Switch Mode

Chapter – 26

ထူးမခြားနားမှု

Chapter – 26 ထူးမခြားနားမှု

သူမအသံမှာ အားပျော့ပြီး ညင်သာသည်။ နှုတ်ခွန်းဆက်ခြင်းမှာ ကြင်နာသည်ထက် ပို၍ယဥ်ယဥ်ကျေးကျေး ပြောပုံပေါက်နေသည်။ သူမ အသံမှာ ဝေးကွာပြီး ပြတ်တောက်ပြတ်တောက် ဖြစ်နေသည်။

ချူဖုန်း အတတ်နိုင်ဆုံး စိတ်ငြိမ်ငြိမ်ထားရန် ကြိုးစားနေရသည်။ သူမကို ပြန်နှုတ်ဆက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ကာ သူ၏ အံ့အားသင့်မှုကို ဖော်ပြလိုက်လေ၏။

လမ်းခွဲနှုတ်ဆက်စကားကို ရှေ့အပတ်အနည်းငယ်က ပြောခဲ့ခြင်း ဖြစ်သော်လည်း ချူဖုန်းအတွက် နှစ်ပေါင်းများစွာ ကြာသလို ခံစားနေရသည်။ သူမနှင့် စကားပြန်ပြောနိုင်ခြင်းက သူ့ကို ယခင်က ခံစားချက်မျိုးဖြစ်ပေါ်လာစေသည်။

လင်းနွိုင်သည် အမြဲတမ်း တည်ငြိမ်ပြီး အမျှော်အမြင်ရှိကာ ထက်မြက်သော မိန်းကလေးဖြစ်သည်။ သူမသည် လူများ၏ ကြိုက်နှစ်သက်မှုကို ခံရရေးအတွက် အများနှင့်ရောရောနှော‌နှောနေခြင်းလည်း မရှိသည့်အတွက် သူမအနားတွင် ကြော့ရှင်းသောသီးသန့်ဆန်မှုကို ခံစားရသည်။ ကျောင်းရှိလူအားလုံးက သူမကို သူတို့အထက်တွင် ရှိသောသူအဖြစ် သတ်မှတ်ကြ၍ လူနည်းစုသာလျှင် သူမနှင့် ခင်မင်ရင်းနှီးခွင့်၊ သူငယ်ချင်းလုပ်ခွင့် ရှိကြသည်။

ချူဖုန်း သူမနှင့် သိခွင့်ရခြင်းမှာ မတော်တဆဖြစ်သည်။

သူသည် အတန်းထဲတွင် အဆင့်ကောင်းရသော်လည်း ကြိုးစားသည့် အဆင့်ထိတော့မရောက်။ အတန်းပျက်ခြင်းသည် ပုံမှန်ဖြစ်ပြီး မဖြစ်မနေတက်ရမည့်အတန်းအများစုကို ခေါင်းလောင်းထိုးမှ အတန်းထဲ ဝင်လာလေ့ရှိသည်။

သူ အတန်းထဲဝင်လာသည်နှင့် မည်ကဲ့သို့သော အခြေအနေမျိုး ရှိနေမည်ဆိုသည်ကို ခန့်မှန်းနိုင်သည်ပင်။ အမြဲလိုလို မဲ့ရွဲ့သော မျက်နှာထားဖြင့် ပြည့်နေပေမယ့် ယခုတစ်ခေါက်တော့ အလယ်အတန်း၏ ပြတင်းပေါက်ဘေး၌ နေရာလွတ်တစ်ခုံ ရှိနေသည်ကို သူတွေ့လိုက်သည်။

ဤအတန်းသည် မိန်းကလေးအတန်းဖြစ်ပြီး အများစု၏ မျက်နှာအသွင်အပြင်မှာ ပန်းများနှင့် လမင်းလို လှပအေးချမ်းနေကြသည်။ ဤမြင်ကွင်းမှာ မျက်စိပသာဒ ဖြစ်လှပြီး သူ့စိတ်ကို ပျော်ရွှင်စေသည်။

သို့သော် သူထိုင်နေသည့် နေရာလွတ်စားပွဲတွင် လင်းနွိုင်အမည် ရေးထားသော စာရွက်တစ်ရွက် ရှိနေသည်။ ဤနေရာမှာ နောက်ကျနေသည့် ကောင်မလေးအတွက် နေရာဦးထားခြင်း ဖြစ်ကြောင်း သိသာလှသည်။

ချူဖုန်း ထိုစာရွက်ကို အလေးမထားပဲ အခြားမိန်းကလေးများ၏ အံ့အားသင့်နေသည့် အကြည့်အောက်မှာပင် ထိုနေရာ၌ အေးအေးဆေးဆေး ဝင်ထိုင်လိုက်သည်။ ထို့နောက် နာမည်ရေးထားသည့် စာရွက်ကို စက္ကူလေယာဥ်ပျံ ခေါက်လိုက်ပြီး ထိုလေယာဥ်ပျံကို အတန်းပြတင်းပေါက်မှ လွှတ်လိုက်သည်။

ကောင်မလေးများမှာ ဆွံ့အသွားကြရသည်။ သူတို့အတွက်တော့ ချူဖုန်း၏ အပြုအမူတို့မှာ အလွန်ရဲတင်းသော အပြုအမူမျိုးဖြစ်သည်။ လင်းနွိုင်ကို မည်သူကမျှ ယခုကဲ့သို့ မလေးမစား မပြုမူဖူးပေ။

ခဏကြာပြီးနောက် ဤနေရာကို မည်သူ့အတွက် ဦးပေးထားမှန်းဖြစ်ကြောင်း ချူဖုန်း သိသွားသည်။ သို့သော် သူ မဖယ်ပေးခဲ့။

ထိုအချိန်တွင် ဆံပင်ရှည်ရှည်နှင့်ကောင်မလေးတစ်ယောက် ဝင်လာသည်။ သူမသည် အရပ် ၁၇၀ စင်တီမီတာခန့် ရှိပြီး သေးသွယ်သည့် မိန်းမငယ်လေးတစ်ဦးပင်။ သူမ၏ဆံပင်မှာ ပိုးသားကဲ့သို့ ပျော့ပျောင်းပြီး မျက်နှာလည်း ဖြူဖွေးကာ အပြစ်အနာအဆာ မရှိချေ၊ သူမ၏ မျက်ဆံနက်မှာလည်း တောက်ပကာ ဆွဲဆောင်မှု ရှိလှသည်။

သူမသည် ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပလွန်းသော်လည်း သူမသည် အေးစက်သောမိန်းမလှ ဖြစ်သည်။ ချူဖုန်းထိုင်နေသည့် စားပွဲဘေးတွင် မတ်တပ်ရပ်နေကာ ချူဖုန်းကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

ထိုခုံအတန်းရှိအခြားမိန်းကလေးများက အလိုက်မသိ ထိုင်ခုံလုသူကို ငြိုငြင်သောအကြည့်များဖြင့် နေရာမှဖယ်ရန် အချက်ပေးကြသည်။

သို့သော် ချူဖုန်း မမှုပါ။ ထိုင်ခုံတွင် အကောင်းဆုံးပုံစံဖြင့် ဆက်ထိုင်နေသည်။ လင်းနွိုင်ကို မျက်နှာချင်းဆိုင် ကြည့်လိုက်ပြီးနောက် သူ့လက်ထဲက စာအုပ်များကို စိတ်ဝင်တစား ဖတ်နေလေသည်။

လင်းနွိုင်သည် တစ်ခဏ မတ်တပ်ရပ်ပြီးနောက် တစ်ခွန်းမှမပြောပဲ နောက်လှည့်ထွက်သွားလေသည်။

ဤသည်မှာ ပထမဆုံးတွေ့သောသူအနေဖြင့် ကောင်းသောနှုတ်ဆက်နည်းမဟုတ်သော်လည်း သူတို့၏ အဆင်မပြေသောတွေ့ဆုံခြင်းကြောင့် အချင်းချင်း သိသွားခဲ့ကြသည်။ နောက်ပိုင်း သူတို့အချင်းချင်း မကြာခဏ ဆက်သွယ်စကားပြောခဲ့ကြသည်။

ပြောမည်ဆိုလျှင် သူတို့၏ ဆက်ဆံရေးမှာ လေးနက်လှသည်မဟုတ်။ သူတို့ အတူတူ တွဲလျှောက်သည့်အချိန်မှာ မရှိသလောက်ပင် ဖြစ်သည်။ တစ်ခါက ချူဖုန်း သူမလက်ကို ကိုင်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် သူမထံမှ စိမ်းကားသော အကြည့်ကိုသာ လက်ခံလိုက်ခဲ့ရသည်။

ဒီဇာတ်လမ်းသည် အခြားတစ်ယောက်၏ အချစ်ဇာတ်လမ်းဖြစ်ခဲ့သည်ဆိုလျှင် ဤနေရာမှာတင် အဆုံးသတ်မည် ဖြစ်သည်။

သို့သော် ချူဖုန်းသည် ခံစားချက်နှင့် အခြေအနေပေါ်မူတည်ပြီး စိတ်လိုက်မာန်ပါ လုပ်သူဖြစ်သည်၊ နောက်တစ်နည်းပြောရလျှင် သူသည် ဂုဏ်သိက္ခာထားရမှန်း မသိသည့် ရဲတင်းသော ယောကျာ်းဖြစ်သည်။ သူ၏လက်ကို ရအောင် ကိုင်လိုက်ပြီးနောက် လူကြီးလူကောင်းဆန်စွာ ပြုံးပြနေလေ၏။ သို့သော် သူမ လက်ကိုတော့ မလွှတ်။

အဆုံးတွင် လင်းနွိုင်သည် ဆက်လက်ခုခံမနေတော့ပဲ ခေါင်းလှည့်သွားလေ၏။ သူမ၏လက်ကို ထိုယောကျ်ား၏ နွေးထွေးသောလက်ထဲတွင် ထည့်ထားလိုက်တော့သည်။

ထိုနေ့သည် သူတို့၏ ဆက်ဆံရေးကို အတည်ပြုသည့် နေ့ပင်ဖြစ်သည်။ အခြားယောကျာ်းလေးများသည် ဝမ်းနည်း၊ စိတ်ပျက်စွာ ညည်းတွားနေကြလေ၏။ အများကလည်း ချူဖုန်းနောက်ကွယ်တွင် သူ၏ပြိုင်စံရှား အတင့်ရဲမှုနှင့် အရှက်မရှိမှုတို့ကို အတင်းပြောကြသည်။ သို့သော် မည်သို့ပင်ပြောပြော သူ အောင်မြင်သွားပြီဖြစ်သည်။

သို့သော် အဆင့်တက်ခြင်းမှာ ဤနေရာတွင်သာ ရပ်တန့်သွားပြီဖြစ်သည်။ လင်းနွိုင်၏စိတ်သဘောထားမှာ ပြောင်းလဲသွားခြင်း မရှိ။ သူမသည် အရင်ကအတိုင်း ကြော့ရှင်းသော်လည်း ဥပေက္ခာပြုနေဆဲ ဖြစ်သည်။ ချူဖုန်း သူမ၏ ရံဖန်ရံခါဥပေက္ခာပြုမှုများကို မခံမရပ်နိုင်ဖြစ်သော်လည်း သူမနှင့်အတူ ဆက်လျှောက်လှမ်းရန် သူ ရွေးချယ်ခဲ့သည်။

ချူဖုန်းအတိတ်အကြောင်းကို ပြန်တွေးနေမိပြီး ခဏကြာမှသာ သူမ ဖုန်းကိုင်ထားစဲဖြစ်ကြောင်း သတိပြုမိသွားသည်။

ဖုန်း၏ အခြားတစ်ဖက်တွင် ချိုသာလှသော လင်းနွိုင်၏ အသံရှိနေသည်။ သူမ၏အသံမှာ သာယာလှသော်လည်း ဝေးကွာသလို ခံစားနေရသည်။

လင်းနွိုင်က သူ အကူအညီလိုလားဟု မေးသည့်အချိန်တွင်မှ သူတို့ကြားမှ အကွာအဝေးကို သူ တကယ် ခံစားမိသွားသည်။ လမ်းခွဲပြီးနောက် သူတို့၏ အေးစက်သော ဆက်ဆံရေးမှာ ပို၍ စိမ်းကားလာသည်။

ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ သူမထံမှ အကူအညီမလိုအပ်။

သို့သော် သူ့မိဘများက အကူအညီလိုနိုင်သည်ဟူသော အတွေး ပေါ်လာသည်။

ကမ္ဘာကြီး ပြောင်းလဲနေပြီဖြစ်ပြီး ထူးဆန်းသောအဖြစ်အပျက်များလည်း နေရာအနှံ့ ဖြစ်ပျက်နေသည်။ တစ်နေ့ကျလျှင် ကမ္ဘာကြီး၌ ငရဲတံခါးပင်ပွင့်လာနိုင်သည်။

ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစု၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် လင်းနွိုင်တွင် အခြားသူများထက် အတွင်းသတင်းများရှိနိုင်သည်။ ထို့အပြင် သူမမိသားစုတွင် အာဏာနှင့် လွှမ်းမိုးမှု ရှိ၍ သူ၏မိဘများကို အန္တရာယ်ကင်း၊ ဘေးကင်းရှိစေရန် ဆောင်ရွက်ပေးနိုင်လိမ့်သည်။

“ငါ့မိဘတွေက ရွှန်ထျန်းမှာ ပိတ်မိနေတယ်.. အကယ်၍ ဖြစ်နိုင်ရင် ငါ့အစား သူတို့ကို စောင့်ရှောက်ပေးထားပါလား…”

ချူဖုန်းသည် သူ လိုအပ်သည့်အခါတိုင်း အမြဲတမ်း တိုက်ရိုက်ပြောလေ့ရှိသည်။ သူ ဘယ်တုန်းကမှ တွယ်ဝိုက်ကာ လိမ်ညာမပြောခြင်းမရှိ။ သူတို့ လမ်းခွဲပြီးသားဖြစ်သော်လည်း ယခုကဲ့သို့ တောင်းဆိုရခြင်းကို ရှက်စရာကောင်းသည်ဟု သူ မထင်။ ဤသည်မှာ သူ့မိဘများ၏ လုံခြုံရေးနှင့် သက်ဆိုင်နေသောကြောင့် သူတို့ဆက်ဆံရေးဘယ်လိုပဲ ရှိနေပါစေ သူ တောင်းဆိုချက်ကို ရဲရဲတင်းတင်းပြောမည်ပင်။

လင်းနွိုင်သည် တည်ငြိမ်စွားနားထောင်နေပြီးနောက် တစ်လုံးထဲ ပြန်ဖြေလိုက်သည် : “ရတယ်”

ချူဖုန်းသည် သူ့ယခင်ပုံစံအတိုင်း ပြန်ဖြစ်သွားပြီး ဘာစကားမှဆက်မပြော‌တော့။ ဖုန်းချသင့်ပြီဟု သူတွေးလိုက်သည်။

“သိပ်မကြာခင်မှာ ကျွန်မ တိုင်ဟန်းတောင်တန်းဘက် လာမလို့” လင်းနွိုင် ပြောပြလိုက်သည်။

ချူဖုန်းသည် ရယ်လိုက်တယ်။ သူ၏ ပြောင်စပ်စပ်ကာရိုက်တာက လင်းနွိုင်၏အေးစက်မှုကို ဘယ်တော့မှ အရှုံးမပေးခဲ့။ “ငါ အမြဲပြောနေကျအတိုင်း မင်း ငါ့ကို တစ်ခေါက်ဖက်ဖို့ အကြွေးကျန်သေးတယ်… အဲဒီတော့ မင်း ဒီကိုလာတာက ငါ့ကို အလျော်ပေးဖို့လား…”

ဂွက်!

သူမသည် ဖုန်းချသွားလေပြီ။

…….

ကျွောကျွင်းသည် သူမျက်လုံးများကို ဖွင့်လိုက်သည်။ နည်းနည်းလေး လှုပ်ရှားလိုက်လျှင်ပင် ခေါင်းမှာ မခံမရပ်နိုင်အောင် နာကျင်နေသည်။ သူ့ခေါင်းကွဲထွက်မတတ် ခံစားနေရပြီး အမြင်အာရုံလည်း နှစ်ထပ်ဖြစ်နေသည်။

“နောက်ဆုံးတော့ အသက်ပြန်ရှင်လာပြီပဲ” တစ်စုံတစ်ယောက် သက်မချလိုက်သည်။

ကျွောကျွင်း အိပ်ရာပေါ်၌ ထိုင်လိုက်သည်နှင့် သူ့ခေါင်း ထိုးကိုက်လာသည်။ အကြာကြီး မေ့မျောပြီးနောက် အချိန်အတော်ကြာမှသာ သူ့မျက်လုံးများကို ဖွင့်လိုက်နိုင်သည်။ သူ့နားထဲ တူထုသံများ ဆူညံနေသောကြောင့် သူ ရှုပ်ထွေးသွားရသည်။

“ကျွောကျွင်း ဘာဖြစ်သွားတာလဲ..”

ကျွောကျွင်းမော့ကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ ချောမောလှပသည့် မိန်းမငယ်လေးဖြစ်ကြောင်း သူတွေ့လိုက်ရသည်။ သူမသည် ကြင်နာသော အပြုံးဖြင့် သူ့ကို လှမ်းကြည့်နေသည်။

“ချင်းယွီကျူ” သူမနာမည်ကို ခေါ်လိုက်သည်။ သူမသည် အဖွဲ့ထဲတွင် အင်အားကြီးသည့် လူ ၂ ယောက်ထဲမှ တစ်ယောက်ပင်။

သူမသည် စိတ်အခြေအနေကောင်းကောင်းမကောင်းကောင်း အမြဲကြင်နာစွာ ပြုံးတတ်သည့်သူပင်။ သူမ အပြုံးများ ပျောက်ကွယ်သွားသည်မှာ ရှားပါးလှသည်။

“မင်း ၄ ရက်တောင် မေ့နေတာသိလား.. ဘာဖြစ်ခဲ့တာလဲ..” အခန်းထဲရှိ အခြားယောက်ျားလေးတစ်ဦးမှ မေးလိုက်သည်။ သူသည် အသက်၂၅နှစ်အရွယ်ရှိပြီး အသားဖြူကာ သူ့မျက်လုံးများမှာ အားပျော့ပုံပေါက်သော်လည်း တောက်ပနေသည်။

“ယဲ့ကဲ” ကျွောကျွင်း မှတ်မိသွားသည်။

အဖွဲ့၏အင်အားအကြီးဆုံး တိုက်ခိုက်သူ ၂ ဦးလုံး ဤနေရာ၌ ရှိနေသည်ကို သူ အံ့သြသွားရသည်။ သူတို့သည် အဖွဲ့ခေါင်းဆောင်များပင်။

အခန်းထဲတွင် အခြားသူများလည်း ရှိသေးသည်။ အချို့မှာ နောက်ကျောတွင် ရွှေရောင်အတောင်ပံတစ်စုံ ရှိပြီး၊ အချို့တွင် ခေါင်း၂လုံးရှိသည်။ အချို့မှာ ရွှေ‌ရောင်တောက်ပနေသည့် လက်ချောင်းများ ရှိသည်။

အခန်းထဲတွင် ဆင့်ကဲပြောင်းလဲပြီးသူများနှင့် ပြည့်ကျပ်နေပြီး သူတို့သည် ကျွောကျွင်းကို စိုက်ကြည့်ကာ သူ၏အဖြေကို စောင့်နေကြသည်။

“ဘာတွေဖြစ်ခဲ့လဲ တစ်ခုမှ မမှတ်မိဘူး” ကျွောကျွင်း မှတ်မိအောင် ကြိုးစားသော်လည်း သူ့ခေါင်းရှိဒဏ်ရာက ဘာမှမမှတ်မိ‌အောင် တားဆီးနေသည်။

“ငါတို့ တိုင်ဟန်းတောင်က ထူးဆန်းတဲ့အသီးတွေခူးဖို့ ရောက်လာတာမလား.. ဒါပဲ မှတ်မိတယ်.. တခြားဟာတွေက စဥ်းစားလို့မရတော့ဘူး .. ရှုပ်ထွေးနေကာ” ကျွောကျွင်းသည် ပြောရင်းဖြင့် မေးစေ့မှ ချွေးစီးများ စီးကျလာသည်။

လူအုပ်ကြီးသည် သူ့ကို စိုက်ကြည့်နေကြပြီး သူ လတ်တလောမှတ်ဉာဏ်များ ပျောက်သွားသည်ကို အံ့အားသင့်နေကြသည်။ သူပြောလိုက်သည့် အမိန့်မှာ ဟိုးတစ်လောက ပေးထားခြင်း ဖြစ်သည်။

“မင်း အင်အားကြီးတစ်ယောက်ယောက်နဲ့ တွေ့ခဲ့တာဖြစ်လိမ့်မယ် .. မင်းဧရာမလူသားအဖြစ်ပြောင်းခဲ့တာတောင် သူက မင်းကို အနိုင်ပိုင်းနိုင်ခဲ့ပြီး မင်းခေါင်းကို ဒဏ်ရာရအောင်လုပ်လိုက်တာ .. အဲဒါကြောင့်မို့လို့ မင်းအခုလိုမျိူ’ မှတ်ဉာဏ်ပျောက်သွားတာ” ယဲ့ကဲစကားပြောရင်း သူ့မျက်လုံးထဲတွင် ခရမ်းရောင်အလင်းတန်း လင်းလက်လာသည်။ “မင်းပြိုင်ဖက်က လူသားဖြစ်လိမ့်မယ်.. သားရိုင်းကောင်တွေ ငှက်တွေသာဆိုရင် မင်းအခု အသားတုံးတွေပဲ ကျန်နေလောက်ပြီ” သူ ကောက်ချက်ချလိုက်သည်။

“နင် ပြဿာနာသွားရှာလာတာလား ကျွောကျွင်း…” ချင်းယွီကျူ အပြုံးဖြင့် ပြောလိုက်သည်။ “နင်က ဆင့်ကဲပြောင်းလဲပြီးတည်းက နင့်ကိုယ်နင် ဘဝင်မြင့်နေတာ.. ဘယ်သူကမှ နင့်ကို မနိုင်နိုင်ဘူးထင်နေတာလေ ဟုတ်တယ်မလား”

“ငါ…ငါမလုပ်ပါဘူး” ကျွောကျွင်း ငြင်းလိုက်သည်။

“ဟုတ်တယ် နင်လုပ်ပါတယ်.. ပြီးတော့ နင်တစ်ယောက်တည်းမာန်တက်နေတာမဟုတ်ဘူး.. ငါ့ကို လိမ်လို့ရမယ် မထင်နဲ့.. နင်တို့အခုတလော ဒီနားက မြို့တွေကို ဝင်လိုက်ထွက်လိုက်လုပ်ပြီး သာမန်လူသားတွေကို မထီမဲ့မြင်စိတ်ကြိုက်လုပ်နေတာ ငါသိတယ်” သူမအသံ အေးစက်လာသည်။ ထို့နောက် သူမ လူအုပ်ကို လှည့်ကြည့်လိုက်ကာ “သဘာဝလွန်အစွမ်းနဲ့ အရည်အချင်းတွေ ရတာက နင်တို့ရဲ့ ဝိညာဥ်နဲ့ နှလုံးသားကို ပျောက်ကွယ်ခွင့်ပေးလိုက်တာ မဟုတ်ဘူး”

“ချင်းယွီ ပြောတာမှန်တယ်.. အခု လူတွေက ငါတို့လို ဆင့်ကဲပြောင်းလဲတာတွေ ဖြစ်လာကြပြီ.. အဲဒီတော့ ကိုယ့်ကိုကိုယ် ပြိုင်ဖက်ကင်းတယ်ဆိုပြီး အထင်မှားမနေကြနဲ့.. မင်းတို့ နတ်ဘုရား မဖြစ်သေးဘူး” ယဲ့ကဲ ပြောလာသည်။

“ငါတို့က ဆင့်ကဲပြောင်းလဲသူတွေထဲမှာ အစောဆုံးပဲ ပြောင်းလဲတဲ့သူပဲ စမှတ်ကတည်းက ငါတို့ နိုင်နေပြီးသား.. အကယ်၍ တစ်ယောက်ယောက်က နတ်ဘုရားဖြစ်မယ်ဆိုရင် အဲဒီလူက ငါတို့ထဲကပဲဖြစ်လိမ့်မယ်” လူအုပ်ထဲက တစ်စုံတစ်ယောက်က ယဲ့ကဲ၏စကားကို လွှဲပြောလိုက်သည်။

“ပါးစပ်ပိတ်ထား” ချင်းယွီကျူ ဆူလိုက်သည်။

“ဆင်ဆင်ခြင်ခြင်နေကြ .. သိပ်မကြာခင် ငါတို့ဆီ အရေးကြီးတဲ့ပုဂ္ဂိုယ်တစ်ယောက် လာလိမ့်မယ်” ယဲ့ကဲ ပြောသည်။

“ငွေတောင်ပံလား” တစ်စုံတစ်ယောက် မေးလိုက်သည်။

“ကိုယ့်ကိစ္စသာကိုယ်လုပ်ပြီး ပြဿနာမရှာနဲ့.. အခုကျွောကျွင်းခံရတဲ့ ကိစ္စကို အဓိကထားစုံစမ်းမယ်.. ကျွောကျွင်းက အားနည်းတဲ့သူမဟုတ်တာ ငါတို့လည်း သိတယ်.. သူက ခွန်အားကြီးတဲ့သူ… အဲဒီတော့ သူ့ကိုချပြီး ခုလို မှတ်ဉာဏ်ပျောက်အောင် လုပ်တာ ဘယ်သူ ဖြစ်နိုင်မလဲ” ယဲ့ကဲမျက်မှောင်ကြုတ်လိုက်သည်။

….

တစ်နေ့တာအတွက် လက်ဝှေ့ထိုးလေ့ကျင့်ခန်းကို အဆုံးသတ်ပြီးနောက် ပန်းခြံထဲရှိ အစိမ်းရောင်ကို ချူဖုန်း သတိထားမိလိုက်သည်။ ယခုတလော ရာသီဥတု နွေးထွေးနေသောကြောင့် အပင်များ အကြီးမြန်နေသည်။ ပေါင်းပင်နှင့် ပန်းရိုင်းများမှာလည်း မြေဆီလွှာကောင်းတွင် ကောင်းစွာပေါက်ရောက်နေကြသည်။

“ဟိုအစေ့လေးတွေ ဘယ်လိုနေလဲမသိ” သူ ရုတ်တရက် အတွေးဝင်လာသည်။

အစတွင် ထိုအစေ့များ အပင်ပေါက်လာပြီလားသိချင်၍ တစ်နေ့လျှင် အကြိမ်များစွာ အစေ့များကို သွားကြည့်ခဲ့သည်။ သို့သော် ဘာမှ မဖြစ်လာသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ သူ၏ စိတ်အားထက်သန်မှုလည်း လျော့နည်းလာသည်။

အထူးသဖြင့် လွန်ခဲ့သောရက်အနည်းငယ်တွင် ကိစ္စများစွာ ဖြစ်ပွားခဲ့တာကြောင့် ထိုအစေ့များ၏ တည်ရှိမှုကိုပင် သူ မေ့နေပြီဖြစ်သည်။

“ငါခန့်မှန်းသလောက် အခုလောက်ဆို အစေ့ပေါက်နေလောက်ပြီ” မျှော်လင့်ချက်ကြီးစွာဖြင့် ချူဖုန်း ပန်းခြံထဲသို့ ပြေးသွားလိုက်သည်။

အပိုင်း ၂၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset