အခန်း (၄၆၇) သားရဲခေတ်ကြမ်း၊ အသက်တစ်သောင်းဓား
တိတ်ဆိတ်ဂိုဏ်းရဲ့ ဒုတိယမျိုးဆက် တပည့်တွေက ရန်ထျန်တုန်း၊ စုချီ၊ ရွှင်ချန်အန်း၊ ထူလင်းအာ၊ လုံဟောင်၊ ကျောက်ရွှမ်ယွမ်၊ တာအိုအရှင်သခင်နဲ့ ကျိုးဖန်တို့ ဖြစ်ပါတယ်။
တတိယမျိုးဆက် တပည့်တွေကတော့ မုရုံချီ၊ ဖန်းလျန်နဲ့ ချူရှီရန်တို့ ဖြစ်ပါတယ်။
စတုတ္ထမျိုးဆက် တပည့်တွေကတော့ ကျိုးမင်ယွဲ့နဲ့ လွီဟွာရွှီတိုပဲ ဖြစ်ပါတယ်။
ပဥ္စမမျိုးဆက် တပည့်ကတော့ ဟန်ဇွေတျန်တစ်ယောက်ပဲ ရှိပါသေးတယ်။
သူတို့အကုန်လုံးက ဟန်ကျွယ်ရဲ့ မျိုးဆက်တပည့်တွေ ဖြစ်ပါတယ်။ ကျန်တဲ့ လီယောင်၊ ကျန်းယီ၊ စန့်ရှီ၊ ငရဲနက်နတ်ဆိုးသခင်၊ ဝူတောက်ကျန့်၊ ဟန်ညီနောင်ရှစ်ဖော်၊ အာတ၊ ရှောင်အာ၊ ငရဲကြက်နက်၊ ပဋိပက္ခ ကောင်းကင်ခွေး၊ မြွေနဂါးဘုရင်၊ ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်၊ ချန်ယွီအာနဲ့ တခြားလူတွေကတော့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေလိုပဲ ယူဆလို့ရပါတယ်။ ဟန်ကျွယ်ရဲ့ တပည့်လို့ ယူဆလို့မရပါဘူး။
အခုလက်ရှိမှာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေက ရှကျဲ့မျိုးနွယ်စု အပါအဝင် အနည်းဆုံး မဟာညီညွတ်မှု ရွှေအင်မော်တယ် ဖြစ်နေကြပါပြီ။
နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာက သေမျိုးတွေဆိုပေမဲ့ ဟန်ကျွယ် တာအိုဟောကြားတာကို မကြာခဏ နားထောင်ရပါတယ်။ ဒါ့အပြင် တာအိုစက်ကွင်းထဲက ချီစွမ်းအင်ကလည်း အလွန်သိပ်သည်း ထူထပ်တဲ့အတွက် မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်ကို ရောက်သွားကြပါပြီ။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အရည်အချင်းနဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်ချင်ရင်တော့ ကံပေါ်မူတည်ပါတယ်။
ကောင်းကင်ဘဝဂ်အဆင့် ရောက်နေတဲ့ ဟန်ကျွယ်တောင် သူ့တပည့်တွေ အင်မော်တယ်ဧကရာဇ် အဆင့်ရောက်အောင် လက်တစ်ချက်ဝေ့ယမ်းပြီး မလုပ်ပေးနိုင်ပါဘူး။
တိတ်ဆိတ်ဂိုဏ်းထဲ ကျိုးဖန် ဝင်လာပြီးနောက် နဂိုအေးဆေးငြိမ်သက်နေတဲ့ တိတ်ဆိတ်ဂိုဏ်းဟာ တစ်ဖန်ပြန်ပြီးတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ ဒီလိုဖြစ်ရတာက ကျိုးဖန်ဟာ အသက်ကိုးထောင် မပြည့်သေးဘဲနဲ့ မူလဆန်းကြယ် နတ်စွမ်းအားနှစ်ပါးအဆင့်ကို ရောက်နေလို့ပါပဲ။
ကျိုးဖန်ရဲ့ ဒီအရည်အချင်းကြောင့် ကျန်းယီ၊ လီယောင်၊ ထူလင်းအာနဲ့ တခြားတပည့်တွေမှာ ဖိအားများသွားပါတယ်။
ဟန်ကျွယ်ကတော့ အားတဲ့အချိန်တိုင်း သူ့တပည့်တွေကို တာအိုဟောကြားပါတယ်။
နှစ် ၅၀ ကြာပြီးနောက်။
ကျန်းယီဟာ နတ်မင်းအဆင့်ကို ရောက်ရှိသွားပါတယ်။ တာအိုစက်ကွင်းထဲမှာ အဆင့်ထိုးဖောက်တာ ဖြစ်တဲ့အတွက် ကောင်းကင်စမ်းသပ်မှုကို မရင်ဆိုင်ရပါဘူး။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းသားတိုင်းဟာ ကျန်းယီခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ အင်အားကြီးရောင်ဝါကို ခံစားမိလိုက်ကြပါတယ်။
နတ်မင်းအဆင့်ကို နောက်ထပ် ထိုးဖောက်မဲ့ တပည့်ကတော့ လီယောင် ဖြစ်ဖို့ များပါတယ်။ လီယောင်ရဲ့ ကျင့်ကြံမှုက ကျန်းယီနဲ့ သိပ်မကွာပါဘူး။
ဒီနေ့မှာတော့ ကောင်းကင်ယံမှာ ခရမ်းရောင် အလင်းတန်းတွေ ထွက်ပေါ်လာပါတယ်။ ဒီခရမ်းရောင် အလင်းတန်းတွေဟာ ပန်းချီးကားချပ်သဖွယ် လှပလွန်းတဲ့အတွက် ကြည့်လို့ကို မဝနိုင်ပါဘူး။
ဟန်ကျွယ်ဟာ အင်အားကြီးမားတဲ့ ရောင်ဝါတစ်ခုကို ခံစားလိုက်ရပါတယ် ‘ဒါ တစ်ယောက်ယောက် ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်သွားတာပဲ’
ကောင်းကင်တာအိုအောက်က သက်ရှိအားလုံးနီးပါးဟာ မျိုးတုံး ပျောက်ကွယ်သွားပါပြီ။ ရှင်ကျန်ရစ်ခဲ့တဲ့လူတွေကလည်း သေမျိုးမဟုတ်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေပါ။ ဒီပုဂ္ဂိုလ်တွေက အနာဂတ်မှာ ဒဏ္ဍာရီသဖွယ် ဖြစ်လာပြီး အင်မော်တယ်ကမ္ဘာကို ကိုင်လှုပ်မဲ့သူတွေပါ။
ဟန်ကျွယ်ဟာ ဘယ်သူဘယ်ဝါက ကောင်းကင်ဘဝဂ်အဆင့် ရောက်သွားတယ်ဆိုတာကို စိတ်မဝင်စားပါဘူး။ လက်ရှိမှာ တာအိုပညာရှိမင်ကျွယ်ကလွဲရင် ဟန်ကျွယ်မှာ တခြားရန်သူ မရှိပါဘူး။ တာအိုပညာရှိမင်ကျွယ်ကလည်း တာအိုပညာရှိဖြစ်တဲ့အတွက် ကောင်းကင်ဘဝဂ်အဆင့်ကို ထိုးဖောက်မဲ့လူ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ တာအိုပညာရှိအတု ဖြစ်ဖို့အတွက် ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ် အဆင့်မတက်တာက အခုဆို နှစ်တစ်ထောင်နီးပါး ရှိနေပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တာအိုပညာရှိအတုနဲ့ အလှမ်းဝေးနေတုန်းပါပဲ။ ဒါတောင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက တစ်ချက်ကလေးမှ နှေးမသွားခဲ့ပါဘူး။
ဒါပေမဲ့လည်း ဟန်ကျွယ်မှာ ဒီထက်မြန်မဲ့ နည်းလမ်း မရှိတာကြောင့် ဂူအောင်းကျင့်ကြံတာကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။
ဒီနေ့မှာတော့ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကတော့ တာအိုစက်ကွင်းရဲ့ ကာကွယ်မှုကြောင့် ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ တာအိုစက်ကွင်းအပြင်ဘက်က မြေပြင်ကတော့ မပြည့်တဲ့အိုးလို ဘောင်ဘင်ခတ်နေပါတယ်။
ဒီတုန်ခါမှုက အလွန်တရာမှ ကျယ်ပြန့်ပါတယ်။ ဟန်ကျွယ်ဟာ နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါ ဒီတုန်ခါမှုရဲ့ သက်ရောက်မှုက ထုန်ကျန့်ကမ္ဘာထက် ဆယ်ဆကျော် ကျယ်ပြန့်နေတာကို တွေ့လိုက်ရပါတယ်။
‘ဟင်… ငလျင် လှုပ်တာလား၊ ဒါမှမဟုတ် ကိစ္စကြီးတစ်ခုခု ဖြစ်တော့မယ် သဘောလား’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သိချင်သွားတာကြောင့် ချက်ချင်းပဲ စနစ်ကို မေးလိုက်ပါတယ် “လက်ရှိ အင်မော်တယ်ကမ္ဘာမှာ ငါ့ကို သတ်နိုင်တဲ့လူ ရှိလား”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မရှိပါ။]
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး မျက်လုံးမှိတ်ကာ ဆက်အားထုတ်ပါတယ်။
တိမ်ပင်လယ်အောက်က အဆုံးမသတ်နိုင်တဲ့ မြေပြင်ဟာ လှုပ်ခါသွားပြီး တောတောင်တွေ ပြိုလဲကာ မြစ်ချောင်းအင်းအိုင်တွေ ကျိုးပြတ်ကုန်ပါတယ်။ ဒီလှုပ်ခါမှုကြောင့် မိုင်ဆယ်သန်းကျော် ရှည်လျားတဲ့ ချိုင့်ဝှမ်းတစ်ခု ဖြစ်သွားပြီး မျက်လုံးကြီးတစ်လုံး ပေါ်လာပါတယ်။ ဒီမျက်လုံးဟာ အေးစက်ကာ မိစ္ဆာဆန်လှပြီး မျက်ဆံတွေက တုန်ခါနေပါတယ်။
“ဝေါင်း…”
ရုတ်တရက်ဆိုသလို နဂါးအော်သံဟာ လောကတစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။ အဲဒီနောက် တိမ်ပင်လယ်ထဲမှာ နဂါးခေါင်းတစ်ခေါင်း ထွက်ပေါ်လာပါတယ်။ ဒီနဂါးခေါင်းရဲ့ မျက်လုံးတွေက တောင်တွေထက် ကြီးမားပြီး သူ့ပါးစပ်ကလည်း အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို တစ်ချက်တည်း မြိုချနိုင်မဲ့ ပုံပါပဲ။
ဒီနဂါးဟာ နဂါးနက် ဖြစ်ပါတယ်။
နဂါးနက်ဟာ ချိုင့်ဝှမ်းထဲက မျက်လုံးကို ငုံ့ကြည့်ပြီး သတ်ဖြတ်ငွေ့တွေ ထွက်ပေါ်လာပါတယ်။
“ဝုန်း…”
နဂါးနက်ဟာ ရုတ်တရက် ထိုးဆင်းသွားတဲ့အတွက် ကြောက်မက်ဖွယ် လေပြင်းတစ်ခု ဖြစ်ပေါ်လာပြီး တိမ်ပင်လယ်ကို ဆုတ်ဖြဲသွားပါတယ်။ နဂါးနက်ဟာ သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်နဲ့ မြေပြင်ကို တစ်ချက်တည်း ထိုးဖောက်သွားတာကြောင့် ကျောက်စိုင်ကျောက်ခဲတွေ ကောင်းကင်ပေါ် လွှင့်ပျံကုန်ပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်။
တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ အမြင့်ဆုံးတောင်ထိပ်မှာ စုစည်းနေကြပါတယ်။ သူတို့တွေရဲ့ အမြင်က သာမန်မဟုတ်တဲ့အတွက် ဒီကြောက်မက်ဖွယ် တိုက်ပွဲကို ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်ပါတယ်။
“ဒီနဂါး ကြီးလှချည်လား၊ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်များလား” ကျိုးမင်ယွဲ့က တအံတဩ မေးလိုက်ပါတယ်။
ချူရှီရန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “နဂါးစစ်မျိုးနွယ်စု၊ ကောင်းကင်ကိုးဘုံက အောက်ယွီပဲ”
ငရဲကြက်နက်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အဲဒီအောက်ယွီက တော်တော်စွမ်းလား”
“နဂါးစစ်မျိုးနွယ်စုက ရှားရှားပါးပါး ကောင်းကင်ဘဝဂ် ကျင့်ကြံသူပဲ၊ သူ့တည်ရှိမှုက ကောင်းကင်ဧကရာဇ်နဲ့ တစ်တန်းတည်းပဲ”
ချူရှီရန်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။
ကျန်းယီကတော့ ကျိန်ဆဲလိုက်ပါတယ် “ငါ သူ့ကို သိတယ်၊ ဒီခွေးကောင်က ငါတို့ နတ်ရွှေကျီးကန်း မိသားစုက တော်တော်လေး အနိုင်ကျင့်ခဲ့ဖူးတယ်၊ ငါ သိချင်တာက ဒီခွေးကောင် ဘယ်သားရဲနဲ့ တိုက်ခိုက်နေလဲ ဆိုတာပဲ”
ကျောက်ရွှမ်ယွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီသားရဲရဲ့ ခန္ဓာကိုယ်ဟာ အနက်ရောင်မြူခိုးလို ခဏခဏ ပုံပျက်သွားတယ်၊ ဒဏ္ဍာရီလာ သားရဲလေးကောင်ထဲက ပဋိပက္ခသားရဲများလား”
‘ပဋိပက္ခသားရဲ’ လူတိုင်း မျက်လုံးပြူးကုန်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသားရဲလေးကောင်က ဒဏ္ဍာရီထဲမှာတောင် တော်တော်လေး ရှေးကျလို့ပါပဲ။
ပြောကြတာတော့ နေမင်းကြီး စတင်ထွက်လာပေါ်တုန်းက တာအိုဟောကြားတဲ့ တာအိုပညာရှိတွေ မရှိပါဘူး။ မျိုးနွယ်စုတွေလည်း မရှိပါဘူး။ သက်ရှိအကုန်လုံးက ကြမ်းတမ်းတဲ့ သားရဲတွေချည်းပါပဲ။ သူတို့တွေဟာ စိတ်ပိုင်းဆိုင်ရ မတည်ကြည်တဲ့အတွက် ယဉ်ကျေးမှုမရှိသလို တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တာလည်း မရှိပါဘူး။ သူတို့မှာရှိတဲ့ တစ်ခုတည်းသောအရာက ရှင်သန်လိုစိတ်ပါ။
သားရဲလေးကောင်က ဒီအတောမသတ်နိုင်တဲ့ သားရဲတွေထဲမှာ အစွမ်းအထက်ဆုံး ဖြစ်ပါတယ်။ သူတို့တွေဟာ နေမင်းကို ဝါးမြိုနိုင်သလို ပင်လယ်ကိုလည်း ခမ်းခြောက်အောင် သောက်ပစ်နိုင်ပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… ကြည့်ရတာ ကောင်းကင်တာအို ပြန်စတာက ငါတို့ ထင်ထားသလို ကောင်းတဲ့ကိစ္စ မဟုတ်ဘူး၊ အတိတ်မှာတုန်းက ဖိနှိပ်ခံထားရတဲ့ ကြောက်မက်ဖွယ် တည်ရှိမှုတွေ ပြန်ပေါ်လာပြီ”
လူတိုင်းဟာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပေမဲ့ ကြောက်တာတော့ လန့်တာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ နေနေသမျှ ကာလပတ်လုံး ဘာအန္တရာယ်မှ မဖြစ်နိုင်ဘူးဆိုတာကို သိနေကြလို့ပါပဲ။
ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး နောက်ထပ် နှစ် ၁၀၀ ကုန်ဆုံးသွားပါတယ်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရဲ့ မြင်ကွင်းထဲမှာ စာကြောင်းသုံးကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[ကောင်းကင်တာအို၏ သားရဲခေတ်ကြမ်း ရောက်ရှိလာသဖြင့် သင့်တွင် အောက်ပါ ရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ သားရဲများကို သုတ်သင်ပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါး၊ မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအိုပညာရှိ တစ်ပါး၏ မုန်းတီးမှုကို ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ သားရဲများတိုက်ပွဲတွင် ဝင်မပါပါနှင့်။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို ရရှိမည်။]
ဟန်ကျွယ်ဟာ အခုအချိန်မှာ တာအိုပညာရှိကို ရန်မစတာ အကောင်းဆုံးမှန်း သိတဲ့အတွက် နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ် ကိုယ်တိုင်ကလည်း ပြဿတောထဲ မဝင်ဘဲ အေးအေးဆေးဆေး ကျင့်ကြံချင်တာ မဟုတ်ပါလား။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို ဆက်ခံရရှိပါသည်။]
[ဓားတာအို ဆန်းကြယ်စွမ်းအား အသက်တစ်သောင်းဓားကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[အသက်တစ်သောင်းဓား: မဟာတာအို ဆန်းကြယ်စွမ်းအား။ လောကရှိ သက်ရှိအားလုံးကို ဓားအဖြစ် ပြောင်းလဲနိုင်ပြီး ကျယ်ပြန်သော သက်ရောက်မှုန်နှင့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်နိုင်စွမ်း ရှိ၏။]
ဟန်ကွယ် ဓားတာအို ဆန်းကြယ်စွမ်းအားကို မသုံးသပ်တာတောင် အတော်ကြာခဲ့ပါပြီ။ နောက်ပြီး အခုဟာက မဟာတာအို ဆန်းကြယ်စွမ်းအား ဖြစ်တဲ့အတွက် မဆိုးလှပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ အသက်တစ်သောင်းဓားကို ဆက်ခံလိုက်ပါတယ်။ အခုဆိုရင် ဟန်ကျွယ်ဆီမှာ မဟာညီညွတ်မှု ရုပ်သွင်နဲ့ အသက်တစ်သောင်းဓားဆိုတဲ့ မဟာတာအို ဆန်းကြယ်စွမ်းအား နှစ်မျိုး ရှိသွားပါပြီ။
ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူး ဓမ္မရုပ်တုတွေရဲ့ အစွမ်းကို ကြုံဖူးပြီးပြီမို့ အခုဆိုရင် ရန်သူကိုတွေ့တာနဲ့ တစ်ခါတည်း နတ်ဘီလူးဓမ္မရုပ်တုတွေကို ထုတ်သုံးပါတယ်။
အသက်တစ်သောင်းဓားက မဟာတာအို ဆန်းကြယ်စွမ်းအား ဖြစ်တဲ့အတွက် မဟာညီညွတ်မှုရုပ်သွင်ထက်တော့ မညံလောက်ပါဘူး။
ချက်ချင်းဆိုသလိုပဲ အလွန်များပြားတဲ့ မှတ်ဉာဏ်တွေဟာ ဟန်ကျွယ်ရဲ့ စိတ်ထဲကို တိုးဝင်လာပါတယ်။ မှတ်ဉာဏ်တွေက များလွန်းတဲ့အတွက် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့် ရောက်နေတဲ့ ဟန်ကျွယ်တောင် သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မယ်လို့ ခံစားလိုက်ရပါတယ်။
ဒီသုံးသပ်နားလည်မှုဟာ သုံးနှစ်သုံးမိုး ကြာပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အသက်တစ်သောင်းဓားကို တက်မြောက်သွားပါတယ်။ အသက်တစ်သောင်းဓားဟာ လောကမှာရှိတဲ့ အရာမှန်သမျှကို ဓားအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုသာ မြင့်မားမယ်ဆိုရင် အတွေးတစ်ချက်နဲ့ ကောင်းကင်တာအိုကို ဓားအဖြစ်ပြောင်းပြီး ရန်သူကို သတ်ဖြတ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ အသက်တစ်သောင်းဓားရဲ့ အစွမ်းကို စမ်းသပ်ဖို့အတွက် အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ အသွင်တူလက်ရည်စမ်းပွဲဟာ ဝင်ရောက်သူရဲ့ စိတ်ကူးပေါ်မူတည်ပြီး စစ်မြေပြင်ကို ဖန်တီးပါတယ်။
ဟန်ကျွယ်က ကျယ်ပြန်တဲ့ကမ္ဘာတစ်ခုကို စိတ်ကူးလိုက်တဲ့အတွက် ဟန်ကျွယ် ရောက်သွားတဲ့နေရာက အလွန်ကြီးမားကျယ်ပြန်တဲ့ ကမ္ဘာတစ်ခု ဖြစ်နေပါတယ်။
ဟန်ကျွယ်ရဲ့ အတွေးတစ်ချက်နဲ့ တောင်တောင် မြစ်ချောင်း အင်းအိုင်တွေ အကုန်လုံး ဓားကြီးတွေ ဖြစ်သွားပြီး ကောင်းကင်ပေါ် ပျံတက်ကုန်ပါတယ်။ မြေပြင်ပေါ်က သစ်ပင်တွေဟာလည်း သစ်သားဓားတွေ ဖြစ်ကုန်ပါတယ်။ ဒါတင် မကသေးပါဘူး။ ကျယ်ပြောလှတဲ့ ပင်လယ်လည်း ဓားဖြစ်သွားပါတယ်။
မျက်တောင်တစ်ခတ်အတွင်း ဟန်ကျွယ်ရှေ့က အရာအာလုံးဟာ အရောင်မျိုးစုံရှိတဲ့ ဓားတွေဖြစ်သွားပါတယ်။ ကမ္ဘာတစ်ခုလုံးကို ဓားနဲ့ပြုလုပ်ထားတဲ့ မြင်ကွင်းဟာ အလွန်တရာမှ ခမ်းနားပြီး လက်ဖျားခါရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 467
? Views, Released on December 8, 2024