အခန်း (၄၅၃) တရှီကျဲ့ကမ္ဘာ၏ ကပ်ဘေး
မိုးကောင်းကင်မျိုးနွယ်စုကို ဖန်တီးတဲ့ တာအိုပညာရှိ ကျင်းအန်းက ကျယ်ကျောင်းတော်ကမှန်း သိလိုက်ရတဲ့အခါ ကျင်းတျန်ကုန်းဟာ အတော်လေး အံဩတုန်လှုပ်သွားပါတယ်။ ကျင်းတျန်ကုန်းဟာ ကျယ်ကျောင်းတော် ဂိုဏ်းချုပ်ဖြစ်နေရဲ့သားနဲ့ ဒီအကြောင်းကို မသိရတဲ့အတွက် သူက တာအိုပညာရှိတွေရဲ့ မျက်လုံးထဲမှာ နယ်ရုပ်အဆင့်ကနေ မတက်သေးဘူးဆိုတာကို သိလိုက်ရပါတယ်။ ကျင်းတျန်ကုန်းဟာ ဒီအကြောင်းကို တွေးမိလေလေ စိတ်ခံစားချက်တွေ ရှုပ်ထွေးလေလေပါပဲ။
“ငါပြောစရာကုန်ပြီ၊ ကိုယ့်ကိုကိုယ် ဂရုစိုက်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အိပ်မက်ကို ဖျက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျင်းတျန်ကုန်း ဘာတွေတွေးနေလဲဆိုတာကို ဂရုမစိုက်ပါဘူး။ ကျင်းတျန်ကုန်းဟာ သူ့အပေါ် မျက်နှာသာပေးမှုရှိတဲ့အတွက် အမှောင်သခင်ကြီးအကြောင်းကို အလွယ်တကူ ထုတ်ပြောမှာတော့ မဟုတ်ပါဘူး။ ဒီလိုမဟုတ်ဘဲ ထုတ်ပြောရင်လည်း ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က ကျင်းတျန်ကုန်းအတွက် ရှေ့ဆက်လျှောက်ရမဲ့လမ်းကို ပြပြီးပါပြီ။ ဒီအနန္တကပ်ဘေးမှာ ကျင်းတျန်ကုန်း ရှင်သန်နိုင် မနိုင်ကတော့ ကျင်းတျန်ကုန်းအပေါ်ပဲ မူတည်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ဆီ သွားလည်ရကောင်းမလား မကောင်းဘူးလား ဆိုတာကို ဝေခွဲမရ ဖြစ်သွားပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အရင်ဆုံး တွက်ချက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ကောင်းကင်ဧကရာဇ် ဘေးနားမှာ တာအိုပညာရှိတွေ ရှိနေလား”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ရှိပါသည်။]
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ကောင်းကင်ဧကရာဇ်ဆီ သွားလည်မဲ့အကြံကို ဖျက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် လုပ်ပေးနိုင်သမျှ လုပ်ပေးပြီးပါပြီ။ ဒါကြောင့် ဒီကပ်ဘေးမှာ ကောင်းကင်ဧကရာဇ် သေသွားမယ်ဆိုရင် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ နောက်ဆုံးဆန္ဒအတိုင်း ကပ်ဘေးပြီးတဲ့အခါ ကောင်းကင်ရုံးတော်ကို အကောင်းဆုံး ပံ့ပိုးပေးမှာပါ။ ဒီကြားထဲတော့ ဘာမှလုပ်ပေးမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ကောင်းကင်ဘဝဂ် ထိပ်ဆုံးအဆင့်ရောက်အောင် ဆက်လက် ကျင့်ကြံပါတယ်။ ကျင့်ကြံမှုထဲ နှစ်မြောသွားတဲ့ ဟန်ကျွယ်ဟာ အချိန်ကို မေ့သွားပါတယ်။
ကျင့်ကြံမှု မြင့်မားလာတာနဲ့အမျှ ဟန်ကျွယ်ရဲ့ သေခြင်းရှင်ခြင်း မဟာတာအို နားလည်မှုကလည်း ပိုပိုနက်ရှိုင်းလာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တခြားစွမ်းအားကြီးပုဂ္ဂိုလ် တစ်ပါးပါးက ဒီသေခြင်းရှင်ခြင်း မဟာတာအိုကို ပိုင်ဆိုင်ထားပြီးမှာ ကြောက်တဲ့အတွက် တအားကြီး မသုံးသပ်ပါဘူး။ ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစ ကိုးစ ပြည့်တဲ့အခါ ကိုယ်ပိုင် မဟာတာအို ဖန်တီးဖို့ စီစဉ်ထားပါတယ်။
ဟန်ကျွယ်မှာက မဟာတာအို အပိုင်းအစက ရှစ်စရှိပြီမို့ မဟာတာအို အပိုင်းအစက နောက်တစ်စပဲ လိုပါတော့တယ်။
ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းက တည်ငြိမ်နေပေမဲ့ အင်မော်တယ်ကမ္ဘာကတော့ ငရဲပြည်အလား ဖြစ်နေပါပြီ။ စိမ်းလန်းစိုပြေတဲ့ တောတောင်တွေ ပြိုလဲပျက်စီးပြီး တသွင်သွင်စီးဆင်းနေတဲ့ မြစ်ချောင်းတွေ ခမ်းခြောက်ကုန်ပါတယ်။ ဘယ်နေရာကြည့်ကြည့် အလောင်းတောင်လိုပုံပြီး သွေးပင်လယ်ချည်းပါပဲ။
လေထုထဲမှာလည်း အကုသိုလ်ကံတွေ ပြည့်နှက်နေတဲ့အတွက် အငြိုးကြီးမားတဲ့ စိတ်ဝိညာဉ်တွေက အင်မော်တယ်ကမ္ဘာရဲ့ နေရာတိုင်းကို လျှောက်သွားနေပါတယ်။ ဒီမရေမတွက်နိုင်တဲ့ အငြိုးကြီးမားတဲ့ စိတ်ဝိညာဉ်တွေထဲက တချို့ဟာ ကျို့ယိုငရဲက လာတာဖြစ်ပြီး တချို့ကတော့ ကပ်ဘေးထဲမှာ သေဆုံးသွားတဲ့လူတွေပါ။
သရဲတွေကလည်း မရေမတွက်နိုင်အောင် ထွက်ပေါ်လာတဲ့အတွက် အင်မော်တယ်ကမ္ဘာက ငရဲပြည်နဲ့ မခြားတော့ပါဘူး။
နှစ် ၇၀ ကုန်ဆုံးသွားတဲ့အခါ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ထပ်မံ တိုးတက်လာပါတယ်။
ရွှင်ချန်အန်းနဲ့ ဟန်ရှစ်ဟာ အင်မော်တယ်ဧကရာအဆင့်ကို တက်လှမ်းသွားပြီး ကျန်တဲ့လူတွေ အကုန်လုံးကလည်း မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်ကို ရောက်လာကြပါပြီ။ ဒီနှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကပ်ဘေးမပြီးခင် အင်မော်တယ်ဧကရာဇ် ဖြစ်ဖို့က သိပ်မခက်တော့ပါဘူး။
တာအိုစက်ကွင်းမှာရှိတဲ့ ချီစွမ်းအားကို အလွန်တရာမှ ပေါကြွယ်ဝတဲ့အပြင် ဟန်ကျွယ်ကလည်း မကြာခဏ တာအိုဟောကြားတဲ့အတွက် ဒီနေရာမှာ ဝက်တောင် အင်မော်တယ်ဖြစ်နိုင်ပါတယ်။
အင်မော်တယ်ဧကရာဇ် ဖြစ်လာသူတိုင်းကို ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲခေါ်ပြီး အနည်းဆုံး ဆန်းကြယ်စွမ်းအား တစ်မျိုး သင်ပေးပါတယ်။ ဟန်ကျွယ်ဆီက ဆန်းကြယ်စွမ်းအား သင်ယူပြီးနောက်မှာတော့ တိတ်ဆိတ်ဂိုဏ်းသားတွေရဲ့ အစွမ်းဟာ ဒီရေအလား ထိုးတက်သွားပါတယ်။
တစ်ခါတစ်လေမှာ ကျင့်ကြံသူတွေအဖို့ ဆန်းကြယ်စွမ်အား အများကြီး မလိုပါဘူး။ တစ်ကွက်ဆို လုံလောက်ပါပြီ။ ဆန်းကြယ်စွမ်းအား ဘယ်လောက်ပဲရှိရှိ ရန်သူကို မသတ်နိုင်ရင် အလကားပါ။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာပြီး တိတ်ဆိတ်ဂိုဏ်းသားတွေကို တာအိုဟောကြားပါတယ်။
မျက်တောင်တစ်ခတ်အတွင်း ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုထဲ နှစ်မြောနေတာမို့ ဟန်ကျွယ်စကားသံ ရပ်လိုက်တာတောင် ချက်ချင်း သတိပြန်မဝင်သေးပါဘူး။
ဟန်ကျွယ်ဟာ ထိုင်ရာကထပြီး ဖူစန်းသစ်ပင်ဆီ လျှောက်သွား အချိန်-အာကာသ ဝဲကတော့ရဲ့ အခြေအနေကို စစ်ဆေးကြည့်ပါတယ်။ မာချောင်ဟာ ဝဲကတော့ကို စောင့်ကြပ်တုန်းဖြစ်ပြီး ဖူစန်းသစ်ပင်ရဲ့ သစ်ကိုင်းတစ်ကိုင်းမှာ ထိုင်နေပါတယ်။
ဟန်ကျွယ်ကို တွေ့လိုက်ရပေမဲ့ မာချောင်ဟာ မတ်တပ်ထရပ်မပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မာချောင်ရဲ့ စိတ်ထဲမှာ တာအိုစက်ကွင်းကို စောင့်ကြပ်ဖို့ပဲ ရှိလို့ပါ။
ဟန်ကျွယ်ဟာ အချိန်-အာကာသ ဝဲကတော့ အဆုံးသတ်ရဲ့ အခြေအနေကို အတော်လေး သိချင်ပါတယ်။ တရှီကျဲ့ကမ္ဘာက တခြားကောင်းကင်တာအို ပိုင်ဆိုင်တာဖြစ်တဲ့အတွက် ကောင်းကင်တာအို အနန္တကပ်ဘေးနဲ့ အလှမ်းဝေးလှပါတယ်။ ဒါပေမဲ့ အဲဒီတခြား ကောင်းကင်တာအိုမှာလည်း သူ့ကပ်ဘေးတော့ သူရှိမှာ ကျိန်းသေပါတယ်။
‘ငါ တစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းသင့်လား၊ ဒီလိုဆို တရှီကျဲ့ကမ္ဘာရဲ့ ကောင်းကင်တာအိုက ငါတို့ကို ရှာတွေ့သွားမလား… ထားလိုက်ပါတော့၊ ငါ တာအိုပညာရှိကို မတိုက်ခိုက်နိုင်ခင် ဘယ်သူ့ကိုမှ ရန်မစတာ အကောင်းဆုံးပဲ’
ဒီအချိန်မှာပဲ မုရုံချီဟာ ဟန်ကျွယ်နား ရောက်လာပါတယ် “ဆရာဘိုးဘိုး… အဲဒီကမ္ဘာက ထူးဆန်းတယ်”
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “ဘာလို့ အဲဒီလို ပြောရတာလဲ”
“ခံစားချက်သက်သက်ပဲ၊ ဒီဝဲကတော့ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုက ဖြတ်သွားနေတယ်လို့ ကျွန်တော် ခံစားရတယ်’
‘တိတ်ဆိတ်ကျွန်းများ ပစ်မှတ်ထားခံရတာလား’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး စနစ်ကို မေးလိုက်ပါတယ် “ဒီ အချိန်-အာကာသ ဝဲကတော့ကို ဘယ်သူ ရှာတွေ့သွားတာလဲ”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မကောင်းဆိုးဝါးနတ်တည်း။]
‘ဟင် မကောင်းဆိုးဝါးနတ်လား’
‘နေပါအုန်း… မကောင်းဆိုးဝါးနတ်က ဘယ်လိုဖြစ်ပြီး အဲဒီကမ္ဘာကို ရောက်သွားရတာလဲ၊ မကောင်းဆိုးဝါးနတ်တွေက အမှောင်တားမြစ်နယ်မြေမှာနေတာ မဟုတ်ဘူးလား’
ဟန်ကျွယ်ဟာ ဆက်မေးကြည့်တဲ့အခါ နောက်ထပ် သက်တမ်း ၄ ဘီလီယံ ကုန်သွားပါတယ်။
[တရှီကျဲ့ကမ္ဘာ၏ ကံတရား အထောက်အပံ့ လျော့နည်းလာသောကြောင့် မကောင်းဆိုးဝါးနတ်များသည် တရှီကျဲ့ကမ္ဘာအား စုပြုံတိုးဝင်ခြင်းတည်း။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘မကောင်းဆိုးဝါးနတ်တွေ တရှဲကျီကမ္ဘာကို ကျူးကျော်တာက အဲဒီကောင်းကင်တာအိုရဲ့ အနန္တကပ်ဘေး ဖြစ်ရမယ်၊ တော်သေးတယ်… ငါ တရှီကျဲ့ကမ္ဘာကို မသွားလို့၊ မဟုတ်ရင် ငါ ထပ်ပြီးတော ပြဿနာတက်အုန်းမှာ’
“မင်း မသွားရင် ကိစ္စမရှိဘူး၊ သူတို့လည်း ကပ်ဘေးကို ရင်ဆိုင်နေရတာ” ဟန်ကျွယ်ရဲ့ စကားကြောင့် မုရုံချီဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်ဟာ အချိန်-အာကာသ ဝဲကတော့ကို တစ်ခဏဆက်ကြည့်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ လောလောဆယ်မှာ ဟန်ကျွယ်ဟာ အချိန်-အာကာသ ဝဲကတော့ကို ဟန့်တားနိုင်တဲ့ အစွမ်းမရှိသေးပါဘူး။ ဒါ့အပြင် ဖူစန်းသစ်ပင်ကို ခုတ်လှဲဖို့ကလည်း မဖြစ်နိုင်ပါဘူး။
တကယ်လို့ မကောင်းဆိုးဝါးနတ်တွေ တိတ်ဆိတ်ကျွန်းကို တိုးဝင်လာခဲ့ရင်လည်း နတ်ထူးဆန်းအတွက် အစာရတာပေါ့။
စိတ်ဝိညာဉ်နန်းတော်၊ နတ်ဘုရားခန်းမ။
ဖန်းလျန်ဟာ ပလ္လင်ပေါ်မှာ လေးနက်တည်ကြည်တဲ့ မျက်နှာနဲ့ ထိုင်နေပါတယ်။ ဒါပေမဲ့ ခန်းမထဲမှာရှိတဲ့ အင်မော်တယ် နတ်ဘုရားတွေ အကုန်လုံးကတော့ ရင်ထိတ်နေကြပါတယ်။
ဒီအချိန်မှာ ကောင်းကင်စစ်သားတစ်ဦး ပြေးဝင်လာပြီး ကြောက်လန့်တကြား အော်ပြောလိုက်ပါတယ် “တာအိုပညာရှိ ဖူရှီနဲ့ တာအိုပညာရှိ နွီဝါက ဂိုဏ်းချုပ်တျန်ကွယ်ကို တိုက်ခိုက်နေတယ်၊ ဒီတိုက်ပွဲက ကောင်းကင်ရုံးတော်ကို ဘေးဖြစ်စေလိမ့်မယ်၊ ကျွန်တော်တို့တွေ ကောင်းကင်ဘုံ ဆယ်ဘုံမြောက်ကို မထိန်းနိုင်တော့ဘူး”
အင်မော်တယ် နတ်ဘုရားတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။
ကောင်းကင်စစ်သူကြီးတစ်ပါးက ချက်ချင်း ဖန်းလျန်ကိုကြည့်ပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီး၊ ကျွန်တော်တို့တွေ ဆုတ်ခွာရအောင်၊ အခုအချိန်မှာ ကျွန်တော်တို့အတွက် ကောင်းကင်ဘုံကို ဆက်ပြီးတော့ စောင့်ကြပ်ဖို့ မလိုတော့ပါဘူး၊ ကောင်းကင်ဘုံကိုးဘုံကလည်း ပျက်စီးသွားပြီ၊ တာအိုပညာရှိတွေကလည်း ကောင်းကင်မှာ တိုက်ခိုက်နေတာဆိုတော့ ကျွန်တော်တို့ ကောင်းကင်မှာ ဆက်နေရင် ကျိန်းသေပေါက် ဒုက္ခရောက်လိမ့်မယ်”
တခြားအင်မော်တယ် နတ်ဘုရားတွေကလည်း ဆုတ်ခွာဖို့ အကြံပေးကြပါတယ်။ အခုအချိန်မှာ အင်မော်တယ် နတ်ဘုရားတွေဟာ လူသားတွေကို သတ်ဖြတ်ပြီး ကောင်းကင်ဘုံကို မောင်ပိုင်စီးလိုစိတ် မရှိတော့ဘဲ အသက်ရှင်သန်ချင်စိတ်သာ ရှိပါတော့တယ်။
ဖန်းလျန်ဟာ မျက်မှောင်ကြုတ်ပြီး ဘာမှမပြောပါဘူး။
ရှန်စစ်သူကြီးက မေးလိုက်ပါတယ် “အရှင်မင်းကြီး… တောင်ဘက်စွန်း ကောင်းကင်အရှင်က တစ်ခုခုများ ပြောထားလို့လား”
အခုလက်ရှိမှာ ကောင်းကင်ရုံးတော်ကို ကျယ်ကျောင်းတော်က ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ ချန်ကျောင်းတော်က တောင်ဘက်စွန်း ကောင်းကင်အရှင်တို့က ပံ့ပိုးပေးထားပါတယ်။ ဒါပေမဲ့ ဒီလိုပံ့ပိုးပေးတာ အပေါ်ယံတင်ပါ။
ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ကောင်းကင်ရုံးတော်ကို အမှန်အကန် မထောက်ပံ့ပါဘူး။ သူတို့နှစ်ယောက်က ကောင်းကင်ရုံးတော်ကို သက်ရှိတွေကို ရှင်းပစ်ဖို့အတွက် အသုံးချပြီး မိုးကောင်းကင် မျိုးနွယ်စုအတွက် လမ်းခင်းပေးတာပါ။
အဲဒါကြောင့် အခုအချိန်မှာ ကောင်းကင်ရုံးတော်ဟာ ဘေးကျပ်နံကျပ် ဖြစ်နေပါပြီ။ အင်မော်တယ် နတ်ဘုရားတွေဟာ ဘဘ်လောက်ပဲ ဒေါသထွက်ထွက် တာအိုပညာရှိတွေကို အပြစ်မပြောရဲပါဘူး။ ဘယ်သူလုပ်မှန်း သိရဲ့သားနဲ့ ငြိမ်ခံနေရတာကြီးက အင်မော်တယ် နတ်ဘုရားတွေက ရူးသွပ်စေလောက်တဲ့အထိ ခံရခက်စေပါတယ်။
ဖန်းလျန်က ရှန်စစ်သူကြီးကို ပြန်ပြောလိုက်ပါတယ် “တောင်ဘက်စွန်း ကောင်းကင်အရှင်က ကောင်းကင်ရုံးတော်ကို အေးအေးဆေးဆေး စောင့်ကြည့်ဖို့ ပြောထားတယ်၊ သူပြောတာတော့ လူသားမျိုးနွယ်စုက အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်တဲ့”
‘အကြီးအကျယ် ပြောင်းလဲမယ်’ အင်မော်တယ် နတ်ဘုရားတွေဟာ လူသားမျိုးနွယ်စုက ဘယ်လိုမျိုး အကြီးအကျယ် ပြောင်းလဲမယ်မှန်း မသိတာကြောင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
“ဒေါင်…”
ကျယ်လောင်တဲ့ ခေါင်းလောင်သံကြောင့် ဖန်းလျန်၊ ရှန်စစ်သူကြီးနဲ့ အင်မော်တယ် နတ်ဘုရားတွေ အကုန်လုံး အကြီးကအကျယ် မျက်နှာပျက်သွားကြပါတယ်။ ဒီခေါင်းလောင်းသံကြောင့် သူတို့ရဲ့ ဝိညာဉ်တွေ လှုပ်ခါသွားပါတယ်။ အားနည်းတဲ့ အင်မော်တယ်တွေကတော့ သွေးအန်ထွက်ပြီး ရောင်ဝါတွေ အားနည်းသွားကြပါတယ်။
‘ဒါ ဘယ်လို ခေါင်းလောင်းသံမျိုးလဲ’ ရုတ်တရက် ဖန်းလျန်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး တုန်လှုပ်ချောက်ချား သွားပါတယ် “သူတို့တွေ ရူးသွားကြပြီလား”
ဖန်းလျန်ရဲ့ ခြေမကိုင်မိ လက်မကိုင်မိ အခြေအနေကို မြင်လိုက်ရတဲ့ အင်မော်တယ်တွေဟာ နေစရာနေရာမရှိ ဖြစ်ကုန်ပါတယ်။
ရှန်စစ်သူကြီးက မေးလိုက်ပါတယ် “အရှင်မင်းကြီး… ဘာဖြစ်နေတယ်ဆိုတာကို အရှင်မင်းကြီး သိနေတာလား”
ဖန်းလျန်ဟာ စွမ်းအားကိုလှည့်ပတ်ပြီး ဝိညာဉ်ကို တည်ငြိမ်အောင်ထိန်းလိုက်ပါတယ် “ကောင်းကင်တာအို အကောင်းစား မိစ္ဆာရတနာ… တာအိုပညာရှိတစ်ပါး တခြားတာအိုပညာရှိတစ်ပါးကို သတ်ဖို့ ပြင်နေတာ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 453
? Views, Released on December 8, 2024