အခန်း (၄၄၉) မဟာတာအို မသိကိန်း၊ လောကဦး နတ်ဘီလူး
အိပ်မက်ပေးတဲ့ အသိပေးချက်ကို တွေ့လိုက်ရတဲ့အခါ ဟန်ကျွယ် ပထမဆုံးတွေးမိတာက ချုံရှီလိုင်ကို လျစ်လျူရှုထားဖို့ပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဗုဒ္ဓဂိုဏ်း ပျက်စီးသွားတာက တွေးမိပြီး ချုံရှီလိုင် သူ့ကို လာရှာတာက စုချီနဲ့ ပတ်သက်နေလိမ့်မယ်လို့ တွေးမိလိုက်ပါတယ်။ ဒါ့အပြင် ချုံရှီလိုင်ရဲ့ မျက်နှာသာပေးမှုကလည်း လျော့ကျမသွားသေးပါဘူး။
ဒီအကြောင်းတွေကြောင့် ဟန်ကျွယ်ဟာ ချုံရှီလိုင် အိပ်မက်ပေးတာကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဟန်ကျွယ်က ချုံရှီလိုင်အိပ်မက်ပေးတာကို လျစ်လျူရှုထားရင် ချုံရှီလိုင်က ဒေါသထွက်ပြီး စုချီကို လက်စားသွားချေကောင်း သွားချေနိုင်ပါတယ်။
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး စိတ်ငြိမ်အောင်ထိန်းကာ အိပ်မက်ကို လက်ခံလိုက်ပါတယ်။ အိပ်မက်နယ်မြေက အရင်ခန်းမမှာပါ။ ချုံရှီလိုင်ဟာ အရင်လို ရွှေအဆင်းရှိတဲ့ဗုဒ္ဓရုပ်တုဖြစ်ပြီး အပေါ်စီးကနေ အရာအားလုံးကို ငုံ့ကြည့်နေပါတယ်။
ဟန်ကျွယ်က အရင်စမေးလိုက်ပါတယ် “စီနီယာ… ဒီတစ်ခါ ကျွန်တော်ကို လာရှာတာ ဘာကိစ္စရှိလို့ပါလဲ”
“မင်း ဗုဒ္ဓဖြစ်ချင်လား”
ချုံရှီလိုင်ရဲ့ မေးခွန်းကြောင့် ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပြီး စိတ်ထဲမှာ ကျိန်ဆဲပါတယ် ‘ဗုဒ္ဓဂိုဏ်းကဖြင့် မရှိတော့ဘူး၊ သူက ငါ့ကို ဗုဒ္ဓလုပ်စေချင်နေတာလား’
ချုံရှီလိုင်က ဆက်ပြောပါတယ် “အင်မော်တယ်ကမ္ဘာရှိတဲ့ ဗုဒ္ဓဂိုဏ်းက ဖျက်လိုက်ပြီဆိုတော့ ကံတရား အထောက်အပံ့ကလည်း လွှင့်ပါးပျောက်ကွယ်သွားပြီ၊ ဒါပေမဲ့ ကပ်ဘေးပြီးရင် ဗုဒ္ဓဂိုဏ်းကို ပြန်တည်ဆောက်ဖို့ ငါကိုယ်တိုင် ဗုဒ္ဓသုံးပါးကို ရွေးချယ်မှာ”
ချုံရှီလိုင်ဟာ ထောက်ချောက်ထဲ ကျသွားတာကိုပဲ သူ့အစီအစဉ် လုပ်ထားသလိုမျိုး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ကလည်း သံယောင်လိုက်ပြီး တအံတဩဖြစ်သွားဟန် ဆောင်လိုက်ပါတယ် “ဗုဒ္ဓဂိုဏ်းကို ဘာလို့ ဖျက်လိုက်တာလဲ”
“ကံတရား အထောက်အပံ့ကို ဖြန့်ကျက်ဖို့ပါ၊ ဗုဒ္ဓတွေကတော့ ရှိနေပါသေးတယ်၊ ဒီနည်းနဲ့ဆိုရင် အထိအခိုက် နည်းတယ်လေ”
“ဒါဆို စီနီယာက ဘယ်သူလဲ…”
“ဗုဒ္ဓဂိုဏ်းရဲ့ တာအိုပညာရှိ ချုံရှီလိုင်ပဲ”
“တာအိုပညာရှိလား…” ဟန်ကျွယ်ဟာ အံဩလွန်းလို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပါတယ်။
ချုံရှီလိုင် နှာတစ်ချက် မှုတ်လိုက်ပါတယ် “ဟန်ဆောင်နေတာ ရပ်တော့၊ ငါက တာအိုပညာရှိဆိုတာကို မင်း မှန်းထားပြီးသား မှတ်လား”
ဟန်ကျွယ်ဟာ မတက်နိုင်တဲ့အပြုံး ပြုံးလိုက်ပါတယ် “ဗုဒ္ဓဆိုတဲ့ရာထူက အရမ်း အရေးကြီးလွန်းတော့ ကျွန်တော် မထမ်းဆောင်နိုင်မှာ ကြောက်မိတယ်၊ ကျွန်တော်က ကျင့်ကြံဖို့ပဲ စိတ်ဝင်စားတာဆိုတော့ ဗုဒ္ဓဂိုဏ်းကို စီမံကွပ်ကဲဖို့အားမှာ မဟုတ်ဘူး”
“မင်း မလုပ်ချင်ရင်လည်း ရတယ်၊ ဗုဒ္ဓဂိုဏ်းကို အုပ်ချုပ်ဖို့ ငါ မဟာအဂ္ဂဗုဒ္ဓကို တာဝန်ပေးလိုက်မယ်”
ဒီစကားကြောင့် ချုံရှီလိုင်က သူနဲ့ မရရတဲ့နည်းနဲ့ သူ့ကို ချည်နေမှန်း ဟန်ကျွယ် သိလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေ ဘယ်လိုရှိလဲ၊ ကပ်ဘေးက ဘယ်တော့ပြီးမှာလဲ”
“တာအိုပညာရှိတွေရဲ့ ကစားပွဲမှာ သက်ရှိအကုန်လုံးကို ရှင်သန်ဖို့ ကြိုးစားကြမှာပဲ၊ တာအိုပညာရှိတစ်ပါး သေဆုံးရင် ကပ်ဘေးက အဆုံးသတ်လိမ့်မယ်” ချုံရှီလိုင်ဟာ တာအိုပညာရှိတစ်ပါး သေဆုံးတာကို ဘာမှမဟုတ်တဲ့ ကိစ္စလိုမျိုး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘တာအိုပညာရှိတွေရဲ့ တိုက်ပွဲက ဒီလိုအခြေအနေတောင် ရောက်နေပြီလား… ဒါဆို ဘယ်တာအိုပညာရှိ ကျဆုံးမှာလဲ’
ဟန်ကျွယ်ဟာ ဒီကျဆုံးမဲ့တာအိုပညာရှိက ဖူရှီဖြစ်ဖို့ များတယ်လို့ ခံစားလိုက်ရပါတယ်။ ဖူရှီကို ကူညီနေတဲ့လူက နွီဝါတစ်ယောက်တည်းရှိပြီး ကျန်တဲ့တာအိုပညာရှိတွေက တစ်ဖက်တည်းမှာပါ။
“ကပ်ဘေးပြီးရင် အင်မော်တယ်ကမ္ဘာကို ပြန်လာခဲ့၊ အဲဒီအချိန်ကျရင် ကောင်းကင်တာအိုရဲ့ အမိန့်အာဏာက ပြန်တည်ဆောက်ပြီးပြီဆိုတော့ တာအိုပညာရှိတွေက အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိတွေကို တိုက်ရိုက် တိုက်ခိုက်လို့ရတော့မှာ မဟုတ်ဘူး၊ မဟုတ်ရင် ကောင်းကင်တာအိုရဲ့ တန်ပြန်မှုကြောင့် အကြီးအကျယ် ဒုက္ခရောက်မှာ” ချုံရှီလိုင်က ဆက်ပြောပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ကျွယ်ကိုယ်တိုင်လည်း ဒီလိုမျိုး ကြံထားတာပါ။
“ကောင်းကင်တာအိုမှာ အနန္တကပ်ဘေးရှိသလို ကောင်းကင်တာအိုထက် မြင့်တဲ့ မဟာတာအိုမှာလည်း မဟာတာအို အနန္တကပ်ဘေးရှိတယ်၊ မဟာတာအို အနန္တကပ်ဘေးက နောက်ထပ် ကောင်းကင်တာအို အနန္တကပ်ဘေး လေးငါးခုပြီးရင် ရောက်လာမှာ၊ အဲဒါကြောင့် အမှောင်တားမြစ်နယ်မြေက မလုံခြုံဘူး၊ မကြာခင်မှာ မင်းလည်း ကပ်ဘေးထဲကို မဝင်မနေရ ဝင်ရလိမ့်မယ်၊ အဲဒါကြောင့် ကြိုတင် ပြင်ဆင်ထားချည်၊ ဗုဒ္ဓဂိုဏ်းက မင်းရဲ့ တစ်တပ်တစ်အား ဖြစ်လာနိုင်တယ်”
ဒီစကားကြောင့် ဟန်ကျွယ်ဟာ ချုံရှီလိုင်ကို မော့ကြည့်ပြီး မေးလိုက်ပါတယ် “တာအိုပညာရှိက ကျွန်တော့်ကို ဘာလို့ ဒီလောက်တောင် အမြင့်ကြီး တွေးနေရတာာလဲ”
“ငါက မင်းကို အမြင့်ကြီးတွေးတာ မဟုတ်ဘူး၊ ဒါက တာအိုဘိုးဘေးရဲ့ ရွေးချယ်မှုပဲ၊ မင်းက တာအိုဘိုးဘေး ခန့်မှန်းထားတဲ့ မသိကိန်းပဲ၊ မင်းက နောက်လာမဲ့ မဟာတာအို အနန္တကပ်ဘေးလိုမျိုး မသိနိုင်တဲ့အခြေအနေကို ကိုယ်စားပြုတယ်”
ချုံရှီလိုင်ရဲ့စကားကြောင့် ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ် ‘မသိကိန်းဆိုတာက မသိနိုင်တဲ့ အခြေအနေဆိုတော့ ကယ်တင်ရှင် မဟုတ်ဘူးပဲ၊ တာအိုဘိုးဘေးက ဘာဖြစ်လို့ ဒီလိုစကားမျိုးချန်ပြီး ပျောက်ကွယ်သွားရတာလဲ’
ချုံရှီလိုင်က ဆက်ပြောပါတယ် “စုချီက မင်းတပည့်မလား၊ သူက တခြားတာအိုပညာရှိ အသုံးချတာကို ခံနေရတယ်၊ မင်းကြောင့်မဟုတ်ရင် ငါ သူ့ကို သတ်ပြီးတာကြာပြီ၊ ဒီကပ်ဘေးမှာ မင်းနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့လူတွေကို ငါ အတက်နိုင်ဆုံး ကာကွယ်ပေးမယ်၊ ငါ့ရဲ့ စိတ်ရင်းကို ပြသတဲ့အနေနဲ့ပေါ့”
ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိတာကြောင့် ချုံရှီလိုင်ကို ကျေးဇူးတင်လိုက်ရပါတယ် “စုချီ ဘာလုပ်ထားတယ်ဆိုတာကို ကျွန်တော် မသိပေမဲ့ တာအိုပညာရှိရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီကပ်ဘေးပြီးလို့ ဗုဒ္ဓဂိုဏ်းက ပြဿနာတစ်ခုခု တက်ခဲ့ရင် ကျွန်တော် တက်နိုင်သလောက် ကူညီပေးမှာပါ”
ချုံရှီလိုင်ကာ ကူညီမယ်ဆိုရင် စုချီ၊ ကောင်းကင်ဧကရာဇ်၊ ရွှမ်ချင်းကျွင်းနဲ့ တခြားလူတွေဟာ ဒီအနန္တကပ်ဘေးကိ အောင်မြင်စွာ ဖြတ်ကျော်နိုင်မှာ ကျိန်းသေပါတယ်။
“အင်း ကောင်းပြီ”
အဲဒီနောက် အိပ်မက်တစ်ခုလုံး ကွဲကျေသွားပါတယ်။
[ချုံရှီလိုင်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တာနဲ့ ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ် “ချုံရှီလိုင်ရဲ့ ကတိစကားက ယုံကြည်လို့ရလား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ချုံရှီလိုင်၏ ရန်သူမဖြစ်လျှင် ယုံကြည်လို့ ရပါသည်။]
ဒီအဖြေကြောင့် ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ဗုဒ္ဓဂိုဏ်းရဲ့ တာအိုပညာရှိက ငါ ထင်သလို စိတ်သဘောထား သေးသိမ်တဲ့ ကြောင်သူတော် ကြွက်သူခိုးတော့ မဟုတ်ဘူးပဲ”
“ချုံရှီလိုင်က ငါ့ကို ဘာလို့ ဒီလောက်တောင် ကောင်းကောင်းမွန်မွန် ဆက်ဆံနေရတာလဲ” ဟန်ကျွယ်ဟာ စနစ်ကို ဆက်မေးလိုက်ပါတယ်။
[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၁ ထရီလီယံတောင်၊ ဘိုးဘေးရှီတျန်ကို တွက်ချက်တုန်းကထက်တောင် ပိုများနေပါလား၊ ဒီကိစ္စမှာ တာအိုဘိုးဘေး ပတ်သက်နေတာလား’
အခုအချိန်မှာ ဟန်ကျွယ်အတွက် သက်တမ်း ၁ ထရီလီယံက သိပ်များတဲ့ ပမာဏာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သက်တမ်း ၁ ထရီလီယံကို နှမြောပေမဲ့ သိချင်စိတ်ကို မထိန်းနိုင်တာကြောင့် ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
အကြောင်းရင်းမှန်ကို ဟန်ကျွယ် ဒီလောက် သိချင်နေရတာက မသိမသာနဲ့ သူများရဲ့ နယ်ရုပ်ဖြစ်နေမှာကို စိုးရိမ်လို့ပါ။
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။
ကြီးကျယ်ခမ်းနားတဲ့ နန်းတော်တစ်ဆောင်မှာ ကောင်းကင်တာအိုပညာရှိတွေ ယှဉ်လျက် တရားထိုင်နေပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိမင်ကျွယ်ကိုတော့ မှတ်မိပြီး ကျန်တဲ့လူတွေရဲ့ သရုပ်မှန်ကိုတော့ တွက်ချက်ကြည့်လိုက်ပါတယ်။
သူတို့ရှေ့မှာတော့ အလွန်တရာမှ ခံ့ညားထည်ဝါတဲ့ တာအိုအဘိုးအိုတစ်ဦး ရှိနေပါတယ်။ ဟန်ကျွယ်ဟာ မော့ကြည့်လိုက်ပေမဲ့ မြင့်မားလွန်းတဲ့အတွက် တာအိုအဘိုးအိုရဲ့ ဦးခေါင်းကို မမြင်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို ရောက်နေပေမဲ့ တခြားလူရဲ့ အမြင့်ကို မကြည့်နိုင်ဘူးဆိုကတည်းက ကျင့်ကြံမှုနိမ့်ပါးနေတယ်ဆိုတာ သိသာလှပါတယ် ‘ဒါက သူတို့ပြောနေကြတဲ့ တာအိုဘိုးဘေးဆိုတာလား’
“မဟာတာအိုကပ်ဘေးက စတင်တော့မယ်၊ လောကဦး နတ်ဘီလူးက စတင် တိုက်ခိုက်တော့မယ်” ကျယ်လောင်လွန်းတဲ့ အသံဟာ ကြားရသူတိုင်းကို ကြက်သီးမွေးညင်း ထသွားစေပါတယ်။
‘လောကဦး နတ်ဘီလူး’ ဟန်ကျွယ်ရဲ့ တစ်ကိုယ်လုံး တုန်ယင်သွားပါတယ် ‘လောကဦး နတ်ဘီလူးက ငါမဟုတ်ဘူးလား’
ချုံရှီလိုင်က ပထမဆုံး မေးလိုက်ပါတယ် “တာအိုဘိုးဘေး… လောကဦးနတ်ဘီလူးက ဘာလဲ”
တာအိုဘိုးဘေးက ပြန်ဖြေပါတယ် “မင်းတို့တွေက ပန်ကူး မိုးကောင်းကင်နဲ့ မြေကြီးကို ခွဲပြီး ကောင်းကင်တာအိုအဖြစ် ပြောင်းလဲသွားတာကိုပဲ သိကြတာ၊ ကောင်းကင်ဘုံ မဖန်းတီးခင်မှာ ပဋိပက္ခက အုပ်ချုပ်တယ်၊ ပဋိပက္ခက အရာအားလုံးရဲ့ အစဆိုရင် လောကဦး ပဋိပက္ခက အရာအားလုံးရဲ့ အဆုံးသတ်ပဲ၊ ပဋိပက္ခပြီးရင် လောကဦး ပဋိပက္ခ လာလိမ့်မယ်၊ ပဋိပက္ခ မတိုင်ခင်မှာလည်း လောကဦးပဋိပက္ခ ရှိလိမ့်မယ်၊ ဒီနှစ်ခုက ဘယ်ဟာအစလည်းဆိုတာ ပြောလို့မရဘူး၊ သူတို့က ထာဝရတည်ရှိနေတာ၊ ပဋိပက္ခ နတ်ဘီလူးတွေက တာအိုကို ဖွင့်လှစ်တယ်ဆိုရင် လောကဦး နတ်ဘီလူးက တာအိုကို ပိတ်သိမ်းလိမ့်မယ်”
“လောကဦး နတ်ဘီလူး ပေါ်လာတဲ့အချိန်က မဟာတာအိုကပ်ဘေး စတင်တဲ့အချိန်ပဲ၊ အဲဒီအချိန်ကျရင် တာအိုပညာရှိ အကုန်လုံး ပျက်သုဉ်းပြီး အရာအားလုံး သုညကို ပြန်ရောက်သွားလိမ့်မယ်”
တာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
ဟန်ကျွယ်ကတော့ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီအတိုင်းဆို ငါ့က လောကဦးနတ်ဘီလူး ဆိုတာကို ဒုတိယလူသိလို့ မဖြစ်ဘူး၊ မဟုတ်ရင် ငါက လောကတစ်ခုလုံးရဲ့ ရန်သူတော်ကြီး ဖြစ်လာမှာ’
တာအိုဘိုးဘေးက ဘယ်လိုပဲပြောပြော ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို သတ်ဖြတ်ဖို့ အစီအစဉ် မရှိပါဘူး ‘နေပါအုန်း… ဒါက တာအိုဘိုးဘေးရဲ့ ခန့်မှန်းချက်လား၊ ဒါမှမဟုတ် အနာဂတ်ကို တွက်ချက်ထားတာများလား’
ဂိုဏ်းချုပ်တျန်ကျွယ်က မေးလိုက်ပါတယ် “တာအိုဘိုးဘေး… လောကဦးနတ်ဘီလူးက ဘယ်လောက်တောင် ရှိလဲ”
“ငါ မသိဘူး” တာအိုဘိုးဘေးရဲ့ အဖြေက တိုတိုတုတ်တုတ်ပါပဲ။
တခြား တာအိုပညာရှိက မေးလိုက်ပါတယ် “လောကဦးနတ်ဘီလူးက မွေးဖွားလာပြီလား”
“ငါ မသိဘူး”
“တာအိုဘိုးဘေးကရော လောကဦးနတ်ဘီလူးကို ရှင်းလင်းလို့ မရဘူးလား”
“ငါက ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ပြီးပြီဆိုတော့ ထပ်ပြီးတော့ မတည်ရှိတော့ဘူး၊ အခုအချိန်ကစပြီး တာအိုဘိုးဘေး ထပ်မရှိတော့ဘူး၊ အဲဒါကြောင့် အနာဂတ်မှာ မဟာတာအိုကပ်ဘေးကို မင်းတို့တွေပဲ ရင်ဆိုင်ရလိမ့်မယ်”
တာအိုဘိုးရဲ့စကားကြောင့် တာအိုပညာရှိတွေဟာ သိမ့်ခနဲ ဖြစ်သွားကြပါတယ်။
တာအိုဘိုးဘေးက ဆက်ပြောပါတယ် “ကောင်းကင်တာအိုမှာ မသိကိန်းတစ်ခု ပေါ်လာတယ်၊ ငါတောင် သူ့ကို ထိုးဖောက်မမြင်နိုင်ဘူး၊ ဒီမသိကိန်းက မဟာတာအို အနန္တကပ်ဘေးရဲ့ အပြောင်းအလဲလည်း ဖြစ်နိုင်တယ်”
ဒီအချိန်မှာပဲ ပုံရိပ်ယောင်တစ်ခုလုံး ကွဲကြေသွားပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
တာအိုဘိုးရဲ့ စကားက သူ့ကို အလွန်တရာမှ အန္တရာယ်ရှိတဲ့ အခြေအနေကို တွန်းပို့လိုက်တာကြောင့် ဟန်ကျွယ်ရဲ့စိတ်ဟာ အတော့်ကို မတည်မငြိမ် ဖြစ်သွားပါတယ် ‘လောကဦးနတ်ဘီလူးကလည်း ငါပဲ၊ မသိကိန်းကလည်း ငါပဲ၊ ဒီတာအိုဘိုးဘေးက ဘာတွေလုပ်နေတာလဲ’
“တာအိုဘိုဘေးက ငါ လောကဦးနတ်ဘီလူးဆိုတာကို သိလား” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[စနစ်၏ ကန့်သတ်ချက်ထက် ကျော်လွန်နေ၍ တွက်ချက်မရပါ။]
‘မတွက်ချက်နိုင်ဘူး… ဒါဆို ခုနကဟာကရော…’
[စောစောက တွက်ချက်မှုသည် စနစ်၏ လက်ရှိ ကန့်သတ်ချက် ဖြစ်သည်။]
ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့ ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 449
? Views, Released on December 7, 2024