အခန်း (၄၈၄) ရှေးဟောင်းမျိုးနွယ်စု၏ တိုက်ခိုက်မှု
လီမုယဲ့ ထွက်သွားပြီးတဲ့နောက် ချုံရှီလိုင်က လာရှာလိမ့်မယ်လို့ ဟန်ကျွယ် ထင်ထားခဲ့ပေမဲ့ ချုံရှီလိုင်ဟာ ဟန်ကျွယ်ကို လာမရှာပါဘူး။ သူနဲ့ ချုံရှီလိုင်ကြားက ဆက်ဆံရေးဟာ အတော်ဝေးကွာသွားတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
တကယ်လို့ ချုံရှီလိုင်သာ သူ့တပည့်ကို ဗုဒ္ဓဂိုဏ်းထဲဝင်ဖို့ မပြောတော့ဘူးဆိုရင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပျက်စီးသွားပြီလို့ ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်အနေနဲ့ ချုံရှီလိုင် ထောင်ချောက်ထဲ မကျအောင် သတိကြီးကြီးထားရမှာပါ။
လောကမှာရှိတဲ့ တာအိုပညာရှိက ဆယ်ဂဏန်းမကလောက်ပါဘူး။ ရာဂဏန်း ထောင်ဂဏန်းလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ တာအိုစက်ကွင်းရဲ့ အကာအကွယ်ကို ရထားပေမဲ့ သတိကြီးကြီး ထားနေရတာပါ။
လီမုယဲ့ ထွက်သွားပေမဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်က ရှန်တျန်သက်ရှိတွေဟာ ထွက်မသွားပါဘူး။ သူတို့တွေဟာ ဒီနေရာကို အတော်သဘောကျပုံပါပဲ။ ဒါတင်မကသေးပါဘူး။ ရှန်တျန်သက်ရှိတွေက ပိုလို့တောင် တိုးလာပါသေးတယ်။
နှစ် ၈၀ ကြာတဲ့အခါမှာတော့ ကျိုးမင်ယွဲ့ဟာ ဟန်ဇွေတျန်ကိုခေါ်ပြီး ဟန်ကျွယ်ဆီ လာလည်ပါတယ်။ ဒီဟာက ဟန်ဇွေတျန် ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းထဲကို ပထမဆုံးအကြိမ် လာတာပါ။
ဆရာတပည့်နှစ်ယောက်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အတော်လေး ရင်တထိတ်ထိတ် ဖြစ်နေကြပါတယ်။
ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ ကျိုးမင်ယွဲ့တို့နှစ်ယောက် စကားစလာတာကို စောင့်ပါတယ်။
ကျိုးမင်ယွဲ့ကို သတိထားပြီး ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး… ကျွန်တော်တို့တွေ အပြင်မှာရှိတဲ့ ရှန်တျန်သက်ရှိတွေကို ဘယ်လိုလုပ်မှာလဲ”
“ဘာလဲ… မင်းက သူတို့ကို လက်ခံချင်လို့လား”
ဟန်ဇွေတျန်က မော့ကြည့်ပြီး ပြောလိုက်ပါတယ် “တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က အကျယ်ကြီး၊ အဲဒီရှန်တျန်သက်ရှိတွေက ထွက်မသွားချင်မှတော့ ကျွန်တော်တို့က ဘာဖြစ်လို့ လက်မခံရမှာလဲ၊ ရှန်တျန်သက်ရှိတွေက မသေဘူးဆိုရင် အနာဂတ်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တေါ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တခြားအကြီးတွေဆီက ကြားထားတယ်”
ဟန်ကျွယ်ဟာ ဟန်ဇွေတျန်ကို စိုက်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်ကြောင့် ဟန်ဇွေတျန်ဟာ ကြောက်လန့်သွားပြီး အမြန်ခေါင်းငုံ့လိုက်ပါတယ်။
နေလ ယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်က ဟန်ကျွယ် မျက်နှာကို ဖုံးထားတယ်ဆိုပေမဲ့ ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဟန်ဇွေတျန်ကို ရေခဲလိုဏ်ဂူထဲ ရောက်သွားသလို ခံစားသွားရစေပါတယ်။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ဟန်ဇွေတျန်က ရည်မှန်းချက်ကြီးတာကို သဘောပေါက်သွားပါတယ်။ ဒါပေမဲ့ ဒီရည်မှန်းချက်က မွေးရာပါမို့ ကောင်းလား ဆိုးလားတော့ ဟန်ကျွယ်လည်း မပြောတက်ပါဘူး။ ဒီကိစ္စကို အဆုံးအဖြတ်ပေးနိုင်တာက အချိန်တစ်ခုပဲ ရှိပါတယ်။
ကျိုးမင်ယွဲ့ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး အလျင်စလို ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး… ကျွန်တော် ဟန်ဇွေတျန်ကိုပဲ တပည့်အဖြစ် လက်ခံထားတာပါ၊ အဲဒီရှန်တျန်သက်ရှိတွေနဲ့ ကျွန်တော် အပြင်ထွက်ပြီး ပြဿနာမရှာပါဘူး”
ဟန်ဇွေတျန်ကလည်း ကတိပေးလိုက်ပါတယ် “ဟုတ်ပါတယ်၊ ဆရာဘိုးဘိုး၊ ကျွန်တော် ဒီလိုလုပ်တာက တိတ်ဆိတ်ဂိုဏ်းအတွက်ပါ၊ တိတ်ဆိတ်ဂိုဏ်းက အင်အားကြီးတယ်ဆိုပေမဲ့ အများစုက ဂူအောင်း ကျင့်ကြံနေကြတာ၊ အပြင်ဘက်မှာရှိတဲ့ သက်ရှိတွေကို စီမံခန့်ခွဲဖို့ မအားကြဘူး၊ ကျွန်တော်က အငယ်ဆုံးဆိုတော့ ဒီကိစ္စတွေကို လုပ်ဆောင်ရမှာ ကျွန်တော့်တာဝန်ပဲလေ”
ဟန်ကျွယ်ဟာ ဟန်ဇွေတျန်ရဲ့ သစ္စာရှိမှုကို သံသယမရှိပါဘူး။ နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် ဟန်ဇွေတျန်ရဲ့ ဟန်ကျွယ်အပေါ် ထားရှိတဲ့ မျက်နှာသာပေးမှုက ကြယ်ခြောက်ပွင့်တောင် ရောက်နေပါပြီ။
ကျိုးမင်ယွဲ့ဟာ ဟန်ဇွေတျန်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “မင်း ဘာတွေ ပြောနေတာလဲ”
ဟန်ဇွေတျန်ဟာ မတရား အပြောခံရတယ်လို့ ခံစားလိုက်ရပေမဲ့ ဘာမှ ပြန်မပြောရဲပါဘူး။
ကျိုးမင်ယွဲ့ဟာ ဟန်ဇွေတျန်ရဲ့ စကားတွေက အာဏာအတွက် တိုက်ခိုက်တဲ့ စကားတွေလိုမျိုး ဖြစ်နေတဲ့အတွက် အခုလို ကြောက်လန့်သွားရတာပါ။
ဟန်ကျွယ်က သူ့တပည့်တွေကို ဂရုစိုက်တယ်ဆိုပေမဲ့ အန္တရာယ်ရှိတယ်လို့ထင်ရင် ဘယ်သူ့ကိုမှ ညှာတာနေမှာ မဟုတ်ပါဘူး။ ဒီအကြောင်းကို တိတ်ဆိတ်ဂိုဏ်းတပည့်တွေလည်း သိကြပါတယ်။
ဟန်ကျွယ်ဟာ တာအိုစက်ကွင်း ပတ်လည်က သက်ရှိတွေကို စစ်ဆေးလိုက်ပေမဲ့ လီမုယဲ့ကို ရှာမတွေ့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြန့်ကျက်ပြီး အပြင်ဘက်က ရှန်တျန်သက်ရှိ တစ်သိန်းကျော်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ဆွဲသွင်းလိုက်ပါတယ်။
“သွားကြတော့၊ သူတို့တွေ အထဲရောက်နေပြီ” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ မျက်လုံး ပြန်မှိတ်လိုက်ပါတယ်။
ကျိုးမင်ယွဲ့နဲ့ ဟန်ဇွေတျန်ဟာ ကျေနပ်အံအားသင့်သွားပြီး ဟန်ကျွယ်ကို အလျင်အမြန် ကျေးဇူးတင်ကာ တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို ရောက်တာနဲ့ ရှန်တျန်သက်ရှိတွေဟာ ဂနာမငြိမ် ဖြစ်လာတဲ့အတွက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်လာပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူတို့အကုန်လုံး ငြိမ်ကျသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုအရှင်သခင် လက်စွမ်းပြလိုက်လို့ပါပဲ။
ဟန်ကျွယ်ဟာ ဒီရှန်တျန်သက်ရှိတွေဆီကနေ အများကြီး မမျှော်လင့်ထားပါဘူး။ ရှကျဲ့မျိုးနွယ်စု တစ်သောင်းသာ တာအိုပညာရှိအတု ဖြစ်လာမယ်ဆိုရင် ဒီရှန်တျန်သက်ရှိတွေရဲ့ တည်ရှိမှုက တိတ်ဆိတ်ဂိုဏ်းအတွက် သိပ်အရေးပါမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဒီရှန်တျန်သက်ရှိတွေဟာ တာအိုပညာရှိအတု မဖြစ်မချင်း တာအိုစက်ကွင်းထဲကနေ ထွက်ခွာလို့ရမှာ မဟုတ်ပါဘူး။
နှစ်ထောင်ချီ တိုးတက်လာမှုကြောင့် ကံတရား အထောက်အပံ့ဂိုဏ်းတွေဟာ နေရာတကာ တာအိုဟောကြားပြီး ရှန်တျန်သက်ရှိတွေကလည်း ပိုပိုပေါ်လာပါတယ်။
ရှန်တျန်သက်ရှိပဲ ဖြစ်ဖြစ် သားရဲကြမ်းပဲ ဖြစ်ဖြစ် သူတို့တွေဟာ ချီစွမ်းအင် ပေါကြွယ်ဝတဲ့နေရာကို ရွှေ့ပြောင်းကြပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာတော့ တာအိုစက်ကွင်းကြောင့် ချီစွမ်းအင်ဟာ အလွန်တရာမှ ပေါကြွယ်ဝပါတယ်။ ဒါကြောင့် ရှန်တျန်သက်ရှိတွေကလည်း ပိုပိုပေါ်လာပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နောက်ထပ် နှစ်တစ်ထောင် ကြာသွားပါတယ်။
ထူလင်းအာဟာ နတ်မင်းအဆင့်ကို ရောက်ရှိသွားပြီး ဝူတောက်ကျန့်၊ ချူရှီရန်နဲ့ မုရုံချီတို့ဟာလည်း နတ်မင်းအဆင့်နဲ့ တစ်စထက်တစ်စ နီးကပ်လို့လာပါတယ်။
ကျောက်ရွှမ်ယွမ်ကတော့ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ခါနီးနေပါပြီ။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာတင် မွေးဖွားတဲ့ ရှန်တျန်သက်ရှိ အရေအတွက်ကလည်း တစ်ထောင်ကျော်လာပါတယ်။ ဟန်ဇွေတျန်ရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရှန်တျန်သက်ရှိတွေဟာ ရာထူးအဆင့်ဆင့်ခွဲပြီး အုပ်ချုပ်လာကြပါတယ်။
ဒီနေ့မှာတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ အရေအတွက် တော်တော်များတဲ့ တစ်စုတစ်စည်းတဲ့ရှိတဲ့ ရှန်တျန်သက်ရှိတွေ ပေါ်လာပါတယ်။ သူတို့တွေရဲ့ အရှိန်အဟုန်ဟာ မြေကြီးကိုတောင် တုန်လှုပ်သွားစေပါတယ်။
မိုးကုပ်စက်ဝိုင်းအောက်မှာ စွမ်းအားကြီးတဲ့ ဧရာမဘီလူးတစ်ကောင် ပါလာပါတယ်။ ဒီဧရာမဘီလူးရှေ့မှာ ကြီးမားပါတယ်ဆိုတဲ့ ရှန်တျန်သက်ရှိတွေဟာ ကျောက်စရစ်ခဲတွေလိုပါပဲ။ ဒီဧရာမဘီလူးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက ဘယ်တောင်ထက်မဆို မြင့်မားပါတယ်။
ဒီဧရာမဘီလူးက တခြားသူ မဟုတ်ပါဘူး။ ရှေးဟောင်းမျိုးနွယ်စုရဲ့ ခေါင်းဆောင် ရှေးမိစ္ဆာယင်ပါ။ နှစ်ပေါင်းများစွာ ကုန်ဆုံးပြီးတဲ့နောက်မှာတော့ ရှေးမိစ္ဆာယင်ရဲ့ ရှေးဟောင်းမျိုးနွယ်စုဟာ ဒေသအသီးသီးက မရေမတွက်နိုင်တဲ့ ရှန်တျန်သက်ရှိတွေကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်။
ရှေးမိစ္ဆာယင်ဟာ မကြာသေးခင်ကမှ ဒီသေမှာ ရှန်တျန်သက်ရှိတွေ အများကြီးရှိတယ်လို့ လက်အောက်ငယ်သားတွေဆီက ကြားရတဲ့အတွက် လက်အောက်ငယ်သားတွေကို ဦးဆောင်ပြီး နယ်ပယ်လာချဲ့ထွင်တာပါ။
ရှေးမိစ္ဆာယင်ရဲ့ အကြည့်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ရောက်သွားပါတယ်။ အနီးအနားမှာရှိတဲ့ ရှန်တျန်သက်ရှိတွေဟာ မမြင်နိုင်တဲ့ အားတစ်ခုရဲ့ ဟန့်တားမှုကြောင့် ရှေ့ဆက်မသွားနိုင်တော့ပါဘူး။ တချို့သက်ရှိတွေဆိုရင် အရံအတားရဲ့ အစွန်းမှာ ပိတ်မိနေကြပါတယ်။
ရှေးမိစ္ဆာယင်ဟာ ရုတ်တရက် ကောက်ခုန်လိုက်တဲ့အတွက် ကြီးမားတဲ့ လေပြင်းတစ်ခု ပေါ်လာပြီး အားနည်းတဲ့ တချို့ရှန်တျန်သက်ရှိတွေကို တစ်ခါတည်း လွှင့်စဉ်သွားစေပါတယ်။
“ဝုန်း…”
ရှေးမိစ္ဆာယင်ဟာ တာအိုစက်ကွင်း အရံအတားနဲ့ ဝင်တိုက်ပေမဲ့ ပြင်းထန်စွာ တားဆီးတာကို ခံလိုက်ရပါတယ်။ ဒါပေမဲ့ ရှေးမိစ္ဆာယင်ဟာ လက်မလျှော့ဘဲ အရံအတား အစီအရင်ကို လက်သီးနှစ်ဖက်နဲ့ အားပါတရ ထိုးပါတော့တယ်။ ဒါပေမဲ့လည်း ရှေးမိစ္ဆာယင်ဟာ တာအိုစက်ကွင်းကို ထိုးဖောက်နိုင်ခြင်း မရှိပါဘူး။
တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ သူတို့ရဲ့နေရာတွေကနေ ထွက်လာကြပြီး ကောင်းကင်ပေါ်က ကြောက်မက်ဖွယ် ရုပ်သွင်ကို ကြည့်လိုက်ကြပါတယ်။ အဲဒီနောက် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
‘ဒါ ဘာကောင်လဲ’
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာရှိတဲ့ ရှန်တျန်သက်ရှိတွေကတော့ ခြေတုန်လက်တုန် ဖြစ်သွားပြီး ရင်တထိတ်ထိတ် ဖြစ်သွားကြပါတယ်။
ဟောင်တျန်ဟာ လုံဟောင်ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်လာပါတယ် “အဲဒါ ရှေးမိစ္ဆာယင်ပဲ၊ သူလာလိမ့်မယ်လို့ ငါ ထင်မထားဘူး၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် ပတ်လည်မှာ ရှန်တျန်သက်ရှိတွေ အများကြီးရှိလို့ သူလာတာ ဖြစ်ရမယ်” ဟောင်တျန်ရဲ့အသံဟာ သရော်သံပါနေပါတယ်။
တခြားသူတွေကလည်း ရှေးမိစ္ဆာယင်ကို အများကြီး မတွေးပါဘူး။ ဒါပေမဲ့ ဟန်ဇွေတျန် လက်အောက်မှာရှိတဲ့ ရှန်တျန်သက်ရှိတွေကတော့ ကြောက်လန့်နေကြပါတယ်။ ရှေးမိစ္ဆာယင်ရဲ့ ကြောက်မက်ဖွယ် ရုပ်သွင်ကို ကြည့်ရုံနဲ့တင် ဒီရှန်တျန်သက်ရှိတွေဟာ ကျောချမ်းနေပါပြီ။
“ဘာ ကြောက်စရာ ရှိလို့လဲ၊ ဒီလိုကောင်မျိုးက ငါတို့တိတ်ဆိတ်ဂိုဏ်းမှာ ဘာမှမဟုတ်ဘူး၊ တိတ်ဆိတ်ဂိုဏ်းရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က ကျင့်ကြံအားထုတ်တာနဲ့ပဲ အလုပ်ရှုပ်နေလို့ ကိုယ်ထင်မပြတာ”
ဟန်ဇွေတျန်ဟာ ခြေတုန်လက်တုန် ဖြစ်နေတဲ့ သူ့လက်အောက်ငယ်သားတွေကို ကြည့်ပြီး ဆဲဆိုကြိမ်းမောင်းလိုက်ပါတယ် ‘ဒီကောင်တွေက ရှကျဲ့မျိုးနွယ်စုကို မှီဖို့ အတော်ကြိုစားရအုန်းမယ်’
ဒီအချိန်မှာပဲ…
“ဝှစ်…”
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ဓားချီတစ်ခု ပစ်ခွင်းလိုက်ပါတယ်။ ဒီဓားချီဟာ အရံအတား အစီအရင်ကို ကျော်ဖြတ်ပြီး ရှေးမိစ္ဆာယင်ရဲ့ ဦးခေါင်းကို တစ်ခါတည်း ထိုးဖောက်သွားတဲ့အတွက် သွေးစသွေးနေတွေ လွှင့်စဉ်ကုန်ပါတယ်။
ခေါင်းပြတ်သွားတဲ့ ရှေးမိစ္ဆာယင်ဟာ တာအိုစက်ကွင်းရဲ့ ဝေးရာကို ချက်ချင်း ခုန်ထွက်လိုက်ပါတယ်။
‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’ ရှေးမိစ္ဆာယင်ဟာ လန့်ဖျပ်သွားပါတယ်။ ဘာလို့လဲဆိုတော့ တာအိုပညာရှိ ထိပ်ဆုံးအဆင့်တောင် သူ့ခန္ဓာကိုယ်ကို တစ်ချက်တည်းနဲ့ မထိုးဖောက်နိုင်လို့ပါပဲ ‘ဒီလူက ဘယ်သူလဲ’
အဲဒီအချိန်မှာပဲ ရှေးမိစ္ဆာယင်ရှေ့မှာ လူတစ်ယောက် ပေါ်လာပါတယ်။
မျက်စိကျိန်းလောက်တဲ့ အလင်းရောင်ကြောင့် ရှေးမိစ္ဆာယင်ဟာ မျက်စိတ်ကို မှေးလိုက်ပြီး တခြားလူတိုက်ခိုက်တာကနေ ကာကွယ်ဖို့ လက်သီးတစ်ချက် ထိုးထုတ်လိုက်ပါတယ်။။
ဟန်ကျွယ်ကလည်း ကောင်းကင်နက္ခ နတ်ဘီလူးဓမ္မရုပ်တိုကု ခေါင်းထက်မှာ ခဲစေပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်ပါတယ်။
“ဝုန်း…”
လက်သီးနှစ်လုံး တိုက်မိသွားပြီး ရှေးမိစ္ဆာယင်ရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်ကာ အမှုန့်ဖြစ်သွားပါတယ်။ ရှေးမိစ္ဆာယင်ရဲ့ ဝိညာဉ်ဟာ ဒီရလဒ်ကြောင့် ကြောက်လန့်တကြား ထွက်ပြေးပါတဘ်။
ကောင်းကင်နက္ခ နတ်ဘီလူးက နောက်ထပ် လက်သီးတစ်လုံး ထိုးထုတ်လိုက်တဲ့အခါ ရှေးမိစ္ဆာယင်ရဲ့ ဝိညာဉ်ဟာ တစ်ခါတည်း ပျက်စီးသွားပါတယ်။ ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပါတယ်။
လောကတစ်ခုလုံး တိတ်ဆိတ်သွးပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်က ရှန်တျန်သက်ရှိတွေဟာ ဒီဖြစ်အင်ကို ကြည့်ပြီး ကြက်သေသေသွားကြပါတယ်။ သူတို့တွေဟာ ကောင်းကင်ပေါ်ကနေ ကျလာတဲ့ သွေးမြူတွေကို မယုံနိုင်စွာ ကြည့်လိုက်ကြပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 484
? Views, Released on December 8, 2024