Switch Mode

Chapter – 478

အခန်း (၄၇၈) တာအိုပညာရှိအတု အလယ်အဆင့်၊ ၁၈ ထရီလီယံ
ဟန်ကျွယ်ဟာ အသက်ခပ်ပြင်းပြင်း ရှူသွင်းပြီး စိတ်ငြိမ်အောင် ကြိုးစားလိုက်ပါတယ်။ ကံကောင်းတာတစ်ခုက ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ ဘာမှမစရသေးတာပါ။ ဟန်ကျွယ်ဟာ အနာဂတ်မှာ ဒီလိုအခြေအနေမျိုးကို သတိထားမှ ဖြစ်လိမ့်မယ်လို့ သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အိပ်မက်ကို လက်ခံပြီး အိပ်မက်နယ်မြေထဲ ဝင်လိုက်ပါတယ်။ အိပ်မက်နယ်မြေက အရင်တိုင်း တောက်ပတဲ့ ခန်းမထဲမှာပါပဲ။ ချုံရှီလိုင်ကလည်း အရင်လို ကြီးကျယ်ခမ်းနားပြီး လေးစားကြည်ညိုဖွယ်ကောင်းတဲ့ ရွှေရောင်ဗုဒ္ဓရုပ်တုပါပဲ။
ဟန်ကျွယ်ဟာ ချုံရှီလိုင်ကို မြင်လိုက်ရတဲ့အခါမှာ အတော်လေး ဒေါသထွက်သွားပါတယ် ‘မင်း ဘာလုပ်ချင်လဲဆိုတာ ငါ ကြည့်အုန်းမယ်’
ချုံရှီလိုင်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “တာအိုပညာရှိ နေရာအတွက် တိုက်ခိုက်ဖို့ ပြင်ဆင်တော့”
“ဟင်…”
“မင်းလက်အောက်မှာ အင်မော်တယ်ဧကရာဇ် ၂၀၀ ရှိတယ်မလား၊ အဲဒီလူတွေက ဧကရီဟုတ်ထို ဖန်တီးထားတဲ့ ရှကျဲ့မျိုးနွယ်စုကမလား”
ချုံရှီလိုင်ရဲ့ မေးခွန်းကို ဟန်ကျွယ်က အမှန်အတိုင်း ပြန်ဖြေလိုက်ပါတယ် “ဟုတ်တယ်”
“မင်း ဧကရီဟုတ်ထိုကို သိပ်မယုံနဲ့၊ သူက မှော်မျိုးနွယ်စုရဲ့ ရန်ငြိုးကို သယ်ဆောင်ထားတာဆိုတော့ တစ်နေ့ကျရင် မင်းကို ဒုက္ခတွင်းထဲ ဆွဲချလိမ့်မယ်”
“တာအိုပညာရှိရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
“ဗုဒ္ဓဂိုဏ်းက မကြာခင်မှာ ပေါ်လာတော့မယ်၊ အချိန်ရောက်တာနဲ့ ချူရှီရန်ကို ဗုဒ္ဓလုပ်ခိုင်းလိုက်”
“ဟုတ်ကဲ့ပါ”
“တာအိုပညာရှိ နေရာကတော့ မင်းအပေါ်ပဲ မူတည်တယ်၊ ငါ လောကဦး ခရမ်းရောင်ချီကို ပြင်ဆင်ထားပြီးပြီ၊ မင်း ကြိုးစားဖို့ပဲ လိုတယ်”
“ကျွန်တော် နားလည်ပါတယ်၊ တာအိုပညာရှိရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်’
“အင်း”
အဲဒီနောက် အိပ်မက်တစ်ခုလုံး ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ အစစ်အမှန်ကို ပြန်ရောက်တာနဲ့ ထွေရာလေးပါး မစဉ်းစားဘဲ အဆင့်စတက်ပါတယ်။ ဟန်ကျွယ်ဟာ ချုံရှီလိုင်စကားတွေက အလိမ်အညာမှန်း သိတာကြောင့် သောက်ဂရုမစိုက်ဘဲ အရင်ဆုံး အဆင့်တက်တာပါ။
နှစ် ၂၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုပညာရှိအတု အလယ်အဆင့်ကို ရောက်ရှိသွားပါတယ်။
ကျယ်ပြောနက်နဲလှတဲ့ ရောင်ဝါဟာ တာအိုဘုံကျောင်းထဲကနေ အပြင်ဘက်ကို ပျံ့နှံ့သွားတာကြောင့် တိတ်ဆိတ်ဂိုဏ်သားအားလုံးကို တာအိုဘုံကျောင်းဆီ လှမ်းကြည့်မိသွားစေပါတယ်။
‘ဂိုဏ်းချုပ်က အဆင့်တက်တာလား၊ ဒါမှမဟုတ် ဆန်းကြယ်စွမ်းအား တစ်မျိုးမျိုးကို သုံးသပ်နားလည်သွားတာလား’
ကောင်းကင်ဘဝဂ် အဆင့်ရောက်နေတဲ့ တာအိုအရှင်သခင်တောင် အသက်ရှူကြပ်သွားပါတယ် ‘ငါတို့နှစ်ယောက်ရဲ့ ပါရမီက မိုးနဲ့မြေလို ကွာခြားတာပဲ’
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၁၃,၉၈၇/၃,၂၉၀,၀၀၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အတု ထိပ်ဆုံးအဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
‘ဝိုး… ငါ့သက်တမ်းက သုံးဆနီးပါး တိုးသွားတာပဲ… ကောင်းတယ်၊ အရမ်းကောင်းတယ်’
ဟန်ကျွယ်ရဲ့ လက်ရှိသက်တမ်းက သေမျိုးတစ်ယောက်ရဲ့ အမြင်ကနေကြည့်ရင် အနန္တဖြစ်နေပါပြီ။ ပြောမဲ့သာ ပြောရတာပါ။ အင်မော်တယ်ကမ္ဘာတောင် ဒီလောက်ထိ အသက်မရှည်နိုင်ပါဘူး။
‘မဆိုးဘူး… ငါ နောက်ပြီးကျရင် တာအိုပညာရှိမင်ကျွယ်နဲ့ စာရင်းရှင်းရမယ်’
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး ကျင့်ကြံမှုကို ခိုင်မြဲအောင် ဆက်အားထုတ်ပါတယ်။ နောက်ထပ် နှစ် ၃၀ ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက လုံးဝခိုင်မြဲသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အချိန်နည်းနည်းယူပြီး သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို အဆင့်မြှင့်တင်ပါတယ်။ ပြီးတဲ့အခါမှာတော့ မဟာညီညွတ်မှုရုပ်သွင်ကို ဆက်ကျင့်ကြံပါတယ်။
နှစ် ၂၀ ကြာသွားတဲ့ အခါမှာ‌တော့ ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တု ကိုးပါးကို ကျင့်ကြံလို့ အောင်မြင်သွားပါတယ်။ အဲဒီနတ်ဘီလူးဓမ္မရုပ်တု ကိုးပါးကတော့ မိုးကြိုးသွား နတ်ဘီလူး၊ ယုတ်မာ နတ်ဘီလူး၊ အသူရာချောက် နတ်ဘီလူး၊ သွေးနတ်ဘီလူး၊ အန္တိမရေခဲ နတ်ဘီလူး၊ အလင်း နတ်ဘီလူး၊ တိမ်မြူ နတ်ဘီလူး၊ ကျွယ်မိ နတ်ဘီလူးနဲ့ ယွမ်ဟန့် နတ်ဘီလူးတို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုဆိုရင် ဟန်ကျွယ်ဟာ နတ်ဘီလူး ဓမ္မရုပ်တု ၂၂ ပါးကို လေ့ကျင့်လို့ အောင်မြင်သွားပါပြီ။ နတ်ဘီလူးဓမ္မရုပ်တု ၂၂ ပါး အတူတူ တိုက်ခိုက်တဲ့အခါမှာ တာအိုပညာရှိတောင် ဟန်ကျွယ်ကိုသတ်ဖို့ အသက်ရှူကြိမ် ဆယ်ကြိမ် ယူရပါတယ်။
ဟန်ကျွယ်ကတော့ တာအိုပညာရှိအောက်မှာ ဘယ်သူ့ကိုမဆို တစ်ချက်တည်း သတ်နိုင်သွားပါတယ်။ ကျင့်ကြံမှုအဆင့်က အဆင့်လေးတစ်ဆင့် တက်သွားတာဆိုပေမဲ့ ဟန်ကျွယ်ရဲ့ အစွမ်းကတော့ များစွာ တိုးတက်သွားပါတယ်။
ဟန်ကျွယ်ဟာ ကြယ်ပင်လယ်မှာ နတ်ဘီလူးချီအသစ်ကို မဖန်တီးတော့ဘဲ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာ စတိုက်ပါတယ်။ သူ့သက်တမ်းက သုံးဆနီးပါး တိုးတက်သွားတဲ့အတွက် တာအိုပညာရှိမင်ကျွယ်ကို လက်ဆောင် ကောင်းကောင်း ပေးရမယ်လို့ ဟန်ကျွယ်က ဆုံးဖြတ်ထားပါတယ်။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းက ကိုယ်ရေးအကျဉ်းကို စိုက်ကြည့်ကာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်တပည့် လုံဟောင်သည် သူ့ရုပ်ခန္ဓာအား ပြန်ဖန်တီးလိုက်၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကောင်းကင်တာအို အနှောင်အဖွဲ့ကို ချိုးဖျက်ပြီး တာအိုပညာရှိအတု ဖြစ်သွား၏။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် မိုးကောင်းကင်မျိုးနွယ်စု၏ တာအိုကျင့်စဉ်အား သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ချိပ်ပိတ်စည်းအား ချိုးဖျက်လိုက်ရာ ရှေးဟောင်း ကပ်ဘေးသခင် တိုက်ခိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား၏။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
‘လီတောက်ခုံးက တကယ်ကြီး တာအိုပညာရှိအတု ဖြစ်သွားတာလား၊ ဖြစ်သင့်ပါတယ်လေ၊ သူက ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့်ပဲဟာကိုး… အနန္တကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မှတော့ ကျင့်ကြံမှုတိုးတာ ဖြစ်သင့်ပါတယ်လေ’
လီမုယဲ့က လီတောက်ခုံးကို အထူးအခွင့်အရေး ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ သနားစရာကောင်းတဲ့ ကျန်းတုကူးကတော့ အခုအချိန်မှာ လီတောက်ခုံးကို အနိုင်ယူနိုင်တော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပန်းရှင်းကို တိုက်ခိုက်နေတဲ့ ‌ရှေးဟောင်း ကပ်ဘေးသခင်က ဘယ်သူလဲဆိုတာကို သိချင်သွားပါတယ်။ ဟန်ကျွယ်ဟာ ပန်ရှင်းနဲ့ နောက်တစ်ခါတွေ့ရင် ဒီအကြောင်းကို မေးဖြစ်အောင် မေးမယ်လို့ စိတ်ထဲမှာ တေးထားလိုက်ပါတယ်။
ဟန်ကျွယ်ဟာ စနစ်သုံးပြီး မတွက်ချက်တာက သိချင်စိတ်နဲ့ လျှောက်တွက်နေရင် ပြီးတော့မှာ မဟုတ်လို့ပါပဲ။ အင်မော်တယ်ကမ္ဘာမှာ ဟန်ကျွယ် မသိသေးတဲ့အရာတွေက အများကြီးဖြစ်တဲ့အတွက် ဟန်ကျွယ်သာ ဒီတစ်ခုချင်းစီကို လိုက်တွက်နေရင် သူ့ဆီမှာရှိတဲ့ သက်တမ်းကို နှစ်ထပ်ကိန်းတင်ရင်တောင် လောက်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ဆက်တိုက် လျော့ကျလာပါတယ်။
၁ ဘီလီယံ၊ ၂ ဘီလီယံ။
၁၀၀ ဘီလီယံ။
၁ ထရီလီယံ။
၂ ထရီလီယံ။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က ခန်းမတစ်ခုမှာ တရားထိုင်နေတဲ့ တာအိုပညာရှိမင်ကျွယ်ဟာ သူ့စွမ်းအားကို လှည့်ပတ်ပြီး ထူးဆန်းတဲ့ ကျိန်စာစွမ်းအားကို ခုခံပါတယ်။
‘ခွေးမသား အမှောင်သခင်ကြီး… ကျိန်စာစွမ်းအားက ထပ်တိုးလာပြန်ပြီ၊ ဒါကိုများ သူ့ကိုယ်သူ တာအိုပညာရှိ မဟုတ်ဘူးလို့ ဟန်ဆောင်ရဲသေးတယ်’ တာအိုပညာရှိမင်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ သူ အခုရင်ဆိုင်နေရတဲ့ ကျိန်စာစွမ်းအားက တာအိုပညာရှိအတုထက် အများကြီး သာလွန်နေပါပြီ။
ဒါပေမဲ့ တာအိုပညာရှိ မင်ကျွယ်ဟာ အထိတ်တလန့် မဖြစ်ဘဲ အေးအေးဆေးဆေး ခုခံပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါမှာတော့ တာအိုပညာရှိမင်ကျွယ်ဟာ မျက်မှောင် ပိုကြုတ်လာပါတယ်။ အရင်တစ်ခေါက်က တာအိုပညာရှိမင်ကျွယ် ဖိနှိပ်ထားခဲ့တဲ့ အတွင်းနတ်ဆိုးဟာ ပြန်ပေါ်လာပါတယ်။
“မင်းက အစွမ်းအထက်ဆုံး တာအိုပညာရှိပဲ၊ ဘာလို့ တခြားတာအိုပညာရှိတွေကို ဂရုစိုက်ရမှာလဲ”
“မင်းက တာအိုဘိုးဘေးရဲ့ သင်ကြားမှုကို မှီခိုခဲ့တာ မဟုတ်သလို ကံတရား အထောက်အပံ့ဂိုဏ်းရဲ့ အကူအညီကိုလည်း ယူခဲ့တာ မဟုတ်ဘူး၊ မင်းက ကိုယ့်အားကိုယ်ကိုးပြီး တာအိုပညာရှိဖြစ်လာတာ၊ မင်းမှာ အောင်မြင်ဖို့ ကံပါလာပြီးသား”
“တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကိုသုံးပြီး တခြားတာအိုပညာရှိ အားလုံးရဲ့ သင်ကြားမှုတွေကို ဖျက်ဆီးပစ်လိုက်”
တာအိုပညာရှိမင်ကျွယ်ဟာ အတွင်းနတ်ဆိုးကို လျစ်လျူရှုပြီး ဓမ္မစွမ်းအားကို အစွမ်းကုန်ထုတ်ကာ တာအိုနှလုံးသားကို ကာကွယ်လိုက်ပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါမှာတော့ တာအိုပညာရှိမင်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ယိမ်းထိုးလာပါတယ်။ ဒါပေမဲ့ အမှောင်သခင်ကြီးရဲ့ ကျိန်စာစွမ်းအားကတော့ အားပျော့မသွားဘဲ ပိုလို့တောင် အားကောင်းလာပါတယ်။
‘ဘယ်သူလဲ…’ တာအိုပညာရှိမင်ကျွယ်ဟာ အံကြိတ်ပြီး ဘယ်တာအိုပညာရှိက ကျိန်စာတိုက်နိုင်လဲဆိုတာ တွေးလိုက်ပါတယ် ‘ဒီတာအိုပညာရှိက ကောင်းကင်တာအို ပညာရှိ မဟုတ်တာ သေချာတယ်၊ ရွမ်လိန့်ကျောင်းတော်ရဲ့ လီမုယဲ့များလား’
‘ဟုတ်တယ် သူ အဖြစ်နိုင်ဆုံးပဲ၊ ဒီကောင်က ငါ့ထက် အားမနည်းတဲ့အပြင် ကောင်းကင်တာအိုပညာရှိလည်း မဟုတ်ဘူး၊ ဒါကြောင့် ငါ သူ့ကို တွက်ချက်လို့ မရတာ ဖြစ်လိမ့်မယ်’
တာအိုပညာရှိမင်ကျွယ် သံသယဝင်ရင်လည်း ဝင်ချင်စရာပါ။ လီမုယဲ့က ရွမ်လိန့်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ် ဖြစ်တဲ့အတွက် ကျန်တဲ့ တာအိုဂိုဏ်းခွဲ ကျောင်းတော်နှစ်ခုကိုလည်း ထိန်းချုပ်ထားပါတယ်။ တခြားတာအိုပညာရှိကို သတ်ဖြတ်တာက တာအိုဂိုဏ်းအတွက် အများကြီး အကျိုးအမြတ် ဖြစ်ထွန်းစေမှာပါ။
တာအိုပညာရှိမင်ကျွယ်ဟာ အခြေအနေကို နားလည် သဘောပေါက်သွားတာကြောင့် မျက်လုံးတွေ အေးစက်သွားပါတယ်။
ဟန်ကျွယ်ရဲ့ သက်တမ်း ၁၈ ထရီလီယံ ကုန်ဆုံးသွားတဲ့အခါမှာတော့ တာအိုပညာရှိမင်ကျွယ်နဲ့ ပတ်သက်တဲ့ စာတစ်စောင် ရောက်လာပါတယ်။ စာရောက်လာတာနဲ့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်း ရပ်လိုက်ပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ တာအိုပညာရှိ မင်ကျွယ်၏ တာအိုနှလုံးသား အက်ကွဲပြီး အတွင်းနတ်ဆိုး အားကောင်းလာ၏။]
‘ဒီလောက်ဆို သက်တမ်းကုန်တာ တန်တယ်’
တာအိုပညာရှိကို တစ်ခါတည်းနဲ့ သေအောင် ကျိန်စာတိုက်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဟန်ကျွယ်ကလည်း တာအိုပညာရှိမင်ကျွယ်ကို တစ်ခါတည်း မသတ်ချင်ပါဘူး။ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်ပြီး သတ်ချင်တာပါ။
လေးငါးဆယ်ရက် အနားယူပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျိန်စာ ဆက်တိုက်ပါတယ်။ ဒီတစ်ခါ ဟန်ကျွယ် ကျိန်စာတိုက်တဲ့လူက ချုံရှီလိုင်ပါ။ ချုံရှီလိုင်က ဟန်ကျွယ်ကို အရင်ကပ်ဘေးမှာ ကူညီခဲ့တယ်ဆိုပေမဲ့ အခုအချိန်မှာ တာအိုပညာရှိနေရာနဲ့ ဖြားယောင်းပြီး အသုံးချဖို့ ကြိုးစားတဲ့အတွက် ဟန်ကျွယ်က သတိ‌ပေးတဲ့အနေနဲ့ ကျိန်စာတိုက်တာပါ။
ဟန်ကျွယ်ဟာ ချုံရှီလိုင်က အားယားပြီး အိပ်မက် ဆက်တိုက်လာပေးတာကို မလိုချင်တာလည်း ပါပါတယ်။
ငါးရက်ကြာ ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီး မတ်တတ်ရပ်ကာ အကြောဆန့်လိုက်ပါတယ်။
တကယ်တော့ ဟန်ကျွယ်က အကြောဆန့်ချင်လို့သာ ဆန့်တာပါ။ တာအိုပညာရှိအတုရဲ့ အကြောက ဘယ်လိုလုပ်ပြီး သေမျိုးတစ်ယောက်လိုမျိုး ညောင်းညာကိုက်ခဲမှာလဲ။
ဟန်ကျွယ်ဟာ အကြောဆန့်ရင်းနဲ့ တာအိုစက်ကွင်းရဲ့ အခြေအနေကို နတ်အာရုံနဲ့ အကဲခတ်လိုက်ပါတယ်။
ဒီအတောအတွင်း ရှန်တျန်သက်ရှိ တော်တော်များများ အသွင်ပြောင်းလဲသွားကြပါတယ်။ အရင်ရှန်တျန် သက်ရှိတွေလိုပဲ ဒီအသွင်ပြောင်းလာတဲ့ ရှန်တျန်သက်ရှိတွေဟ ဟန်ဇွေတျန်နောက်ကို လိုက်ကြပါတယ်။ သူတို့တွေဟာ အကြောင်းတချို့ကြောင့် မကြာခဏဆိုသလို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ကင်းလှည့်ကြပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset