Switch Mode

Chapter – 471

အခန်း (၄၇၁) တောင်ဘက်စွန်း ကောင်းကင်အရှင်၏ တာအိုဟောကြားမှု၊ အသက် တစ်သောင်းပြည့်ခြင်း
‘ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်… ဒီချန်ကျောင်းတော်ရဲ့ အုတ်မြစ်က တော်တော်နက်တာပဲ၊ စိတ်ရှည်လက်ရှည်လည်း စောင့်နိုင်ပါပေတယ်’
ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်းတို့ အဖမ်းခံရတာလား”
နေလ ယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်အောက်မှာ ဟန်ကျွယ်ဟာ ဖန်ဆင်းရှင် နတ်ဘုရား ကမ္ဘာမြေပေါ် ဆင်းသက်လာသလိုပါပဲ။
ငရဲကြက်နက်က စိတ်ဆိုးမာန်ဆိုး ပြန်ဖြေပါတယ် “သခင်… အဲဒီလူက ကျွန်တော်ကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးပြီး ကျွန်ပြုချင်နေတာ”
ကျန်းယီနဲ့ တခြားလူတွေဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် စိတ်သက်သာရာ ရသွားပါတယ်။ အခုဆိုရင် သူတို့ရဲ့ စိတ်ထဲမှာ ဟန်ကျွယ်ကို တာအိုပညာရှိနဲ့ တစ်တန်းတည်း ထားလာပါပြီ။ ဒီလိုဖြစ်ရတာကလည်း ဟန်ကျွယ် ပေါ်လာတိုင်းမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာမရှိလို့ပါပဲ။
“အို… ပထမအဆင့် အင်မော်တယ်ဧကရာဇ်လား၊ မဟုတ်သေးဘူး… မင်းကိုယ်ပေါ်က ရတနာတွေကို မရိုးဘူးပဲ”
ထထျန်ကော်ရဲ့အသံ ထွက်ပေါ်လာပါတယ်။
“ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ကများ ငါ့တပည့်တွေကို ဖမ်းရဲတယ်၊ မင်း သူတို့ကို လွှတ်ပေးရင် ဘာကိစ္စမှ မဖြစ်ခဲ့ဘူးလို့ သဘောထားလိုက်မယ်” ဟန်ကျွယ်က ခပ်တင်းတင်း ပြောလိုက်ပါတယ်။
ထထျန်ကော်ဟာ ဟန်ကျွယ်စကားကို အရေးမလုပ်ပါဘူး “မင်းက တော်တော် လေလုံးထွားတာပဲ၊ ငါ့ဆန်းကြယ်စွမ်းအားကိုပဲ အရင်ချိုးဖျက်အုန်း”
ဟန်ကျွယ်ဟာ ညလက်မြှောက်ပြီး လက်ခလယ်ကို တောက်ထုတ်လိုက်တဲ့အခါမှာ ရုတ်ခြည်းဆိုသလိုပဲ ဓားချီတစ်ခု ထွက်ပေါ်လာပြီး အပေါ်ဘက်ကို ထိုးတက်သွားပါတယ်။
မိုးမြေကမ္ဘာ‌ဖောက် ဓားလက်ချောင်း။
အပေါ်မှာရှိတဲ့ အလင်းရောင်ဟာ ဆုတ်ပြဲသွားပြီး ဘေးနားမှာရှိတဲ့ အမှောင်ထုလည်း ကွဲကြေထွက်သွားပါတယ်။
ဟန်ကျွယ်နဲ့ သူ့တပည့်တွေဟာ တောင်ကုန်းတစ်ခုပေါ်ကို ဆင်းသက်လိုက်ပါတယ်။ သူတို့တွေ အပေါ်ကို မော့ကြည့်လိုက်တဲ့ အခါမှာတော့ တိမ်ဖြူပေါ်မှာ ရပ်နေတဲ့ ထထျန်ကော်ကို တွေ့လိုက်ရပါတယ်။
ထထျန်ကော်ဟာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဓားလို စူးရှတဲ့ မျက်ခုံးတွေနဲ့ ရှည်လျားကျဉ်းမြောင်းတဲ့ မျက်လုံးတွေ ရှိပါတယ်။ သူ့မျက်နှာပုံစံကို အကျဉ်းချုပ်ပြောရရင် တစ်ချက်ကြည့်ရုံနဲ့ လူဆိုးမှန်း တန်းသိနိုင်တဲ့ ရုပ်မျိုးပါ။
ထထျန်ကော်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ခပ်မာမာ မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ”
[ထထျန်ကော်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]
‘ကြယ်ငါးပွင့်တောင်… မင်းက ဒီလောက်တောင် သေချင်နေမှာတော့ ငါကလည်း မင်းကို ဖြည့်ဆည်းပေးရမှပေါ့’
ဟန်ကျွယ်ဟာ ထထျန်ကော် ဘယ်ကလာလဲဆိုတာကို စိတ်မဝင်စားပါဘူး။ တာအိုပညာရှိတွေ အင်မော်တယ်ကမ္ဘာကို ဝင်လာလို့မရတဲ့အတွက် ဟန်ကျွယ်ဟာ ဘာကိုမှ မကြောက်ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါက ဘယ်သူလဲ ဟုတ်လား၊ ငါ့နာမည် ပြောလိုရင် မင်း သေလောက်အောင် ကြောက်သွားလိမ့်မယ်”
ထထျန်ကော်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ပြောမှာသာ…”
ကောင်းကင်နက္ခ နတ်ဘီလူး ဓမ္မရုပ်တုဟာ ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ ရုတ်တရက် ပေါ်လာပါတယ်။ ဒါပေမဲ့ နတ်ဘီလူးဓမ္မရုပ်တု အပြည့်အစုံ မပေါ်ခင်မှာပဲ ကောင်းကင်ယံကို လက်သီးတစ်လုံး ပစ်သွင်းလိုက်ပါတယ်။
ကြောက်မက်ဖွယ် အင်အားကြောင့် ကောင်းကင်ပြင်ဟာ အချိန်မရွေး ပြိုလဲတော့မဲ့ အိမ်စုတ်လေးလိုမျိုး သွက်သွက်ခါသွားပါတယ်။
ထထျန်ကော်ကတော့ တုံ့ပြန်ချိန်တောင် မရလိုက်ပဲ ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ လက်သီးချက်ကြောင့် မရဏလမ်းမြန်းသွားရပါတယ်။
ထထျန်ကော်ကို သတ်ပြီးတာနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးဟာ ပြန်ပျောက်ကွယ်သွားပါတယ်။ ဒီအဖြစ်အပျက်က မြန်ဆန်လွန်းတဲ့အတွက် ကျန်းယီနဲ့ တခြားသူတွေဟာ သဲသဲကွဲကွဲတောင် မမြင်လိုက်ရပါဘူး။
သူတို့ရဲ့ မျက်လုံးထဲမှာ လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခိုက်လာပြီး ထထျန်ကော် ပျောက်ကွယ်သွားတာပါ။
ကျန်းယီကတော့ ကြက်သီးမွေးညင်း ထသွားပြီး အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ်နဲ့ တိုက်ခိုက်ခဲ့တာကို သတိပြန်ရသွားပါတယ်။
ဟန်ကျွယ်ဟာ လက်ပြန်သိမ်းပြီး လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါ ထထျန်ကော်ရဲ့ ပုံရိပ်က ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ကြည့်ရတောတော့ ထထျန်ကော်မှာ အသက်ကယ် နည်းလမ်း ရှိပုံပါပဲ။ သူ့ဝိညာဉ်အပိုင်းအစကို ချန်ကျောင်းတော်မှာ ချန်ထားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ကျန်းယီတို့ဘက်လှည့်ပြီး ပြောလိုက်ပါတယ် “တက်နိုင်သလောက် မြန်မြန် ပြန်လာခဲ့တော့၊ ဒီကောင်ရဲ့ နောက်ခံက မသေးဘူး၊ သူက လုံးဝကြီး မသေသေးဘူး၊ အနာဂတ်မှာ မင်းတို့ကို လက်စားပြန်ချေလိမ့်မယ်၊ နောက်တစ်ခါဆိုရင် ငါ မင်းတို့ကို လာမကယ်ဘူး”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲ ဝင်လိုက်ပါတယ်။ ဝဲကတော့နက်ဟာ တဖြည်းဖြည်း ကျဉ်းမြောင်းပြီး‌ နောက်ဆုံးမှာ လုံးဝ ပျောက်ကွယ်သွားပါတယ်။
ဝဲကတော့နက် ပျောက်ကွယ်သွားမှပဲ လူတိုင်းဟာ သတိပြန်ဝင်လာပါတယ်။
ငရဲကြက်နက်က ချက်ချင်းပဲ အော်ပြောလိုက်ပါတယ် “မြန်မြန်လုပ်… ပြန်ကြမယ်”
ကျန်းယီလည်း ခေါင်းညိတ်လိုက်ပါတယ်။ ကျန်းယီဟာ အရင်တုန်းကလိုမျိုး မောက်မာတဲ့ ပါရမီရှင် မဟုတ်တော့ဘဲ အသက်ရှင်သန်ခြင်းရဲ့ တန်ဖိုးကို သိနေပါပြီ။
ထထျန်ကော် ပေါ်လာတာက ကံတရား အထောက်အပံ့ဂိုဏ်းတွေ စတင်လှုပ်ရှားလာပြီး အင်မော်တယ်ကမ္ဘာကို ကြံစည်နေပြီ ဆိုတာကို ပြနေပါတယ်။
တာအိုဘုံကျောင်းအတွင်း။
ဟန်ကျွယ်ဆီ ချန်ကျောင်းတော် စွမ်းအားကြီး ပုဂ္ဂိုလ်တွေဆီက မုန်းတီးမှု အသိပေးချက်တွေ ရောက်မလာပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သတိမလျှော့ပါဘူး။ တကယ်လို့ ချန်ကျောင်းတော် တစ်ခုလုံးကသာ ဒီကိစ္စကြောင့် ဟန်ကျွယ်ကို ပြဿနာရှာမယ်ဆိုရင် ဟန်ကျွယ်က ချန်ကျောင်းတော် တစ်ခုလုံးကို အစအနမကျန်အောင် ဖျက်ဆီးပစ်မှာပါ။
တာအိုစက်ကွင်းမှာ နေနေသမျှကာလပတ်လုံး ဟန်ကျွယ်ဟာ ချန်ကျောင်းတော် မဆိုထားနဲ့ ကောင်းကင်တာအို ပညာရှိတွေကိုတောင် မကြောက်ပါဘူး။
တာအိုပညာရှိတွေရဲ့ အကူအညီမပါဘဲ ချန်ကျောင်းတော်ရဲ့ အင်အားစုတွေဟာ တာအိုစက်ကွင်းရဲ့ အကာအကွယ် အစီအရင်ကို ဘယ်နည်းနဲ့မှ ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံ အားထုတ်ပါတယ်။
တစ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ခုအချိန်ထိ ချန်ကျောင်းတော် စွမ်းအားကြီးပုဂ္ဂိုလ်တွေ မုန်းတီးတာကို မခံရပါဘူး။ ကြည့်ရတာ ထထျန်ကော်က သူ့အသတ်ခံရတဲ့ ကိစ္စကို လျှို့ဝှက်ထားပုံပါပဲ။ ဒါမှမဟုတ် ချန်ကျောင်းတော်က ဒီကိစ္စကို ဂရုမစိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကို လုံးဝစိတ်ချက်သွားပြီး ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါတော့တယ်။
အချိန်စက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး ၈၆ နှစ် ကုန်ဆုံးသွားပါတယ်။
ကျန်းယီနဲ့ တခြားလူတွေ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်လာကြပါတယ်။ သူတို့တွေဟာ လူတစ်ယောက်မှ မဆုံးရှုံးတဲ့အပြင် အကုန်လုံးက အင်မော်တယ်ဧကရာဇ်တွေ ဖြစ်လာကြပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ကျန်နေခဲ့တဲ့ တခြားတပည့်တွေဟာ အပြင်က ပြန်လာတဲ့ ကျန်းယီနဲ့ တခြားတပည့်တွေဆီ အပြေးတကောသွားပြီး အပြင်မှာ ဖြစ်ပျက်ခဲ့တာတွေကို စပ်စုပါတော့တယ်။
ကျန်းယီတို့ဟာ ပြောစရာ စကား သိပ်မရှိတဲ့အတွက် သူတို့ကို ဟန်ကျွယ် ဘယ်လို ကယ်တင်လဲ ဆိုတာကို ပြန်ပြောင်း ပြောပြပါတယ်။ အထူးသဖြင့် ငရဲကြက်နက်က ပိုဆိုးပါတယ်။ ငရဲကြက်နက်ရဲ့ ပါးစပ်ထဲမှာ ဟန်ကျွယ်ဟာ ထထျန်ကော်ကို တစ်ချက်တည်း သတ်လိုက်တဲ့အပြင် ကမ္ဘာတစ်ခုလုံးကိုတောင် လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးလုနီး ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့တပည့်တွေရဲ့ စိတ်နေသဘောထားအတွက် အတော်လေး ကျေနပ်ပါတယ်။ အခုလို ပြန်လာတာကို ထောက်ဆခြင်းအားဖြင့် အသက်ရှင်သန်ခြင်းရဲ့ တန်ဖိုးကို ကောင်းကောင်းကြီး နားလည်နေတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
လေးငါးဆယ်လ အကြာမှာ‌တော့ အသံတစ်သံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။
“ငါက ချန်ကျောင်းတော်ရဲ့ တာအိုပညာရှိ တောင်ဘက်စွန်း ကောင်းကင်အရှင်ပဲ၊ နှစ်တစ်ရာအတွင်း ကောင်းကင်ဘုံ ၃၃ ဘုံမြောက်က တောင်ဘက်စွန်း နန်းတော်မှာ ငါ တာအိုဟောကြားမယ်၊ သက်ရှိအားလုံး ငါ တာအိုဟောကြားတာကို လာ နားထောင်နိုင်တယ်”
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန် တာအိုဟောကြားတာကို ပြန်တွေးမိလိုက်ပါတယ်။ တာအိုပညာရှိ တာအိုဟောကြားတာက သက်ရှိတွေအတွက် အတော်လေးကို ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ဘယ်တော့မှ ထပ်သွားမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဆီမှာ အန္တိမမူလ မဟာတာအို ရှိနေပြီဖြစ်တဲ့အတွက် တခြားတာအိုပညာရှိတွေ တာအိုဟောကြားတာကို ထပ်နားထောင်စရာ မလိုတော့ပါဘူး။ ဟန်ကျွယ်သာ သွားမယ်ဆိုရင် တာအိုပညာရှိတွေ သတ်တာကို ခံရကောင်း ခံရနိုင်ပါတယ်။
ကိုယ်ပွားလွှတ်ဖို့ကျပြန်တော့လည်း ကောင်းကင်ဧကရာဇ်ရဲ့ စကားအရ တာအိုပညာရှိကို မလေးမစားလုပ်ရာ ကျတဲ့အတွက် ကိုယ်ပွားမလွှတ်တာ အကောင်းဆုံးပါ။
တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာ ဒီကိစ္စကို ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဟန်ကျွယ်ရဲ့ ခွင့်ပြုချက် မရဘဲ မသွားရဲပါဘူး။ ကပ်ဘေးပြီးတာ မကြာသေးတဲ့အတွက် တာအိုပညာရှိတွေရဲ့ ကြောက်မက်ဖွယ် တန်ခိုးအစွမ်းကို သူတို့တွေ သတိရနေကြတုန်းပါပဲ။
တာအိုပညာရှိတွေ ကြားထဲက တိုက်ပွဲကြောင့် သက်ရှိတွေအကုန်လုံး သုတ်သင်ခံလိုက်ရတယ်ဆိုရင် မှားမယ် မထင်ပါဘူး။ ဒီလို အခြေအနေမျိုးမှာ ဘယ်သူကများ တာအိုပညာရှိတွေဆီ သွားရဲမှာလဲ။
ဒီလိုနဲ့ တိတ်ဆိတ်ဂိုဏ်းဟာ တောင်ဘက်စွန်း ကောင်းကင်အရှင် တာအိုဟောကြားတာကို လျစ်လျူရှုပြီး ကိုယ့်ဘာသာ ဆက်လက်ကျင့်ကြံကြပါတယ်။
အင်မော်တယ်ကမ္ဘာ၊ ပင်လယ်ရပ်ခြား၊ ကျွန်းတစ်ကျွန်း။
ဟွမ်ဇွမ်တျန်ဟာ ချောက်ကမ်းပါးစွန်းမှာထိုင်ပြီး ပင်လယ်အဆုံးသတ်ကို မျှော်ကြည့်နေပါတယ်။ ဒီအချိန်မှာပဲ ကျယ်ကျောင်းတော် တပည့်တစ်ဦး ရောက်လာပြီး ဒူးထောက်ကာ မေးလိုက်ပါတယ် “ဆရာသခင်… ချန်ကျောင်းတော်ရဲ့ တာအိုပညာရှိ တာအိုဟောကြားတာကို ကျွန်တော်တို့တွေ သွားနားထောင်မှာလား”
ဟွမ်ဇွမ်တျန်ဟာ သူ့အကြည့်ကို ပြန်သိမ်းပြီး သာမန်ကာလျှံကာ ပြောလိုက်ပါတယ် “မင်း သွားချင်ရင် သွားလို့ရတယ်”
“ဒါပေမဲ့ ကျယ်ကျောင်းတော်နဲ့ ချန်ကျောင်းတော်ရဲ့ ဆက်ဆံရေးက…”
“အဲဒါက မင်း ဂရုစိုက်ရမဲ့ကိစ္စ မဟုတ်ဘူး” ဟွမ်ဇွမ်တျန်ဟာ ခပ်တင်းတင်း ဖြတ်ပြောလိုက်ပါတယ်။
ကျယ်ကျောင်းတော် တပည့်ဟာ စိတ်ထဲမှာ အံအားသင့်သွားပါတယ် ‘ဆရာသခင်က ဒီနေ့ ဘာဖြစ်နေတာလဲ’
ဟွမ်ဇွမ်တျန်ဟာ သူ့အပြုအမူ မှားနေတာကို သဘောပေါက်သွားပြီး မျက်နှာပျော့သွားပါတယ် “မင်း ကြက်သွေးရောင်တိမ်ကမ္ဘာကို ရှာတွေ့ပြီလား”
တပည့်က ပြန်ဖြေပါတယ် “သေမျိုးကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးနီးပါး အသတ်ခံလိုက်ရတာဆိုတော့ သေမျိုးကမ္ဘာမှာ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မရှိဘူး၊ ကောင်းကင်တာအိုကလည်း ပြန်စခါဆိုတော့ ဘယ်သေမျိုးကမ္ဘာက ကြက်သွေးရောင်တိမ်ကမ္ဘာလည်းဆိုတာ ကျွန်တော်တို့တွေ မခွဲတက်ဘူး”
ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်က ကပ်ဘေးထဲမှာ သေလိမ့်မယ်လို့ မယုံပါဘူး။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရဲ့ တည်နေရာကို တွက်ချက်လို့ မရပါဘူး။
ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ဘေးနားကို ပြန်ပြီး အေးအေးဆးဆေး ကျင့်ကြံချင်တာ ကြာပါပြီ။ ဟွမ်ဇွမ်တျန်ဟာ ကျယ်ကျောင်းတော်မှာ ဒုဂိုဏ်းချုပ်ရာထူးကို ရထားတယ်ဆိုပေမဲ့ အမြဲတမ်း အလုပ်များနေတဲ့အတွက် အေးအေးဆေးဆေး ကျင့်ကြံချိန်ကို မရှိပါဘူး။
ဟွမ်ဇွမ်တျန်ရဲ့ အမြင်မှာ ကျယ်ကျောင်းတော်က ပြီးခဲ့တဲ့ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ နောက်တစ်ခါလာမဲ့ ကပ်ဘေးကိုလည်း ထပ်ဝင်လိမ့်အုန်းမယ်လို့ အမြင်ရနေပါတယ် ‘ဒီသောက်ရူးတွေက ကျယ်ကျောင်းတော် ပျက်စီးမှပဲ ကပ်ဘေးထဲဝင်တာ ရပ်မဲ့လူတွေ၊ ငါ သူတို့နဲ့ ထပ်နေလို့ မဖြစ်ဘူး’
တပည့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဆရာသခင်… ဆရာသခင်လာခဲ့တဲ့ သေမျိုးကမ္ဘာကို ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ၊ ဆရာသခင်က အခုဆိုရင် ကျယ်ကျောင်းတော်ရဲ့ ဒုဂိုဏ်းချုပ် ဖြစ်နေပြီ၊ အနာဂတ်မှာ နောက်ထပ် သေမျိုးကမ္ဘာတစ်ခု ဖန်တီးဖို့က ဘာမှမခက်ဘူး”
ဟွမ်ဇွမ်တျန်ဟာ မဆိုစလောက် ပြုံးလိုက်ပါတယ် “တပည့်… မင်း နားမလည်ပါဘူး၊ ဆက်ပြီးတော့ စုံစမ်းချည်”
“ဟုတ်ကဲ့ပါ” တပည့်ဟာ သံသယများစွာနဲ့ ထွက်ခွာသွားပါတယ်။
ဟွမ်ဇွမ်တျန်ကတော့ သက်ပြင်းချပြီး သူ့နန်းတော်ကို ပြန်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်း ဆယ်နှစ်ကျော် ကုန်ဆုံးသွားပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဘာလိုလိုနဲ့ ဟန်ကျွယ်ရဲ့ နှစ်တစ်သောင်းပြည့် မွေးနေ့ကို ရောက်ရှိလို့ လာပါတယ်။
နှစ်တစ်သောင်း တာအိုပညာရှိအတု။
ဒီသတင်းသာ ပျံ့နှံ့သွားမယ်ဆိုရင် တာအိုပညာရှိတောင် ထိတ်လန့်ကုန်မှာ သေချာပါတယ်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ အသိပေးချက်တစ်ခု ပေါ်လာပါတယ်။
[သင်သည် အသက် တစ်သောင်းပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset