အခန်း (၄၇၉) တာအိုပညာရှိနေရာအတွက် တိုက်ခိုက်ကြခြင်း၊ လုံဟောင်၏ နောင်တ
အကြောဆန့်ပြီးနောက် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကထွက်ကာ လူတိုင်းဆီ အသံလွှင့်ပြီး တာအိုဟောကြားတာ နားထောင်ဖို့ ပြင်ဆင်ခိုင်းပါတယ်။
တာအိုဟောကြားမယ်ဆိုတဲ့ စကားကြောင့် လူတိုင်းဟာ ဟန်ကျွယ်ရှိရာကို အပြေး ရောက်လာကြပါတယ်။ တောင်နှစ်ခုကြားက ကျယ်ပြောတဲ့ မြက်ခင်းပြင်ဟာ တိတ်ဆိတ်ဂိုဏ်း တာအိုဟောကြားတဲ့ နေရာတစ်ခု ဖြစ်လာပါပြီ။
လူတိုင်းဟာ ဟန်ကျွယ် တာအိုဟောကြားတာကို နားထောင်ပြီးတိုင်း တစ်စုံတစ်ခု ရလေ့ရှိတာမို့ ဟန်ကျွယ် တာအိုဟောကြားတာကို စောင့်မျှော်နေတာ ကြာပါပြီ။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ ဟောကြားပါတယ်။ ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုကို သူ့အပိုင်ဖြစ်ချင်လို့ ဒီလိုလုပ်တာပါ။ ရှကျဲ့မျိုးနွယ်စုသာ အန္တိမမူလ မတာတာအိုကို ကျင့်ကြံလိုက်ပြီဆိုရင် အနာဂတ်မှာ ဟန်ကျွယ်နောက်ကို ကျိန်းသေပေါက် လိုက်ရမှာပါ။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က ရှန်တျန်သက်ရှိတွေဟာလည်း ဟန်ကျွယ် တာအိုဟောကြားတာကို ခိုးနားထောင်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို မျက်စိမှိတ်ပြီး ခွင့်ပြုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အန္တိမမူလ မဟာတာအိုကို ဘယ်သူပဲကျင့်ကြံ ကျင့်ကြံ ဟန်ကျွယ်ကို ကျော်တက်နိုင်မှာ မဟုတ်တာကတော့ ကျိန်းသေပါတယ်။
ဒါကြောင့်လည်း တာအိုပညာရှိတွေက သက်ရှိတွေကို မကြာခဏ တာအိုဟောကြားတာပါ။
ဒါပေမဲ့ တာအိုပညာရှိတွေက အများကြီးရှိပြီး သက်ရှိတွေကို တိုက်ရိုက်ဟောကြားနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ကောင်းကင်တာအို ပညာရှိတွေက စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုပဲ ရွေးချယ်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံကို ဖိတ်ကြားတာပါ။
ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး မျက်တောင်တစ်ခတ်အတွင်း နှစ် ၅၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုဟောကြားတာကို ရပ်ပြီး တာအိုဘုံကျောင်းဆီ ပြန်သွားတဲ့အခါမှာ နတ်ထူးဆန်းက နောက်ကနေ လိုက်လာပါတယ်။ နတ်ထူးဆန်းရဲ့ အသွင်အပြင်ကို ကြည့်ပြီး ဟန်ကျွယ်ဟာ သက်ပြင်းချကာ ပြုံးလိုက်ပါတယ် “အချိန်က တကယ်ကို အကုန်မြန်တာပဲ”
နတ်ထူးဆန်းဟာ ဟန်ကျွယ် နောက်ကျောကို ရောက်လာပြီး စတင်နှိပ်နယ်ပေးပါတယ်။ ဟန်ကျွယ်ဟာ သူအသက်ကြီးလာတာကို ခံစားမိလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်တွေမှာ မကြာခဏ သက်ပြင်းချမိသလို အတိတ်ကိုလည်း ပြန်တွေးနေမိလို့ပါပဲ။
တကယ်လည်း ဟန်ကျွယ်က အသက် ကြီးနေပါပြီ။ အသက်တစ်သောင်းတောင် ကျော်နေပြီ မဟုတ်ပါလား။ နှစ်တစ်သောင်းဆိုတဲ့ အချိန်က ကမ္ဘာကြီးကို လုံးဝ ပြောင်းလဲပစ်ဖို့ လုံလောက်ပါတယ်။
ဟန်ကျွယ်ဟာ ခံစားချက်တွေ ဝင်နေပေမဲ့ ကျင့်ကြံအားထုတ်တာကိုတော့ မဖျက်ပါဘူး။ ဟန်ကျွယ်ဟာ ကြယ်ပင်လယ်ထဲမှာ နတ်ဘီလူးချီအသစ်ကို စခဲပြီး နတ်ဘီလူးဓမ္မရုပ်တုအသစ်ကို စဖန်တီးပါတယ်။ နတ်ဘီလူး သုံးထောင်ကို ပြိုးထောင်ဖို့ မပြောနဲ့ ဟန်ကျွယ်ဟာ အခုထက်ထိ နတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ တစ်ရာခိုင်နှုန်းကိုတောင် မကျင့်ကြံနိုင်သေးပါဘူး။
ဒါကလည်း ဆိုးတာတော့ မဟုတ်ပါဘူး။ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ နှစ်ရှည်ကြီးတွေမှာ အရေအတွက်များတော့ တိုးတက်မှုကို ပိုသိနိုင်တာပေါ့။ အနီးအနားမှာ ပန်းတိုင်ရှိနေမှလည်း အဝေးကြီးမှာရှိတဲ့ ပန်းတိုင်ကို လျှောက်လှမ်းနိုင်မှာပါ။
ကောင်းကင်ဘုံ ၁၃ ဘုံမြောက်၊ မိုးကောင်းကင် မျိုးနွယ်စု။
ရွှေရောင်နန်းတော်ထဲမှာ ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေပါတယ်။ ဂျိရှင်းရှန်ဟာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း လက်နောက်ပစ်ကာ မျက်မှောင်ကြုတ်နေပါတယ်။
ဖန်းလျန်က စိတ်မရှည်စွာ ပြောလိုက်ပါတယ် “မင်း ဘယ်အချိန်အထိ ဒီလိုလုပ်နေမှာလဲ၊ မင်းက အခု ကောင်းကင်ဘိုးဘေး ဖြစ်နေပြီနော်”
ဂျိရှင်းရှန်ဟာ လမ်းလျှောက်ရပ်ပြီး မပျော်မရွှင် ပြောလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး စိတ်ငြိမ်နိုင်မှာလဲ၊ တာအိုပညာရှိတွေက တာအိုပညာရှိအသစ် ရွေးမယ်လို့ ပြောသွားတယ်လေ၊ ဒီတာအိုပညာရှိက မိုးကောင်းကင်မျိုးနွယ်စုက မဟုတ်ဘူးဆိုရင် အနာဂတ်မှာ မိုးကောင်းကင်မျိုးနွယ်စုကို ယှဉ်ပြိုင်နိုင်တဲ့ အင်အားစုကြီးတစ်စု ပေါ်ထွက်လာလိမ့်မယ်”
ဒီအရောက်မှာတော့ ဂျိရှင်းရှန်ဟာ ခြေဆောင့်လိုက်ပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုက ရောနှောနေတဲ့ မျိုးနွယ်စုဖြစ်တာကြောင့် ဂျိရှင်းရှန်ရဲ့ လူယုံတွေနဲ့ တာအိုပညာရှိနေရာကို တိုက်ခိုက်ဖို့ မလုံလောက်ပါဘူး။
ဂျိရှင်းရှန်ဟာ သူ့ကိုယ်သူ နောက်ကျမှ မွေးဖွားလာတာကိုပဲ အပြစ်တင်မိလိုက်ပါတယ်။ နှစ်တစ်သောင်းလောက်သာ စောပြီးတော့ မွေးဖွားလာခဲ့ရင် တာအိုပညာရှိနေရာကို တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်မှာပါ။
ဖန်းလျန်က ပြောလိုက်ပါတယ် “တကယ်တော့ ဒီကိစ္စကို မင်း စိုးရိမ်စရာ မလိုပါဘူး၊ တာအိုပညာရှိတွေက တာအိုပညာရှိနေရာကို ဘယ်အချိန်ပေးမယ်လို့ ပြောမထားဘူးလေ၊ အရင်ကပ်ဘေးကလည်း ပြီးထားရုံပဲ ရှိသေးတာ၊ တာအိုပညာရှိအတုက တာအိုပညာရှိဖြစ်မယ်ဆိုရင်တောင် နှစ်နည်းနည်းလေးနဲ့ ဖြစ်လာမှာ မဟုတ်ဘူး”
ဂျိရှင်းရှန်ရဲ့ မျက်နှာ အမူအရာဟာ ပျော့ပျောင်းသွားပြီး ဖန်းလျန်စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။
ဂျိရှင်းရှန်ဟာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး မေးလိုက်ပါတယ် “မင်းရဲ့ ဆရာဘိုးဘိုးက လီတောက်ခုံးကိုတောင် အနိုင်ယူနိုင်တာမလား၊ သူ့ကို တာအိုပညာရှိ နေရာအတွက် တိုက်ခိုက်ခိုင်းရင် မကောင်းဘူးလား”
“ဒါက မကောင်းဘူးထင်တယ်၊ ဆရာဘိုးဘိုးက အနှောင့်အယှက်ခံချင်တာ မဟုတ်ဘူး…” ဖန်းလျန်က ကသိကအောက်မျက်နှာနဲ့ ပြန်ပြောလိုက်ပါတယ်။
“မင်း တုံးလှချည်လား၊ သူသာ တာအိုပညာရှိ ဖြစ်လာရင် အနာဂတ်မှာ ဘယ်သူက သူ့ကို နှောင့်ယှက်ရဲမှာလဲ၊ သူ့ရဲ့ ကျင့်ကြံမှု ပန်းတိုင်ကလည်း နောက်ဆုံးမှာ တာအိုပညာရှိဖြစ်ဖို့ပဲ မဟုတ်ဘူးလား၊ ငါတို့တွေသာ ဒီအခွင့်အရေးကို သူ့ဆီပေးလိုက်ရင် သူ ပျော်သွားမှာ ကျိန်းသေတယ်” ဂျိရှင်းရှန်က ဒေါသတကြီး ပြောလိုက်ပါတယ်။
ဂျိရှင်းရှန်ဟာ ဖန်းလျန်က ကပ်ဘေးမှာ ကျရှုံးပြီးကတည်းက ခေါင်းသိပ်မကောင်းတော့ဘူးလို့ ခံစားလိုက်ရပါတယ်။ ဒါတွေ အကုန်လုံးက တာအိုပညာရှိတွေကြောင့် ဖြစ်ရတာပါ။
ဖန်းလျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ကောင်းပြီလေ၊ ငါ မေးလိုက်မယ်”
တာအိုဟောကြားပြီးချိန်ကစပြီး နောက်ထပ် နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင် လှုပ်ရှားလာတာကို ခံစားမိလိုက်တဲ့အတွက် ကောင်းကင်တာအို တိုကင်ကို ထုတ်ယူပြီး နတ်အာရုံချင်း ချိတ်ဆက်လိုက်ပါတယ်။
“ဟယ်လို”
“ဆရာဘိုးဘိုးလား”
“အင်း”
“ကျွန်တော့်မှာ ဆရာဘိုးဘိုးအတွက် အခွင့်အရေးတစ်ခု ရှိတယ်”
“သွားစမ်းပါ”
“ဟင်…”
“မင်းက ကိုယ့်ဆရာဘိုးဘိုးကိုတောင် ပြန်လှည့်စားချင်နေတာလား”
“မဟုတ်ပါဘူး၊ ဒီတစ်ခါ အခွင့်အရေးက သာမန်မဟုတ်ဘူး၊ တာအိုပညာရှိ ဖြစ်လာနိုင်တဲ့ အခွင့်အရေးပါ”
“မင်းမှာ လောကဦး ခရမ်းရောင်ချီ ရှိလို့လား”
“မရှိပါဘူး၊ တာအိုရရှိဖို့ လောကဦး ခရမ်းရောင်ချီကို လိုအပ်တာလား”
“ဟုတ်တယ်၊ မင်းနောက်က တာအိုပညာရှိက ဘာမှ မပြောဘူးလား၊ အခု တာအိုပညာရှိတိုင်းက သူတို့ဆီမှာ လောကဦး ခရမ်းရောင်ချီ ရှိတယ်လို့ ပြောနေကြတယ်၊ တာအိုပညာရှိနေရာကို တိုက်ခိုက်ခိုင်းဖို့ လူရှာတာက အကြံအစည်တွေချည်းပဲ၊ အလွယ်လေး မယုံလိုက်နဲ့”
“ကျွန်တော် နားလည်ပါပြီ”
နတ်အာရုံကို ဖြတ်တောက်ပြီးတာနဲ့ ဖန်းလျန်ဟာ ဂျိရှင်းရှန်ကို ချက်ချင်း သွားရှာပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းပြီး သက်ပြင်းချလိုက်ပါတယ် “တာအိုပညာရှိတွေက အရူးလုပ်တဲ့နေရာမှာ ဆရာကြီးတွေပဲ”
လောကဦး ခရမ်းရောင်ချီက ဧကရီနွီဝါ လက်ထဲမှာ ရှိနေပါသေးတယ်။ တာအိုပညာရှိတွေက ဒီလောကဦး ခရမ်းရောင်ချီကို ရဖို့တောင် ယုံကြည်ချက် မရှိဘဲနဲ့ သူတို့လက်ထဲမှာ တာအိုပညာရှိနေရာ ရှိတယ်လို့ ကြော်ငြာရဲတာက တကယ်ကို သောက်ရှက် မရှိတာပါ။ ဒီတာအိုပညာရှိတွေက ပါရမီရှင်တွေက တခြားတာအိုပညာရှိတွေက လုယူသွားမှာကို စိုးရိမ်တာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စကို အများကြီး မတွေးဘဲ ဆက်လက် ကျင့်ကြံပါတယ်။
တခြားတစ်ဖက်မှာတော့ ဖန်းလျန်ဟာ ဂျိရှင်းရှန်ကို ရှာပြီး ဟန်ကျွယ် ပြောတဲ့ အကြောင်းတွေကို ပြန်ပြောင်း ပြောပြလိုက်ပါတယ်။
ဖန်းလျန်ရဲ့ စကားကြောင့် ဂျိရှင်းရှန်ဟာ မျက်နှာပျက်သွားပြီး ဖန်းလျန်ကို အသံလွှင့် ပြောလိုက်ပါတယ် “ကြည့်ရတာ တာအိုပညာရှိတွေက စိတ်ကောင်းမရှိတဲ့ပုံပဲ၊ ငါတို့ကို အချင်းချင်း ပြန်တိုက်ခိုင်းချင်ပုံ ရတယ်”
“ဟုတ်တယ်၊ ဆရာဘိုးဘိုးရဲ့ သတိပေးမှုကြောင့်သာ မဟုတ်ရင် ငါတို့တွေ သူတို့အရူးလုပ်တာကို ခံရမှာ၊ ဒါပေမဲ့ ဒီကိစ္စက မကောင်းတာတော့ မဟုတ်ဘူး၊ ငါတို့တွေသာ မပြောရင် ဒီအကြောင်းကို တခြားသူတွေ သိမှာ မဟုတ်ဘူး၊ ဒီလိုဆို သူတို့တွေ တာအိုပညာရှိနေရာအတွက် တိုက်ခိုက်နေတုန်း ငါတို့အင်အားကို တိတ်တဆိတ် ချဲ့ထွင်ရမယ်”
“ဟုတ်တယ်၊ မင်း ပြောတာ မှန်တယ်၊ မင်းရဲ့ ဆရာဘိုးဘိုးကို ငါ့အစား ကျေးဇူးတင်စကား ပြောပေးအုန်း”
“အင်း ရတယ်”
“ဒါနဲ့ မင်းဆရာဘိုးဘိုးရဲ့ စကားအရ သူက တခြားတာအိုပညာရှိတွေနဲ့ အဆက်အသွယ် ရှိနေပုံပဲ”
“အဲဒါ ပုံမှန်ပဲ မဟုတ်ဘူးလား”
“အဲဒါလည်း ဟုတ်တာပဲ”
ဂျိရှင်းရှန်ဟာ အတွေးနက်သွားပါတယ်။ ဂျိရှင်းရှန် ဘာတွေးနေတယ် ဆိုတာကိုတော့ သူကလွဲရင် ဘယ်သူ သိနိုင်မှာလဲ။
…..
နက်ရှိုင်းတဲ့ ပင်လယ်အောက်က အမှောင်ထုတစ်နေရာမှာ နန်းတော်တစ်ဆောင် တည်ရှိနေပါတယ်။ ဒီနန်းတော်ထဲမှာ လုံဟောင်ဟာ တရားထိုင် ကျင့်ကြံနေပြီး သူ့ဘေးမှာတော့ ဝိညာဉ်တစ်ခု ရှိနေပါတယ်။ ဒီဝိညာဉ်က ဟောင်တျန်ကလွဲပြီး ဘယ်သူ ဖြစ်နိုင်အုန်းမှာလဲ။
ဟောင်တျန်ဟာ တစ်စုံတစ်ခုကို တွေးနေဟန်ရှိပြီး လေးနက်တည်ကြည်တဲ့ မျက်နှာထား ရှိပါတယ်။
လုံဟောင်က မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “နည်းလမ်း စဉ်းစားလို့ ရပြီလား”
“ဒါက မြန်လွန်းတယ်၊ တာအိုပညာရှိနေရာက သံသယဝင်ဖို့ ကောင်းလွန်းတယ်၊ တာအိုပညာရှိတွေမှာသာ လောကဦး ခရမ်းရောင်ချီ ရှိတယ်ဆိုရင် ကျိန်းသေပေါက် လုံခြုံအောင် ဖွက်ထားမှာ၊ ဘယ်လိုလုပ်ပြီး လူသိရှင်ကြား ထုတ်ပြောမှာလဲ”
ဟောင်တျန်ရဲ့စကားကြောင့် လုံဟောင်က မေးလိုက်ပါတယ် “ဒါက ထောင်ချောက်လို့ ပြောချင်တာလား”
ဟောင်တျန်ဟာ ဘာမှထပ်မပြောတော့ဘဲ ဟိုဟိုဒီဒီ လျှောက်သွားနေပါတယ်။
ဒါကိုကြည့်ပြီး လုံဟောင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… ဒီလိုမှန်းသာ အစောကြီးကတည်းက ကြိုသိခဲ့ရင် ငါ တိတ်ဆိတ်ဂိုဏ်းကနေ ထွက်မလာခဲ့ဘူး၊ တိတ်ဆိတ်ဂိုဏ်းကနေ ထွက်မလာခဲ့ဘူးဆိုရင် အခုအချိန်အထိ စိတ်အေးလက်အေး ကျင့်ကြံလို့ရအုန်းမှာ၊ ငါသာ အမြဲတမ်း ဂူအောင်းကျင့်ကြံရင် အခုလောက်ဆို ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်နေလောက်ပြီ၊ ကောင်းကင်ဘဝဂ် ကျင့်ကြံသူသာ ဖြစ်သွားရင် ဆရာသခင်နဲ့အတူ ကျင့်ကြံပြီး ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုကိုတောင် ရရှိနိုင်တယ်၊ အဲဒီလိုဆို လောကဦး ခရမ်းရောင်ချီကို လိုတော့မှာ မဟုတ်ဘူး…”
ဖန်းလျန်ရဲ့ စကားများမှုကြောင့် ဟောင်တျန်ဟာ စိတ်အနှောင့်အယှက် ဖြစ်သွားပါတယ်။ ကပ်ဘေးပြီးကတည်းက လုံဟောင်ဟာ ဒီအကြောင်းတွေကိုပဲ ပြောနေတာပါ။ ဖန်းလျန်အတွက် နောင်တရဖို့ အချိန်ရှိပေမဲ့ ဟောင်တျန်အတွက်တော့ နောင်တရဖို့အချိန် မရှိပါဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟောင်တျန်လည်း ဘာမှ မတက်နိုင်ပါဘူး။
အတိတ်မှာတုန်းက ဟောင်တျန်ကိုယ်တိုင်လည်း အခွင့်အရေး အများကြီးကို လက်လွှတ်ခဲ့ရတဲ့အတွက် တာအိုပညာရှိတွေ ဝိုင်းဖိနှိပ်တာကို ခံရပြီး အခုထက်ထိ ပြန်မလာနိုင်သေးပါဘူး။ ပြောရမယ်ဆိုရင် တချို့တာအိုပညာရှိတွေက ဟောင်တျန်ရဲ့ ဂျူနီယာတွေပါ။ ဒါကြောင့် ဟောင်တျန် နှလုံးသားထဲက နာကျင်မှုဟာ တခြားသူတွေထက် ဆယ်ဆပိုပါတယ်။
“ကျွန်တော်တို့တွေ ဘာလို့ ပြန်မသွားကြတာလဲ၊ စီနီယာကို ဆရာသခင်နဲ့ မိတ်ဆက်ပေးမယ်လေ၊ စီနီယာသာ သစ္စာရှိမယ်ဆိုရင် ဆရာဘိုးဘိုးက စီနီယာကို ကျိန်းသေပေါက် လက်ခံမှာပါ”
လုံဟောင်ရဲ့ ရုတ်တရက် စကားကြောင့် ဟောင်တျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “သူ့လက်အောက်ထဲ ဝင်ရမှာလား”
“ကျွန်တော်တို့ တိတ်ဆိတ်ဂိုဏ်းကိုကြည့်၊ တပည့်တစ်ယောက်က ကောင်းကင်ဧကရာဇ် ဖြစ်လာတယ်၊ နောက်ပြီး မကြာသေးခင်ကမှ ပြီးသွားတဲ့ မိုးကောင်းကင်မျိုးနွယ်စုရဲ့ စားသောက်ပွဲတော်ကို စီနီယာ မေ့သွားပြီလား၊ တိတ်ဆိတ်ဂိုဏ်းမှာ အင်မော်တယ်ဧကရာဇ် ၂၀၀ တောင်ရှိတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်ရဲ့ ဆရာသခင်က အင်အား စုဆောင်းနေတာ ထင်ရှားတယ်၊ ကျွန်တော် ရှာတွေ့သလောက်ဆိုရင် တာအိုအရှင်သခင်နဲ့ ကျန်းယီတောင် တိတ်ဆိတ်ဂိုဏ်းထဲ ဝင်သွားပြီ၊ စီနီယာက ကျွန်တော်ထက် သူတို့အရည်အချင်းကို ပိုသိမှာပါ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 479
? Views, Released on December 8, 2024