Switch Mode

Chapter – 474

အခန်း (၄၇၄) မိုးကောင်းကင် မျိုးနွယ်စု၏ စားသောက်ပွဲ၊ တိတ်ဆိတ်ဂိုဏ်း၏ ထောက်တိုင်
မာချောင်ရဲ့ စကားကို ကြားရတဲ့အခါမှာ ဟန်ကျွယ်ဟာ မဆိုစလောက် မျက်မှောင်ကြုတ်မိသွားပါတယ်။
“တရှီကျဲ့ကမ္ဘာရှိတဲ့ တာအိုပညာရှိတွေက ဒီအချိန်-အာကာသ ဝဲကတော့ကနေ တာအိုစက်ကွင်းကို ဝင်လာနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲမှာ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လေလောဆယ် မဖြတ်ကျော်နိုင်ပါ။ တာအိုစက်ကွင်းသည် ကောင်းကင်တာအိုထဲတွင် တည်ရှိသောကြောင့် တာအိုပညာရှိများသည် တာအိုစက်ကွင်းအား ဖြတ်ကျော်ချင်လျှင် ကောင်းကင်တာအိုအား ကျော်ဖြတ်ရန် လိုအပ်သည်။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။ လောလောဆယ်မှာ ပြဿနာ မရှိသေးပေမဲ့ ဒီအတိုင်းဆက်သွားနေရင် အဆင်မပြေလှပါဘူး။ ဟန်ကျွယ်အနေနဲ့ ဒီခြိမ်းခြောက်မှုကို အပြတ်ရှင်းဖို့ လိုအပ်ပါတယ်။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ စုချီကို တွေးမိသွားပါတယ်။ အကြွင်းမဲ့ သန့်စင်ခြင်းကြောင့် စုချီဟာ သူ့ကြမ္မာဆိုးကို လုံးဝ ထိန်းချုပ်နိုင်သွားခဲ့ပါပြီ။ ဟန်ကျွယ်ဟာ ဒီနည်းလမ်းက ဖူစန်းသစ်ပင်မှာရော အလုပ်ဖြစ်မလားဆိုတာ သိချင်သွားပါတယ်။ ဒါကြောင့် ချက်ချင်းပဲ ဖူစန်းသစ်ပင်ကို အကြွင်းမဲ့ သန့်စင်ခြင်းသုံးပြီး သန့်စင်လိုက်ပါတယ်။
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် လုပ်ဆောင်လိုပါသလား။]
ဆက်လုပ်မယ်။
အခုအချိန်မှာ ဟန်ကျွယ်အတွက် ၁ ဘီလီယံလောက်က စာမဖွဲ့တော့ပါဘူး။ ဟန်ကျွယ် အကြွင်းမဲ့ သန့်စင်ခြင်းကို သုံးလိုက်တာနဲ့ ဖူစန်းသစ်ပင်ဟာ ယားယံတဲ့လူတစ်ယောက်လိုမျိုး ဟိုဟိုဒီဒီ ယိမ်းထိုးလာပါတယ်။
“ဘာမှမဖြစ်ဘူး၊ ငါ မင်းကို ကူညီနေတာ”
ဟန်ကျွယ်စကားကြောင့် ဖူစန်းသစ်ပင်ဟာ သိချင်စိတ်နဲ့ ပြန်မေးလိုက်ပါတယ် “ကျွန်တော်ကို ဘာလုပ်ဖို့ ကူညီပေးတာလဲ”
“မင်း အချိန်-အာကာသ ဝဲကတော့ကို ထိန်းချုပ်နိုင်အောင် ကူညီပေးတာ၊ ဒီတရှီကျဲ့ကမ္ဘာက အရမ်းအန္တရာယ်များတယ်၊ ဒီကမ္ဘာက အချိန်ကြာလေ အန္တရာယ်ပိုများလေပဲ၊ အဲဒါကြောင့် ငါ…”
ဟန်ကျွယ်က ရှေ့ဆက်မပြောတဲ့အတွက် ဖူစန်းသစ်ပင်ဟာ သေလောက်အောင် ကြောက်သွားပါတယ်။
မာချောင်၊ တျန်ဝေနဲ့ ကျောက်ယွင်ကလည်း ဘာမှ မပြောကြပါဘူး။ ဒီတာအိုအစောင့်တွေက စကားပြောနိုင်ပေမဲ့ ဟန်ကျွယ်ရဲ့ အမိန့်ကိုသာ နာခံပြီး တခြားဘာမှ မတွေးကြပါဘူး။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ပေါ်မှာနေပြီး အကြွင်းမဲ့သန့်စင်ခြင်း ပြီးဆုံးတာကို စောင့်ဆိုင်းပါတယ်။ အတန်ကြာတဲ့အခါမှာတော့ အကြွင်းမဲ့ သန့်စင်ခြင်း ပြီးဆုံးသွားပြီး အချိန်-အာကာသ ဝဲကတော့လည်း တဖြည်းဖြည်း ကျဉ်းမြောင်းသွားပါတယ်။
ဖူစန်းသစ်ပင်ဟာ တအံတဩ ဖြစ်သွားပါတယ် “ကျွန်တော် ဒီအချိန်-အာကာသ ဝဲကတော့ တကယ်ကြီး ထိန်းချုပ်နိုင်တာပဲ၊ ကျွန်တော်ရဲ့ သစ်ကိုင်းကို ထိန်းချုပ်သလိုမျိုး အလွယ်တကူ ထိန်းချုပ်နိုင်သွားတာပဲ”
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ရဲ့ စကားကြောင့် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး အကြွင်းမဲ့ သန့်စင်ခြင်း လုပ်ဆောင်ချက်ကို ပိုနားလည်သွားပါတယ်။
အကြွင်းမဲ့ သန့်စင်ခြင်း လုပ်ဆောင်ချက်က မကောင်းတဲ့ အခြေအနေကို သန့်စင်နိုင်တဲ့အပြင် ထိန်းချုပ်နိုင်စွမ်းကိုလည်း တိုးမြှင်ပေးပါတယ်။
ဟန်ကျွယ်က ဖူစန်းသစ်ပင်ကို သတိပေးလိုက်ပါတယ် “ငါ ခွင့်ပြုချက်မရှိဘဲ ဒီအချိန်-အာကာသ ဝဲကတော့ကို ဘယ်တော့မှ မဖွင့်နဲ့”
“ဟုတ်ကဲ့ပါ”
မတော်တဆဖြစ်တာကို ကာကွယ်တဲ့အနေနဲ့ ဟန်ကျွယ်ဟာ တျန်ဝေကို ဒီနေရာမှထားခဲ့ပြီး ကျန်တဲ့ တာအိုအစောင့်တွေကို တောင်ထိပ်တစ်ရာ အင်မော်မြစ်ရဲ့ နေရာဒေသအသီးသီးကို လွှဲပြောင်း စောင့်ကြပ်စေပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး ဆက်လက် ကျင့်ကြံ အားထုတ်ပါတယ်။
အရင်တစ်ခေါက် အဆင့်တက်တာနဲ့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုပေမဲ့ ဟန်ကျွယ်ဟာ တာအိုပညာရှိအတုအဆင့်ကို ရောက်ဖို့ အဝေးအများကြီး လိုပါသေးတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ တိုးတက်မှုကတော့ သိသာထင်ရှားလှပါတယ်။
အန္တိမမူလ မဟာတာအိုကို ရရှိပြီးကတည်းက ကျိုးဖန်၊ လီယောင်၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ ဂူအောင်းကျင့်ကြံကြပါတယ်။ သူတို့တွေရဲ့ ရောင်ဝါက တစ်နေ့တစ်ခြား ပိုပိုအားကောင်းလာတာကို ကျန်တဲ့သူတွေလည်း သတိထားမိကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ တခြားတပည့်တွေဟာ ဟန်ကျွယ်က သူတို့ကို ဘာသင်ပေးလိုက်လို့ ဒီလိုမျိုး ဖြစ်လာလဲဆိုတာကို တော်တော်လေး စိတ်ဝင်စားကြပါတယ်။
ဟန်ကျွယ်ဟာ ပန်းတိုင်တစ်ခု ချမှတ်လိုက်ပါတယ်။ အဲဒါကတော့ တိတ်ဆိတ်ဂိုဏ်းတစ်ခုလုံးကို အန္တိမမူလ မဟာတာအို ကျင့်ကြံစေဖို့ပါ။ ဒါဆိုရင် တိတ်ဆိတ်ဂိုဏ်းသားတွေရဲ့ မဟာတာအို ကျင့်ကြံမှု နက်ရှိုင်းလာတာနဲ့ တိတ်ဆိတ်ဂိုဏ်းကို သစ္စာဖောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်သေရင် အန္တိမမူလ မဟာတာအိုကို ကျင့်ကြံတဲ့ ကျင့်ကြံသူအားလုံး ဒုက္ခရောက်မှာမို့လို့ပါပဲ။
ဒီလိုပဲ ဟန်ကျွယ် ပိုအစွမ်းထက်လေလေ အန္တိမမူလ မဟာတာအိုကို ကျင့်ကြံသူတွေ အကျိုးအမြတ် ပိုရလေလေပါပဲ။
နှစ်ငါးရာက လျှပ်တပြက်အတွင်း ကုန်ဆုံးသွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို သားရဲကြမ်းတွေ ပိုပိုပြီး ဝန်းရံလာပါတယ်။ ဒီသားရဲကြမ်းတွေက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို တမင်လာတာ မဟုတ်ပါဘူး။ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ သားရဲအရေအတွက်ကိုကာ တိုးလာတာပါ။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ သားရဲတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီသားရဲတွေက တာအိုစက်ကွင်းရဲ့ အကာအကွယ်ကြောင့် အပြင်ကလိုမျိုး ကြမ်းတမ်းရိုင်းစိုင်းတဲ့ သားရဲအသွင် မပြောင်းလဲဘဲ ဟန်ဇွေတျန်လိုမျိုး ရှန်တျန်သက်ရှိအသွင် ပြောင်းလဲလာကြပါတယ်။
ဒါပေမဲ့ ဒီရှန်တျန်သက်ရှိတွေက ဟန်ဇွေတျန်ကို မမီပါဘူး။ စနစ်ရဲ့ ကံတရား အထောက်အပံ့ရှိသူ စာရင်းထဲ မဝင်တဲ့အတွက် ဟန်ကျွယ်ဟာ ဒီသားရဲတွေကို လျစ်လျူရှုထားပါတယ်။
ဒါပေမဲ့ ဟန်ဇွေတျန်ကတော့ ဒီသားရဲတွေကို အရမ်းစိတ်ဝင်စားပြီး သူတို့တွေ အသွင်မပြောင်းခင်မှာပဲ လက်အောက်ခံအဖြစ် သွတ်သွင်းပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကို ဂရုမစိုက်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းရဲ့ ဝါအငယ်ဆုံး ဂိုဏ်းသားတစ်ယောက်အနေနဲ့ ဒီရှန်တျန်သက်ရှိတွေကို သိမ်းသွင်းတာက မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
ဒီနေ့မှာတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ဧည့်သည်တစ်ယောက် ရောက်ရှိလို့လာပါတယ်။
“ကျွန်တော်က မိုးကောင်းကင်မျိုးနွယ်စုဝင် ဖန်းဟွမ်ကျွင်းပဲ၊ တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆီ အထူးတလည် လာလည်တာပါ”
တာအိုစက်ကွင်းထဲကို ဝင်လာတဲ့အသံကြောင့် ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် ‘ဖန်းဟွမ်ကျွင်းက ဖန်းလျန် တည်ထောင်ထားတဲ့ ဖန်းမိသားရဲ့ မိသားစုဦးစီးမလား’
ဟန်ကျွယ်ဟာ တာအိုစက်ကွင်း တည်နေရာကို ဖန်းလျန်သိသွားလို့ အံဩခြင်း မရှိပါဘူး။ အခုအချိန်မှာ မိုးကောင်းကင်မျိုးနွယ်စုက အင်အားအကြီးဆုံး ဖြစ်တဲ့အတွက် သက်ရှိတွေ သိပ်မရှိတဲ့ အင်မော်တယ်ကမ္ဘာကို ခရီးသွားလာဖို့က သူတို့အတွက် သိပ်ခက်ခဲမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
“မိုးကောင်းကင်မျိုးနွယ်စုက ကောင်းကင်ဘုံ ၁၃ ဘုံမြောက်မှာ ပွဲတော် ကျင်းပဖို့အတွက် အင်မော်တယ်ကမ္ဘာရဲ့ နေရာဒေသ အသီးသီးက အင်အားစုတွေကို ဖိတ်ကြားတာပါ၊ တိတ်ဆိတ်ဂိုဏ်းကလည်း အဓိကအင်အားစု ဖြစ်တဲ့အတွက် ကျွန်တော်တို့ခေါင်းဆောင်ရဲ့ မှာကြားချက်အရ ကိုယ်တိုင် လာဖိတ်တာပါ”
‘ပွဲတော်…’ ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ပြန်ပြောလိုက်ပါတယ် “ငါ မသွားတာ ပိုကောင်းလိမ့်မယ်၊ မင်းတို့ခေါင်းဆောင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
ဖန်းဟွမ်ကျွင်းက ဆက်ပြောပါတယ် “ကျွန်တော်တို့ခေါင်းဆောင်က ဂိုဏ်းချုပ်ကို မစိုးရိမ်ဖို့ ပြောလိုက်ပါတယ်၊ ပွဲတော်ကျင်းပရင် ကောင်းကင်ရုံးတော်နဲ့ မိုးကောင်းကင်မျိုးနွယ်စုက တိတ်ဆိတ်ဂိုဏ်းကို ဂရုစိုက်ပေးပါလိမ့်မယ်၊ တကယ်လို့ ဂိုဏ်းချုပ် မလာချင်ဘူးဆိုရင်လည်း တပည့်တွေကို စေလွှတ်လို့ရပါတယ်”
“ဒီပွဲတော်မှာ အင်အားစုအသီးသီးက အင်မော်တယ်ကမ္ဘာရဲ့ နယ်မြေတွေကို ခွဲဝေမှာပါ၊ အနာဂတ်မှာ တိတ်ဆိတ်ဂိုဏ်း တခြားသူနယ်မြေထဲ ရောက်နေတာမျိုး ဂိုဏ်းချုပ် မလိုချင်ဘူးမလား၊ အဲဒီအချိန်ကျရင် ပြဿနာပေါင်း သောင်းခြောက်ထောင် တက်လိမ့်မယ်၊ အဲဒီလိုဆိုရင် ဂိုဏ်းချုပ် ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး ကျင့်ကြံနိုင်အုန်းမှာလဲ”
ဖန်းဟွမ်ကျွင်းရဲ့ ချက်ကျလက်ကျ စကားကြောင့် ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဖန်းဟွမ်ကျွင်းရဲ့ စကားက မမှားပါဘး။ ဟန်ကျွယ်ကိုယ်တိုင်လည်း တခြားအင်အားစုတွေနဲ့ အရှုပ်အရှင်း မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သတိကြီးသူ ဖြစ်တဲ့အတွက် စနစ်ကို မေးလိုက်ပါတယ်။
“ဖန်းဟွမ်ကျွင်းပြောနေတာက ဂျိရှင်းရှန်ရဲ့ စိတ်ခံစားချက် အမှန်တွေလား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဖန်းဟွမ်ကျွင်းသည် အမှန်ပြောနေတည်း။]
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “ပွဲတော်က ဘယ်တော့လဲ”
“နှစ်ငါးဆယ်ကြာရင် ကျွန်တော်တို့တွေ ပွဲတော်ကို ဆယ်နှစ်ကြာ ကျင်းပမှာပါ”
“ကောင်းပြီလေ”
“ဒါဆို ကျွန်တော်ကို သွားခွင့်ပြုပါအုန်း”
“အေး… သွားတော့”
ဖန်းဟွမ်ကျွင်း ထွက်သွားတဲ့အခါမှာ ဟန်ကျွယ်က မုရုံချီ၊ တာအိုအရှင်သခင်နဲ့ ကျန်းယီတို့ကို ခေါ်လိုက်ပါတယ်။
“နောက် နှစ်ငါးဆယ်ကျရင် မိုးကောင်းကင်မျိုးနွယ်စုမှာ ပွဲတော်ကျင်းပလိမ့်မယ်၊ မင်းတို့သုံးယောက် ရှကျဲ့မျိုးနွယ်စုဝင် တစ်ရာနဲ့ သွားတက်ချည်၊ မုရုံချီက ခေါင်းဆောင်ပဲ၊ ကျန်တဲ့သူတွေက သူ့စကားကို နားထောင်ရလိမ့်မယ်” ဟန်ကျွယ်ကို ညွှန်ကြားလိုက်ပါတယ်။
မုရုံချီရဲ့ ဝါစဉ်ငယ်တယ်ဆိုပေမဲ့ ကိုယ်ပိုင်အင်အားစုကို အုပ်ချုပ်ဖူးတဲ့လူပါ။ ကျန်တဲ့လူတွေက တိတ်ဆိတ်ဂိုဏ်းကို မရောက်ခင် ထင်တိုင်းကြဲခဲ့သူချည်းပါပဲ။
တာအိုအရှင်သခင်က ပြုံးလိုက်ပါတယ် “ကိစ္စမရှိပါဘူး”
ကျန်းယီကတော့ မျက်ခုံးပင့်ပြီး ပြောလိုက်ပါတယ် “အင်မော်တယ်ဧကရာဇ်တစ်ရာက မနည်းလွန်းဘူးလား၊ ကျွန်တော်တို့တွေ ပြဿနာနဲ့ ဝေးဝေးမှာ နေချင်တယ်ဆိုရင် ကျွန်တော်တို့ အင်အားကို ပြသဖို့ လိုအပ်တယ်၊ နောက်ထပ် အင်မော်တယ်ဧကရာဇ် ကိုးရာ ထပ်ပေါင်းလိုက်ပါ”
တိတ်ဆိတ်ဂိုဏ်းရဲ့ အင်မော်တယ်ဧကရာဇ် တစ်သောင်းက အလွန့်အလွန် ကြောက်မက်ဖို့ကောင်းတဲ့ အင်အားပါ။ ရှန်နန်းတော်နဲ့ ကောင်းကင်ရုံးတော်တောင် သူတို့ရဲ့ အင်အားအကြီးဆုံးအချိန်မှာ ဒီလိုအခြေအနေမျိုး မရောက်ရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ကျန်းယီက တခြားအင်အားစုတွေကို မျက်စိထဲ မထည့်တာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အင်အားကြီးလွန်းတာကလည်း ကောင်းတဲ့ကိစ္စ မဟုတ်ဘူး၊ နောက်တစ်ရာပဲ ထပ်ခေါ်သွားချည်၊ ဒီထက်တော့ ခေါ်မသွားနဲ့၊ ဘယ်သူ့ကို ခေါ်သွားမလဲ ဆိုတာတော့ ဟန်ယိုနဲ့ ဆွေးနွေးကြ”
ကျန်းယီဟာ နှုတ်ခမ်းမဲ့ပြီး ပြောလိုက်ပါတယ် “ကောင်းပြီလေ…”
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်ပါတယ် “သူများကို သွားရန်မစနဲ့၊ ဒါပေမဲ့ ကိုယ့်ကို ပြဿနာလာရှာရင်တော့ မှတ်လောက်သားလောက် ဖြစ်သွားအောင် ဆုံးမလာခဲ့ချည်”
တစ်ခါတစ်လေမှာ ကြောက်လွန်းတာကလည်း ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။
မုရုံချီတို့သုံးဦးဟာ ခေါင်းညိတ်ပြီး သဘောတူကြပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မုရုံချီတို့ကို ထွက်သွားခိုင်းလိုက်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချမိလိုက်ပါတယ် “ရှန်တျန်သက်ရှိတွေက အခုထိ အင်အားမကောင်းသေးဘူး၊ အင်အားစုအသီးသီးက နယ်မြေတွေ ခွဲဝေဖို့ မစောင့်နိုင်တော့ဘူး၊ ဒီရှန်တျန်မျိုးဆက်က တော်‌တော် သနားဖို့ ကောင်းတာပဲ”
ဟန်ကျွယ်ရဲ့ ပစ်မှတ်က အင်မော်တယ်ကမ္ဘာ မဟုတ်တော့ပါဘူး။ ဟန်ကျွယ်ရဲ့ ပြိုင်ဘက်ကလည်း တာအိုပညာရှိတွေ မဟုတ်တော့ဘဲ အရပ်ဆယ်မျက်နှာက တာအိုပညာရှိတွေ ဖြစ်နေပါပြီ။ ဒါကြောင့် ဟန်ကျွယ်အတွက် တာအိုပညာရှိ မြန်မြန်ဖြစ်လေ ပိုကောင်းလေလေပါပဲ။
အခုအချိန်မှာ တိတ်ဆိတ်ဂိုဏ်းက ပြဿနာတက်ရင်တောင် သူတို့ဘာသာ ဖြေရှင်းနိုင်တဲ့အဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းကို အုပ်ချုပ်ဖို့ လူတစ်ယောက် လိုနေပါသေးတယ်။ မုရုံချီက တည်ငြိမ်ပြီး အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံရှိတယ်ဆိုပေမဲ့ ပါရမီအပိုင်းမှာ လိုအပ်နေပါသေးတယ်။
ဟန်ကျွယ် ရွေးချယ်မယ်ဆိုရင် ကျောက်ရွှမ်ယွမ်၊ တာအိုအရှင်သခင်နဲ့ ကျန်းယီထဲက တစ်ယောက်ကို ရွေးချယ်မှာပါ။ ဒါပေမဲ့ အနည်းဆုံးတော့ အဲဒီလူက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့် ရှိနေဖို့ လိုအပ်ပါတယ်။
အခုလက်ရှိမှာ တာအိုအရှင်သခင်က ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ဖို့ အလားအလာ အကောင်းဆုံးပါ။ ဒါပေမဲ့ တာအိုအရှင်သခင်က စိတ်ထင်ရာ လျှောက်လုပ်တက်တဲ့အတွက် တာဝန်ကြီးပေးဖို့ ခက်နေတာပါ။
အနာဂတ်မှာ တိတ်ဆိတ်ဂိုဏ်းတစ်ခုခု ဖြစ်တိုင်း ဟန်ကျွယ်ကို မှီခိုနေလို့ မရပါဘူး။ ဟန်ကျွယ်ဟာ တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းလိုမျိုး သူ့တပည့်တွေကို ဖြစ်စေချင်တာပါ။
ဟန်ကျွယ် အတွေးများနေတုန်း တိတ်ဆိတ်ဂိုဏ်း တပည့်တွေကလည်း အနန္တကမ္ဘာခန်းမမှာ စုစည်းပြီး မိုးကောင်းကင်မျိုးနွယ်စုရဲ့ ပွဲတော် အကြောင်း ဆွေးနွေးကြပါတယ်။ သူတို့အကုန်လုံးဟာ စိတ်လှုပ်ရှားနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာရဲ့ အဓိကအင်အားစုတစ်စု ဖြစ်လာပြီဆိုတာကို ဒီအဖြစ်အပျက်က ပြသနေလို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset