲမှာလည်း အတော်လေး လန့်သွားပါတယ်။
‘ဒီကောင်လေးရဲ့ အရည်အချင်းက တော်တော်ကို ကြောက်ဖို့ကောင်းတာပဲ’ လီတောက်ခုံး ဒီလိုတွေးတာကလည်း မှားတာတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်နဲ့ လီတောက်ခုံး စတွေ့တုန်းက ဟန်ကျွယ်ဟာ ဘာမှမဟုတ်သေးပါဘူး။ ဒါပေမဲ့ နှစ်သောင်းချီကြာတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ လီတောက်ခုံးကို ကျော်တက်သွားခဲ့ပါပြီ။
လီတောက်ခုံးဟာ သူ့အရည်အချင်းကို ကောင်းကောင်းကြီး သိပါတယ်။ သူ့အဆင့်ထိုးဖောက်နှုန်းက ကပ်ဘေးထဲမှာ အမြန်ဆုံးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်နဲ့ ယှဉ်လိုက်တဲ့အခါမှာတော့ မိုးနဲ့မြေလိုပါပဲ။
လီတောက်ခုံးဟာ လီမုယဲ့ပြောခဲ့တဲ့ စကားကို ပြန်တွေးမိပြီး တစ်စုံတစ်ခုကို နားလည်သွားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်းသာ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံမယ်ဆိုရင် တာအိုပညာရှိ ဖြစ်တာ ကြာရောပေါ့”
ပြောပြောဆိုဆို ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ကြမ်းပြင်ပေါ်မှာ ဖျာတစ်ချပ် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးကို ထိုင်ဖို့ လက်သင်္ကေတ ပြလိုက်ပါတယ်။
လီတောက်ခုံးဟာ ဖျာပေါ်မှာထိုင်ပြီး ပြုံးလိုက်ပါတယ် “တာအိုကို ရရှိဖို့က အဲဒီလောက် မလွယ်ဘူး၊ အလွန်များပြားတဲ့ ကံတရား အထောက်အပံ့ကို လိုအပ်တယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့ကပ်ဘေးမှာ ငါ လုံလောက်တဲ့ ကံတရား အထောက်အပံ့ကို ရထားပြီးပြီ၊ ငါ အခုလိုနေတာက လောကဦး ခရမ်းရောင်ချီပဲ”
ဟန်ကျွယ်က မေးလိုက်ပါတယ် “ရွမ်လိန့်ကျောင်းတော်မှာ ကောင်းကင်တာအိုပညာရှိ မရှိဘူးလား”
“ရှိတယ်၊ ဒါပေမဲ့ ငါ့ဆရာသခင်က သူ့ကိုယ်ပိုင် ကောင်းကင်တာအို လောကငယ်ကို ဖန်တီးထားတယ်၊ အဲဒီလောကငယ်က အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်တာအိုနဲ့ သိပ်မကွာဘူး”
“ဒါဆိုရင် ရွမ်လိန့်ကျောင်းတော်မှာ လောကဦး ခရမ်းရောင်ချီ ရှိတယ်ပေါ့”
ဟန်ကျွယ်ဟာ အခုအချိန်အထိ ကောင်းကင်တာအိုပညာရှိ ရှစ်ပါးကိုပဲ သိပါသေးတယ်။ ဒီထဲမှာ မပါတဲ့ အင်အားစုက ရွမ်လိန့်ကျောင်းတော်တစ်ခုပဲ ရှိပါတယ်။ ဒါကြောင့် ကျန်တဲ့ ကောင်းကင်တာအိုပညာရှိက ရွမ်လိန့်ကျောင်းတော်မှာ ပုန်းအောင်းနေတယ်လို့ ဟန်ကျွယ်က ကောက်ချက် ချထားပါတယ်။
လီတောက်ခုံးက ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ဘာ မတော်တဆမှုမှ မရှိဘူးဆိုရင် ငါက နောက် ကောင်းကင်တာအိုပညာရှိပဲ၊ မင်းငါ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုချင်သေးလား”
ဟန်ကျွယ်ဟာ ထူးဆန်းတဲ့အပြုံးကို ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်းလီပြောတဲ့ လောကဦး ခရမ်းရောင်ချီက ဧကရီနွီဝါဟာလား ဒါမှမဟုတ် ရွမ်လိန့်ကျောင်းတော်ဟာလား”
“ဧကရီနွီဝါရဲ့ လောကဦး ခရမ်းရောင်ချီ”
“အို ဟုတ်လား…. တာအိုပညာရှိလီမုယဲ့ကလည်း ကျွန်တော်ကို လောကဦး ခရမ်းရောင်ချီ ပေးမယ်လို့ ကတိပေးထားတယ်၊ သူက ဘာဖြစ်လို့ တာအိုရောင်းရင်းလီကိုလည်း ဒီလို ကတိပေးရတာလဲ”
လီတောက်ခုံးဟာ ဟန်ကျွယ်ရဲ့ အမူအရာနဲ့ စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်က ဆက်ပြောပါတယ် “လီမုယဲ့တင် မဟုတ်ဘူး၊ ချုံရှီလိုင်ကလည်း ကျွန်တော်ကို ဧကရီနွီဝါရဲ့ လောကဦး ခရမ်းရောင်ချီ ပေးမယ်လို့ ပြောထားတယ်၊ ဒါပေမဲ့ အရင်ဆုံး ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ရမယ်တဲ့၊ ဧကရီနွီဝါမှာ လောကဦး ခရမ်းရောင်ချီက ဘယ်နှခုတောင် ရှိနေတာလဲ”
“ဟွန်း… ကြည့်ရတာ မင်းရော ငါရော နယ်ရုပ်တွေပဲ၊ ငါ ထင်တာ မမှားဘူးဆိုရင် နယ်ရုပ်က ငါတို့နှစ်ယောက်ပဲ မဖြစ်နိုင်ဘူး၊ ထားလိုက်ပါတော့ အဲဒီကိစ္စကို… ငါမင်းကို လာရှာတာက တခြား ရည်ရွယ်ချက်ရှိတယ်”
“ဘာ ရည်ရွယ်ချက်များလဲ”
“ငါ ရွမ်လိန့်ကျောင်းတော် အသစ်ကို တည်ထောင်ချင်တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 487
? Views, Released on December 8, 2024