အခန်း (၄၈၀) ကျိုးဖန်အား ဖိနှိပ်ခြင်း၊ ဟောင်တျန်၏ အံအားသင့်မှု
“မင်းရဲ့ ဆရာသခင်က တကယ်ကို ရည်မှန်းချက် ကြီးပုံပဲ၊ သူက လုပ်နိုင်စွမ်းရှိပြီး တာအိုပညာရှိတွေနဲ့လည်း ရင်ဆိုနိုင်တယ်” ဟောင်တျန်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။
ဟောင်တျန်ဟာ ဟန်ကျွယ်ကို ဂရုတစိုက် စောင်ကြည့်ခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့ ကပ်ဘေးတုန်းက အင်အားစုတိုင်းလိုလိုမှာ ဟန်ကျွယ်နဲ့ ပတ်သက်တဲ့လူတွေ ရှိခဲ့ကြပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ဟန်ကျွယ်က သူနဲ့ ပတ်သက်တဲ့လူတွေကို ကာကွယ်နိုင်တာပါ။ အပြစ်များတဲ့ စုချီကိုတောင် တာအိုပညာရှိတွေက ကာကွယ်ပေးပါတယ်။
ဒါကြောင့် ဟန်ကျွယ်နဲ့ ပူးပေါင်းတာက မဆိုးလောက်ဘူးလို့ ဟောင်တျန် ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟောင်တျန်ဟာ ဘယ်တာအိုပညာရှိက ဟန်ကျွယ်ကို ပံ့ပိုးနေမှန်း မသိတာကြောင့် နည်းနည်း တုံ့ဆိုင်းနေပါတယ်။
လုံဟောင်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ကျွန်တော်တို့ရဲ့ တိတ်ဆိတ်ဂိုဏ်းထဲကို ဝင်တာက ကြွားဝါလို့ မရပေမဲ့ အနည်းဆုံးတော့ အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်နိုင်တယ်၊ စီနီယာရဲ့ ကျင့်ကြံမှုကိုလည်း အေးအေးဆေးဆေး ပြန်ယူလို့ရတယ်၊ စီနီယာသာ အရင်ကျင့်ကြံမှုကို ပြန်ရမယ်ဆိုရင် ဒီထက်ကောင်းတာ ရှိနိုင်အုန်းမလား”
ဟောင်တျန်ဟာ တစ်ခဏ တွေးတောပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပါတယ်။
အင်မော်တယ်ကမ္ဘာဟာ ပိုပိုစည်ကားလာပြီး သားရဲကြမ်းတွေ တိုးလာသလို ရှန်တျန်သက်ရှိတွေလည်း ပွားများလာပါတယ်။ ရှန်တျန်သက်ရှိတွေနဲ့ သားရဲကြမ်းတွေခြားက အဓိက ကွာခြားချက်ကတော့ အသိညာဏ်ပါ။
ရှန်တျန်သက်ရှိ အများစုဟာ အသွင်မပြောင်းနိုင်ကြပါဘူး။ မရွှေ့လျားနိုင်တဲ့ ရှန်တျန်သက်ရှိတွေကလည်း သားရဲကြမ်းတွေ နင်းချေတာကို မကြာခဏ ခံရပါတယ်။ ရွှေ့လျားနိုင်တဲ့ ရှန်တျန်သက်ရှိတွေကတော့ သားရဲကြမ်းတွေကို ဝါးမြိုတာက သူတို့ကို ပိုအင်အားကြီးစေတာကို ရှာတွေ့သွားကြပါတယ်။
ဒီလိုနဲ့ ရှန်တျန်သက်ရှိတွေနဲ့ သားရဲကြမ်းတွေကြားက ပဋိပက္ခဟာ အစပျိုးလာပါတော့တယ်။
လျှပ်တပြက်အတွင်းမှာပဲ နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ထပ်မံ တိုးတက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့တိုးတက်မှုက အရင်လို မမြန်တော့မှန်း သိပါတယ်။ ဒါပေမဲ့ ဒီလောက် တိုးတက်တာကလည်း မဆိုးလှပါဘူး။ ဟန်ကျွယ်ဟာ နောက်ထပ် ပန်းတိုင်တစ်ခုကို အားကြိုးမာန်တက် မချီတက်ခင် သူ့တိုးတက်မှုကို အမြဲတမ်း ခံစားလေ့ရှိပါတယ်။
ဒီနှစ်တစ်ထောင်မှာ တိတ်ဆိတ်ဂိုဏ်း တပည့်တွေရဲ့ ကျင့်ကြံမှုဟာလည်း တိုးတက်လာပါတယ်။ စန့်ရှီနဲ့ ငရဲနက်နတ်ဆိုးသခင်ဟာ နတ်မင်းအဆင့်ကို ဝင်ရောက်သွားကြပြီး ဟန်ကျွယ်ဆီကနေ အန္တိမမူလ မဟာတာအို သင်ကြားတာကို လက်ခံရရှိလိုက်ပါတယ်။
အန္တိမမူလ မဟာတာအိုကို ကျင့်ကြံအားထုတ်သူ များလှတဲ့အတွက် ဟန်ကျွယ်ဟာ အတော်လေး နှစ်ထောင်းအားရ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်တို့ငါးဦး အန္တိမမူလ မဟာတာအို ကျင့်ကြံရုံနဲ့တင် သူ့မဟာတာအိုက ပိုအားကောင်းလာတာကို ခံစားမိခဲ့ပါတယ်။
ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို သုံးသပ်နားလည်ဖို့ လိုအပ်နေသေးပေမဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ မဟာတာအို ဖြစ်တဲ့အတွက် အန္တိမမူလ မဟာတာအို အားကောင်းလာတကို ခံစားနိုင်တာပါ။
ဒီနေ့မှာတော့ ကျိုးဖန်ဟာ ဟန်ကျွယ်ကို လာရှာပါတယ်။
“မရဘူး”
ဟန်ကျွယ်ဟာ ကျိုးဖန်တောင်းဆိုတာကို ယတိပြတ် ငြင်းလိုက်ပါတယ်။ ကျိုးဖန်တောင်းဆိုတာက တခြားဟာဆို ဖြစ်နိုင်ပါသေးတယ်။ အပြင်ထွက်ဖို့ကိုတော့ ဟန်ကျွယ်ဟာ ဘယ်နည်းနဲ့မှ ခွင့်ပြုမှာ မဟုတ်ပါဘူး။
ကျိုးဖန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော်တို့တွေ အခုမလှုပ်ရှားဘူးဆိုရင် တိတ်ဆိတ်ဂိုဏ်းပိုင်တဲ့ ဒေသသုံးခုကို တခြားသူတွေ အပိုင်သိမ်းသွားလိမ့်မယ်”
“သိမ်းပလေ့စေ၊ တာအိုပညာရှိအတုဖြစ်အောင် အရင်လုပ်အုန်း၊ ပြီးတော့မှ ထွက်သွားဖို့ စဉ်းစား”
ကျိုးဖန်ဟာ ခုနစ်ပါးတာအိုပညာရှိရဲ့ ဓမ္မကိုယ်ပွား ဖြစ်တာကြောင့် အပြင်ထွက်မယ်ဆိုရင်တောင် သေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာတက်မှာကတော့ ကျိန်းသေပါတယ်။
ဟန်ကျွယ်ဟာ ကျိုးဖန်ကို ဖိနှိပ်ပြီး အန္တိမမူလ မဟာတာအိုကို ကျင့်ကြံစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုဆိုရင် အချိန်ကြာလာတာနဲ့ ခုနစ်ပါးတာအိုပညာရှိက ကျိုးဖန်ကို ဆက်ပြီးတော့ ထိန်းချုပ်နိုင်မှာ မဟုတ်တော့ပါဘူး။
ကျိုးဖန်သာ လုံလောက်တဲ့ အစွမ်းရှိမယ်ဆိုရင် ခုနစ်ပါးတာအိုပညာရှိက ကျိုးဖန်ကို ဆက်ပြီးတော့ ပစ်မှတ်ထားရဲမှာ မဟုတ်ပါဘူး။
“တာအိုပညာရှိအတု…. အဲဒီအဆင့်ရောက်ဖို့ ဘယ်လောက်တောင် ကျင့်ကြံရအုန်းမှာလဲ”
ကျိုးဖန်ဟာ မျက်နှာပျက်သွားပါတယ်။ ကျိုးဖန်ဟာ ပဋိပက္ခရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပေမဲ့ တာအိုပညာရှိအတု ဖြစ်ဖို့က လွယ်လွယ်နဲ့ မရဘူးဆိုတာကို သိနေပါတယ်။
ကျိုးဖန်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်းက တာအိုပညာရှိအတု ဖြစ်နေပြီလား”
“ဘာ…”
“ငါ မေးနေတယ်လေ”
“ကိုယ့်ဆရာသခင်ကို ဒီလိုပြောရလား၊ ကြည့်ရတာ မင်းက ဒီနှစ်ထဲ ဘဝမြင့်နေပုံပဲ၊ လာ… အသွင်တူလက်ရည်စမ်းပွဲထဲမှာ တစ်ပွဲတစ်လမ်း အကဲစမ်းရအောင်”
ဟန်ကျွယ်ဟာ ကျိုးဖန် သဘောတူတာ မတူတာကို ဂရုမစိုက်ဘဲ ကျိုးဖန်ကို အသွင်တူ လက်ရည်စမ်းပွဲထဲ ဆွဲသွင်းလိုက်ပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ကျိုးဖန်ဟာ တာအိုဘုံကျောင်းထဲကနေ ကြောင်တောင်တောင်နဲ့ ထွက်လာပါတယ်။ အင်္ကျီလက်စထဲက သူ့လက်ကလည်း အရက်နာကျသလို တုန်ယင်နေပါတယ်။
ငရဲကြက်နက်ဟာ ကျိုးဖန်နားမှာ ပေါ်လာပါတယ်။ တိုက်ဆိုင်တာလည်း တမင်တကာ လာတာလားတော့ ငရဲကြက်နက် ကိုယ်တိုင်ပဲ သိပါလိမ့်မယ် “ကောင်စုတ်လေး… ဘာဖြစ်လို့လဲ”
ကျိုးဖန်ဟာ ငရဲကြက်နက်ရဲ့ မေးခွန်းကို ပြန်မဖြေပါဘူး။ လမ်းလျှောက်နေတဲ့ အလောင်းကောင်လို သူ့နေရာကို ကြောင်တောင်တောင် ပြန်သွားပါတယ်။
ဒီသတင်းကို တစ်ခဏချင်း ပျံ့နှံ့သွားပြီး တခြား အပြင်ထွက်ချင်တဲ့ တိတ်ဆိတ်ဂိုဏ်း တပည့်တွေလည်း ဟန်ကျွယ်ကို သွားမရှာရဲတော့ပါဘူး။ သူတို့တွေဟာ ကမ္ဘာကြီး အကြီးအကျယ် ပြောင်းလဲမှာမို့ ဟန်ကျွယ်က သူတို့ကို အပြင်မထွက်ခိုင်းတာပဲလို့ ကောက်ချက် ချလိုက်ပါတယ်။
ဒီလိုနဲ့ အချိန်တစ်ခုအတွင်း တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ကျားကုတ်ကျားခဲ ကျင့်ကြံကြပါတယ်။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ပြီး သွားတဲ့အတွက် တာအိုဘုံကျောင်းထဲကနေ ထွက်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို လျှောက်ကြည့်ပါတယ်။
နတ်ထူးဆန်းကတော့ ဟန်ကျွယ်နောက်ကနေ လိုက်ပါတယ်။ ဒီနေ့ ဒီအချိန်အထိ နတ်ထူးဆန်းကို ဟန်ကျွယ်ကလွဲရင် တခြားဘယ်သူမှ မမြင်နိုင်သေးပါဘူး။
တိတ်ဆိတ်ဂိုဏ်း တပည့်အများစုက ကျင့်ကြံနေပမဲ့ မကျင့်ကြံတဲ့လူ တစ်ယောက်ကတော့ ရှိနေပါတယ်။ အဲဒီလူကတော့ ဟန်ဇွေတျန်ပါ။ ဟန်ဇွေတျန်ဟာ အသွင်ပြောင်းပြီးတဲ့ ရှန်တျန်သက်ရှိတွေကို တောင်ကြားတစ်ခုမှာ စုစည်းထားပါတယ်။
ဟန်ကျွယ်ဟာ တောင်ထိပ်ကိုတက်ပြီး တိတ်တဆိတ် ကြည့်လိုက်ပါတယ်။
“ဟင်…” ဟန်ကျွယ်ဟာ ဟန်ဇွေတျန်နဲ့ ရှန်တျန်သက်ရှိတွေကို ကြည့်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
‘ဒီကောင်က စစ်သားတွေကို လေ့ကျင့်နေတာလား’
ဟန်ဇွေတျန်ဟာ ရှန်တျန်သက်ရှိတွေရှေ့မှာ ရပ်ပြီး လက်သီးထိုးတာတို့ ခြေကန်တာတို့ လုပ်ပြပါတယ်။ ရှန်တျန်သက်ရှိတွေက ဟန်ဇွေတျန် လုပ်ပြတဲ့အတိုင်း တသွေမတိမ်း လိုက်လုပ်ကြပါတယ်။
‘စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ’
ဟန်ကျွယ်ဟာ တစ်ခဏကြည့်ပြီးနောက် တောင်ထိပ်ကနေ ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ ဟန်ဇွေတျန်ဆီကနေ များများစားစား မမျှော်လင့်ထားပါဘူး။
ဟန်ကျွယ် နောက်ထပ်သွားတဲ့ နေရာကတော့ ရှကျဲ့မျိုးနွယ်စုရဲ့ နယ်မြေပါ။ ရှကျဲ့မျိုးနွယ်စု အကုန်လုံးက တိတ်ဆိတ်စွာ ကျင့်ကြံအားထုတ်နေကြပါတယ်။ ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုကို ကြည့်ပြီး ပြုံးမိလိုက်ပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ မခံစားရတာ ကြာပြီဖြစ်တဲ့ တရင်းတနှီးရှိလှတဲ့ ရောင်ဝါတစ်ခုကို ခံစားလိုက်ရပါတယ်။
လုံဟောင်။
‘ဒီကောင်လို ဘာလာလုပ်တာလဲ’ ဟန်ကျွယ်ဟာ မတွေ့တာကြာလို့ လုံဟောင်ကို မေ့တေ့တေ့တောင် ဖြစ်နေပါပြီ။
လုံဟောင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်က တစ်နေရာမှာ ပုန်းအောင်းပြီး ကျင့်ကြံအားထုတ်နေတာပါ။
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်က ရန်သူတွေကို စစ်ဆေးလိုက်တဲ့အခါမှာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ အစွမ်းထက်ဆုံးပုဂ္ဂိုလ်က မူလဆန်းကြယ် နတ်စွမ်းအားတစ်ပါးရှိတဲ့ လုံဟောင် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
တစ်ခဏတွေးတောပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ ဓမ္မရတနာ အကုန်လုံးကို နိုးလိုက်ပါတယ်။ နေလ ယင်ယန် အကာအကွယ်က ထွက်ပေါ်လာတဲ့ အလင်းရောင်ဟာ ဟန်ကျွယ် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပါတယ်။
လိုဏ်ဂူထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ လုံဟောင်ဟာ အလင်းရောင်စူးစူးကို ခံစားရတာကြောင့် မျက်လုံးဖွင့်ပြီး ကြည့်လိုက်တဲ့ ဟန်ကျွယ်ရဲ့ ရုပ်သွင်ကိုသာ မြင်ရပြီး မျက်နှာကို မမြင်ရပါဘူး။
လုံဟောင်ဟာ ကြောက်လန့်တကြား မတ်တတ် ထရပ်လိုက်ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တလေးတစား ခေါ်လိုက်ပါတယ် “ဆရာသခင်”
“မင်းက ငါ့ကို ဆရာသခင်ကို သဘောထားသေးတာလဲ”
လုံဟောင်ဟာ ချက်ချင်း ဒူးထောက်လိုက်ပါတယ် “ဆရာသခင်က အမြဲတမ်း ကျွန်တော်ရဲ့ ဆရာသခင်ပါ”
“မင်းက ကိုယ့်အဖေကိုတောင် ပြန်တိုက်ရဲတာ၊ ငါ မင်းကို ဆက်ပြီးတော့ လက်မခံရဲတော့ဘူး၊ တစ်နေ့ကျလို့ မင်းသာ ငါထက် စွမ်းအားကြီးသွားရင် ငါ့ကို ပြန်သတ်မှာ စိုးရိမ်ရတယ်” ဟန်ကျွယ်ဟာ လှောင်သံနဲ့ ပြောလိုက်ပါတယ်။
လုံဟောင်ဟာ မျက်နှာထားစရာမရှိ ဖြစ်သွားပါတယ် “ကျွန်တော်က အာဏာအတွက် တိုက်ခိုက်ရုံပါ၊ ကျွန်တော့်အဖေကို သတ်လိုတဲ့စိတ် မရှိပါဘူး၊ ကျွန်တော်အဖေရဲ့ ဦးဆောင်မှုအောက်မှာ ကောင်းကင်ရုံးတော်က ဆက်မတိုးနိုင်တော့ဘူး၊ သူက တာအိုဘိုးဘေးရဲ့ စိတ်ဆန္ဒအတိုင်း အနန္တကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းချင်တာ၊ သူက အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တယ်၊ သူ့ဦးဆောင်မှုအောက်မှာ ကောင်းကင်ရုံးတော်က ဘယ်လိုလုပ်ပြီး ဆက်ကြီးထွားနိုင်မှာလဲ၊ နဂါးစစ်တွေတောင် သူ့ကို အထင်သေးကြတယ်’
“အတိတ်မှာတုန်းက ကောင်းကင်ရုံးတော်၊ ရှန်နန်းတော်၊ ဗုဒ္ဓဂိုဏ်းနဲ့ နတ်ဆိုးရုံးတော်တို့က အမြဲတမ်း ဟန်ချက်ညီအောင် ထိန်းသိမ်းချင်ကြတယ်၊ ဒါပေမဲ့ သူက ကောင်းကင်ဧကရာဇ်လေ၊ ကောင်းကင်ဧကရာဇ်က ဘယ်လိုလုပ်ပြီး တခြားလူတွေနဲ့ တန်းတူဖြစ်ရမှာလဲ၊ အဲဒါကြောင့် သူက ကောင်းကင်ဧကရာဇ် နေရာနဲ့ မထိုက်တန်ဘူးလို့ ကျွန်တော် ထင်တယ်၊ သူ့ဆီမှာ ကောင်းကင်ဧကရာဇ်တစ်ဦး ရှိရမဲ့ ဘာမထီတဲ့ရောင်ဝါ မရှိဘူး”
လုံဟောင်ဟာ ပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာပြီး မျက်လုံးတွေတောင် နီရဲလာပါတယ်။ လုံဟောင်က ဒီအကြောင်းတွေကို ရင်ထဲမှာ အတော်ကြာကြာ မြိုသိပ်ထားခဲ့ရပုံပါပဲ။
ဟန်ကျွယ်က ဖြတ်ပြောလိုက်ပါတယ် “ငါ ဒီကိစ္စကို ဂရုမစိုက်ချင်ဘူး၊ ကြားလည်း မကြားချင်ဘူး၊ ငါ သိချင်တာက မင်း ပြန်လာရတဲ့ အကြောင်းအရင်းပဲ”
လုံဟောင်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ကျွန်တော် တိတ်ဆိတ်ဂိုဏ်းထဲ ပြန်လာချင်လို့ပါ”
“ဘာလဲ… ဒီနေရာမှာ ခဏပုန်းချင်တာလား၊ မင်းက တိတ်ဆိတ်ဂိုဏ်းကို ထွက်ချင်တိုင်းထွက် လာချင်တိုင်း လာလို့ရတဲ့နေရာလို့ ထင်နေတာလား”
“မဟုတ်ပါဘူး၊ ဒီတစ်ခါ ဆရာသခင်ရဲ့ ခွင့်ပြုချက်မရဘဲ ကျွန်တော် အပြင်မထွက်တော့ပါဘူး”
“တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို သွားပြီး ရှိခိုးချည်၊ ရှိခိုးရင်းနဲ့ ကျွန်တော် မှားပါတယ်လို့ ပြောရမယ်၊ အဲဒါကို နှစ်တစ်ထောင်လုပ်”
“ဟင်…” လုံဟောင် လန့်သွားပါတယ်။
ဟန်ကျွယ်ဟာ လုံဟောင်ကို ဂရုမစိုက်တော့ဘဲ နေရာကနေ ပျောက်ကွယ်သွားပါတယ်။
လုံဟောင်ဟာ မျက်နှာပျက်သွားပါတယ်။
ဟောင်တျန် ပေါ်လာပြီး သက်ပြင်းချလိုက်ပါတယ် “တာအိုပညာရှိအတု… မင်းဆရာက အနည်းဆုံး တာအိုပညာရှိအတုပဲ၊ အံဩစရာ မရှိတော့ပါဘူး၊ ကောင်လေး… မင်းသတင်က မှားနေတယ်၊ မင်းဆရာက အသက်တစ်သောင်း မကနိုင်ဘူး”
လုံဟောင်က ရှုံ့မဲ့တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “ကျွန်တော်က နှစ်တစ်ထောင်တောင် ဒူးထောက်ပြီး မှားပါတယ်လို့ ပြောရမလား၊ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်မလဲ”
လုံဟောင်စကားကြောင့် ဟောင်တျန်က ဒေါသတကြီး ပြောလိုက်ပါတယ် “ပြန်လာချင်တယ်လို့ ပြောခဲ့တာ ဘယ်သူလဲ၊ ဒီလောက်တော့ ပေးဆပ်ရမှာပေါ့၊ ငါသာ မင်းဆရာဆိုရင် ဒီလောက်နဲ မရဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 480
? Views, Released on December 8, 2024