Switch Mode

Chapter – 448

အခန်း (၄၄၈) ကြောက်မက်ဖွယ် ဟောင်တျန်၊ ဗုဒ္ဓဂိုဏ်း ပျက်သုဉ်းခြင်း
“လူသားမျိုးနွယ်စုကို အန္တရာယ်ကျလိမ့်မယ်” ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်ပေမဲ့ ကျောက်ရွှမ်ယွမ်ကတော့ မျက်နှာပျက်သွားပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ လူသားမျိုးနွယ်စုက ထွက်ခွာပြီး တိတ်ဆိတ်ဂိုဏ်းမှာ လာပုန်းနေပေမဲ့ လူသားမျိုးနွယ်စုကို ဂရုစိုက်ပါသေးတယ်။
“တာအိုပညာရှိဖူရှီကတောင် လူသားတွေကို မကယ်နိုင်တော့ဘူးလား” ကျောက်ရွှမ်ယွမ်က အားပျော့စွာ ရေရွတ်လိုက်ပါတယ်။
ဟန်ကျွယ်ကတော့ ကျောက်ရွှမ်ယွမ်ကတော့ ဘာမှပြန်မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ရွှမ်ယွမ်က သူ့ကိုယ်သူ ဖျောင်းဖျနိုင်လိမ့်မယ်လို့ ယုံကြည်ထားလို့ပါ။ နောက်ဆုံး အရင်းစစ်ကြည့်ရင် ကျောက်ရွှမ်ယွမ် လူသားမျိုးနွယ်စုက ထွက်ခွာလာတာ သေမှာကြောက်လို့ မဟုတ်ပါလား။
ဒါကြောင့် ဟန်ကျွယ်က ကျောက်ရွှမ်ယွမ်ကို အကောင်းစား ရတနာပေးပြီး အတင်းနှင်ထုတ်ရင်တောင် ကျောက်ရွှမ်ယွမ်က ထွက်မသွားဘဲ တိတ်ဆိတ်ကျွန်းမှာ ပေကပ်နေမှာပါ။
အတန်ကြာ စကားပြောပြီးတဲ့နောက်မှာတော့ ကျောက်ရွှမ်ယွမ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ခွာသွားပါတယ်။
နောက်ထပ် လအနည်းငယ်မှာပဲ ဟန်ကျွယ်ဆီ နောက်တစ်ယောက် ထပ်ရောက်လာပါတယ်။ ဒီတစ်ခါ ရောက်လာတဲ့လူကတော့ မုရုံချီပါ။ မုရုံချီကလည် ကျောက်ရွှမ်ယွမ်လို စိတ်လေးနေလို့ ဟန်ကျွယ်ဆီက အကြံလာတောင်းတာပါ။
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောလိုက်ပြီးနောက် ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ကာ တပည့်တွေ အားလုံးကို စုစည်းလိုက်ပါတယ်။
“အများဆုံး နှစ်တစ်ထောင် အတွင်းမှာ အနန္တကပ်ဘေးက အဆုံးသတ်လိမ့်မယ်၊ ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး မရေမတွက်နိုင်တဲ့ သက်ရှိတွေ သေကျေပျက်စီးမှာ မြေကြီးလက်ခတ်မလွှဲပဲ၊ မင်းတို့ရဲ့ လက်ရှိစိတ်အခြေအနေက ကောင်းကင်တာအို ကံတရားရဲ့ သက်ရောက်မှုကြောင့် ဖြစ်ရတာ၊ မင်းတို့တွေ ကပ်ဘေးထဲတော့ မဝင်ချင်ကြဘူး ဟုတ်တယ်မလား” ဟန်ကျွယ်ဟာ တဲ့တိုးပဲ ပြောလိုက်ပါတယ်။
ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့ လူတိုင်းဟာ ခေါင်းခါလိုက်ကြပါတယ်။
ပဋိပက္ခ ကောင်းကင်ခွေးက အရင်ဦးအောင် ပြောလိုက်ပါတယ် “ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော် အပြင်မထွက်ချင်ဘူး၊ ဒီမှာပဲ သေတပန်သက်တဆုံး နေမှာ”
တခြားသူတွေကလည်း သူတို့အမြင်ကို ပြောကြပါတယ်။
“ဒီအနန္တကပ်ဘေးက နည်းနည်း မြန်တယ်နော်”
“နည်းနည်းမြန်တာ မဟုတ်ဘူး၊ တော်တော်မြန်တာ၊ အရင်တုန်းက ကပ်ဘေးတွေဆိုရင် အနည်းဆုံး နှစ်တစ်‌သောင်းကနေ အများဆုံး နှစ်သန်းချီ ကြာခဲ့တာ”
“နှစ်သန်းချီ… အဲဒီလိုဆို တော်တော်ကြောက်ဖို့ကောင်းမှာပဲ”
“ဒဏ္ဍာရီအရ အရင်တုန်းက အင်မော်တယ်ကမ္ဘာက အခုအင်မော်တယ်ကမ္ဘာထက် အဆပေါင်းများစွာ ကြီးမားကျယ်ပြန်တယ်တဲ့၊ သက်ရှိတွေက အသေင်္ချရှိပြီး သာမန်ကျောက်တုံးတောင် သက်ရှိဖြစ်နိုင်တယ်တဲ့”
“နောက်ဆုံးတော့ ကပ်ဘေး ပြီးတော့မှာပဲ၊ ကပ်ဘေးပြီးရင် ကျွန်တော်တို့တွေ ပြန်သွားကြမှာလား”
တပည့်တွေရဲ့ စကားကို နားထောင်ပြီး ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ကပ်ဘေးပြီးရင် ဘာအန္တရာယ်မှ မရှိတော့ဘူး၊ အဲဒီအချိန်ကျရင် တာအိုစက်ကွင်းကို အင်မော်တယ်ကမ္ဘာဆီ ပြန်ရွှေ့မယ်၊ ဒါပေမဲ့ မင်းတို့တွေ အဲဒီအချိန်ရောက်ရင်လည်း အခုလိုမျိုး ကျင့်ကြံအားထုတ်ရအုန်းမှာပဲ”
အနန္တကပ်ဘေး ပြီးသွားရင် တာအိုပညာရှိတွေဟာ အင်မော်တယ်ကမ္ဘာထဲ ဝင်လို့မရတော့ပါဘူး။ အဲဒီအချိန်ကျရင် ကောင်းကင်တာအိုက တာအိုပညာရှိတွေကို အင်မော်တယ်ကမ္ဘာကနေ နှင်ထုတ်မှာပါ။
ဟန်ကျွယ်မှာ ရန်သူအများကြီး မရှိတော့ အင်မော်တယ်ကမ္ဘာဆီ ပြန်ဖို့က ဘာပြဿနာမှ မရှိပါဘူး။ တကယ်ဆိုရင် ဟန်ကျွယ်ရဲ့ တကယ့်သရုပ်မှန်ကို သိတဲ့လူက လက်ချိုးရေလို့ ရပါတယ်။ သရုပ်ခွဲဖြစ်တဲ့ အမှောင်သခင်ကြီးကိုပဲ လူသိများကြတာပါ။ ဒါပေမဲ့ ဘယ်သူမှ အမှောင်သခင်ကြီးနဲ့ ဟန်ကျွယ်ကို မဆက်စပ်မိကြတဲ့အတွက် ဟန်ကျွယ်မှာ ဘာကြောက်စရာမှ မရှိပါဘူး။
ထုန်ကျန့်ကမ္ဘာကိုတော့ ဟန်ကျွယ်ဟာ အပြင်ပြန်ထုတ်ဖို့ စိတ်ကူးမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က ထုန်ကျန့်ကမ္ဘာကို အခြေပြုပြီး သူ့ကြယ်ပင်လယ်ကို ကောင်းကင်တာအိုကမ္ဘာအဖြစ် ပြောင်းလဲဖို့ စိတ်ကူးထားလို့ပါပဲ။
အခုလက်ရှိ ထုန်ကျန့်ကမ္ဘာက ဘုံပျံတက်တာ မရှိတော့တဲ့အတွက် ကံတရား အထောက်အပံ့က အချိန်ကြာလေ ပိုများလေပါပဲ။
ကပ်ဘေးပြီးလို့ ငြိမ်းချမ်းတဲ့အချိန်မှာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီးတည်ရှိမှုပါ။ ဒါကြောင့် ဟန်ကျွယ်သာ ဘာပြဿနာမှ မရှာဘဲ အေးအေးဆေးဆေး နေမယ်ဆိုရင် နေရာတစ်ခုရဖို့က မခက်ခဲပါဘူး။
တိတ်ဆိတ်ကျွန်းနဲ့ ပတ်သက်ပြီး ဟန်ကျွယ်ရဲ့ အစီအစဉ်က လောကကိုစိုးမိုးဖို့ မဟုတ်ပါဘူး။ မဟာတာအိုကို ရှာဖွေမဲ့ စိတ်တူကိုယ်တူ ကျင့်ကြံသူတွေ စုဆောင်းချင်တာပါ။ အတိအကျပြောရရင် တိတ်ဆိတ်ဂိုဏ်းက အရေအတွက်ထက် အရည်အချင်းရှိသူတွေကိုပဲ လက်ခံတာပါ။
“သခင်… ရန်ထျန်တုန်း ဘယ်ရောက်နေလဲ၊ သူ့ကို ဘာလို့ ပြန်မခေါ်တာလဲ” ပဋိပက္ခကောင်းကင်ခွေးက မေးလိုက်ပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ ရန်ထျန်တုန်းနဲ့ ရင်းနှီးတဲ့အတွက် အခုထိ ရန်ထျန်တုန်းကို သတိရနေတုန်းပါပဲ။

“အချိန်တန်ရင် ပြန်လာလိမ့်မယ်” ဟန်ကျွယ်က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်ပါတယ်။
လောလောဆယ်မှာ ရန်ထျန်တုန်းက ပြန်လည်မွေးဖွားခြင်း စက်ဝန်းကနေ လွတ်မြောက်ပြီး လူသားမျိုးနွယ်စုဘက်ကနေ ကောင်းကင်ရုံးတော်ကို တိုက်ခိုက်နေပါတယ်။ ဒါပေမဲ့ သူ့ကျင့်ကြံမှုက သိပ်မမြင့်တဲ့အတွက် နယ်ရုပ်အဆင့်ပဲ ရှိပါတယ်။
တပည့်တွေကို နှစ်သိမ့်ပေးပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ ကပ်ဘေးပြီးဆုံးသည် ဖြစ်စေ မပြီးဆုံးသည်ဖြစ်စေ ခပ်မြန်မြန် ကျင့်ကြံရမှာက ဟန်ကျွယ်ရဲ့ တာဝန်ပါ။ ကြီးမားတဲ့ စွမ်းအားသာ မရှိဘူးဆိုရင် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ပြန်သွားရဲမှာ မဟုတ်ပါဘူး။
လိုဏ်ဂူတစ်ဂူထဲမှာ လုံဟောင်ဟာ တရားထိုင်ရင်း ဒဏ်ရာတွေကို ကုသနေပါတယ်။ လုံဟောင်ရဲ့ ခန္ဓာကိုယ်က ပြင်းထန်စွာ ဒဏ်ရာရထားတဲ့အတွက် တော်တော်လေး ကြည့်ရဆိုးနေပါတယ်။ ရုတ်တရက်ဆိုသလို တောင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားပြီး ကျောက်တုံး ကျောက်ခဲတွေ ကျလာပါတယ်။ ဒါပေမဲ့ လုံဟောင်နဲ့ ထိခါနီးတဲ့ ကျောက်တုံးကျောက်ခဲ မှန်သမျှ အကုန်လုံး အမှုန့်တွေ ဖြစ်ကုန်ပါတယ်။
လုံဟောင်ဟာ မျက်လုံးဖွင့်ပြီး လိုဏ်ဂူအပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ တောင်တစ်တောင်စာမျှ ကြီးမားလှတဲ့ ရုပ်သွင်နှစ်ခု တိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်။ ရုပ်သွင်တစ်ခုက ကြေးခွံတွေ ဖုံးလွှမ်းနေတဲ့ လူသန်ကြီးဖြစ်ပြီး ပုဆိန်ကြီးတစ်လက်ကို ကိုင်စွဲထားပါတယ်။ ကျန်ရုပ်သွင်တစ်ခုကတော့ ဂဠုန်ခန္ဓာကိုယ်နဲ့ ကျားခေါင်းရှိတဲ့ ငှက်ကြီးတစ်ကောင် ဖြစ်ပါတယ်။
လုံဟောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီကောင်တွေ ဘာဖြစ်နေတာလဲ၊ စိတ်လွတ်သွားပြီလား”
လုံဟောင်ရဲ့ ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်တစ်ခု ပျံထွက်သွားပါတယ်။ ဒီဝိညာဉ်ကတော့ ဟောင်တျန်ပါ။ ဟောင်တျန်ရဲ့ မျက်နှာဟာ အလွန်တရာမှ လေးနက်နေပါတယ် “အနန္တကပ်ဘေးက ဒီလောက်ထိ မြန်ဆန်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး၊ ကြည့်ရတာ တာအိုပညာရှိတစ်ပါးက သက်ရှိတွေကို သတ်ဖြတ်လို့ အကုသိုလ်ကံတွေက ကောင်းကင်တာအို ခံနိုင်တဲ့ ကန့်သတ်ချက်ကို ရောက်သွားပြီနဲ့ တူတယ်၊ အခုအချိန်မှာ ‌ကောင်းကင်တာအိုရဲ့ ဓမ္မစွမ်းအားနဲ့ အကုသိုလ်ကံတွေက သက်ရှိအားလုံးရဲ့ တာအိုနှလုံးသားကို ကျူးကျော်ပြီး သတ်ဖြတ်လိုစိတ်ကို နိုးဆွပေးနေပြီ၊ ဒါ နောက်ဆုံးအဆင့်ပဲ”
လုံဟောင်ဟာ ခေါင်းကိုက်သွားပါတယ် “ဒါဆိုရင် ကျွန်တော်တို့တွေ ဘယ်လိုလုပ်ကြမလဲ၊ ထပ်ပြီးတော့ ပြဿနာမရှာတာ ပိုကောင်းမယ်ထင်တယ်၊ ကျွန်တော် မသေချင်သေးဘူး”
အရင်တုန်းဟာ လုံဟောင်ဟာ ကောင်းကင်ရုံးတော်ဘက်ကနေ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ နဂါးရုံးတော်က တာအိုပညာရှိရဲ့ ဖိနှိပ်မှုကို အရင်ဆုံးခံရပြီး လုံဟောင်တစ်ယောက်ပဲ လွတ်မြောက်နိုင်ခဲ့ပါတယ်။
လုံဟောင် လွတ်မြောက်တာက စွမ်းလွန်းလို့တော့ မဟုတ်ပါဘူး။ ဟောင်တျန်ကြောင့် တာအိုပညာရှိတွေက လုံဟောင်ကို မသတ်တာပါ။
“အပိုတွေ ပြောမနေတော့နဲ့၊ အခုအချိန်မှာ ငါတို့လုပ်ရမှာက ဘယ်လိုရှင်သန်ရမလဲဆိုတာ နည်းလမ်းရှာဖို့ပဲ၊ တာအိုပညာရှိတွေ ကပ်ဘေးထဲကို ဝင်တဲ့အချိန်ကစပြီး ငါတို့ရဲ့ တွက်ချက်မှုတွေ အကုန်လုံးကို ပျက်ဆီးသွားပြီ၊ ငါတို့မှာ အနိုင်ရဖို့ အခွင့်အရေး တစ်ချက်မှ မရှိတော့ဘူး” ဟောင်တျန်ဟာ ခေါင်းခါလိုက်ပါတယ်။
ဟောင်တျန်ဟာ တစ်ခဏတွေးတောပြီး ဆက်ပြောပါတယ် “အခုအချိန်မှာ အရေးကြီးဆုံးက မင်းရဲ့ တာအိုနှလုံးသားကို တည်ငြိမ်အောင်လုပ်ဖို့ပဲ၊ အကုသိုလ်ကံတွေရဲ့ နှောင့်ယှက်မှုကြောင့် မင်းရဲ့စိတ်ကို မလွတ်စေနဲ့”
လုံဟောင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… တာအိုပညာရှိတွေက တစ်ယောက်လက်အောက်က သက်ရှိတွေကို တစ်ယောက် ရှင်းနေတယ်လို့ ကျွန်တော် ဘာလို့ခံစားနေရတာလဲ၊ သူတို့တွေက ပုံမှန်ပေါ်လာပြီး သူတို့အင်အားစုတွေကို ကာကွယ်တယ်ဆိုတဲ့ နာမည်အောက်မှာ သက်ရှိတွေကို သတ်ဖြတ်နေတယ်၊ သူတို့အချင်းချင်းကြတော့ တိုက်ခိုက်တဲ့ပုံ မရှိဘူး”
“မင်းပြောတာ မှန်တယ်၊ သက်ရှိတွေကို သတ်ဖြတ်တာကို အကုသိုလ်ကံကို ပိုတိုးစေပြီး ကပ်ဘေးကို ရှေ့ပိုရောက်စေတယ်၊ တာအိုပညာရှိတွေလည်း တိုက်ခိုက်ကြမှာပဲ၊ ဒါပေမဲ့ သူတို့က တာအိုပညာရှိတွေဆိုတော့ တစ်ယောက်ကို တစ်ယောက် သတ်နိုင်ကြမှာ မဟုတ်ဘူး၊ သူတို့တွေက ကောင်းကင်ရုံးတော်နဲ့ လူသားမျိုးနွယ်စုရှေ့မှာ သရုပ်ဆောင်နေရုံလောက်ပဲ” ဟောင်တျန်က လေသံအေးနဲ့ ပြောလိုက်ပါတယ်။
ဟောင်တျန်ဟာ အနန္တကပ်ဘေးကို ရင်ဆိုင်ဖူးတဲ့အတွက် ကိစ္စတော်တော်များများကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရပါတယ်။ လုံဟောင်ကတော့ နားမလည်သေးဘဲ ထပ်မေးလိုက်ပါတယ် “တာအိုပညာရှိတွေက ဘာတွေရလို့ ဒီလိုလုပ်ရတာလဲ”
ဟောင်တျန်ဟာ ခေါင်းခါလိုက်ပါတယ် “ငါလည်း မသိဘူး”
ဟောင်တျန်ဟာ အပြင်ဘက်က ကြောက်မက်ဖွယ် တိုက်ပွဲကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ တကယ်တော့ ဟောင်တျန်ဟာ စိတ်ထဲမှာ ခန့်မှန်းထားတာတော့ ရှိပါတော့တယ်။ ဒါပေမဲ့ ထုတ်မပြောရဲပါဘူး။
‘ငါ ထင်တာသာ မှန်မယ်ဆိုရင် ဒီအနန္တကပ်ဘေးက‌ နောက်လာမဲ့ တကယ့်ကပ်ဘေးကြီးရဲ့ အုတ်မြစ် ဖြစ်လောက်တယ်… မဟုတ်မှလွဲရော ဒဏ္ဍာရီထဲက မဟာတာအို အနန္တကပ်ဘေးများလား’ ဟောင်တျန်ဟာ ဒီအတွေးကြောင့် လန့်ဖျပ်သွားပြီး တုန်လှုပ်ချောက်ချားသွားပါတယ်။
နှစ် ၇၀ ကုန်ဆုံးသွားပါတယ်။
ဘယ်သူမှ လာမနှောင့်ယှက်တဲ့အတွက် ဟန်ကျွယ်အတွက်တော့ နှစ် ၇၀ က ၇ ရက်လိုပါပဲ။ ဒါတောင် တာအိုပညာရှိမင်ကျွယ်ကို ဆယ်နှစ်တစ်ကြိမ် ကျိန်စာတိုက်နေရလို့ပါ။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ စုချီနဲ့ ပတ်သက်တဲ့ စာတစ်စောင်ကို လက်ခံရရှိလိုက်ပါတယ်။
[သင့်တပည့် စုချီသည် သင့်ရန်သူ တာအိုပညာရှိမင်ကျွယ်၏ လက်ချက်ဖြင့် ဗုဒ္ဓဂိုဏ်းတွင် ဖိနှိပ်ခံထားရ၏။]
‘ဒီကောင်က အငှားဓားနဲ့ လူသတ်ချင်နေတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ စုချီရဲ့ ကြမ္မာဆိုးနဲ့ဆိုရင် ဗုဒ္ဓဂိုဏ်းပျက်ဆီးဖို့က ၉၉ ရာခိုင်နှုန်း သေချာပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်းထုတ်ယူပြီး တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာစတိုက်ပါတယ်။ ဒါပေမဲ့လည်း ဟန်ကျွယ်ရဲ့ ကျိန်စာက အသုံးမဝင်ပါဘူး။ တာအိုပညာရှိမင်ကျွယ်အတွက် ဟန်ကျွယ် ကျိန်စာက ကလေးကစားစရာအဆင့်ပဲ ရှိပါတယ်။
နောက်ထပ် နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ နောက်ထပ်ရောက်လာတဲ့ စာစောင်ကိုဖတ်ပြီး မျက်နှာပျက်သွားပါတဘ်။
[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် ဗုဒ္ဓဂိုဏ်း၏ ကံတရား အထောက်အပံ့သည် လုံးဝပျက်သုဉ်းသွားခဲ့၏။ ထို့အပြင် ရှန်ဝေဗုဒ္ဓ၏ တာအိုအသီးလည်း လုံးဝကွဲကြေသွားပြီး ဗုဒ္ဓဂိုဏ်းတစ်ခုလုံး အင်မော်တယ်ကမ္ဘာ၌ မတည်ရှိတော့ပေ။]
‘ဗုဒ္ဓဂိုဏ်းက ပျက်သွားပြီလား… စုချီက ဒီလောက်တောင် စွမ်းအားကြီးနေပြီလား’
‘မဟုတ်သေးဘူး… ဒါ တာအိုပညာရှိမင်ကျွယ်ရဲ့ လက်ချက်ပဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စုချီက ချုံရှီလိုင်က လုံးဝရန်စမိလိုက်လို့ပါပဲ။ ဗုဒ္ဓဂိုဏ်းပျက်သွားတာက ချုံရှီလိုင်ကို တော်တော်လေး ထိခိုက်စေမှာပါ။ ဒီအတွက် ချုံရှီလိုင် ဘာပြန်လုပ်မလဲဆိုတာ ပြောရခက်ပါတယ်။ ဟန်ကျွယ်ဟာ စုချီအတွက် စိုးရိမ်သွားပါတယ်။
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
‘အရင်အတိုင်း လုပ်ပြန်ပြီ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset