Switch Mode

Chapter – 463

အခန်း (၄၆၃) တျန်ဝေ၊ ကောင်းကင်မှ ခန္ဓာများ
ဟန်ကျွယ်ဟာ တာအိုစက်ကွင်းကို ‌နေရာရွှေ့ပြောင်းဖို့ ရွေးချယ်လိုက်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ဖုံးအုပ်လိုက်ပါတယ်။ ချက်ချင်ဆိုသလိုပဲ ချီစွမ်းအင် သိပ်သည်းမှုက တိုးလာပါတယ်။ လူတိုင်းဟာ ဒီချီစွမ်းအင် တိုးလာတာကို ခံစားမိပါတယ်။
သူတို့ဟာ ဒီလို ချီစွမ်းအင် တိုးလာတာကို တိတ်ဆိတ်ကျွန်းမှာ အကြိမ်များစွာ တွေ့ကြုံပြီးပြီမို့ အသားကျနေပါပြီ။ သူတို့တွေဟာ ဟန်ကျွယ်က ဆန်းကြယ်စွမ်းအားသုံးပြီး ချီစွမ်းအင် သိပ်သည်းအောင် လုပ်တယ်လို့ ယုံကြည်ထားတဲ့အတွက် သိပ်ပြီးတော့ မအံဩပါဘူး။
တာအိုစက်ကွင်းကို တိတ်ဆိတ်ကျွန်းကနေ ရွှေ့ပြောင်းပြီးတဲ့နောက် ဟန်ကျွယ်ဟာ အကြံကြီးတစ်ခု ရသွားပါတယ် ‘တာအိုစက်ကွင်းကို ရွှေ့လို့ရတယ်ဆိုတော့ နောက်ကျရင် ငါလိုတဲ့နေရာကို ရွှေ့လို့ရနိုင်လောက်တယ်’
‘မဟုတ်သေးဘူး… သက်တမ်း ၁၀၀ ဘီလီယံက အရမ်းများတယ်’
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို အမြဲလိုလို သုံးနေရမှာဖြစ်သလို အနာဂတ်မှာ ရန်သူတွေကိုလည်း ကျိန်စာတိုက်ရအုန်းမှာပါ။ ဒီဟာတွေ အကုန်လုံးက သက်တမ်း သုံးစွဲရတာချည်းပါပဲ။ ဟန်ကျွယ်သာ တာအိုစက်ကွင်း ရွှေ့ပြောင်းတာကို စွဲသွားရင် ဒီဟာက ဟန်ကျွယ်သက်တမ်းတွေကို တရစပ်ဝါးမြိုမဲ့ တွင်းနက်ကြီး ဖြစ်လာမှာ ကျိန်းသေပါတယ်။
ဟန်ကျွယ်ဟာ မနေနိုင်တာနဲ့ စနစ်ကို မေးလိုက်ပါတယ် “တာအိုစက်ကွင်းက ဆက်တိုက်ရွှေ့လို့ရလား”
[တာအိုစက်ကွင်း၏ နေရာအား ရွှေ့ပြောင်းတိုင်း သက်တမ်း ကုန်ဆုံးမှုမှာ နှစ်ဆတိုးပြီး နှစ်တစ်ရာအတွင်း နှစ်ကြိမ် အသုံးမပြုနိုင်ပါ။]
‘နှစ်ဆတောင်လား…’
ဟန်ကျွယ်ဟာ အနာဂတ်မှာ တာအိုစက်ကွင်းကို အလွယ်တကူ မရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၂၁ ရာစုက လာခဲ့တဲ့ ဟန်ကျွယ်ဟာ ဆတိုးအစွမ်းကို ကောင်းကောင်းကြီး နားလည်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ ချီစွမ်းအင်ဟာ ဆက်ပြီးတော့ တိုးတက်ပါတယ်။ ဆယ်နှစ်ကြာတဲ့အခါမှာတော့ ချီစွမ်းအင် သိပ်သည်းမှု ထိပ်ဆုံးကို ရောက်ရှိသွားပါတယ်။
တိတ်ဆိတ်ကျွန်းမှာလောက် ချီစွမ်းအင် မသိပ်သည်းဖူးဆိုပေမဲ့ အရင်ကထက်တော့ အဆများစွာ ပိုအားကောင်းလာပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကိုလည်း အပြင်ထုတ်လိုက်ပါတယ်။ ဖူစန်းသစ်ပင်ရဲ့ နေရာသစ်ကတော့ မြင့်မားလှတဲ့ တောင်နှစ်လုံး အကြားပဲ ဖြစ်ပါတယ်။
ကျောက်ယွင်နဲ့ တာအိုအစောင့်အသစ် တျန်ဝေဟာ အချိန်-အာကာသ ဝဲကတော့ရှေ့မှာနေပြီး စောင့်ကြပ်ပါတယ်။ လွီပုနဲ့ မာချောင်ကတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အရှေ့အရပ်နဲ့ အနောက်အရပ်ကို အသီးသီး စောင့်ကြပ်ပါတယ်။
ဖူစန်းသစ်ပင် ပေါ်လာတဲ့အခါမှာတော့ ငရဲကြက်နက်၊ အာတနဲ့ ရှောင်အာဟာ ချက်ချင်း ဖူစန်းသစ်ပင်ပေါ်မှာ ပြန်နေပါတယ်။ သူတို့ဟာ ဖူစန်းသစ်ပင်‌ပေါ်မှာ နေရတာက ကျင့်သားရနေပါပြီ။
ဒီတစ်ကြိမ်မှာတော့ အရာအားလုံး လုံးဝ တည်ငြိမ်ပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ကြယ်ပင်လယ်ထဲ ထည့်လိုက်ပြီး စိတ်အေးလက်အေး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိအတုဖြစ်ဖို့ မစောင့်နိုင်တော့ပါဘူး။
ကောင်းကင်တာအို ပြန်စတဲ့ အင်မော်တယ်ကမ္ဘာဟာ အလွန်တရာမှ အထီးကျန်ဆန်လွန်းပါတယ်။ အနန္တကပ်ဘေးတုန်းက တိုက်ပွဲတွေရဲ့ အငွေ့အသက်တွေဟာ အခုအချိန်အထိ မကုန်စင်သေးပါဘူး။ သွေးအိုင်တွေကလည်း အကုန်အစင် မခမ်းခြောက်သေးပါဘူး။ ဒီလိုဖြစ်ရတာကလည်း အနန္တကပ်ဘေးမှာ ပါဝင်ခဲ့ကြတဲ့ သက်ရှိတွေရဲ့ ကျင့်ကြံမှုက မြင့်မားလွန်းနေလို့ပါ။
သေမျိုးတွေအတွက် ဒီသွေးတွေက မြင့်မြတ်ပစ္စည်း ဖြစ်သလို မိစ္ဆာပစ္စည်းလည်း ဖြစ်ပါတယ်။ ဘယ်လိုမြင်လဲဆိုတာက သေမျိုးတွေကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။ အချိန်တိုအတွင်းတော့ ဒီအရာတွေက ပျောက်ကွယ်အုန်းမှာ မဟုတ်ပါဘူး။
မျက်တောင်တစ်ခတ် အတွင်းမှာပဲ နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
“ဝုန်း…”
အင်မော်တယ်ကမ္ဘာတစ်ခုလုံး လှုပ်ခါသွားပါတယ်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ မျက်လုံး ဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်ဟာ တာအိုဘုံကျောင်းနဲ့ တောတောင်တွေကို ဖြတ်သန်းပြီး ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ကြီးမားလှတဲ့ လက်ညိုးတစ်ချောင်းဆီ ရောက်သွားပါတယ်။
ဒီလူသားလက်ညိုးက ပေတစ်သောင်းကျော် ရှည်လျားပြီ အဆုံးမှာတော့ ဖြူဖွေးနေတဲ့ အရိုးကို မြင်တွေ့နိုင်ပါတယ်။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါ တာအိုပညာရှိအတုရဲ့ လက်ညိုးပဲ’
ဒီလက်ညိုးရဲ့ ရောင်ဝါက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ရဲ့ ရောင်ဝါထက် ပိုအားကောင်းနေပါတဘ်။
လက်ညိုးပြုတ်ကျရာကနေ ဖြစ်ပေါ်လာတဲ့ လေအရှိန်ဟာ တောတောင်တွေကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားစေပါတယ်။ ဒီလေအရှိန်က မိုင်သန်းချီ ပျံ့နှံ့ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကိုတောင် လာသက်ရောက်ပါတယ်။
တာအိုစက်ကွင်းရဲ့ အရံအတား အစီအရင်ဟာ အလိုလို အသက်ဝင်လာပြီး လေပြင်းကို ဟန့်တားလိုက်တဲ့အတွက် မျက်စိနဲ့ မြင်နိုင်လောက်တဲ့ လေတံတိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပါတယ်။ တိတ်ဆိတ်ဂိုဏ်းသားတိုင်းနဲ့ ရှကျဲ့မျိုးနွယ်စု အကုန်လုံးဟာ ဒီခမ်းနားလှတဲ့ မြင်ကွင်းကို မြင်တွေ့လိုက်ကြရပါတယ်။
“အဲဒါ ဘာလဲ”
“ဘယ်သူ့လက်ညိုး ပြုတ်ကျလာတာလဲ”
“ကြည့်ရတာ ကောင်းကင်မှာ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်နေပုံပဲ…”
“ငါတို့သာ ဒီလက်ညိုးနဲ့ တိုက်မိရင်…”
“ဂိုဏ်းချုပ်က ဘယ်တုန်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ အစီအရင် လုပ်လိုက်တာလဲ၊ ငါတောင် မသိလိုက်ဘူး…”
တိတ်ဆိတ်ဂိုဏ်း တပည့်တွေ ဆွေးနွေးနေတုန်းမှာပဲ ကြီးမားလှတဲ့ ခန္ဓာအစိတ်အပိုင်းတွေဟာ ကောင်းကင်ယံမှာ ပေါ်လာပြီး မိုးရွာကျသလို ပြုတ်ကျတဲ့အတွက် တိမ်ပင်လယ်ကို ရဲရဲနီသွားစေပါတယ်။
ဟန်ကျွယ်ဟာ ဒီခန္ဓာအစိတ်အပိုင်းတွေက ရောင်ဝါမတူတာကို ခံစားမိပါတယ်။ အားအကောင်းဆုံးက တာအိုပညာရှိအတုအဆင့်ရှိပြီး အားအနည်းဆုံးက မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့် ရှိပါတယ်။
ဟန်ကျွယ်ဟာ မျက်စိမှေးသွားပါတယ် ‘ဒီလောက်များတဲ့ ခန္ဓာအစိတ်အပိုင်းတွေကို ဘယ်ကနေ ရလာတာလဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါမှာ ကောင်းကင်ဘုံ ၃၀ ဘုံမြောက်ကို ဖြတ်သန်းပြီး ဝတ်ရုံနက် ဝတ်ဆင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒီလူ လက်ဝှေ့ယမ်းလိုက်တိုင်းမှာ သူ့အင်္ကျီလက်ထဲကနေ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထွက်လာပြီး မြေပြင်ပေါ် ပြန့်ကျဲကုန်ပါတယ်။
ဒီဝတ်ရုံနက်ရဲ့ ဦးတည်ရာက ပုံသေမရှိပါဘူး။ ကြည့်ရတာ ဒီဝတ်ရုံနက်က ကောင်းကင်တာအို တစ်ခုလုံးကို ကြံစည်ချင်ပုံပါပဲ။
ဟန်ကျွယ်ဟာ စနစ်ကို တန်းမေးလိုက်ပါတယ် “ဒီလူက ဘယ်သူလဲ”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဧကရာဇ်ရှောင်: ကျင့်ကြံမှုမသိ၊ ကောင်းကင်တာအိုပညာရှိ၊ တာအိုဘိုးဘေး၏ တပည့်တစ်ဦးဖြစ်ပြီး မိစ္ဆာမျိုးနွယ်စု၏ ဘိုးဘေးတစ်ပါး ဖြစ်သည်။]
‘ကောင်းကင်တာအိုပညာရှိ…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘မိစ္ဆာမျိုးနွယ်စုရဲ့ ဘိုးဘေးက တာအိုဘိုးဘေးရဲ့ တပည့် ဖြစ်နိုင်သေးတာလား’
အခုဆိုရင် ဟန်ကျွယ်သိတဲ့ ကောင်းကင်တာအိုပညာရှိတွေက နွီဝါ၊ ဖူရှီ၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ချုံရှီလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ တာအိုပညာရှိ မင်ကျွယ်၊ တာအိုပညာရှိ ကျင်းအန်းနဲ့ ဧကရာဇ်ရှောင်တို့ ဖြစ်တဲ့အတွက် စုစုပေါင်းရှစ်ယောက် ရှိသွားပါပြီ။ ကောင်းကင်တာအိုပညာရှိ ကိုးပါးမှာ ဟန်ကျွယ် မသိတာ တစ်ပါးပဲ ကျန်ပါတော့တယ်။
“ဧကရာဇ်ရှောင်က ဘာလို့ ဒီလိုလုပ်နေရလဲဆိုတာ ငါ သိချင်တယ်” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဘယ်လိုဖြစ်ပြီး ၁ ဘီလီယံ ပိုသွားတာလဲ’
ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ရောက်သွားပါတယ်။
မှောင်မိုက်တဲ့ ခန်းမတစ်ခုမှာ လူနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြပါတယ်။ တစ်ယောက်ကတော့ ဧကရာဇ်ရှောင်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ဧကရာဇ်ရှောင်ထက် အရွယ်အစား ပိုမိုကြီးမားကာ အနက်ရောင်မီးလျှံတွေ တဟုန်းဟုန်း တောက်နေပါတယ်။
“ကောင်းကင်တာအို ပြန်စပြီ၊ မင်း လုံလောက်တဲ့ အစိအပိုင်းတွေ ပြင်ဆင်ပြီးပြီလား”
ဧကရာဇ်ရှောင်က ပြန်ဖြေလိုက်ပါတယ် “ပြင်ပြီးပါပြီ”
“ကောင်းပြီ၊ အဲဒါတွေကို ကောင်းကင်တာအိုရဲ့ ကမ္ဘာအသီးသီးမှာ လိုက်ကြဲချည်”
“ဘာဖြစ်လို့လဲ”
“သက်ရှိအားလုံးရဲ့ လက်ကျန်ခန္ဓာကိုယ်တွေမှာ အလွန်များပြားတဲ့ အကုသိုလ်ကံတွေနဲ့ မုန်းတီးမှုတွေ ပါဝင်တယ်၊ ကောင်းကင်တာအို ပြန်စတော့ ကောင်းကင်တာအိုက သူတို့က စွန့်ပစ်လိုက်တယ်၊ ငါတို့တွေ ကောင်းကင်တာအို မဖွံဖြိုးသေးတာကို အခွင့်‌ကောင်းယူပြီး ဒီအစိတ်အပိုင်းတွေကို ကမ္ဘာအသီးသီးမှာ လိုက်ကြဲရင် အနာဂတ်မှာ ကျိန်စာပစ္စည်းတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်၊ ဒီအစိတ်အပိုင်းတွေက ကောင်းကင်တာအိုကို ကျိန်စာတိုက်နိုင်တဲ့အတွက် အနာဂတ်မှာ ငါတို့ မိစ္ဆာမျိုးနွယ်စု ပြန်ပေါ်လာဖို့အတွက် အထောက်အကူ ပြုနိုင်တယ်”
“တာအိုပညာရှိတွေ တားရင် ဘယ်လိုလုပ်မလဲ”
“ငါ သူတို့ကို တခြားနေရာဆီ မြားခေါ်လိုက်မယ်”
“ကောင်းပါပြီ”
မြင်ကွင်းတစ်ခုလုံး ကွဲကြေသွားပါတယ်။
‘လာပြန်ပြီ မိစ္ဆာမျိုးနွယ်စု…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ယံကို ထပ်မော့ကြည့်လိုက်တဲ့အခါ ဧကရာဇ်ရှောင်က အစိတ်အပိုင်းတွေကို ဆက်ပြီး ကြဲနေတာ တွေ့လိုက်ရပါတယ်။ ဒီဧကရာဇ်ရှောင်က အလောင်းတွေ ဘယ်လောက်တောင် စုထားလဲဆိုတော ဟန်ကျွယ်လည်း မမှန်းတက်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ သူ့အကြည့်ကို တခြားရွှေ့လိုက်ပါတယ်။
ကောင်းကင်ဘုံ ၃၀ ဘုံ အထက်က ဧကရာဇ်ရှောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ထူးဆန်းလိုက်တာ၊ ငါ ဒီလူရဲ့ တာအိုစက်ကွင်းရဲ့ ထိုးဖောက် မမြင်နိုင်ဘူးပဲ’
ဧကရာဇ်ရှောင်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါ သူ့မျက်နှာက ပိုပြီးတော့ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘ဒီလူက ကံတရား ဆက်စပ်မှု နည်းလှချည်လား၊ သေမျိုးလောက်တောင် မရှိဘူး၊ ဒီလိုအဆင့်ထိရောက်အောင် ဘယ်လိုများ ကျင့်ကြံထားပါလိမ့်’
ဧကရာဇ်ရှောင်ဟာ ဟန်ကျွယ်ကို စိတ်ဝင်စားသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဧကရာဇ်ရှောင်ဟာ ဟန်ကျွယ်က မိစ္ဆာမျိုးနွယ်စု အင်အားကြီးမားလာဖို့အတွက် အဟန့်အတား တစ်ခု ဖြစ်လာလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။
[ဧကရာဇ်ရှောင်သည် သင့်အား အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ဝက်။]
‘ကြယ်တစ်ဝက်…’ ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ကြည့်ပြီး ဘာပြောရမှန်း မသိတော့ပါဘူး။ ဟန်ကျွယ်ဟာ ကြယ်တစ်ဝက်ပဲရှိတဲ့ မျက်နှာသာပေးမှုကို ပထမဆုံးအကြိမ် ရရှိတာပါ။
ဒီမျက်နှာသာပေးမှုက နိမ့်ပါးလွန်းတဲ့အတွက် မုန်းတီးမှုကို အလွယ်လေး ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဧကရာဇ်ရှောင်က သူ့ခန္ဓာစစ်နဲ့ အင်မော်တယ်ကမ္ဘာထဲ ဝင်မရလို့ပါပဲ။
ဧကရာဇ်‌ရှောင်က အစိတ်အပိုင်းအများကြီး လျှောက်ကြဲထားတဲ့အတွက် ဟန်ကျွယ်ဟာ အချိန်ကုန်ခံပြီး လိုက်မတားပါဘူး။ ဟန်ကျွယ်ဟာ ဒီတာဝန်ကို အနာဂတ် မျိုးဆက်သစ်တွေ အတွက် ချန်ထားလိုက်ပါတယ်။ ဒါမှမဟုတ် တာအိုပညာရှိတွေ ပြန်လာရင် ဖြေရှင်းဖို့ နည်းလမ်းရှာပါလိမ့်မယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်စိမှိတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
ငါးမိနစ်ကြာတဲ့အခါမှာတော့ ခန္ဓာအစိတ်အပိုင်းတွေ ပြုတ်ကျတာ ရပ်တန့်သွားပြီး အင်မော်တယ်ကမ္ဘာဟာ ပြန်အေးချမ်းသွားပါတယ်။
မျက်တောင်တစ်ခတ်အတွင်း ၃၂ နှစ်ကုန်ဆုံးသွားပါတယ်။
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
ဟန်ကျွယ် မြင်ကွင်းထဲမှာ ဒီအသိပေးချက်ကြီး တရစပ် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘အရူးကောင် လာပြန်ပြီ’
ဟန်ကျွယ်ဟာ အိပ်မက်ပေးတာကို လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။
အိပ်မက်နယ်မြေက အရင်ခန်းမပါပဲ။ ချုံရှီလိုင်က အရင်ဆုံး စပြောပါတယ် “ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ခန္ဓာအစိတ်အပိုင်းတွေကို မင်း မြင်လား”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် ‘ဘာလဲ… ဒီသောက်ရူးက ငါ့ကို ဒီဟာတွေ ရှင်းစေချင်တာလား’
“အဲဒါတွေကို မမြင်ချင်ယောင် ဆောင်ပြီး ပုံမှန်အတိုင်း ဆက်ကျင့်ကြံချည်၊ တခြားတာအိုပညာရှိတွေကို ဒီအကြောင်း မပြောနဲ့”
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘တခြား တာအိုပညာရှိတွေကို မပြောနဲ့… ဒီသောက်ရူးက မိစ္ဆာတွေနဲ့ ပူးပေါင်းနေတာလား’
ဟန်ကျွယ်က ပြောလိုက်ပါတယ် “လော‌လောဆယ်မှာ တခြားတာအိုပညာရှိ ဘယ်သူကမှ ကျွန်တော့်ကို မဆက်သွယ်သေးဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset