Chapter – 25 ထင်မှတ်မထားသည့် ကြီးပွားမှု
ချူဖုန်း ကျွောကျွင်းကို တစ်ပတ်ပတ်ကြည့်လိုက်သည်။ ကျွောကျွင်း၏ခေါင်းမှာ ရောင်ရမ်းမှုကြောင့် အရွယ်အစား အနည်းငယ် ပိုကြီးနေပြီဖြစ်သည်။ နွားတစ်ကောင်၏ တက်နင်းခြင်းကို ၆ ကြိမ်ခံရသည့်သူ မည်သူမဆို မှတ်ဉာဏ်မေ့ကာ စိတ်ဒဏ်ရာရသွားနိုင်သည်ပင်။
“ကျေးဇူးပြုပြီး ထပ်မလာပါနဲ့တော့… ဘာလို့ငါ့ကို လာလာရှုပ်နေတာလဲ” ချူဖုန်းသည် ပင်ပန်းစွာ ခေါင်းခါ လိုက်သည်။
သို့သော် အကယ်၍ ကျွောကျွင်းသာ ခေါင်းမာပြီး နောက်တစ်ခေါက်ထပ်လာခဲ့မည်ဆိုလျှင် သူ့ခေါင်းပျောက်သွားမည်ကို စိုးရိမ်မိသည်။ အနည်းဆုံး သူ့ခေါင်းမှာ ထုထောင်းခံထားရသော ဖရဲသီးကဲ့သို့ ဖြစ်သွားလိမ့်မည်။
ချူဖုန်းသည် သူ့ခန္ဓာကိုယ်ကို ခေါင်းစခြေဆုံး သေချာရှာဖွေလိုက်သည်။ နောက်ဆုံးခေါ်ထားသော ဖုန်းကောများ ရှိမလားဟု သူ ဖုန်းကိုရှာလိုက်သည်။ ကံမကောင်းစွာဖြင့် ဖုန်းခေါ်ဆိုထားသည့်မှတ်တမ်း မရှိ။
ကျွောကျွင်းသည် ဖုန်းတစ်ခါခေါ်ပြီးတိုင်း တစ်ခါဖျက်ပစ်လိုက်ခြင်း ဖြစ်လိမ့်မည်။
ယခုတစ်ခေါက်တွင်တော့ ချူဖုန်း သူ့ကို သူ့အိမ်မှ မိုင်၄၀ ဝေးပြီး အခြားမြို့တစ်မြို့နှင့်ဆက်နေသော ရွာအပြင်ဘက် လမ်းမကြီးပေါ်တွင် သွားပစ်ခဲ့လိုက်သည်။ ထို့နောက် သူ့ရွာသို့ ပြန်လာခဲ့သည်။
လယ်ကွင်းသို့ လုပ်အားပေးရန် နေ့စဥ် သွားလာကြသူများ ရှိနေသောကြောင့် ရွာမှာ ပြန်လည်အသက်ဝင်လာသည်။ စိုက်ခင်းထဲတွင် သီးနှံမျိုးစုံကို မျိုးစေ့ချပြီးကြောင်း အချို့စကားဝိုင်းမှ ချူဖုန်း သိရသည်။
အကြီးအကဲအချို့၏စကားအရ ယခုရာသီဥတုမှာ သီးနှံများစိုက်ပျိုးရန် အကောင်းဆုံးအချိန်ပင်။ စီစဉ်ထားသည့်အတိုင်းသာဖြစ်လာလျှင် နောက်လအနည်းငယ်အတွင်း အသီးအနှံများ ရင့်မှည့်လာလိမ့်မည်။
ထို့ကြောင့် ရွာသူရွာသားများ၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်ထွက်လာသည်။
ရုတ်တရက် လမ်းပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ လူငယ်တစ်ယောက်ကို အခြားလူများက ထမ်းလာကြလေ၏။ ထိုလူငယ်၏ခန္ဓာကိုယ်မှာ အလွန်ပူနေပြီ၊ ခန္ဓာကိုယ်မှ အဖြူရောင်အခိုးအငွေ့များ အပြုံလိုက်ထွက်လာနေသည်။ ထိုလူငယ်သည် နာကျင်မှုကြောင့် အော်ဟစ်ငိုယိုနေလေသည်။
“အမြန်လုပ်.. ဆရာဝမ်ဆေးခန်းဆီ ခေါ်သွားလိုက်” လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။
ငယ်ရွယ်ဖျတ်လတ်သော လူငယ်တစ်စုသည် ထိုလူကို ထမ်းလာကာ ရွာ၏နာမည်အကျော်ကြားဆုံးဆေးခန်းကို အလျင်အမြန်သွားလိုက်ကြသည်။
ချူဖုန်း ရွာပြန်လမ်းတွင် ဒီလူအုပ်နှင့် တွေ့လိုက်ရသည်။ သူ ကူညီနိုင်တာများရှိမလားလို့ သူ ထိုလူအုပ်နောက် လိုက်သွားလိုက်သည်။
“ငါ့သားလေး ဝမ်ဖန် ဘယ်လိုဖြစ်ရတာလဲ” အသက်ငယ်ငယ်မိခင်တစ်ယောက် မျက်ရည်လည်ရွှဲဖြင့် ရောက်လာသည်။
ဝမ်ဖန်အမည်ရသည့် ဤလူငယ်လေးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ သူ့မျက်နှာနှင့် တစ်ကိုယ်လုံး စုတ်ပြဲနေပြီး သူသည် ထမ်းစင်ပေါ်၌ လူးလှိမ့်နေလေသည်။ ကူညီပေးသည့်လူများမှာလည်း သူ့ကို အောက်ချရန် ခက်ခဲနေရသည်။ သူ့ခန္ဓာကိုယ်သည် ပွက်ပွက်ဆူနေသော ရေနွေးခရားကဲ့သို့ ပူနေပြီး အခိုးအငွေ့များပင် ထွက်နေသည်။
သူ့ကို မြင်လိုက်ရသည့်အခိုက်အတန့် ချူဖုန်း ချက်ချင်းထိတ်လန့်သွားရသည်။ ဤလူငယ်လေးကို ယခုကဲ့သို့ ရှင်လျက်နှင့်သေသလို ဖြစ်စေသည့်အရာမှာ ဘာလဲဟု သူတွေးနေမိသည်။
“ဝမ်ဖန်က အသီးတစ်လုံးစားပြီးတော့ ခုလိုဖြစ်သွားတာ” လူလတ်ပိုင်းလူကြီးတစ်ယောက် ပြောပြလာသည်။
ရွာသူရွာသားများသည် ရွာရှိ မြေနေရာအများစုတွင် စိုက်ပျိုးရေးများ စတင်လုပ်နေအ၏ပြီဖြစ်သည်။
ဝမ်ဖန်၏အိမ်ဘေးတွင် မြေကွက်လပ်တစ်ခုရှိသည်။ မြေကွက်လပ်ကို ရှင်းလင်းပြီး စိုက်ပျိုးရေးလုပ်နိုင်ရန်အတွက် ယနေ့ ရွာမှအခြားသူများနှင့်အတူ သူ ထိုမြေကွက်လပ်ဆီသို့ သွားခဲ့သည်။ သူအနားယူနေစဥ် လန်းဆန်းသည့် အနံ့ရ၍ ကြည့်ရာ အဝေးတစ်နေရာရှိ မြက်ပင်၏ရိုးတံတွင် ငွေရောင်အသီးကို တွေ့လိုက်သည်။
မြက်ပင်မှာ သာမန်ဖြစ်သော်လည်း သူ့ထံ၌ ငွေရောင်အသီးတစ်လုံး ရှိနေသည်။
ထိုအချိန်တွင် ဝမ်ဖန်သည် ရေငတ်၍ ရေသောက်ချင်နေသည်ပင်။ ထိုအသီး၏ အနံ့မှာ အလွန်စွဲမက်ဖွယ်ကောင်း၍ နောက်ဆုံးတွင် သူသည် စားချင်စိတ်ကို မအောင့်ထားနိုင်ပဲ အသီးကို စားပစ်လိုက်သည်။ သို့သော် စားပြီး မကြာမီတွင် သူသည် မြေကြီးပေါ်၌ နာကျင်စွာ လူးလှိမ့်လာလေသည်။
လူအားလုံး ဖြစ်စဥ်အစအဆုံးကို သိသွားကြလေပြီ။
ဝမ်ဖန်၏မိခင်မှာ သူ့သား အစာအဆိပ်သင့်၍ အသက်ဆုံးရှုံးရမည်ကို စိုးရိမ်သောကြောင့် ငိုကြွေးနေပြီဖြစ်သည်။
“ငိုမနေနဲ့တော့ မိန်းမ သားက မသေသေးဘူးဟ” ဝမ်ဖန်၏ဖခင် စိတ်တိုတိုဖြင့် အော်လိုက်သည်။ အခြားသူများ၏ အကူအညီဖြင့် သူ့သားကို ဆေးခန်းသို့ ပို့ဆောင်လိုက်သည်။ လက်ရှိအချိန်တွင် ကလေးကို ကယ်တင်ရန်မှာ အရေးကြီးဆုံးပင်။
ဝမ်ဖန်၏ခန္ဓာကိုယ်သည် ပြင်းထန်စွာပင် အကြောဆွဲနေသည်။ လူကြီး၄ ၅ယောက်၏ ပေါင်းပြီးဖိထားသော်လည်း သူ့ကို ငြိမ်အောင် ထိန်းချုပ်၍မရ ဖြစ်နေသည်။ သူသည် တဖြည်းဖြည်း အားပိုသန်လာကာ ထိန်းချုပ်ထားရာမှ လွတ်မြောက်တော့မလိုပင် ဖြစ်နေသည်။ နောက်ဆုံးတွင်တော့ ချူဖုန်း ရှေ့တိုးကာ သူ့ကို ထိန်းချုပ်ထားလိုက်သည်။
ဆရာဝန်ဝမ် သူ့ကို သေချာစစ်ဆေးနေသည်။ ခေတ်မှီမှန်ကန်သော စက်ပစ္စည်းများအကူအညီဖြင့် ဝမ်ဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးမှုများ ပြုလုပ်လိုက်သည်။
“သူ့ခန္ဓာကိုယ်ညွှန်းကိန်းက အရမ်းမတည်မငြိမ်ဖြစ်နေတယ် .. ဟော်မုန်းတစ်ချို့က မူမမှန်ပဲ အရမ်းထွက်နေတယ်.. စစ်ဆေးမှုရလဒ်ကို ကြည့်ရတာလည်း မျှော်လင့်ချက်သိပ်မရှိဘူး.. ကျုပ် အခုလို လူနာမျိုး တစ်ခါမှ မတွေ့ဖူးဘူး” ဆရာဝမ်သည် တစ်ကိုယ်လုံး ချွေးပြန်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
“ဒီကလေးကို ကောလာဟာလတွေ သတ်လိုက်တာ ” လူအိုတစ်ယောက်မှ ပြောလိုက်သည်၊ “သူက လူတွေ သဘာဝလွန်အစွမ်းတွေရှိလာကြတယ်ဆိုတဲ့ သတင်းအမှားရဲ့ သားကောင်ဖြစ်သွားတာ… ”
“ဟုတ်တယ်.. ခုတလော ထူးဆန်းတဲ့ အဖြစ်အပျက်တွေအများကြီးပဲ… ဒါပေမဲ့ တစ်ချို့သတင်းတွေက ခေါင်းစဥ်အလွဲကြီးနဲ့ အပိုအချက်တွေ လျှောက်ပြောနေတာ.. ဒါတွေကို ယုံရင် ရူးမိုက်တာပဲ” အခြား လူလတ်ပိုင်းလူကြီးတစ်ယောက်မှ ထပ်ပြောလာသည်။
ချူဖုန်းသည် ဖျားနာနေသည့် လူငယ်လေး၏ဘေးတွင် တိတ်တဆိတ်ရပ်နေပြီး ဤနေရာ၌ ရှိနေသည့်သူများ၏ ထင်မြင်ချက်များကို သေချာနားထောင်နေလိုက်သည်။ ထိုအသီးကို စားပြီးနောက် ဤကောင်လေး မိစ္ဆာကောင်ပုံစံ သားရိုင်းကောင်ဖြစ်သွားမည့် အဖြစ်ဆိုးကို သူတစ်ယောက်တည်း သိတာ ဖြစ်နိုင်သည်။
ဆရာဝမ်သည် သူ၏ အလွန်ကျွမ်းကျင်သည့် ဆေးပညာကြောင့် ထင်ရှားပြီး လေးစားထိုက်သော ဆရာဝန်တစ်ဦးဖြစ်သော်လည်း ဝမ်ဖန်လက္ခဏာရပ်များမှည သူ့အတွက် ထူးဆန်းနေသည်။
ဝမ်ဖန်၏ဖခင်မျက်နှာသည် ဖြူဖျော့နေပြီး သူ့မိခင်မျက်နှာမှာ အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။
ရွာသူရွာသားများသည် အိမ်ကို အမြန်ပြန်ကြပြီး သူတို့၏ကလေးများကို မြေကွက်လပ်တွင် ရှာတွေ့သည့် အသီးများကို မစားရန်၊ ထိုအသီးများမှ ထွက်လာသော မွှေးရနံ့ကြောင့် စိတ်မယိုင်သွားစေရန် သတိပေးကြသည်။
ချူဖုန်း ဆေးခန်းတွင် နေခဲ့ပြီး ဆရာဝမ်နှင့်အတူ ဝမ်ဖန်ကို စောင့်ကြည့်ပေးနေခဲ့သည်။
ချူဖုန်းသည် ဝမ်ဖန်၏ အကြောဆွဲနေသော ခန္ဓာကိုယ်ကို တင်းတင်းဖိထားပြီးနောက် ဝမ်ဖန်အိပ်ပျော်သွားလေသည်။ သူ လူးလှိမ့်နေခြင်းမျိုး မရှိတော့သော်လည်း သူ၏ ပူကျစ်နေသောအသားအရေမှ အခိုးအငွေ့များ ထွက်လာကာ ခန္ဓာကိုယ်မှာ တုန်နေဆဲဖြစ်သည်။ ဒါသည် မြင်ရအလွန်ကြောက်ဖို့ကောင်းသော မြင်ကွင်းပင်ဖြစ်သည်။
ဝမ်ဖန်၏ မိဘများမှာ လုံးဝနိုးကြားနေသည်။ သူတို့၏မျက်လုံးများမှာ ငိုထား၍ ဖောင်းအစ်နေသည်။
နောက်တစ်နေ့မနက်အရုဏ်ဦးအချိန်တွင် အိပ်ရာထဲလဲနေသော ဝမ်ဖန် နိုးလာသည်။ သူသည် ညည်းတွားအော်ဟစ်နေကာ သူ့ကို ချုပ်ထားသည်မှ လွတ်အောင် ရုန်းကန်နေသည်။
ချူဖုန်းသည် လန့်နိုးသွားကာ သူ့အနားအမြန်ပြေးသွားပြီး သူ့ကို ဖိထားလိုက်သည်။
“အရမ်း…နာတယ်” ဝမ်ဖန်အော်ငိုနေသည်။
ဝမ်ဖန်၏ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို ချူဖုန်း မြင်နေရသည်။ သူ့ဗိုက်သည် လေပူပေါင်းကဲ့သို့ ဖောင်းနေပြီး သူ့ခန္ဓာကိုယ်ထဲမှ နံရိုးနှင့်အရိုးများ ကျိုးသကဲ့သို့ ကျယ်လောင်လှသည့်အသံများ မြည်ဟီးနေသည်။
ထိုအသံမြည်နေစဉ် အခိုးအငွေ့များလည်း ထွက်လာသည်။
သူသည် ဒဏ်ရာရထားသော သားရိုင်းကောင်တစ်ကောင်ကဲ့သို့ အော်ဟစ်နေလေသည်။ သူ့အော်သံကြောင့် ရွာသူရွာသူသားများ ထိတ်လန့်သွားကာ ဆေးခန်းသို့ ရောက်လာကြလေသည်။
နာရီဝက်ကြာသောအခါ ဝမ်ဖန်ငြိမ်သွားသည်။ အခိုးအငွေ့များလည်း ပျောက်သွားပြီ၊ ဖျားနာနေသော လူတစ်ယောက်၏ ဖြူဖျော့နေသည့်ခန္ဓာကိုယ်ကို ထွက်ပေါ်လာသည်။ သို့သော် မြင်ကွင်းတစ်ခုမှာ အားလုံးကို အံ့သြသွားစေခဲ့သည်၊။
ဝမ်ဖန်၏ဗိုက်တွင် လက်ချောင်းတစ်ချောင်းထွက်လာသည်။ ထိုလက်ချောင်းမှာ ငွေဖြူရောင်ရှိပြီး တောင့်တင်းသည့် လက်မောင်းပုံသဏ္ဍာန်ရှိသည်။
“ဘုရားရေ၊ ဖန် သားဘာဖြစ်သွားတာလဲ.. အခုထိ နေလို့မကောင်းသေးဘူးလား ငါ့သားလေး..” သူ့အမေသည် ကြောက်စိတ်ဖြင့် သူ့သားကို ဖက်ထားလေ၏။
ဝမ်ဖန်၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေကာ အရမ်းအားနည်းနေပုံပေါက်သော်လည်း သူ့အမေကို အဆင်ပြေကြောင်း၊ ဗိုက်သာ အနည်းငယ်ဆာနေကြောင်း ပြောလိုက်သည်။
“အဆင်ပြေတယ်ဟုတ်လား .. အိုး ငါ့သားလေးရယ်…ကြည့်ပါဦး…မင်း ဗိုက်ကနေ ဒီလက်မောင်းကြီးထွက်နေတာကို ကြည့်လိုက်ပါဦး” ဝမ်ဖန်၏အမေ အော်ဟစ်ငိုယိုနေလေ၏။ သူ့သားက ဘီလူးတစ်ကောင်ဖြစ်လာသည်ကို မြင်ရ၍ သူမ ရင်ကွဲနာကျနေရသည်။
ဤသတင်းမှာ တစ်ရွာလုံးဆီ အမြန်ပျံ့နှံ့သွားပြီး တစ်ရွာလုံးမှ ရွာသူရွာသားများ ဆရာဝန်ဝမ်၏ ဆေးခန်းသေးသေးလေးတွင် စုပြုံရောက်လာကြသည်။ အခန်းမှာ စပ်စုသူများဖြင့် ပြည့်ကျပ်သွားလေသည်။
“မြန်မြန်.. သူ့ကို အစာကျွေးလိုက်” ဝမ်ဖန်၏အဖေ အော်ပြောလိုက်သည်။ သူသည် သူ့အိမ်နီးနားချင်းများနှင့် ဆွေမျိုးများကို ဝမ်ဖန်ကို ကျွေးရန်အတွက် အစာများ ပို့ပေးကြရန် မှာလိုက်သည်။
“အဲဒီတော့ ဟိုသတင်းတွေက အမှန်တွေပေါ့နော်” လူအုပ်ထဲမှ လူတစ်ယောက် တီးတိုးပြောလိုက်သည်။ “ဟိုထူးဆန်းတဲ့အသီးကို စားပြီး ဝမ်ဖန် ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို စောင့်ကြည့်ရမယ်..”
ဝမ်ဖန်၏ခန္ဓာကိုယ်နှင့် ရုပ်အသွင်အပြင်တို့မှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ယခင်က အသားညိုညို၊ ဝဝတုတ်တုတ် ဖြစ်ခဲ့သော်လည်း ယခုတွင် သူ၏ပုံမှန်အသွင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူသည် ပိန်ပါးပြီး အသားအရေလည်း ဖြူစွတ်နေသည်။
ဝမ်ဖန်သည် ပါးစပ်အပြည့် အသားနှင့် ထမင်းတို့ကို ထိုးသွပ်ပြီးနောက် ဗိုက်ပြည့်သွားလေသည်။ ထို့အပြင် သူ၏အသစ်ရရှိထားသော ငွေဖြူရောင်လက်မောင်းတစ်စုံက လေထဲတွင် လှုပ်ယမ်းကာ ဝမ်ဖန်၏ ပါးစပ်အတွင်းသို့ အစာများ ဆက်တိုက် ထိုးသွင်းနေသည်။
လူများသည် ဤမြင်ကွင်းကို ငေးကြောင်စွာပင် ကြည့်နေကြလေ၏။
အစာစားလိုက်၍ အားပြည့်ဝသွားပုံ ရသည်။ ဝမ်ဖန်သည် အားပျော့သည်ဟု မခံစားရတော့။ ထို့ကြောင့် သူ ဆေးခန်းမှ ထွက်လာကာ ခြံဝင်းသို့ ဝင်လိုက်သည်။ သူသည် ထို ငွေဖြူရောင်လက်မောင်းတစ်စုံကို ဝှေ့ယမ်းကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ပြောင်းလဲချက်များကို ခံစားကြည့်နေသည်။ သူ၏ဗိုက်မှ ဤလက်မောင်းတစ်စုံ ပေါက်လာခြင်းသည် သူ့အတွက် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် သာမန်လူသားတစ်ယောက်သာ။
ဖုန်း…
မြေကြီးပေါ်ရှိ ကျောက်တုံးကို လက်သီးဖြင့် ထိုးလိုက်သည်နှင့် ရှည်လျားလှသော ကျောက်တုံးကြီးတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
ထပ်ပြီး ၃၊ ၄ ချက်ထိုးလျှင် ထိုကျောက်တုံးတစ်ခုလုံး ကြွေမွသွားနိုင်သည်။
“ဘုရားရေ သူ အားအရမ်းကြီးသွားပြီ” လူအုပ်ကြီးမှာ အံ့သြမှုများကြောင့် မငြိမ်မသက်ဖြစ်လာကြသည်။
“ဒါဆို သတင်းတွေက မှန်တာပဲ.. အဲဒီ ထူးဆန်းတဲ့ အသီးက လူတစ်ယောက်ကို ပြောင်းလဲစေနိုင်ပြီး သဘာဝလွန်အစွမ်းတွေ ပေးနိုင်တယ်” ဝမ်ဖန်၏ အစွမ်းအစကို လူအုပ်ထဲရှိ အချို့ လူငယ်များ အားကျနေကြလေသည်။
နောက်တစ်နေ့တွင် ရွာသားအချို့သည် မြို့မှ ထွက်ကာ အနီးအနားရှိ မြက်ခင်းပြင်သို့ သွားကြသည်။ ဒီခရီးသွားအဖွဲ့ကြီးကို ထူးဆန်းသည့်အသီးမျိုးစုံ ရှာချင်သည့် လူငယ်များက ဦးဆောင်သွားကြလေ၏။ သူတို့အတွက် ဒီအသီးများသည် သူတို့အားကျသည့် နတ်ကဲ့သို့ လူသားများ ဖြစ်လာစေမည့် အမြန်လမ်းပင် ဖြစ်သည်။
ဤအမြန်လမ်းဟု ခေါ်သောလမ်းမပေါ်မှ ဘယ်သူမှ မကျန်ရစ်ခဲ့လို။
၃ ၄ရက်ကြာပြီးမှသာ ဝမ်ဖန်၏ အခြေအနေ တည်ငြိမ်သွားသည်။ သူသည် ဆေးခန်းကို ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ရန် သွားခဲ့သော်လည်း သူ့ ခန္ဓာကိုယ်အညွှန်းကိန်းများမှာ တစ်ခုမှ ပုံမှန်ဖြစ်မနေပေ။
ထိုလက်မောင်းတစ်စုံမှာ အလွန်တောင့်တင်းမာကျောသည်။ ဓား သို့မဟုတ် အထူးပြုလုပ်ထားသည့် ညှပ်သံဖြင့် ညှပ်လျှင်ပင် ထိုလက်ကို မထိခိုက်နိုင်။ ဤလက်များသည် အလွန်လည်းအားသန်လှပြီး အတွင်းအားများစွာ လူကြီး ၄၊ ၅ယောက်၏ အားနှင့် အလွယ်တကူ ယှဥ်ပြိုင်နိုင်သည်။
ဤအချိန်အတောအတွင်း ဝမ်ဖန် ကိုယ်အလေးချိန်လည်းအများကြီး ကျသွားသည်။ သူ၏အသားအရေမှာလည်း တဖြည်းဖြည်း ငွေဖြူရောင် ဖြစ်လာသည်။
ဆရာဝန်ဝမ်၏ ပြောဆိုချက်အရ သူ့ခန္ဓာကိုယ်၌ ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများမှာ ကျန်ရှိသည့် ဘဝတစ်လျှောက်လုံး ဆက်လက်ဖြစ်သွားနိုင်သည်ပင်။
“ငါ့သားလေးမှာ ထူးခြားဆန်းကြယ်တဲ့ အစွမ်းရှိသွားပြီ၊ သတင်းတွေမှာ ပြောထားတဲ့ သီအိုရီအရဆိုရင် တစ်နေ့ကျရင် ငါ့သားက နတ်ဘုရားဖြစ်လာမှာပဲ” ဤကဲ့သို့သော်ပြောင်းလဲမှုများ ဖြစ်ပြီးနောက် ဝမ်ဖန်သည် သူ့အမေ၏ ဂုဏ်အယူရဆုံးသားတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။ လမ်း၌တွေ့သမျှ လူတိုင်းကို သူ့သားအကြောင်း ကြွားဝါလေတော့သည်။
အမှန်တကယ်တွင် အခြားလူများက သူ့သားကို လူထူးဆန်းဟု သတ်မှတ်မည်ကို ကြောက်နေခြင်းပင်။ ဤသို့သာဆိုလျှင် နောင်တွင် သူ့သား လူပျိုကြီးဘဝဖြင့် တစ်သက်လုံးနေသွားရလိမ့်မည်။
သို့သော် လက်တွေ့တွင်တော့ သူ့သားကို လူများစွာ အားကျနေကြသည်ပင်။ ရွာရှိလူငယ်အများစုမှာ တောရိုင်းထဲ၌ ထို ထူးဆန်းသည့်အသီးကို ရှာျေဖွနေကြသည်။ သူတို့လည်း ဝမ်ဖန်ကဲ့သိုု့ နတ်ဘုရား ဖြစ်ချင်နေကြသည်။
ထိုအချိန်တွင် ချူဖုန်းကတော့ သူ၏လေ့ကျင့်မှုကိုသာ တစ်စိုက်မတ်မတ်လုပ်နေသည့်အပြင် ဖုန်းထဲမှ ထူးဆန်းသောအသီးနှင့် ပတ်သတ်သည့် သတင်းအားလုံးကို ရှာဖွေနေခဲ့သည်။
ယခုတလောတွင် ဒီကိစ္စနှင့်ပတ်သတ်သည့် သတင်းများ အများအပြား တက်လာသည်။
လူတော်တော်များများက “အခြား” အဖြစ် ဆင့်ကဲပြောင်းလဲသွားသည့် သတင်းများ နေ့တိုင်း ထွက်ပေါ်လာသည်။ ဒီကိစ္စသည် ပြည်နယ်တစ်ခု သို့ နိုင်ငံတစ်ခု၌သာ ဖြစ်နေခြင်းမဟုတ်ပဲ တစ်ကမ္ဘာလုံး၌ ဖြစ်ပျက်နေခြင်းပင်။
ခန့်မှန်းခြေအရ လူအယောက်၁သောင်းနီးပါး ဆင့်ကဲပြောင်းလဲ ပြီးပြီ ဖြစ်ပြီး ဤသည်မှာ အကြမ်းဖျင်း ခန့်မှန်းချက်သာ ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသွားကြောင်း ဖွင့်မပြောသည့် သူများလည်း ကျန်သေးသည်။
ဤသည် အံ့အားသင့်စေနိုင်သည့် ကိန်းဂဏန်းတစ်ခုပင်။ သတင်းမပေးပို့ထားသည့် သူများကိုပါ ထည့်တွက်လိုက်လျှင် ပမာဏမှာ ၂ဆ သို့ ၃ဆအထိ တိုးနိုင်သည်။
အင်တာနက်ပေါ်တွင် ဆွေးနွေးမှုများဖြင့် ပွက်လောရိုက်နေ၏။ ဒါက ခေတ်တစ်ခေတ်ရဲ့ အစလား…
ဆင့်ကဲပြောင်းလဲသွားသူများအားလုံး သဘာဝလွန်စွမ်းအားများကို ပိုင်ဆိုင်ကြလေ၏။ အချို့မှာ ကောင်းကင်တွင် ပျံဝဲနိုင်ပြီး အချို့မှာ သတ္တုများကို အရည်ဖျော်နိုင်သည်။ အချို့မှာ မီးထဲတွင် စိမ်လိုက်လျှင်ပင် ပကတိအကောင်းတိုင်းရှိသည့် ကျောက်တုံးအသားအရေ ပိုင်ဆိုင်သွားကြသည်။
ကမ္ဘာအနှံ့ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြသည်။ ဤသည် လူသားတို့အတွက် ဘဝစာမျက်နှာအသစ်ဖွင့်ပေးမည့် ဉာဏ်အလင်းခေတ် ပြန်ရောက်လာပြီဟု ဆိုကြသည်။
အချို့လူများ ပိုင်ဆိုင်ထားသည့် အရည်အချင်းမှာ ဒဏ္ဍာရီလာအကောင်များနီးပါး အင်အားကြီးမားကြသည်။ သူတို့မှာ တကယ်ကိုပင် ကြောက်စရာ ကောင်းလှသည်။
ဆင့်ကဲပြောင်းလဲသွားသော လူများ စုပေါင်းကာ ငွေရောင်အတောင်ပံရှိသည့် လူကို စိန်ခေါ်ကြလေသည်။ သို့သော် ရလဒ်မှာ စိန်ခေါ်သူများအတွက် မကောင်းခဲ့။
ဆင့်ကဲပြောင်းလဲသွားသော သားကောင်တစ်အုပ်နှင့် လူတစ်ယောက် တိုက်ခိုက်ခြင်းမှာ တရားမျှတမှုမရှိဟု ထင်ရသော်လည်း ငွေတောင်ပံသည် သူ၏ ရန်သူများကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ပူးပေါင်းတိုက်ခိုက်သည့်အုပ်စုထဲရှိ တစ်ဦးတစ်ယောက်မှ သူ့ကို တိုက်ခိုက်နိုင်မည့် အခွင့်အရေး မရခဲ့။ ဤရလဒ်မှာ ကမ္ဘာကို သွားစေသည်။
တိုက်ခိုက်ရန် အသင့်ဖြစ်နေသော ဆင့်ကဲပြောင်းလဲသူများမှာ နောက်ဆုံးတွင် ငြိမ်သွားကြလေသည်။
ဆင့်ကဲပြောင်းလဲခြင်းအားလုံးသည် ထူးဆန်းသော အသီးကို စားသုံးမိ၍ ပြောင်းလဲသွားခြင်း ဖြစ်သော်လည်း အင်အား မတူကြ။ ဤသည်မှာ အရင်စော၍ ဆင့်ကဲပြောင်းလဲသူများက နောက်မှပြောင်းလဲသူများထက် ပို၍ အင်အားကြီးတာလား စသည်ဖြင့် မေးခွန်းများ ရှိလာသည်။
ထိုနေ့နှောင်းပိုင်းတွင် “ဒဏ္ဍာရီ၄ယောက်” ထဲမှ တစ်ဦးအပါအဝင်ဖြစ်သည့် မိုးကြိုးသည် ဆင့်ကဲပြောင်းလဲပြီးသားဖြစ်သည့် သန္ဓေပြောင်းလူသားအဖွဲ့အစည်းတစ်ခုကို ရှင်းလင်းလိုက်သည်ဟူသော သတင်းတစ်ခုတက်လာခဲ့သည်။ သူသည် သန္ဓေပြောင်းလူသား ဒါဇင်ပေါင်းများစွာကို အနိုင်ပိုင်းလိုက်နိုင်ခြင်းကြောင့် တစ်ကမ္ဘာလုံးကို အံ့သြသွားရပြန်သည်။
လူတို့သည် အစောဆုံး ဆင့်ကဲပြောင်းလဲသူများဖြစ်သည့် ငွေအတောင်ပံ၊ မိုးကြိုး၊ မီးဝိညာဥ်နှင့် ကျားဖြူတို့ကို ဒဏ္ဍာရီ ၄ ဦးအဖြစ် သတ်မှတ်ထားကြပြီး ဤသူများမှာ အခြားသူများ စိန်မခေါ်ရဲသည့် နေရာ၌ ရှိနေကြသည်။ သူတို့သည် ပိရမစ်၏ ထိပ်ဆုံးတွင် ရှိနေကြပြီး သူတို့ကို စိန်ခေါ်သူတိုင်းကို နင်းချေပစ်နိုင်သည်။
ထို ၄ ယောက်၏နောက်ကွယ်တွင် သူတို့ကိုထောက်ပံ့ပေးနေသည့် စွမ်းအားကြီးတစ်ခု ရှိသည်ဟု ကောလဟာလများလည်း ထွက်နေသည်။ သူတို့ကို ထူးဆန်းသည့် အသီးမျိုးစုံဖြင့် ထောက်ပံ့ပေးနေသည်ဟု ပြောကြသည်။ ဤသည် ရယ်စရာကောင်းသည့် အကြောင်းအရာတစ်ခု ဖြစ်သော်လည်း ဤကဲ့သို့ ဖြစ်နိုင်ချေရှိသည်ပင်။
ထိုသတင်းများကို ဖတ်ပြီးနောက် ချူဖုန်း၏ အတွေးများနက်နဲလာသည်။ နောင်အနာဂတ်မှာ ဘာဖြစ်လာမလဲ..
သူသည် ဆင့်ကဲပြောင်းလဲခြင်းမဖြစ်သလို ထူးဆန်းသောအသီးလည်း မစားပါ။ လက်ရှိအခုထိ သူသည် နွားဝါသင်ပေးထားသည့် ထူးခြားသော အသက်ရှူလေ့ကျင့်ခန်းနှင့် လက်ဝှေ့ထိုးနည်းပုံစံကိုသာ လေ့ကျင့်ထားသည်။
သူ ဤသတင်းများကို အာရုံမစိုက်တော့ပဲ သူ့ကိုယ်သူ ပိုအားကြီးလာအောင်သာ ကြိုးစားကျင့်ကြံနေလိုက်တော့သည်။ နွားနတ်ဆိုးလက်ဝှေ့သိုင်းကို တတ်ကျွမ်းသွားပြီးနောက် သူသည် တိုင်ဟန်တောင်တန်းအတွင်း သွားရောက်စူးစမ်းလေ့လာချင်လာသည်။ ဤတောင်တန်းများမှ ထူးခြားသည့်ပစ္စည်းတစ်ခုခု ရလာနိုင်သည်ပင်။
ရုတ်တရက် သူ့ဖုန်းမှ တက်ကြွသည့်အသံတစ်ခု မြည်လာ၏။ တစ်ယောက်ယောက်က သူ့ကို ဖုန်းခေါ်နေခြင်းပင်။
“လင်းနွိုင်လား..”
ချူဖုန်းသည် အံ့သြသွားရသည်။ သူတို့ နှစ်ယောက်လမ်းခွဲသွားပြီးကတည်း လင်းနွိုင် သူ့ကို အရင်ဖုန်းခေါ်ခြင်း မရှိခဲ့ချေ။ ဒီနေ့ သူဘာလို့ ဖုန်းခေါ်လာတာလဲ…
အပိုင်း ၂၅ ပြီး၏။