အခန်း (၄၆၉) တာအိုပညာရှိအတု၊ တာအိုပညာရှိ၏ အတွင်းနတ်ဆိုး
[တာအိုပညာရှိ မင်ကျွယ်သည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]
ဟန်ကျွယ်ဟာ ဒီစာကို မြင်လိုက်ရတဲ့အတွက် စိတ်သက်သာရာ ရသွားပါတယ် ‘ဒီအတိုင်းဆို ငါ့ကျိန်စာက အလုပ်ဖြစ်ပုံပဲ’
တာအိုပညာရှိမင်ကျွယ်က အမှောင်သခင်ကြီးကို မုန်းတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ကိုယ်တိုင်ကလွဲရင် ဟန်ကျွယ်နဲ့ အမှောင်သခင်ကြီးက တစ်ယောက်တည်း ဆိုတာက ဘယ်သူမှ မသိလို့ပါပဲ။ ဒါ့အပြင် ဟန်ကျွယ် တာအိုစက်ကွင်းထဲမှာ နေနေသမျှ ကာလပတ်လုံး ဘယ်ကောင်းကင်တာအို ပညာရှိမှ သူ့ကို သတ်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
အချိန်ဟာ လျင်မြန်စွာပဲ ကုန်ဆုံးသွားတဲ့အတွက် တစ်ခဏတွင်းမှာပဲ နှစ် ၈၀၀ ကြာသွားပါတယ်။
သေမျိုးကမ္ဘာမှာ နှစ် ၈၀၀ ဆိုတာက မင်းဆက်တွေ ပြောင်းလဲဖို့ လုံလောက်ပါတယ်။ အင်ပါယာတွေ ပြောင်းလဲဖို့လည်း လုံလောက်ပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ တာအိုပညာရှိအတုအဆင့်ကို ထိုးဖောက်ဖို့ အခွင့်အရေး ရလာပါတယ်။ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံတွေဟာ မကုန်ဆုံးနိုင်လောက်အောင် ပေါများနေသေးတဲ့အတွက် ဟန်ကျွယ် ဆက်ကျင့်ကြံဖို့ လုံလောက်ပါတယ်။
တာအိုပညာရှိအတုအဆင့်ကို ထိုးဖောက်တာက တခြားထိုးဖောက်မှုတွေထက် အချိန်ပိုယူရပါတယ်။ ဒါကြောင့် နှစ် ၂၀ ကျော်မှပဲ ဟန်ကျွယ်ဟာ တာအိုပညာရှိအတုအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။
တာအိုစက်ကွင်းက ကောင်းကင်လျှို့ဝှက်ချက်ကို ဝှက်ထားတဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်စရာ မလိုပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ခန္ဓာကိုယ်က ထွက်လာတဲ့ အင်အားကြီးရောင်ဝါဟာ စနစ်ရဲ့အရံအတားနဲ့တောင် ဖိနှိပ်လို့ မရပါဘူး။ ဒါကြောင့် တာအိုစက်ကွင်းထဲက လူတိုင်း ဟန်ကျွယ်ရဲ့ အင်အားကြီးမားလှတဲ့ ရောင်ဝါကို ခံစားလိုက်ရပါတယ်။
စနစ်ရဲ့ အရံအတားက အတွင်းကိုပဲ ကွယ်ဝှက်တာ ဖြစ်တဲ့အတွက် အင်အားကြီးရောင်ဝါ ထွက်ပေါ်လာတာကို ဟန့်တားနိုင်ခြင်း မရှိတာပါ။ နောက်ပြီး ဟန်ကျွယ်က သေမျိုးတစ်ယောက် မဟုတ်တာ ကြာခဲ့ပါပြီ။
ဟန်ကျွယ်ရဲ့ ရောင်ဝါက အင်အားကြီးမားပေမဲ့ တာအိုစက်ကွင်းရဲ့ အကာအကွယ် အစီအရင်ကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိပါဘူး။
“ဆရာသခင်က အဆင့်ထပ်တက်ပြန်ပြီလား”
“တော်တော်အားကောင်းတဲ့ ရောင်ဝါပဲ၊ ကောင်းကင်ဘဝဂ် ကျင့်ကြံသူမှာ ရှိနိုင်တဲ့ ရောင်ဝါမျိုး မဟုတ်ဘူး”
“သူ ပြောတော့ တာအိုပညာရှိ မဟုတ်ဘူးတဲ့”
“ငါတော့ အဆင့် ထိုးဖောက်တယ်လို့ မထင်ဘူး၊ ဆန်းကြယ်စွမ်းအား တစ်မျိုးမျိုးကို ဖန်တီးနေတာပဲ ဖြစ်လိမ့်မယ်”
“ဟုတ်တယ်၊ ဂိုဏ်းချုပ်ရဲ့ ဆန်းကြယ်စွမ်းအားတွေက အလွန်တရာ သိမ်မွေ့နက်နဲပြီး မကြားဖူးတာတွေချည်းပဲ၊ ဂိုဏ်းချုပ်က ကျင့်ကြံအားထုတ်ရင်း ဆန်းကြယ်စွမ်းအားတွေကို သုံးသပ်နားလည်နေတာ ဖြစ်ရမယ်”
တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာ ဟန်ကျွယ်ရဲ့ အဆင့်ထိုးဖောက်မှုကြောင့် သက်ပြင်း ချလိုက်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ် စွမ်းအားကြီးလေလေ သူတို့တွေ ပိုလုံခြုံလေလေ မဟုတ်ပါလား။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်မြဲအောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၉,၈၂၀/၁,၂၉၀,၀၀၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အတု ကနဦးအဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအိုဦ၊ အန္တိမမူလ မဟာတာအို။]
‘လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အတု… ဒါဆိုရင် လောကဦးပဋိက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်က တာအိုပညာရှိအဆင့် ဖြစ်လိမ့်မယ်ထင်တယ်… တော်တော်ရှည်တဲ့ နာမည်ပဲ’
အဲဒီနောက် ဟန်ကျွယ်ဟာ သူ့သက်တမ်းက ဆယ်ဆကျော် တိုးတက်သွားတာကို သတိထားမိသွားပါတယ် ‘ဝိုး… ငါ့သက်တမ်းက ၁.၂ ပကောဋိတောင် ဖြစ်သွားပါပြီလား… ငါ့ကို ဘယ်သူယှဉ်နိုင်အုန်းမှာလဲ၊ ကျင့်ကြံမှုကို ခိုင်မြဲအောင် လုပ်ပြီးတာနဲ့ ဟိုအစုတ်ပလုတ် မင်ကျွယ်ကို လက်ဆောင်ကောင်းကောင်း ပေးရမယ်’
ပြောစရာရှိတာဆိုလို့ ဟန်ကျွယ် အဆင့်သစ်တစ်ခုကို ထိုးဖောက်သွားပေမဲ့ စနစ်ဆီက ဘာအသိပေးချက်ကိုမှ မရတာပါ။ ကြည့်ရတာတော့ စနစ်က တာအိုပညရှိအတုအဆင့်ကို အသိအမှတ်မပြုပုံပါပဲ။
ဟန်ကျွယ်ဟာ နည်းနည်း နောင်တရသွားပေမဲ့ ထွေလီကာလီ ဆက်မတွေးဘဲ ကျင့်ကြံမှုကိုသာ အာရုံစိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှု ခိုင်မြဲဖို့အတွက် ဆယ်နှစ်ကျော် အားထုတ်လိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာ စတိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ သူ သက်တမ်း ဘယ်လောက်များများ သုံးစွဲနိုင်လဲဆိုတာကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စိုက်ကြည့်ရင်း ကျိန်စာစတိုက်ပါတယ်။
သန်း ၁၀၀။
၁ ဘီလီယံ။
၁၀ ဘီလီယံ။
၁၀၀ ဘီလီယံ။
ဟန်ကျွယ်ရဲ့ သက်တမ်း ကုန်ဆုံးတာက ပိုပိုမြန်လာပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က ကျောက်သားဇရပ်တစ်ခုမှာ တာအိုပညာရှိမင်ကျွယ်၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ တာအိုပညာရှိကျင်းအန်းတို့ဟာ ဝိုင်းဖွဲ့ထိုင်နေကြပါတယ်။ တာအိုပညာရှိတွေကို တိမ်တွေက ဝန်းရံထားပြီး အလင်းရောင်ကလည်း ဖျော့တော့နေပါတယ်။
သူတို့တွေ စကားပြောဆိုနေတုန်းမှာပဲ ဂိုဏ်းချုပ်တျန်ကျွယ်က မေးလိုက်ပါတယ် “တာအိုရောင်းရင်း မင်ကျွယ်၊ ဘာဖြစ်လို့ ရုတ်တရက်ကြီး တိတ်ဆိတ်သွားတာလဲ”
တာအိုပညာရှိမင်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “အမှောင်သခင်ကြီးက ငါ့ကို ကျိန်စာတိုက်နေလို့”
‘အမှောင်သခင်ကြီး…’ တာအိုပညာရှိသုံးပါးဟာ မျက်မှောင်ကြုတ်သွားပါတယ်။
အရင်တုန်းက တာအိုပညာရှိတွေဟာ အနန္တကပ်ဘေးရဲ့ လျင်မြန်မှုကြောင့် အတူစုစည်းပြီး ဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက တာအိုပညာရှိတွေဟာ အနန္တကပ်ဘေး ဒီလိုလျင်မြန်ရတာက အင်မော်တယ်ကမ္ဘာရဲ့ အင်အားစုအသီးသီးကို အမှောင်သခင်ကြီးက ကျိန်စာတိုက်တာကြောင့်ဆိုတာ ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ လူတိုင်းနီးပါးက ကျိန်စာတိုက်နေပြီဖြစ်တဲ့အတွက် တာအိုပညာရှိတွေလည်း ရွေးချယ်စရာမရှိဘဲ ကပ်ဘေးထဲ ကိုယ်တိုင်ဝင်ပြီး စီစဉ်စရာရှိတာ စီစဉ်ခဲ့ရပါတယ်။
တာအိုပညာရှိတွေဟာ အတူတူပူးပေါင်းပြီး စုံစမ်းခဲ့ပေမဲ့ အမှောင်သခင်ကြီးရဲ့ သရုပ်မှန်ကို ရှာမတွေ့ခဲ့ကြပါဘူး။
အခု အမှောင်သခင်ကြီးက တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်နေပြီပါပြီ။ ဒါက သူတို့အတွက် သတင်းကောင်းတစ်ခုတော့ မဟုတ်ပါဘူး။
တာအိုပညာရှိမင်ကျွယ်တစ်ယောက် ဘယ်ကမှန်းမသိတဲ့ အမှောင်သခင်ကြီးရဲ့ ကျိန်စာတိုက်မှုကြောင့် သေတော့မယ်ဆိုတာကို တွေးမိပြီး တာအိုပညာရှိသုံးပါးဟာ အနည်းငယ် တုန်လှုပ်သွားပါတယ် ‘ငါတို့တွေ ဒီလိုအဖြစ်ခံလို့ မဖြစ်ဘူး၊ ငြိမ်းချမ်းတဲ့ခေတ်မှာ တာအိုပညာရှိတစ်ပါးသာ ကျိန်စာတိုက်ခံရပြီး သေသွားတယ်ဆိုရင် တာအိုပညာရှိရဲ့ ဂုဏ်သိက္ခာတွေ အကုန်လုံး ရေစုန်မျောကုန်လိမ့်မယ်’
“အမှောင်သခင်ကြီးက ကောင်းကင်တာအို ပညာရှိတစ်ပါးလို့ မင်း ထင်နေတာလား” ဂိုဏ်းချုပ်တျန်ကျွယ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
“တာအိုပညာရှိကလွဲရင် ဘယ်သေမျိုးမှာ ဒီလိုမျိုး နည်းလမ်း ရှိနိုင်မှာလဲ၊ ဒီထက်မြင့်မားတဲ့ တည်ရှိမှုတွေကျတော့ ကောင်းကင်တာအိုကို ဂရုစိုက်လို့လား”
တာအိုပညာရှိမင်ကျွယ်ရဲ့ ချက်ကျလက်ကျ စကားကြောင့် တာအိုပညာရှိသုံးပါးဟာ အတွေးနက်သွားပါတယ်။ တာအိုပညာရှိတွေဟာ ပေါ်တင်ရော နောက်ကွယ်မှာရော နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် တစ်ယောက်ကို တစ်ယောက် မယုံကြည်ပါဘူး။
တာအိုပညာရှိမင်ကျွယ်ဟာ တခြားတာအိုပညာရှိသုံးပါးရဲ့ အမူအရာကို အကဲခတ်နေသလို တခြားတာအိုပညာရှိသုံးပါးကလည်း တာအိုပညာရှိမင်ကျွယ် စိတ်ထဲမှာ ဘာရှိနေတယ်ဆိုတာကို မှန်းဆနေကြပါတယ်။
တာအိုပညာရှိသုံးပါးဟာ တာအိုပညာရှိမင်ကျွယ်ကို မယုံပါဘူး ‘ဒီကောင်က ကျိန်စာတိုက်ခံရတာလို့ ဟန်ဆောင်နေတာများလား’
“အမှန်အတိုင်း ပြောရရင် ငါလည်း ဒီအတောအတွင်း ကျိန်စာတိုက်ခံရတယ်” တာအိုပညာရှိ ကျင်းအန်းက စိုးရိမ်တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်။
တာအိုပညာရှိမင်ကျွယ်ဟာ တာအိုပညာရှိကျင်းအန်းကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “တကယ်လား”
“ဟုတ်တယ်၊ မင်းလိုပဲ၊ ဆယ်နှစ်တစ်ကြိမ် ကျိန်စာတိုက်ခံရတာ၊ ဒါပေမဲ့ ငါတို့တွေက တစ်ချိန်တည်း ကျိန်စာတိုက်ခံရတာ မဟုတ်ဘူး”
တောင်ဘက်စွန်း ကောင်းကင်အရှင်က ဝင်ပြောလိုက်ပါတယ် “ဒီလိုဆိုရင် အမှောင်သခင်ကြီးက ငါတို့ထဲက မဖြစ်နိုင်ဘူး၊ တခြားတာအိုပညာရှိတွေ ဖြစ်လိမ့်မယ်၊ တာအိုဂိုဏ်းက ခွဲထွက်လာတဲ့ ကျောင်းတောင်းသုံးကျောင်းရဲ့ တာအိုပညာရှိတွေက ဘယ်တုန်းကမှ သူတို့ရဲ့ အင်အားအစစ်အမှန်နဲ့ တိုက်ခိုက်ခဲ့ကြတာ မဟုတ်ဘူး၊ ဘာတွေပဲဖြစ်ဖြစ် ငါတို့တွေ ကောင်းအတူတူ ဆိုးအတူတူပဲ”
ဂိုဏ်းချုပ်တျန်ကျွယ်ကလည်း ခေါင်းညိတ်လိုက်ပါတယ်။
တာအိုပညာရှိမင်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပေမဲ့ အပေါ်ယံမှာတောင် မျက်နှာတစ်ချက် မပျက်ဘဲ ပြောလိုက်ပါတယ် “ဒီလိုဆိုရင် မင်းတို့သုံးယောက် အမှောင်သခင်ကြီး ဘယ်သူဆိုတာကို ရှာတွေ့နိုင်ဖို့ ငါ မျှော်လင့်ပါတယ်”
“ကောင်းပြီ” တာအိုပညာရှိသုံးပါးဟာ တညီတညာတည်း အဖြေပေးလိုက်ပါတယ်။
၃ ထရီလီယံ။
ဟန်ကျွယ်ဟာ သက်တမ်း ၃ ထရီလီယံသုံးပြီး ကျိန်စာတိုက်လိုက်ပေမဲ့ တာအိုပညာရှိမင်ကျွယ်က ဘာမှမဖြစ်သေးပါဘူး။ ကောင်းကင်တာအို ပညာရှိတွေက တကယ်ကို အကြမ်းခံနိုင်လွန်းပါတယ်။
ဟန်ကျွယ်ဟာ သူ့ဘယ်လောက်ထိ ခံနိုင်မလဲဆိုတာ စမ်းသပ်ချင်တဲ့အတွက် သူ့ခန္ဓာကိုယ် တစ်ခုခု မဖြစ်မခြင်း ကျိန်စာဆက်တိုက်ဖို့ စီစဉ်ထားပါတယ်။
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ဆက်လျော့ကျသွားပါတယ်။ ၁၀ ထရီလီယံ ကုန်သွားတဲ့အခါမှာတော့ ဟန်ကျွယ် နှလုံးလှုပ်သွားပါတယ်။
‘ဘာလဲဟ… ငါက တာအိုပညာရှိအတု ဖြစ်သွားလို့ စိတ်ကြိုက် ကျိန်စာတိုက်လို့ ရသွားတာလား… ဘာလို့ ငါက ခုထိ စိတ်မသက်မသာဖြစ်တဲ့ ခံစားချက်တောင် မရတာလဲ… ငါ အနားယူသင့်လား၊ ဒါမှ မဟုတ် ဆက်ပြီးကျိန်စာ တိုက်သင့်လား’
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အံကြိတ်ပြီး ကျိန်စာ ဆက်တိုက်ပါတယ်။
သက်တမ်း ၁၅ ထရီလီယံ ကုန်ဆုံးသွားတဲ့အခါမှာ ဟန်ကျွယ် မြင်ချင်နေတဲ့ စာတစ်စောင် ရောက်လာပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ တာအိုပညာရှိမင်ကျွယ်သည် တာအိုပညာရှိ နှလုံးသား မတည်မငြိမ်ဖြစ်ပြီး အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်းရပ်လိုက်ပါတယ်။
‘သက်တမ်း ၁၅ ထရီလီယံက အတွင်းနတ်ဆိုးပဲ ဖြစ်ပေါ်စေတာလား၊ ကောင်းကင်တာအို ပညာရှိက တော်တော်ကို အကြမ်းခံတာပဲ’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး အနာဂတ်မှာ ဒီလိုမျိုး ကျိန်စာမတိုက်ဖို့နဲ့ ကိုယ့်အကန့်အသတ်ကို မစမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အသုံးမစွဲတက်ရင် တက်တက်စင်အောင် ပြောင်မှာပါ။
ဒါ့အပြင် ဟန်ကျွယ်ရဲ့ အဆင့်ထိုးဖောက်နှုန်းက အရင်လို မမြန်တော့တဲ့အတွက် သက်တမ်း ထပ်တိုးဖို့ဆိုတာ အချိန်အကြာကြီး စောင့်ရမှာပါ။
ဟန်ကျွယ်က သူ့ကိုယ်သူ ပြန်သုံးသပ်နေတုန်းမှာပဲ တာအိုပညာရှိ မင်ကျွယ်ကတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါပြီ။
တာအိုပညာရှိမင်ကျွယ်ဟာ ချုံရှီလိုင်ကိုသွားရှာပြီး ရွှေရောင်နန်းတော်တစ်ခုမှာ တွေ့ဆုံကြပါတယ်။
“ဘာ… အမှောင်သခင်ကြီးက မင်းကို အတွင်းနတ်ဆိုး ဖြစ်ပေါ်လာတဲ့အထိ ကျိန်စာတိုက်လိုက်တယ် ဟုတ်လား” ချုံရှီလိုင်ဟာ လန့်ဖျပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိမင်ကျွယ်က သူ့ထက် ပိုစွမ်းတဲ့အတွက် တာအိုပညာရှိမင်ကျွယ်ရဲ့ စကားသာမှန်ရင် အမှောင်သခင်ကြီးက သူ့ကိုလည်း ခြိမ်းခြောက်လာနိုင်လို့ပါပဲ။
တာအိုပညာရှိမင်ကျွယ်ရဲ့ မျက်နှာကတော့ ပြိုတောမဲ့မိုးလို မှောင်မည်းနေပါတယ် “ငါ တစ်လုံးတစ်ပါဒတောင် လိမ်ညာခဲ့တယ်ဆိုရင် ငါရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ ထိခိုက်ပါစေ”
တာအိုပညာရှိမင်ကျွယ်ရဲ့ ကျိန်ဆိုမှုကြောင့် ချုံရှီလိုင်ဟာ ပိုပြီးတော့ ဆောက်တည်ရာမရ ဖြစ်သွားပါတယ်။
‘ဒီအမှောင်သခင်ကြီးက ကျိန်းသေပေါက် တာအိုပညာရှိပဲ၊ သူက တာအိုပညာရှိမင်ကျွယ်ထက်တောင် စွမ်အားကြီးတယ်ဆိုတော့… ဘယ်သူများပါလိမ့်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 469
? Views, Released on December 8, 2024