Switch Mode

Chapter – 454

အခန်း (၄၅၄) တာအိုပညာရှိ ကွယ်လွန်ခြင်း
‘တာအိုပညာရှိကို သတ်မှာ’ အင်မော်တယ် နတ်ဘုရားတွေ အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။ အင်မော်တယ် နတ်ဘုရားတွေဟာ တာအိုပညာရှိတွေက ဟန်ဆောင် တိုက်ခိုက်နေတယ်လို့ပဲ ထင်ထားခဲ့တာပါ။ အခုလိုမျိုး အချင်းချင်း သတ်ဖြတ်ကြလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ရှန်စစ်သူကြီးဟာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်ပါတယ် “တကယ်ကြီးလား… ဟန်ဆောင်နေတာရော မဖြစ်နိုင်ဘူးလား”
“မဖြစ်နိုင်ဘူး၊ ဒီရတနာက သုံးပြီးရင် ဒီအတိုင်း ပြန်သိမ်းလို့မရဘူး၊ မဟုတ်ရင် သုံးတဲ့လူကို တန်ပြန်ထိလိမ့်မယ်”
စိတ်ဝိညာဉ်နန်းတော်က ပြိုလဲလုနီး ဖြစ်နေပါပြီ။ ဒါကြောင့် တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်က ဒီရတနာကို ထုတ်သုံးလိုက်တာဆိုရင် ကောင်းကင်ရုံးတော်အတွက် မျှော်လင့်ချက် ရှိပါသေးတယ်။ ဒီလိုမဟုတ်ဘဲ ဖူရှီနဲ့ နွီဝါက ထုတ်သုံးလိုက်တာ ဆိုရင်တော့ ကောင်းကင်ရုံးတော် ဇာတ်သိမ်းပါပြီ။
အင်မော်တယ် နတ်ဘုရားတွေဟာ စိတ်ပျက်အားငယ်လာပြီး စိတ်လေးလာကြပါတယ်။
တာအိုဟောကြားပြီးတာကနေ နောက်ထပ် နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ် မြင်ကွင်းထဲမှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[ကောင်းကင်တာအိုပညာရှိ ဂိုဏ်းချုပ်တျန်ကျွယ်သည် ကောင်းကင်တာအို အကောင်းစား မိစ္ဆာရတနာကို အသုံးပြုပြီး ကပ်ဘေးကို ရှေ့တွန်းတင်လိုက်သောကြောင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ကပ်ဘေးထဲ ချက်ချင်းဝင်၍ ဂိုဏ်းချုပ်တျန်ကျွယ်အား တားဆီးပါ။ ဆုလာဘ်အဖြစ် စနစ်အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ကပ်ဘေးနှင့် ဝေးရာတွင် နေထိုင်ပါ။ ဆုလာဘ်အဖြစ် တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ် ရရှိမည်။]
‘ကောင်းကင်တာအို အကောင်းစား မိစ္ဆာရတနာ… ဒါက ဘယ်လိုရတနာမျိုးလဲ…’
‘ထားလိုက်ပါတော့… ဘယ်လိုရတနာမျိုးပဲ ဖြစ်ဖြစ် ငါ့အတွက် အရေးမှ မပါတာ’
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[တာအိုစက်ကွင်းကို စတင်အဆင့်မြှင့်တင်နေပါပြီ။]
တာအိုစက်ကွင်း အဆင့်မြင့်လေလေ ပိုလုံခြုံလေလေမို့ ဟန်ကျွယ်ဟာ စိတ်ကောင်း ဝင်သွားပါတယ်။ လက်ရှိတာအိုစက်ကွင်းရဲ့ အရံအတားက တာအိုပညာရှိအတုအဆင့်မှာ ရှိတဲ့အတွက် အဆင့်မြှင့်တင်ပြီးရန် တာအိုပညာရှိအဆင့်ကို ရောက်သွားဖို များပါတယ်။ ဒီလိုဆိုရင် တာအိုပညာရှိတွေတောင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်နိုင်မှာ မဟုတ်တော့ပါဘူး။
တာအိုစက်ကွင်း အဆင့်မြှင့်တာက အချိန်ကြာတဲ့အတွက် ဟန်ကျွယ်ဟာ တာအိုစက်ကွင်း အဆင့်မြှင့်တင်ပြီးတဲ့အထိ မ‌စောင့်ဘဲ ဆက်လက်ကျင့်ကြံပါတယ်။
နောက်နှစ်မှာပဲ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းအရင်းတချို့ကြောင့် ဟန်ကျွယ်ရဲ့ စိတ်ဟာ လေးလံပြီး မသက်မသာ ဖြစ်နေလို့ပါပဲ။
ဟန်ကျွယ်ဟာ အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ သူ့တပည့်တွေလည်း သူ့လိုမျိုးဖြစ်နေတာကို သတိထားမိလိုက်ပါတယ်။
“ဘာတွေ ဖြစ်နေတာလဲ၊ ငါ ဘာလို့ ဒီလောက်တောင် စိတ်ဓာတ်ကျနေရတာလဲ”
“မင်းလည်း ဖြစ်တာပဲလား”
“ဒီခံစားချက်… အင်မော်တယ်ကမ္ဘာမှာ ကိစ္စအကြီးကြီး တစ်ခုတော့ ဖြစ်ပျက်နေပြီနဲ့တူတယ်၊ အတိအကျ ပြောရရင် ကောင်းကင်တာအိုမှာ ကိစ္စကြီးတစ်ခု ဖြစ်ပျက်နေပုံပဲ”
“ကျွန်တော်တို့တွေ အန္တရာယ်ကျတော့မှာလား”
“ငါလည်း သေချာ မသိဘူး၊ ဒါပေမဲ့ ဂိုဏ်းချုပ် ထွက်မလာတာကို ထောက်ရင် ဘာအန္တရာယ်မှ မရှိဘူးဆိုတာ ကျိန်းသေတယ်”
အပြင်ဘက်က စကားသံတွေကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာမှာ ဘာဖြစ်မှန်း မသိပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးဖို့ ပြင်လိုက်စဉ်မှာပဲ တိတ်ဆိတ်ကျွန်းဟာ ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ ဒီတစ်ခါလှုပ်ခါတာက အရင်တုန်းက တိုက်ခိုက်ခံရတာတွေထက် အကြိမ်များစွာ ပိုပါတယ်။
တိတ်ဆိတ်ကျွန်းဘေးက ပင်လယ်မှာ ဆူနာမီလိုင်းတွေ ဖြစ်ပေါ်လာပြီး တောင်တန်းတွေကလည်း မရေမတွက်နိုင်တဲ့ ကျောက်တုံးကျောက်စိုင်တွေ လိမ့်ကျလာပါတယ်။
ဟန်ကျွယ်ဟာ မျက်စိမှေးလိုက်ပြီး ကြီးမားတဲ့ ဓမ္မစွမ်းအားနဲ့ တာအိုစက်ကွင်းတစ်ခုလုံးကို ရစ်ပတ်နှောင်ဖွဲ့ကာ အရာအားလုံးကို တည်ငြိမ်အောင် ထိန်းလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကြီးမားတဲ့အင်အားတစ်ခုက တိတ်ဆိတ်ကျွန်းကို ဖြတ်သန်းသွားတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားလိုက်ရပါတယ်။ ဒီကြီးမားတဲ့အင်အားက ဘယ်ကနေလာပြီး ဘယ်ကိုသွားမလဲဆိုတာတော့ ဟန်ကျွယ်လည်း မသိပါဘူး။
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းမှာ ပြဿနာ တက်နေတာမို့ ချုံရှီလိုင်ကို လျစ်လျူရှုထားလိုက်ပါတယ်။ ဒါပေမဲ့ ချုံရှီလိုင်က အလျှော့မပေးဘဲ အရင်လို အသိပေးချက်တွေ တသီကြီးဖြစ်အောင် လုပ်ပါတယ်။
‘ဒီကောင်က သောက်ရူးပဲ… တာအိုပညာရှိနဲ့ နည်းနည်းမှ မတန်ဘူး’ ဟန်ကျွယ်ဟာ ချုံရှီလိုင်ကို စိတ်ထဲမှာကျိန်ဆဲလိုက်ပြီး စနစ်ကို မေးလိုက်ပါတယ် “ဘယ်ဟာက တိတ်ဆိတ်ကျွန်းကို တိုက်ခိုက်နေတာလဲ”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
‘ဒီပမာဏဆိုရင် ကျိန်းသေပေါက် တာအိုပညာရှိပဲ…’
[တာအိုပညာရှိ နွီဝါ ကွယ်လွန်သွား၏။ ကောင်းကင်တာအိုပညာရှိ၏ တာအိုအသီး ပေါက်ကွဲရာမှာ ထွက်ပေါ်လာသော အင်အားလှိုင်းများသည် တိတ်ဆိတ်ကျွန်းကို ဖြတ်သန်းသွားခြင်းတည်း။]
‘နွီဝါ သေသွားပြီလား’ ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပါတယ် ‘တကယ်ကြီး တာအိုပညာရှိ သေသွားတာလား’
ဟန်ကျွယ်ဟာ ဘဝဟောင်းတုန်းက ကြားသိဖတ်ရှုခဲ့ရတဲ့ ဒဏ္ဍာရီတွေကြောင့် နွီဝါကို တခြား တာအိုပညာရှိတွေထက် စွမ်းအားပိုကြီးလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ အခုလိုမျိုး အရင်ဆုံး သေဆုံးလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးပါဘူး။
‘တာအိုပညာရှိ သေသွားပြီဆိုတော့ ကပ်ဘေးလည်း ပြီးဆုံးပြီထင်တယ်’
တစ်နာရီကြာတဲ့အခါမှာတော့ တိတ်ဆိတ်ကျွန်းရဲ့ လှုပ်ခါမှုဟာ ရပ်တန့်သွားပါတယ်။ ဒါပေမဲ့ ချုံရှီလိုင်ရဲ့ အိပ်မက်ပေးချင်တဲ့ အသိပေးချက်ကတော့ မရပ်သေးဘဲ ဆက်တိုက် ထွက်ပေါ်နေတုန်းပါ။
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်ကို စစ်ဆေးပြီး ရန်သူတွေ မရှိတာ သေချာတော့မှ ချုံရှီလိုင် အိပ်မက်ပေးတာကို လက်ခံလိုက်ပါတယ်။ အိပ်မက်နယ်မြေက အရင်အတိုင်းဖြစ်သလို ချုံရှီလိုင်ကလည်း ကြီးကျယ်ခမ်းနားတဲ့ ရွှေရောင်ဗုဒ္ဓရုပ်တုပါပဲ။
ဟန်ကျွယ်ဟာ နေလ ယင်ယန် အကာအကွယ်ကို ထုတ်မပြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေလင် ယင်ယန် အကာအကွယ်က ကောင်းကင်တာအို အကောင်းစား ရတနာဖြစ်တဲ့အတွက် ဘာအကြောင်းပြချက်မှ မရှိဘဲ ကောင်းကင်တာအို အကောင်းစား ရတနာကို ပိုင်ဆိုင်တာက တာအိုပညာရှိတွေ အာရုံစိုက်တာကို ခံရဖို့ လုံလောက်လို့ပါပဲ။
“နွီဝါ ကွယ်လွန်သွားပြီ၊ ကောင်းကင်တာအိုပညာရှိ ကိုးနေရာမှာ တစ်နေရာ လွတ်သွားပြီ၊ ဒီကပ်ဘေးပြီးတာနဲ့ သက်ရှိအားလုံးက ကောင်းကင်တာအိုပညာရှိ နေရာအတွက် ယှဉ်ပြိုင်နိုင်တယ်၊ မင်း ကြိုပြင်ဆင်ထားချည်” ချုံရှီလိုင်က ပြောလိုက်ပါတယ်။
‘ကောင်းကင်တာအိုပညာရှိ… ငါမှ မလိုချင်တာ’
ဒါပေမဲ့ ဟန်ကျွယ်ဟာ အံဩတကြီးဖြစ်သွားဟန်နဲ့ ပြန်မေးလိုက်ပါတယ် “တာအိုပညာရှိတွေလည်း သေမင်းလက်က မလွတ်ဘူးလား”
“ကောင်းကင်တာအိုရဲ့ ကာကွယ်မှုအောက်မှာ ကောင်းကင်တာအို ပညာရှိတွေက မသေနိုင်ဘူး မပျက်စီးနိုင်ဘူး၊ ဒါပေမဲ့ ကပ်ဘေးထဲမှာ အကုသိုလ်ကံတွေက ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖုံးလွှမ်းထားတော့ တာအိုပညာရှိတွေရဲ့ ကံတရား အထောက်အပံ့က လျော့ကျသွားတယ်၊ ဒီအချိန်မှာပဲ တာအိုပညာရှိတွေအတွက် သေဖို့ ဖြစ်နိုင်ချေရှိတယ်၊ ကျယ်ကျောင်းတော် ဂိုဏ်းချုပ် တျန်ကျွယ်က ကောင်းကင်တာအို အကောင်းစား မိစ္ဆာရတနာကို အသုံးပြုပြီး နွီဝါကို သတ်လိုက်တာ၊ ဖူရှီလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတော့ ကပ်ဘေးထဲက ထွက်သွားပြီလို့ ပြောလို့ရတယ်”
‘ဂိုဏ်းချုပ်တျန်ကျွယ်…’
ဟန်ကျွယ်ဟာ ၂၁ ရာစုတုန်းက သူကြည့်ဖူးတဲ့ ကျိုးမင်းဆက် ဇာတ်လမ်းကို သတိပြန်ရသွားပါတယ်။ အဲဒီထဲမှာလည်း ကျယ်ကျောင်းတော်ရဲ့ ဆရာသခင် ကောင်းကင်ဂိုဏ်းချုပ်က နတ်သတ်ဓားအစီအရင်ကိုသုံးပြီး တာအိုပညာရှိကို သတ်ခဲ့ပါတယ်။
‘ကျယ်ကျောင်းတော်က တာအိုပညာရှိတွေက တော်တော် ရက်စက်တာပဲ… ဒီလိုရက်စက်တာကို သူတို့တွေ အမွေရထားတာများလား’
“ဒါဆို ကပ်ဘေးက ပြီးတော့မယ်လို့ ပြောချင်တာလား” ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ်။
ချုံရှီလိုင်က ပြန်ဖြေပါတယ် “ဟုတ်တယ်၊ သက်ရှိအရေအတွက်က ကောင်းကင်တာအို ထမ်းဆောင်နိုင်တဲ့အောက် ရောက်သွားရင် တာအိုပညာရှိတွေ ပူးပေါင်းပြီး အကုသိုလ်ကံတွေကို ရှင်းပစ်လိမ့်မယ်၊ ပြီးရင် ကောင်းကင်ဘုံကို ပြန်တည်ဆောက်လိမ့်မယ်”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဘာလို့လဲဆိုတော့ သွေးညှီနံ့ ရလိုက်လို့ပါပဲ။ နွီဝါ ကွယ်လွန်ပြီး ဖူရှီ နောက်ဆုတ်သွားပြီ ဖြစ်တဲ့အတွက် လူသားမျိုးနွယ်စုက ကိစ္စပြတ်သွားပါပြီ။
ဟန်ကျွယ်ဟာ လူသားတစ်ယောက်ပဲမို့ နည်းနည်းတော့ စိတ်မချမ်းသာပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ လူသားမျိုးနွယ်စုကို သနားရုံပါ။ ဒုက္ခအရောက်ခံပြီး ဝင်ကူညီမှာတော့ မဟုတ်ပါဘူး။
ချုံရှီလိုင်က ဆက်ပြောပါတယ် “ကပ်ဘေးပြီးတာနဲ့ အင်မော်တယ်ကမ္ဘာကို ပြန်တော့၊ အမှောင်တားမြစ်နယ်မြေက အပြောင်းလဲကြီး ပြောင်းလဲနေတယ်၊ ကြာလေ အန္တရာယ်များလေပဲ၊ တာအိုပညာရှိအောက် သက်ရှိတွေက အမှောင်တားမြစ်နယ် တိုက်ခိုက်တာကို ရှောင်ရှားဖို့အတွက် ကောင်းကင်တာအိုကိုပဲ မှီခိုရလိမ့်မယ်”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ကောင်းကင်တာအိုပညာရှိတွေက မဟာတာအိုပညာရှိတွေရဲ့ အစီအစဉ်ကို သိပုံ မပေါ်ပါဘူး။
ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေ ပြောင်းလဲမှု နောက်ကွယ်မှာ မဟာတာအိုပညာရှိ ရှိနေကြောင်း ထုတ်မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်ပြောလည်း အသုံးမဝင်တဲ့အပြင် မဟာတာအိုပညာရှိကိုလည်း အလွယ်တကူ ရန်ပြုရာရောက်နိုင်လို့ပါ။
ကောင်းကင်တာအိုပညာရှိတွေတောင် ဒီလောက်ထိ ကြောက်ဖို့ကောင်းနေတာ မဟာတာအိုပညာရှိတွေက ဘယ်လိုတည်ရှိမှုဆိုတာ ဟန်ကျွယ် တွေးတောင် မတွေးရဲပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်က ဘယ်လို ဖြစ်မှာလဲ”
“သူက ကောင်းကင်တာအိုနဲ့ မဆိုင်တော့ဘူး၊ သူ့ကို ကာကွယ်ဖို့အတွက် ငါတို့တွေ သူ့ကို ကောင်းကင်တာအိုကနေ နှင်ထုတ်မှပဲ ရလိမ့်မယ်၊ သူ အသက်ဆက်ရှင် မရှင်ကတော့ သူ့ကံပေါ်ပဲ မူတည်တယ်”
ဟန်ကျွယ်ဟာ ခပ်ဆိတ်ဆိတ် နေလိုက်ပါတယ်။ ဒါက ကောင်းကင်ဧကရာဇ်အတွက် အကောင်းဆုံးရလဒ် ဖြစ်နိုင်ပါတယ်။
“မင်း အမှောင်သခင်ကြီးကို သိလား” ချုံရှီလိုင်က ရုတ်တရက် မေးလိုက်ပါတယ်။
“ကျွန်တော် တစ်ခါမှ မကြားဖူးဘူး”
“အင်း… ကပ်ဘေးပြီးတာနဲ့ တာအိုပညာရှိတွေက အမှောင်သခင်ကြီးကို ရှာဖွေဖို့ နည်းလမ်းရှာကြလိမ့်မယ်၊ မင်းဘေးနားက လူတွေထဲမှာ အမှောင်သခင်ကြီးနောက် လိုက်ချင်တဲ့လူရှိရင် အခုကတည်းက ဆက်ဆံရေး ဖြတ်ထားတာ အကောင်းဆုံးပဲ၊ အမှောင်သခင်ကြီးက ကောင်းကင်တာအိုပညာရှိ မဟုတ်ဘဲ ကောင်းကင်တာအို အပြင်ဘက်က မိစ္ဆာတစ်ကောင်လည်း ဖြစ်နိုင်တယ်၊ အမှောင်သခင်ကြီးက ဒီအနန္တကပ်ဘေးမှာ တော်တော်လေး ဝင်မွှေသွားတယ်၊ သူ့ကြောင့်သာ မဟုတ်ရင် တာအိုပညာရှိတွေ အနန္တကပ်ဘေးထဲ ဝင်လာမှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ လန့်ဖျပ်သွားပါတယ် “ကောင်းကင်တာအို အပြင်ဘက်က မိစ္ဆာတစ်ကောင်… ဒါဆို အမှောင်သခင်ကြီးက သက်ရှိအားလုံးရဲ့ တည်ရှိမှုကို ခြိမ်းခြောက်နိုင်တယ်လို့ ဆိုလိုတာလား”
“ဟုတ်တယ်၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ တာအိုပညာရှိတွေက သူ့အစီအစဉ်နဲ့သူ စီစဉ်ထားတာ ရှိပါတယ်”
“ပြဿနာက ထပ်ပေါ်လာပြန်ပြီပဲ” ဟန်ကျွယ်ဟာ စိတ်ထဲကလာတဲ့ ခံစားချက်နဲ့ သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ သရုပ်ဆောင်မှုက ပီပြင်လှတဲ့အတွက် အော်စကာဆု ပေးထိုက်ပါတယ်။
ချုံရှီလိုင်ဟာ ဘာမှထပ်မပြောတော့ဘဲ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါ ဟန်ကျွယ် ပထမဆုံးလုပ်တာက ကောင်းကင်တာအိုပညာရှိတွေ သူ့ကို အမှောင်သခင်ကြီးအဖြစ် သံသယဝင် မဝင်ဆိုတာကို တွက်ချက်တာပါ။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သံသယမဝင်ပါ။]
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေက သူ့ကို ရှာမတွေ့တဲ့အတွက် အမှောင်သခင်ကြီးကို တာအိုပညာရှိတွေ ဘယ်လိုရှင်းမလဲဆိုတာကို စိတ်မဝင်စားတော့ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset