Switch Mode

Chapter – 475

အခန်း (၄၇၅) တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အား၊ ကျန်းတုကူး
နှစ်ငါးဆယ် ကြာပြီးနောက်။
အင်မော်တယ်ကမ္ဘာ၊ ကောင်းကင်ဘုံ ၁၃ ဘုံမြောက်။
တိမ်ပင်လယ်ထက်မှာ နန်းတော်များစွာ တည်ရှိနေပါတယ်။ အင်မော်တယ်ငှက်တွေဟာ အဲဒီနန်းတော်များကို ပတ်ပျံသန်းပြီး သီချင်းသီနေကြတာက ရှုမငြီးတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။
မုရုံချီ၊ တာအိုအရှင်သခင်နဲ့ ကျန်းယီတို့ဟာ ရှကျဲ့မျိုးနွယ်စု နှစ်ရာကို ဦးဆောင်ပြီး ပျံသန်းလာကြပါတယ်။ သူတို့တွေဟာ ရှေ့ဆက်ပျံရင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်။
“ဒါက မိုးကောင်းကင် မျိုးနွယ်စုလား”
“အရင်တုန်းက ကောင်းကင်ရုံးတော်ထက် ပိုပြီးတော့ စည်ကားနေသလိုပဲ”
“မိုးကောင်းကင်မျိုးနွယ်စုရဲ့ ခေါင်းဆောင်က ငါတို့ဂိုဏ်းချုပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောကြတယ်”
“တစ်ခါတုန်းက ဂျိရှင်းရှန်က ဆရာဘိုးဘိုးနဲ့အတူ အင်မော်တယ်နတ်ဘုရားတွေကို တိုက်ခိုက်ခဲ့ဖူးတယ်”
“သူတို့က တကယ်ကြီး အတူတူ တိုက်ခိုက်ခဲ့တာလား”
မုရုံချီနဲ့ တခြားနှစ်ယောက်ဟာ စကားပြောဆိုရင်း နေရာစုံကို လျှောက်ကြည့်ပါတယ်။
အင်‌မော်တယ်ဧကရာဇ် နှစ်ရာရဲ့ ရောင်ဝါက အတူစုစည်းနေတာမို့ အလွန်ပဲ အားကောင်းလှပါတယ်။ လမ်းတစ်လျှောက်မှာ သူတို့ကို စိတ်မဝင်စားတဲ့ သက်ရှိရယ်လို့ တစ်ယောက်မှ မရှိပါဘူး။
ဖန်းဟွမ်ကျွင်းဟာ ပျံသန်းလာပြီး မုရုံချီရှေ့မှာ ရပ်လိုက်ပါတယ် “မိတ်ဆွေတို့က…”
“တိတ်ဆိတ်ဂိုဏ်းက မုရုံချီ”
ဖန်းဟွမ်ကျွင်းဟာ မျက်ခုံးပင့်တက်သွားပြီ တာအိုအရှင်သခင်နဲ့ ကျန်းယီကို ကြည့်ကာ နှလုံးလှုပ်သွားပါတယ်။
တာအိုအရှင်သခင်က မေးလိုက်ပါတယ် “ဖန်းလျန် ဘယ်မှာလဲ၊ သူ ငါတို့ကို လာမတွေ့ဘူးလား”
ဖန်းဟွမ်ကျွင်းက ပြန်ဖြေပါတယ် “ကျွန်တော့်နောက် လိုက်ခဲ့ပါ၊ ကောင်းကင်ဧကရာဇ်ဖန်က မိုးကောင်းကင် ဘိုးဘေးနဲ့ စကားပြောနေလို့ပါ”
မုရုံချီဟာ ခေါင်းညိတ်လိုက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ရှေ့ဆက်သွားကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းသားတွေ ရောက်လာတာက ကောင်းကင်ဘုံ ၁၃ ဘုံမြောက်ကို ဂယက်ထသွားစေပါတယ်။
စုချီ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးလိုက်တည်းက အင်မော်တယ်ဧကရာဇ် မပြောနဲ့ နတ်မင်းအဆင့်တောင် နည်းနည်းပဲ ကျန်ရှိတော့တာပါ။ တာအိုဂိုဏ်း ကျောင်းတော်သုံးကျောင်းရဲ့ အင်မော်တယ်ဧကရာဇ်တွေတောင် အတော်လေး နည်းပါးသွားပါပြီ။
မိုးကောင်းကင်မျိုးနွယ်စုက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားဒဏ် မခံရတဲ့အတွက် အင်မော်တယ်ဧကရာဇ် အများဆုံး ရှိပါတယ်။
ကျယ်ကျောင်းတော် ခေတ္တနားနေတဲ့ နန်းတော်ထဲက နန်းတော် တစ်ဆောင်။
ခန်းမထဲမှာ ကျင်းတျန်ကုန်းနဲ့ ဟွမ်ဇွမ်တျန်ဟာ သူတို့လိုချင်တဲ့ နယ်မြေကို ဘယ်လိုအရယူရမလဲဆိုတာ ဆွေးနွေးနေကြပါတယ်။
အင်မော်တယ်ကမ္ဘာက ကြီးမားပေမဲ့ တာအိုဂိုဏ်းရဲ့ မျိုးဆက်အနေနဲ့ ကျယ်ကျောင်းတော်ရဲ့ နယ်မြေဟာ တခြားအင်အားစုတွေထက် သေးငယ်လို့ မရပါဘူး။ ဒါက မျက်နှာကိစ္စပါ။ ဒီလိုမဟုတ်ဘူးဆိုရင် သက်ရှိအားလုံးရဲ့ နှလုံးသားထဲမှာ ကျယ်ကျောင်းတော် အဆင့်အတန်းက အချိန်ကြာလာတာနဲ့ ကျဆင်းသွားမှာပါ။
ရုတ်တရက် တပည့်တစ်ဦး ပြေးဝင်လာပါတယ်။
“ဂိုဏ်းချုပ်… ဒုဂိုဏ်းချုပ်… ကောင်းကင်ဘုံ ၁၃ ဘုံမြောက်ကို နောက်ထပ် လျှို့ဝှက်အင်အားစုတစ်စု ရောက်လာတယ်၊ သူတို့မှာ အင်မော်တယ်ဧကရာဇ် ၂၀၀ တောင်ရှိတယ်” ပြေးဝင်လာတဲ့ ကျယ်ကျောင်းတော် တပည့်ဟာ ဒူးထောက်ပြီး ခပ်တိုးတိုး လျှောက်တင်လိုက်ပါတယ်။
‘အင်မော်တယ်ဧကရာဇ် နှစ်ရာ…’ ကျင်းတျန်ကုန်းနဲ့ ဟွမ်ဇွမ်တျန်ဟာ တအံတဩ ဖြစ်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပါတယ်။ အဲဒီနောက် ကျင်းတျန်ကုန်းက မေးလိုက်ပါတယ် “ဘယ်အင်အားစုလဲ”
“တိတ်ဆိတ်ဂိုဏ်းလို့ ခေါ်တဲ့ အင်အားစုကပဲ”
‘တိတ်ဆိတ်ဂိုဏ်း…’ ဟွမ်ဇွမ်တျန်ဟာ ဒီနာမည်ကြောင့် မျက်ခုံးလှုပ်သွားပါတယ်။
ကျင်းတျန်ကုန်းကတော့ မျက်လုံးကျဉ်းသွားပါတယ် “တိတ်ဆိတ်ဂိုဏ်း… ဒီနာမည်က ငါ ဘာလို့ မကြားဖူးတာလဲ၊ နေပါအုန်း… ကောင်းကင်ဧကရာဇ်ဖန်ကလည်း တိတ်ဆိတ်ဂိုဏ်းက လာတာဆိုတော့ ဒီတိတ်ဆိတ်ဂိုဏ်းက သေမျိုးအင်အားစုလား”
တပည့်က ပြန်လျှောက်တင်ပါတယ် “တိတ်ဆိတ်ဂိုဏ်းကို ဦးဆောင်လာတဲ့သူက ရှန်နန်းတော်ရဲ့ ပါရမီရှင်ဟောင်း ကျန်းရှန်ဧကရာဇ်ပါ၊ သူနဲ့ လာတဲ့လူတွေက ရှန်နန်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင် တာအိုအရှင်သခင်နဲ့ နတ်ရွှေကျီးကန်း မိသားစုက နံပါတ်တစ် ပါရမီရှင် ကျန်းယီပါ”
ဒီတစ်ကြိမ်မှာတော့ ကျင်းတျန်ကုန်းဟာ အေးအေးဆေးဆေး မနေနိုင်တော့ပါဘူး။ ကပ်ဘေးပြီးဆုံးတိုင်းမှာ ကြီးမားတဲ့ အင်အားစုတစ်စု ပေါ်နေကျပဲ မဟုတ်ပါလား။
အရင်တုန်းကလည်း ရှန်နန်းတော်က ဇုထူဟာ အင်အားစု အသီးသီးက ရှုံးနိမ့်သူတွေကို စုစည်းပြီး ရှန်နန်းတော်အတွက် အရှိန်အဟုန် တည်ဆောက်ခဲ့တာကြောင့် ကောင်းကင်တာအိုရဲ့ အဓိက အင်အားစုလေးစုထဲက တစ်စု ဖြစ်ခဲ့ပါတယ်။
“ဒီအတိုင်းဆို ငါ ကိုယ်တိုင် သွားရမှာပဲ” ကျင်းတျန်ကုန်းဟာ ရေရွတ်လိုက်ပါတယ်။
ဒီလိုမြင်ကွင်းမျိုးက အင်အားစုတွေ ခေတ္တတည်းနေတဲ့ နန်းတော်တိုင်းမှာ ဖြစ်ပျက်ပါတယ်။
ကပ်ဘေးပြီးဆုံးနောက် အင်မော်တယ်ဧကရာဇ် ၂၀၀ ထုတ်လုပ်နိုင်တဲ့ အင်အားစုက လုံးဝကို ကြောက်မက်ဖို့ကောင်းတဲ့ အင်အားစုပါ။ ဒါကြောင့် အင်အားစုတိုင်းက တိတ်ဆိတ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ချင်ကြပါတယ်။ အင်အားစုအသီးသီးဟာ တိတ်ဆိတ်ဂိုဏ်းနဲ့ မဟာမိတ်မဖွဲ့နိုင်ရင်တောင် အနည်းဆုံး ရန်သူတော့ မဖြစ်ချင်ကြပါဘူး။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်။
ဟန်ကျွယ်ကို အချိန်ကို တွက်ကြည့်လိုက်တဲ့အခါ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ပွဲတော်က စကျင်းပပြီဆိုတာကို သိလိုက်ပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူပြီး ဖန်းလျန်နဲ့ ဆက်သွယ်ကာ တိတ်ဆိတ်ဂိုဏ်းကို ဂရုစိုက်ပေးဖို့ မှာကြားပါတယ်။
ဖန်းလျန်ဟာ တိတ်ဆိတ်ဂိုဏ်း ဘာမှမဖြစ်စေရဘူးလို့ ကတိပေးပါတယ်။ ဒါ့အပြင် ဂျိရှင်းရှန်နဲ့ ဆွေးနွေးပြီးပြီမို့ တိတ်ဆိတ်ဂိုဏ်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံမဲ့အကြောင်း ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဖန်းလျန်နဲ့ ဂျိရှင်းရှန်ကိုတော့ ယုံပါသေးတယ်။ ပြီးခဲ့တဲ့ ကပ်ဘေးတုန်းကလည်း သူတို့နှစ်ယောက်က တိတ်ဆိတ်ဂိုဏ်းသားတွေကို ဘယ်တုန်းကမှ ဒုက္ခမပေးခဲ့ပါဘူး။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကထွက်ပြီး လမ်းလျှောက်ထွက်ပါတယ်။ မကြာခင်မှာပဲ မြစ်လေးတစ်စင်းဘေးမှာ တရားထိုင်နေတဲ့ ချူရှီရန်၊ ကျိုးမင်ယွဲ့၊ လွီဟွာရွှီနဲ့ ဟန်ဇွေတျန်ကို ဟန်ကျွယ် တွေ့လိုက်ပါတယ်။
ချူရှီရန်က ဗုဒ္ဓဓမ္မကို ဟောကြားနေတာ ဖြစ်ပါတယ်။ ကျိုးမင်ယွဲ့ဟာ ဗုဒ္ဓဓမ္မကို နားမထောင်ချင်ပေမဲ့ ချူရှီရန်ကို မလွန်ဆန်နိုင်တာကြောင့် ကြိတ်မှိတ်သည်းခံပြီး နားထောင်ပါတယ်။
ဟန်ကျွယ်ကို တွေ့တာနဲ့ ချူရှီရန်ဟာ ပထမဆုံး မတ်တတ်ရပ်လိုက်ပါတယ် “ဆရာဘိုးဘေး”
တခြားသူတွေလည်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ နေလ ယင်ယန် အကာအကွယ်ကို ဝတ်ဆင်ထားတုန်းမို့ တခြားသူတွေ သူ့မျက်နှာကို မြင်ဖို့ဆိုတာ မဖြစ်နိုင်‌သေးပါဘူး။
ဟန်ဇွေတျန်ကတော့ ရင်တထိတ်ထိတ် ဖြစ်နေပါတယ်။ ဟန်ဇွေတျန်ဟာ ဟန်ကျွယ်ကို မြင်ရတိုင်းအခါတိုင်း အလိုလို ကြောက်နေပါတယ်။ ဒါပေမဲ့ ဟန်ဇွေတျန်ဟာ ဟန်ကျွယ်ကို အလေးစားဆုံးပါ။ ဒီခံစားချက်က ရှင်းပြဖို့ ခက်ပါတယ်။
ခရမ်းရောင် ကြယ်ဧကရာဇ် ပြန်ဝင်စားတဲ့ လွီဟွာရွှီကတော့ ဟန်ကျွယ်က သူတို့ကို အထူးတလည် ဆက်ဆံမလားလို့ မျှော်လင့်မိလိုက်ပါတယ်။
ချူရှီရန်က ပထမဆုံး မေးလိုက်ပါတယ် “ဆရာဘိုးဘိုး… ဘာကိစ္စ ရှိလို့ပါလဲ”
ချူရှီရန်ရဲ့ မျက်လုံးတွေက ပြင်းပြတဲ့ဆန္ဒတွေနဲ့ ပြည့်နှက်နေပါတယ်။ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျိုးဖန်၊ ကျန်းယီနဲ့ လီယောင်တို့ကို အမီလိုက်ချင်နေပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ငါ ထိုင်နေတာ ကြာလို့ အပျင်းပြေ လမ်းလျှောက်ထွက်လာတာ၊ ငါနဲ့လိုက်ခဲ့ချည်”
ချူရှီရန်တို့ လေးဦးဟာ အလျင်အမြန် ခေါင်းညိတ်ပြီး ဟန်ကျွယ်နောက်ကနေ လိုက်ကြပါတယ်။ သူတို့ငါးဦးဟာ တောအုပ်ထဲမှာ ခြေဦးတည့်ရာ လျှောက်သွားကြပါတယ်။
ဟန်ကျွယ်ဟာ အတိတ်ကဖြစ်ရပ်တွေကို ပြန်ပြောင်း ပြောပြပါတယ်။ ဟန်ကျွယ်ဟာ ချူရှီရန်တို့က သူငယ်ငယ်တုန်းက ယွီဂျင်ဂိုဏ်းတော်ကြီးမှာ ဘယ်လိုနေခဲ့ရတယ်ဆိုတာကို စနစ်ကလွဲပြီး ကျန်တာ အကုန်လုံး ပြောပြပါတယ်။
ဟန်ကျွယ်ဟာ ငယ်ငယ်က သစ်ပင်ပန်းမာန်တွေ စိုက်ခဲ့ရတဲ့ကိစ္စတွေကို ပြန်ပြောင်းပြောပြတာပါ။ ဒါပေမဲ့ ချူရှီရန်တို့ကတော့ ဟန်ကျွယ် ပြောသမျှကို အလေးအနက် နားထောင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုနား‌ထောင်ရတာလဲဆိုတော့ ဟန်ကျွယ်က စကားများတက်တဲ့သူ မဟုတ်တဲ့အတွက် ဒီလိုတွေ လာပြောနေတာက နက်ရှိုင်းတဲ့ အကြောင်းအရင်းတစ်ခု ရှိရလိမ့်မယ်လို့ ချူရှီရန်တို့က ယုံကြည်ထားလို့ပါပဲ။
ပြောရင်ဆိုရင်း ဟန်ကျွယ်ဟာ အတိတ်က မှတ်ဉာဏ်တွေထဲ ပြန်ရောက်သွားပြီး ကြက်သွေးရောင် တိမ်ကမ္ဘာတုန်းက အကြောင်းအရာတွေ အကုန်လုံးနီးပါးကို ပြောပြမိလျက်သား ဖြစ်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ် စကားပြောတာ ရပ်လိုက်ပြီး လမ်းလျှောက်ရင်းနဲ့ အတိတ်ကမှတ်ဉာဏ်တွေကို ပြန်စဉ်းစားနေလိုက်ပါတယ်။
ချူရှီရန်တို့ ငါးယောက်ကတော့ အတွေးများသွားကြပါတယ် ‘ဒီဇာတ်လမ်းက ဘာကိုဆိုလိုတာလဲ’ ချူရှီရန်တို့ဟာ ဟန်ကျွယ်ကိုလည်း မမေးရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လမ်းတစ်ပုဒ်ကိုတောင် မသုံးသပ်နိုင်ရင် ဟန်ကျွယ်ဆီကနေ အထူးတလည် ဆက်ဆံခံရဖို့ မထိုက်တန်မှန်း သိနေလို့ပါပဲ။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ချူရှီရန်တို့ငါးဦးနဲ့ လမ်းခွဲလိုက်ပါတယ်။ ဟန်ကျွယ် ထွက်သွားတဲ့နောက် ချူရှီရန်တို့ငါးဦးဟာ ဒီအကြောင်းကို စပြီးတော့ ဆွေးနွေးကြပါတယ်။
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ပွဲတော်ကို တွေးမိသွားပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် တာအိုပညာရှိအတု၏ တိုက်ခိုက်မှုကြောင့် ရုပ်ခန္ဓာပျက်စီးသွားသော်လည်း အကောင်းစား ရတနာ၏ ကာကွယ်မှုကြောင့် ဝိညာဉ်မှာ ဘာမှမဖြစ်ပေ။]
[သင့်တပည့် တာအိုအရှင်သခင်သည် သင့်မိတ်ဆွေ ကျန်းတုကူး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် သင့်မိတ်ဆွေ ကျန်းတုကူး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် သင့်မိတ်ဆွေ ကျန်းတုကူး၏ တိုက်ခိုက်မှု‌ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် သင့်မိတ်ဆွေ ကျန်းတုကူ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရသွားသည်။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် လျှို့ဝှက်ဆန်းကြယ် တာအိုပညာရှိအတု တစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ၊ ကျန်းတုကူးက ဘာဖြစ်လို့ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ပွဲတော်ကို တိုက်ခိုက်ရတာလဲ၊ သူက မိုးကောင်းကင်မျိုးနွယ်စုထဲ ဝင်ထားတာ မဟုတ်ဘူးလား’
ဟန်ကျွယ်ဟာ သိချင်လာတာကြောင့် ထုံးစံအတိုင်း စနစ်ကို မေးလိုက်ပါတယ် “ကျန်းတုကူးက မိုးကောင်းကင်မျိုးနွယ်စုရဲ့ ပွဲတော်ကို ဘာလို့ တိုက်ခိုက်ရတာလဲ”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ကျသွားပြီး နန်းတော်တစ်ဆောင်ကို ရောက်ရှိသွားပါတယ်။ ဒီနန်းတော်က အလွန်တရာမှ ကျယ်ပြန်တဲ့အတွက် တာအိုပညာရှိတစ်ပါးပါးရဲ့ တာအိုစက်ကွင်းလို့ ဟန်ကျွယ် ခန့်မှန်းမိလိုက်ပါတယ်။
ကျန်းတုကူးဟာ ရုပ်သွင်တစ်ခု‌ရှေ့မှာ ဒူးထောက်နေပါတယ်။
ရုပ်သွင်က ပြောလိုက်ပါတယ် “မိုးကောင်းကင်မျိုးနွယ်စု ဘိုးဘေးက ဘဝမြင့်လွန်းတယ်၊ ကောင်းကင်တာအိုရဲ့ ကာကွယ်မှုကို ရတာနဲ့ လုပ်ချင်တာ လုပ်လို့ရပြီလို့ ထင်နေတယ်၊ ရွမ်လိန့်ကျောင်းတော်လည်း အင်အားကြီးမားလာသင့်တယ်၊ ဒီနေ့ကစပြီး မင်းက ရွမ်လိန့်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်ပဲ၊ မင်း ရွမ်လိန့်ကျောင်းတော်ကို တိုးတက်အောင်ုလပ်ပြီး မင်းတာအိုကျင့်စဉ်တွေကို ဖြန့်ကျက်ချည်၊ နောက်ကပ်ဘေး မတိုင်ခင် ရွမ်လိန့်ကျောင်းတော်က ထိပ်သီးအင်အားစုဖြစ်နေဖို့ လိုအပ်တယ်”
“ဒီပွဲတော်မှာ ဂျိရှင်းရှန်ကို သင်ခန်းစာတစ်ခု သွားပေးလိုက်”
ကျန်းတုကူးဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ရွမ်လိန့်ကျောင်းတော်က နောက်ကပ်ဘေးထဲ ဝင်မလို့လား”
ကပ်ဘေးပြီးခါစမို့ ကျန်းတုကူးဟာ ကပ်ဘေးကို ပြန်တွေးမိလိုက်တိုင်း မကြောက်လန့်ဘဲ မနေနိုင်ပါဘူး။ ကျန်းတုကူးဟာ နောက်ထပ် ကပ်ဘေးထဲကို မဝင်ချင်တော့ပါဘူး။
ရုပ်သွင်က ပြန်ပြောလိုက်ပါတယ် “မင်း ကောင်းကောင်းမွန်မွန် လုပ်ကိုင်မယ်ဆိုရင် ကပ်ဘေးမတိုင်ခင် တာအိုပညာရှိ ဖြစ်လာနိုင်တယ်၊ နွီဝါ သေသွားပြီဆိုတော့ သူ့နေရာက ရွမ်လိန့်ကျောင်းတော်က ထိန်းချုပ်ထားတယ်၊ ဒီကိစ္စရဲ့ မင်းရဲ့ အစွမ်းပြမှုအပေါ် မူတည်တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset