အခန်း (၄၅၁) မကောင်းဆိုးဝါးနတ်အား ဝါးမြိုခြင်း၊ နေလ ယင်ယန် အကာအကွယ်
တာအိုစက်ကွင်းရဲ့ အရံအတားက တာအိုပညာရှိအတုအဆင့် ရှိပါတယ်။ ဒါကြောင့် ဒီအရံအတားကို ထိုးဖောက်ဝင်လာတဲ့ မကောင်းဆိုးဝါးနတ်က အနည်းဆုံး တာအိုပညာရှိအတုထက် စွမ်းအားပိုကြီးတာ သိသာလှပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ထိတ်လန့်သွားပြီး ကမ္ဘာဖျက်ကြာနက်ကို ချက်ချင်း ထုတ်ယူလိုက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေကလည်း ကောင်းကင်ပေါ် ပျံတက်ပြီး တိုက်ပွဲထဲဝင်ဖို့ ပြင်ဆင်ပါတယ်။ မာချောင်လည်း တိုက်ပွဲထဲ ရောက်လာပြီး လွီပုနဲ့ ပူးပေါင်းကာ မကောင်းဆိုးဝါးနတ်ကို တိုက်ခိုက်ပါတယ်။ လွီပုနဲ့ မာချောင်က ဇုထူနှစ်ယောက်နဲ့ ညီမျှပေမဲ့ မကောင်းဆိုးဝါးနတ်ကို မယှဉ်နိုင်သေးပါဘူး။
“အဲဒါ ဘာကြီးလဲ”
“အရမ်းမြန်တယ်”
“တစ်ခုခုတော့ မဟုတ်သေးဘူး၊ ဒီကောင်က သက်ရှိမဟုတ်ဘူး၊ အတော်ကြောက်ဖို့ ကောင်းတဲ့ ရန်ငြိုးရန်စပဲ၊ အားလုံးပဲ ကိုယ့်တာအိုနှလုံးသားကို ထိန်းသိမ်းကြ”
“ဘာတွေ ဖြစ်ကုန်တာလဲ၊ ငါ မမြင်ရပေမဲ့ ငါ့အတွင်းနတ်ဆိုးရဲ့အသံကို ကြားနေရတာတယ်”
“ဆရာသခင် ရောက်လာပြီ”
တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာ အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကောင်းဆိုးဝါးနတ် တိတ်ဆိတ်ကျွန်းထဲကို ထိုးဖောက်ဝင်လာတာနဲ့ သူတို့ရဲ့ အတွင်းနတ်ဆိုးတွေ စတင်ဖြစ်ပေါ်လာလို့ပါပဲ။
အတွင်းနတ်ဆိုး အလွယ်တကူ ဖြစ်ပေါ်တဲ့လူတွေက စိတ်မခိုင်တဲ့လူတွေပါ။ တာအိုနှလုံးသား မတည်ငြိမ်ရင်လည်း အတွင်းနတ်ဆိုးက အလွယ်တကူ ဖြစ်ပေါ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကိုစီးပြီး တိတ်ဆိတ်ကျွန်းအစွန်းကို ပျံသန်းသွားပါတယ်။ နတ်ထူးဆန်းကလည်း ဟန်ကျွယ်ရဲ့ ပခုံးထက်ကနေ လိုက်ပါလာပါတယ်။ ဟန်ကျွယ်ဟာ မကောင်းဆိုးဝါးနတ်ကို သတိကြီးကြီးထားပြီး ကြည့်လိုက်ပါတယ်။ သူ့တပည့်တွေ တစ်ခုခုဖြစ်မှာစိုးလို့သာ ဟန်ကျွယ်ဟာ ရှေ့ထွက်လာတာပါ။ မဟုတ်ရင် ဟန်ကျွယ်ဟာ အရင်ဆုံး အသွင်တူလက်ရည်စမ်းပွဲထဲမှာ စမ်းသပ်တိုက်ခိုက်ပြီးမှ အပြင်မှာ ရင်ဆိုင်မှာပါ။
မကောင်းဆိုးဝါးနတ်က စွမ်းအားကြီးတယ်ဆိုပေမဲ့ လွီပုနဲ့ မာချောင်ကို မသတ်နိုင်ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် မကောင်းဆိုးဝါးနတ်က တာအိုပညာရှိအတုအဆင့်ကို မရောက်သေးတာ ထင်ရှားပါတယ်။
ဟန်ကျွယ်ဟာ တိုက်ပွဲထဲ ရောက်တာနဲ့ ဘာမှမပြောဘဲ မဟာညီညွတ်မှုရုပ်သွင်ကို တစ်ခါတည်း ထုတ်သုံးပြီး ပဋိပက္ခ နတ်ဘီလူးငါးပါးရဲ့ ဓမ္မရုပ်တုတွေကို ထုတ်ဖော်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို တိတ်ဆိတ်ကျွန်းရဲ့ ကောင်းကင်ထက်မှာ အလွန်ကြောက်မက်ဖို့ကောင်းတဲ့ ရုပ်သွင်ငါးခု ပေါ်လာပါတယ်။
တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဒီရုပ်သွင်ငါးခုကိုကြည့်ပြီး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ကြပါတယ် ‘အဲဒါ ဘာကြီးတွေလဲ’
ကျောက်ရွှမ်ယွမ်နဲ့ တာအိုအရှင်သခင်ကတော့ ဒီရုပ်သွင်ငါးခုကို မြင်လိုက်တယ်ဆိုရင်ပဲ ခြေတုန်လက်တုန် ဖြစ်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီပဋိပက္ခ နတ်ဘီလူး ဓမ္မရုပ်တုတွေ လက်ထဲမှာ အသေအလဲခံခဲ့ရတာကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။
ပုံစံစစ်မရှိတဲ့ မကောင်းဆိုးဝါးနတ်ဟာ လွီပုနဲ့ မာချောင်တို့ကို တိုက်ခိုက်နေရာကနေ ခေါင်းလှည့်ပြီး ဟန်ကျွယ်ဆီ ပြေးလာပါတယ်။ ဒီတော့မှပဲ လွီပုနဲ့ မာချောင်ဟာ အသက်ရှူ ချောင်သွားပါတယ်။
ရုတ်တရက်ဆိုသလို ဖုန်းယောင်နတ်ဘီလူးက လက်သီးတစ်ချက် ထိုးထုတ်လိုက်တဲ့အခါ မုန်တိုင်းထန်သွားပြီး မကောင်းဆိုးဝါးနတ်ရဲ့ အလျင်ကို လျော့ကျသွားစေပါတယ်။ အောက်ခြေ ပင်လယ်ပြင်မှာတော့ အဆုံးမသတ်နိုင်တဲ့ လိုင်းလှုံးကြီးတွေ ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာကို ပျံ့နှံ့သွားပါတယ်။
ဒီအချိန်မှာ ဟင်းလင်းပြင် နတ်ဘီလူးက ထပ်တိုက်လိုက်ပါတယ်။ ဟင်းလင်းပြင် နတ်ဘီလူးရဲ့ မျက်လုံးကနေ ထွက်ပေါ်လာတဲ့ ရောခြင်တန်းနှစ်ခုဟာ မကောင်းဆိုးဝါးနတ်ကို အငွေ့ပျံသွားစေပါတယ်။
မကောင်းဆိုးဝါးနတ်ဟာ ဒီလောက်ခံရတာတောင် ဘာသံမှမထွက်ဘဲ ဟန်ကျွယ်ကို ဝါးစားမတက်တဲ့ အကြည့်နဲ့ စိုက်ကြည့်ပါတယ်။ ဟန်ကျွယ်ဟာ မကောင်းဆိုးဝါးနတ်ရဲ့ အကြည့်ကြောင့် ကျောချမ်းသွားပြီး နတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ တိုက်ခိုက်မှုကို အားပိုထည့်လိုက်တဲ့အတွက် မကြာခင်မှာပဲ မကောင်းဆိုးဝါးနတ်ဟာ တဖြည်းဖြည်း ပျက်စီးပျောက်ကွယ်လာပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ် ပခုံးပေါ်က နတ်ထူးဆန်းဟာ ရုတ်တရက် ခုန်ထွက်ပြီး မကောင်းဆိုးဝါးနတ်ရှေ့ကို ရောက်သွားပါတယ်။ ပြီးတဲ့အခါမှာတော့ ကျယ်လောင်လှတဲ့ သူ့ပါးစပ်ကိုဖွင့်ပြီး မကောင်းဆိုးဝါးနတ်ကို မြိုချလိုက်ပါတယ်။
တခြားသူတွေဟာ နတ်ထူးဆန်းကို မမြင်နိုင်တဲ့အတွက် မကောင်းဆိုးဝါးနတ် ရုတ်တရက် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတာကြောင့် နည်းနည်း ရင်ထိတ်သွားကြပါတယ်။
ဒီလိုနဲ့ မကောင်းဆိုးဝါးနတ် ပျက်ဆီးသွားပြီး တိတ်ဆိတ်ကျွန်းလည်း ပြန်လည် ငြိမ်သက်သွားပါတယ်။
မကောင်းဆိုးဝါးနတ်ဟာ စွမ်းအားကြီးမားပေမဲ့ မဟာတာအိုရဲ့စွမ်းအားကို မယှဉ်နိုင်ပါဘူး။ ဒါ့အပြင် အကြောင်းရင်းမရှိဘဲ တွေ့ရာတိုက်ခိုက်တာဖြစ်တဲ့အတွက် အခုလိုမျိုး အလွယ်တကူ ရှုံးနိမ့်သွားတာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ပေါ် မော့ကြည့်လိုက်တဲ့အခါ တာအိုစက်ကွင်းရဲ့ အရံအတားက သူ့ဘာသာ ပြန်လည်မွမ်းမံနေတာကို တွေ့လိုက်ရပါတယ်။ နတ်ထူးဆန်းကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ဟန်ကျွယ်ဆီ ပြန်လာပါတယ်။ ကြည့်ရတာ မကောင်းဆိုးဝါးနတ်ကို ဝါးမြိုလိုက်တာက နတ်ထူဆန်းအတွက် အကျိုးအမြတ် တော်တော်ရသွားပုံပါပဲ။
“အန္တရာယ်ကို ရှင်းပြီးပြီ၊ မင်းတို့ ဆက်ကျင့်ကြံကြ” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။
တိတ်ဆိတ်ဂိုဏ်းက လူတိုင်းနဲ့ ရှကျဲ့မျိုးနွယ်စုဝင် တစ်သောင်းဟာ အခုအချိန်အထိ အံဩတာ မပြေသေးပါဘူး ‘ဒီလို ပြီးသွားတာလား’
ကျန်းယီက မနေနိုင်ဘဲ မေးလိုက်ပါတယ် “ခုနက ဂိုဏ်းချုပ်သုံးလိုက်တာက ဘယ်လိုဆန်းကြယ်စွမ်းအားမျိုးလဲ၊ ဓမ္မရုပ်တု ဆန်းကြယ်စွမ်းအားလား”
တာအိုအရှင်သခင်ဟာ အသက်တစ်ချက်ရှူသွင်းပြီး ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ငါတို့နှစ်ယောက် အသွင်တူလက်ရည်စမ်းပွဲထဲမှာ…”
တာအိုအရှင်သခင် စကားမဆုံးခင်မှာပဲ ကျန်းယီဟာ တစ်ကိုယ်လုံး တုန်တက်သွားပါတယ် ‘ငါသာ ဒီဓမ္မရုပ်တုတွေကို ရင်ဆိုင်ရရင် ဘယ်နည်းနဲ့မှ လွတ်မှာ မဟုတ်ဘူး’
ဒီတိုက်ပွဲပြီးတဲ့နောက် တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာ အသွင်တူလက်ရည်စမ်းပွဲထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေက ဟန်ကျွယ် အနိုင်ယူထားတဲ့လူတွေလို့ လုံးဝဥဿ ယုံကြည်သွားကြပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာတော့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လေ့လာနေပါတယ်။ ဟန်ကျွယ်ရဲ့ နတ်အာရုံက နတ်ထူးဆန်းကို မထိုးဖောက်နိုင်တဲ့အတွက် နတ်ထူးဆန်း ဘာဖြစ်နေလဲဆိုတာကို ဟန်ကျွယ် အတိအကျ မသိနိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[နတ်ထူးဆန်းသည် မကောင်းဆိုးဝါးနတ်များကို ဝါးမြိုခြင်းဖြင့် ပိုမိုစွမ်းအားကြီးလာလိမ့်မည်။ အတိအကျဆိုရလျှင် နတ်ထူးဆန်းသည် ပိုမိုစွမ်းအားကြီးလာရန်အတွက် သက်မဲ့များအားလုံးကို ဝါးမြိုနိုင်သည်။]
‘သက်မဲ့အားလုံး…’ ဟန်ကျွယ်ဟာ တအံတဩဖြစ်ပြီး မျက်ခုံးပင့်တက်သွားပါတယ် ‘ဒါ တကယ့်ရတနာပဲ၊ မကောင်းဆိုးဝါးနတ်တွေကို နိုင်တဲ့အပြင် အလားအလာကလည်း အရမ်းကောင်းတယ်’
နတ်ထူးဆန်းက သက်မဲ့အားလုံးကို ဝါးမြိုနိုင်တယ်ဆိုပေမဲ့ သူမနိုင်တဲ့အရာတွေကိုတော့ မဝါးမြိုနိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ကူညီမှုနဲ့ဆိုရင်တော့ သူ့ထက် စွမ်းအားကြီးတဲ့ အရာတွေကို ဝါးမြိုနိုင်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မကောင်းဆိုးဝါးနတ်တွေ ထပ်ပေါ်လာမှာစိုးတဲ့အတွက် တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး နေရာထပ်ရွှေ့ပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ မသက်မသာ ခံစားလိုက်ရပါတယ် ‘အမှောင်တားမြစ်နယ်မြေက အရင်လို မလုံခြုံတော့ဘူး’
“အမှောင်တားမြစ်နယ်မြေထဲမှာ မကောင်းဆိုးဝါးနတ် ဘယ်လောက်ရှိလဲဆိုတာကို ငါ သိချင်တယ်” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား’
ဒါပေမဲ့ ဟန်ကျွယ်ဟာ အံကြိတ်ပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[မကောင်းဆိုးဝါးနတ်များသည် ဆက်တိုက် မွေးဖွားနေသောကြောင့် အရေအတွက်မှာ ပုံမှန် တိုးတက်နေ၏။ သူတို့သည် မဟာတာအိုပညာရှိများနှင့် ဆက်စပ်နေ၏။]
‘ဟင်… မဟာတာအိုပညာရှိ’
ဟန်ကျွယ်ဟာ နောက်ထပ် ဇာတ်ထုတ်တစ်ခုကို ဆွဲထုတ်မိလိုက်သလိုမျိုး ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မတွက်ချက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိလည်း သုံးစားမရလို့ပါ။ အခုအချိန်မှာ ဟန်ကျွယ်အဆင့်က မဟာတာအိုပညာရှိတွေနဲ့ ပတ်သက်ဖို့ မလုံလောက်သေးပါဘူး။
ဒါပေမဲ့ အမှောင်တားမြစ်နယ်မြေက အနာဂတ်မှာ ပိုပိုပြီးတော့ အန္တရာယ်များလာမှာကတော့ ကျိန်းသေပေါတယ်။ ဟန်ကျွယ်ဟာ တာအိုစက်ကွင်းက ဘယ်တော့မှ အဆင့်ထပ်မြှင့်မလဲဆိုတာတောင် တွေးမိလိုက်ပါတယ်။ ဖြစ်နိုင်ချေအများဆုံးကတော့ ဟန်ကျွယ် တာအိုပညာရှိအတုအဆင့်ကို ထိုးဖောက်နိုင်တဲ့အချိန်ပါ။
နောက်ထပ်လေးငါးလ ပျံသန်းပြီးနောက်မှာတော့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ရပ်တန့်ပြီး ကျင့်ကြံခြင်းကို အာရုံစိုက်ပါတယ်။ မကောင်းဆိုးဝါးနတ် တိုက်ခိုက်ပြီးချိန်ကစလို့ နောက်ထပ် နှစ် ၆၀ ကုန်ဆုံးသွားပါတယ်။
ဒီနှစ် ၆၀ မှာ မကောင်းဆိုးဝါးနတ် ထပ်တိုက်တာကို မခံရတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းဟာ တည်ငြိမ်အေးချမ်းနေပါတယ်။ ဟန်ကျွယ်လည်း ဒီအတောအတွင်း ထပ်ပြီးတော့ အိပ်မက်ပေးတာကို မခံရပါဘူး။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ထားပေမဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်နဲ့တော့ အလှမ်းဝေးနေပါသေးတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ နှစ်တစ်ထောင်အတွင်း ကောင်းကင်ဘဝဂ် ထိပ်ဆုံးအဆင့်ကို ရောက်နိုင်မယ်လို့တော့ ယုံကြည်ချက် ရှိပါတယ်။
‘ဟင်း… ငါရဲ့ အဆင့်ထိုးဖောက်နှုန်းက ကြာလေ နှေးလေပါလား’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ညည်းတွားလိုက်ပြီး လှုမှုဆက်ဆံရေးကိုဖွင့်ကာ တခြားမိတ်ဆွေတွေရဲ့ ကျင့်ကြံမှုအဆင့်နဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ခွန်အား ရယူပါတယ်။
[နွီဝါသည် သင့်ကို အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ ချုံရှီလိုင်နဲ့ တွေ့ပြီးပြီမို့ နောက်ထပ် တာအိုပညာရှိကို ထပ်တွေ့ရင် ဘေးကျပ်နံကျပ်ဖြစ်မှာ ကျိန်းသေပါတယ်။ ဒါကြောင့် နွီဝါကို လျစ်လျူရှုထားလိုက်ပါတယ်။
[ကောင်းကင်တာအိုမျိုးနွယ်စုအသစ် ပေါ်ပေါက်လာကြောင်း စုံစမ်းမိသောကြောင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းနေရာမှထွက်၍ ကောင်းကင်တာအို မျိုးနွယ်စုအသစ်အား သတ်ဖြတ်ပြီး လူသားမျိုးနွယ်စု၏ ကောင်းကင်တာအိုမျိုးနွယ်စု နေရာအား တည်တံ့ခိုင်မြဲအောင် ကူညီပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်းပါး၊ မဟာတာအို အပိုင်းအစ တစ်စနှင့် စနစ်အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ကပ်ဘေးမပြီးခင် အင်မော်တယ်ကမ္ဘာထဲ ဘယ်တော့မှ မဝင်ပါနှင့်။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
ဟန်ကျွယ်ဟာ တစ်မီလီစက္ကန့်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ အခုအချိန်မှာ ကောင်းကင်တာအို မျိုးနွယ်စုအသစ်ကို သတ်ဖြတ်တာက ကိုယ့်သေတွင်း ကိုယ်တူးသလိုပါပဲ။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့၍ မဟာတာအို အပိုင်းအစ တစ်စနှင့် အကောင်းစား ရတနာတစ်ပါးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[ကောင်းကင်တာအို အကောင်းစား ရတနာ နေလ ယင်ယန် အကာအကွယ်အား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[နေလ ယင်ယန် အကာအကွယ်: ခံစစ်အဓိကထားသော ကောင်းကင်တာအို အကောင်းစား ရတနာဖြစ်ပြီး တာအိုပညာရှိအဆင့်အောက်ရှိ တိုက်ခိုက်မှုအားလုံးကို ဟန့်တားနိုင်ကာ နေနှင့်လ၏ အဆီအနှစ်ကို စုပ်ယူပြီး ဓမ္မစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။]
‘နောက်ထပ် ခံစစ်ရတနာပဲ… အရမ်းကောင်းတယ်’
အခုဆိုရင် ဟန်ကျွယ်ဟာ မဟာတာအိုအပိုင်းအစ ရှစ်ခု စုမိသွားပြီမို့ ကိုးခုပြည့်မို့ တစ်ခုပဲ လိုပါတော့တယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 451
? Views, Released on December 8, 2024