Switch Mode

Chapter – 447

အခန်း (၄၄၇) မဟာတာအို နတ်စိတ်ဝိညာဉ်၏ ကာကွယ်မှု၊ နှစ်တစ်ထောင်
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
သက်တမ်း ၁.၅ ထရီလီယံ လျော့ကျသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စပြီးတော့ ရီဝေဝေ ဖြစ်လာတဲ့အတွက် ကျိန်စာတိုက်တာကို ရပ်လိုက်ပါတယ်။ တာအိုပညာရှိမင်ကျွယ်က ဟန်ကျွယ်ကို ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့အတွက် လူမှုဆက်ဆံရေးထဲမှာ မရှိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ တာအိုပညာရှိမင်ကျွယ်ရဲ့ အခြေအနေက ကောင်းလားဆိုးလား ဆိုတာကိုတော့ မပြောတက်ပါဘူး။
‘ငါ တာအိုပညာရှိမင်ကျွယ်ရဲ့ အိပ်မက်ထဲကို သွားလည်ရင် ကောင်းမယ်’ ဟန်ကျွယ်ဟာ သူ့အတွေးကို အကောင်အထည် မဖော်ခင် အန္တရာယ်ရှိမရှိ စနစ်ကို အရင်ဆုံး မေးမြန်းပါတယ် “ငါ တာအိုပညာရှိမင်ကျွယ်ရဲ့ အိပ်မက်ထဲကို သွားလည်ရင် သူက ငါ့ရဲ့ သရုပ်မှန်ကို ထိုးဖောက်မြင်နိုင်မှာလား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အမှောင်ထုရဲ့ အိပ်မက်ဆိုးသည် မဟာတာအို ဆန်းကြယ်စွမ်းအား ဖြစ်သောကြောင့် သင်မှလွဲ၍ မည်သူမျှ မဖော်ထုတ်နိုင်ပါ။ ကောင်းကင်တာအိုပညာရှိသည် အိပ်မက်နယ်မြေ၌ သင့်အား ထိုးဖောက်မမြင်နိုင်ပါ။]
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး တာအိုပညာရှိမင်ကျွယ်ရဲ့ အိပ်မက်ထဲကို သွားလည်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ အိပ်မက်နယ်မြေထဲ ရောက်သွားပါတယ်။ ဒီတစ်ခါ အိပ်မက်နယ်မြေကတော့ ဟန်ကျွယ် တွက်ချက်မိထားတဲ့ အနာဂတ်မြင်ကွင်းတစ်ခုဖြစ်တဲ့ ကောင်းကင်တစ်ပြင်လုံး သဲတွေပြည့်နှက်ပြီး မြေပြင်တစ်ခုလုံး သဲကန္တာရဖြစ်နေတာပါ။
တရားထိုင်နေတဲ့ တာအိုပညာရှိမင်ကျွယ်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်ပြီး သူ့ရှေ့က ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးအဖြစ် ပြောင်းလဲထားပြီးပါပြီ။
အမှောင်သခင်ကြီးကို မြင်လိုက်ရတဲ့အတွက် တာအိုပညာရှိမင်ကျွယ်ဟာ အံဩတုန်လှုပ်ခြင်းမရှိဘဲ ချီးကျူးလိုက်ပါတယ် “ဒီဆန်းကြယ်စွမ်းအားက အထင်ကြီးဖို့ ကောင်းတာပဲ၊ ငါ့ကိုတောင် အိပ်မက်ထဲ အတင်းဆွဲထည့်နိုင်တယ်၊ ဒီဟာက ငါ့ကို ပိတ်မထားနိုင်ဘူးဆိုပေမဲ့ ဒီအထဲက ကံတရားနဲ့ ကံကြမ္မာကို တွက်ချက်လို့မရသလို မင်းကိုလည်း ထိုးဖောက်မမြင်နိုင်ဘူး”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ခင်ဗျားက ကပ်ဘေးကို နောက်ကနေ တွန်းနေတာပဲ၊ သက်ရှိအားလုံးကို ဖျက်ဆီးချင်တာက ခင်ဗျားပဲ”
တာအိုပညာရှိမင်ကျွယ်ဟာ ဟန်ကျွယ်စကားကြောင့် မျက်နှာတစ်ချက် မပျက်ပါဘူး “ဘာဖြစ်လို့ ငါ ဖြစ်ရတာလဲ”
“ဗုဒ္ဓဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ ရှိသေးတယ်၊ ဒါကြောင့် တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို ခင်ဗျားပဲသုံးမှာ၊ ဒီကပ်ဘေးရဲ့ အနာဂတ်ရလဒ်က တစ်ယောက်ယောက် တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုပြီး သက်ရှိအားလုံးကို ရှင်းလင်းတာပဲ၊ ခင်ဗျားရဲ့ တကယ့်ရည်ရွယ်ချက်က တာအိုဘိုးဘေးနေရာကို အစားဝင်ယူချင်တာမလား၊ ခင်ဗျားက တာအိုဘိုးဘေး မျက်နှာသာပေးတဲ့ လူသားတွေနဲ့ အင်မော်တယ် နတ်ဘုရားတွေကို အရင်ဆုံးဖျက်ဆီးပြီး မျိုးနွယ်စုအသစ်ကို ဖန်တီးမှာ”
ဟန်ကျွယ်ဟာ အကုန်လုံးကို သိသလိုမျိုး သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။ စုချီအကြောင်းကိုတော့ တစ်စွန်းတစ်စတောင် ထည့်မပြောပါဘူး။
တာအိုပညာရှိမင်ကျွယ်က ပြောလိုက်ပါတယ် “မကြာသေးခင်က တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို နှစ်ယောက် တတ်သွားတယ်၊ မင်းက ငါပါလို့ ဘာလို့ အတပ်ပြောနိုင်ရတာလဲ၊ မင်းပြောသလိုသာဆိုရင် ငါက ဘာကိစ္စနဲ့ အင်မော်တယ်ကမ္ဘာမှာ တာအိုဟောကြားနေမှာလဲ”
“တာအိုဘိုးဘေးက နေရာတိုင်းမှာရှိတယ်၊ အရာအားလုံးက တာအိုဘိုးဘေးရဲ့ မျက်လုံးထဲကနေ မလွတ်ဘူး၊ ခင်ဗျား အသက်ရှင်ချင်ရင် လိမ်လိမ်မာမာ နေသင့်တယ်”
‘ဒီကောင် ဘာဖြစ်လို့ ငါ့ကို မမုန်းသေးတာလဲ၊ ငါ့သရုပ်မှန် ပေါ်လာတာကို စောင့်နေတာလား’
တာအိုပညာရှိမင်ကျွယ်ဟာ ဘာမှပြန်မပြောဘဲ ပြုံးလိုက်ပါတယ်။
“ခင်ဗျား ဒီလိုသာ ဆက်လုပ်မယ်ဆိုရင်တော့ ကျုပ်ရဲ့ ရန်သူ ဖြစ်လာမှာပဲ” ဟန်ကျွယ်ဟာ စိတ်ထဲမှာ တုန်လှုပ်နေပေမဲ့ အပေါ်ယံမှာတော့ မျက်နှာတစ်ချက် ပျက်မသွားပါဘူး။ ဟန်ကျွယ်ဟာ တာအိုပညာရှိက သူ့ကို တွက်ချက်လို့မရဘူးဆိုတာ သိပေမဲ့ နည်းနည်းတော့ ကြောက်နေတုန်းပါပဲ။
“မင်းက ငါ့ကို ဒေါသထွက်အောင် လုပ်နေတာလား” တာအိုပညာရှိမင်ကျွယ်က ဟန်ကျွယ်ကို မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘တာအိုပညာရှိလို့ မပြောရဘူးပဲ’
[တာအိုပညာရှိမင်ကျွယ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
“ဒါဆို ငါကလည်း စောင့်ကြည့်တာပေါ့၊ မင်းရဲ့ ဒီကျိန်စာလောက်ကိုတော့ ငါက မဖြုံဘူး” တာအိုပညာရှိမင်ကျွယ်က ခနဲ့တဲ့တဲ့ ပြောလိုက်ပါတယ်။
“လူတွေ ဘာလုပ်တယ်ဆိုတာကို ကောင်းကင်က သိတယ်၊ မဟုတ်တာလုပ်ရင် ဒုက္ခရောက်မှာ သဘာဝပဲ၊ တာအိုပညာရှိတွေက သက်ရှိအားလုံးကို အုပ်ချုပ်နိုင်တယ်ဆိုပေမဲ့ သူတို့လည်း လူတွေပဲ”
တာအိုပညာရှိမင်ကျွယ်ဟာ အမှောင်သခင်ကြီးကို ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ စိုက်ကြည့်နေပေမဲ့ စိတ်ထဲမှာတော့ အတွေးများသွားပါတယ် ‘ဒီအမှောင်သခင်ကြီးက ဘာပြောချင်တာလဲ’
တာအိုပညာရှိမင်ကျွယ်ဟာ အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာကို စပြီးတော့ တွက်ချက်ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ရေပေါ်အရုပ်ရေးသလိုပါပဲ။
ဟန်ကျွယ် အိပ်မက်ကို အဆုံးသတ်ခါနီးမှတော့ တာအိုပညာရှိမင်ကျွယ်က ရုတ်တရက် ပြောလိုက်ပါတယ် “ကပ်ဘေးက ပြီးခါနီးပြီ၊ မင်းမှာ အချိန်သိပ်မရှိတော့ဘူး”
ဒီစကားကြောင့် ဟန်ကျွယ်ဟာ ပဟေဠိ ဖြစ်သွားပါတယ် ‘ဒါ ငါ့ကို စစ်ကြော်ငြာတာလား ဒါမှမဟုတ် သတိပေးတာလား’ အဲဒီနောက် အိပ်မက်တစ်ခုလုံး ကွဲကြေပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်သွားပါတယ်။
ဘာပဲဖြစ်ဖြစ် တာအိုပညာရှိမင်ကျွယ်က စုချီကို နယ်ရုပ်အဖြစ် အသုံးချနေတဲ့အတွက် ဟန်ကျွယ်က အလွတ်ပေးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ကိုယ်တိုင်လည်း တာအိုပညာရှိ ဖြစ်တော့မှာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကိုဖွင့်ပြီး တာအိုပညာရှိမင်ကျွယ်ရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။
[တာအိုပညာရှိမင်ကျွယ်: ကျင့်ကြံမှုမသိ၊ ကောင်းကင်တာအိုပညာရှိ၊ ရှန်တျန်သက်ရှိ၊ အနန္တဧကရာဇ်။ တာအိုပညာရှိမင်ကျွယ်သည် သင့်အား အနန္တကပ်ဘေး နောက်ကွယ်မှ ကြိုးကိုင်သူဟု သံသယဝင်ပြီး မုန်းတီးသွား၏။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
‘ဟင်… သူက ငါ့ကို သံသယဝင်တာလား၊ သူက နောက်ကွယ်ကလူ မဟုတ်ဘူးလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီအချိန်မှာပဲ အသိပေးချက်တစ်ခု ရောက်လာပါတယ်။
[တာအိုပညာရှိမင်ကျွယ်သည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
‘ထပ်တိုးပြန်ပြီလား… ကြည့်ရတာ ဒီကောင်က ငါလုပ်ထားတဲ့ အကြံအစည်တွေဆိုပြီး စိတ်ကူးယဉ်နေတယ်နဲ့ တူတယ်’
ဟန်ကျွယ်ဟာ တာအိုပညာရှိမင်ကျွယ်ရဲ့ ကပ်ဘေးပြီးဆုံးခါနီးပြီဆိုတဲ့ စကားကြောင့် မနေနိုင်ဘဲ စနစ်ကို မေးလိုက်ပါတယ် “ကပ်ဘေးပြီးဆုံးဖို့ ဘယ်လောက်လိုသေးလဲ”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား’
ဒါပေမဲ့ ဒီပမာဏက ကျိန်စာတိုက်တာနဲ့ ယှဉ်ရင်တောင် ဘာမှမရှိပါဘူး။
ဆက်တွက်မယ်။
ဘာလိုလိုနဲ့ ဟန်ကျွယ်ဟာ သက်တမ်း ၁၀ ဘီလီယံကိုတောင် ဂရုမစိုက်တော့ပါဘူး။ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဘဝမြင့်လာတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရတာကလည်း ဟန်ကျွယ်ရဲ့ အစွမ်းထက်မှုကြောင့် မဟုတ်ပါလား။
[ကောင်းကင်တာအို၏ အကုသိုလ်ကံများအရ အများဆုံး နှစ်တစ်ထောင်ကြာမည်။ ထိုသို့မဟုတ်လျှင် ကောင်းကင်တာအို ပြိုလဲလိမ့်မည်။]
‘နှစ်တစ်ထောင်… မြန်လှချည်လား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်တစ်ထောင်တည်းနဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်ဖို့က မလွယ်လို့ပါ။ ဒီလိုဆိုရင် တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာနဲ့ သတ်ဖို့က မဖြစ်နိုင်တော့ပါဘူး။
‘ဘာဖြစ်လို့ ဒီလောက်တောင် မြန်ရတာလဲ၊ တာအိုပညာရှိတွေ ကပ်ဘေးထဲ ဝင်ပါလာလို့လား’ ဟန်ကျွယ်ဟာ ဒီအကြောင်းပြချက်က ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးပါတယ်။
[သင့်မိတ်ဆွေ ကျိုးဖန်သည် သူ့ကံတရား အထောက်အပံ့ကို ယဇ်ပူဇော်ပြီး ကောင်းကင်တာအိုထံမှ အသိဉာဏ်ပွင့်လင်းမှုကို ရရှိကာ ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် ကောင်းကင်တာအိုပညာရှိ၏ ဖိနှိပ်မှုကို ခံရပြီး သေဆုံးသွား၏။]
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် ကောင်းကင်တာအိုပညာရှိတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် ကောင်းကင်ရုံးတော်နှင့် လူသားမျိုးနွယ်စု၏ ကံတရား အထောက်အပံ့သည် လျော့ကျသွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် သင့်တပည့် လုံဟောင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်ရုံးတော်၏ ကံတရား အထောက်အပံ့ကို အသုံးပြုပြီး ကောင်းကင်တာအိုပညာရှိအား ခုခံခဲ့သော်လည်း နောက်ဆုံး၌ ဖိနှိပ်ခံရပြီး ဝိညာဉ်သာ ကျန်ရှိတော့၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ကယ်တင်မှုကြောင့် ပြန်လည်ရှင်သန်လာ၏။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် အကုသိုလ်ကံများကြောင့် ပို၍ သတ်ဖြတ်လိုစိတ် များလာ၏။]
‘ကျိုးဖန်က တာအိုပညာရှိလက်ချက်နဲ့ သေပြီးမှ ပြန်ရှင်လာတာလား… ခုနစ်ပါးတာအိုပညာရှိရဲ့ ဓမ္မကိုယ်ပွားလို့ မပြောရဘူး’
ခုနစ်ပါးတာအိုပညာရှိက ဘိုးဘေးရှီတျန်နဲ့ တစ်ဆင့်တည်း ဖြစ်တဲ့အတွက် သူ့လှုပ်ရှားမှုကို ကောင်းကင်တာအိုပညာရှိတွေ သတိထားမိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘိုးဘေးရှီတျန်က ကောင်းကင်တာအိုကို မျက်ကွယ်ပြုထားပေမဲ့ ခုနစ်ပါးတာအိုပညာရှိက ကျိုးဖန်ကို အမြဲတမ်း ကူညီနေတာ ထူးတော့ ထူးဆန်းပါတယ်။ ရည်ရွယ်ချက်တစ်ခုခုကတော့ ကျိန်းသေပေါက် ရှိနေမှာပါ။
ဟန်ကျွယ်ဟာ ဒီအနန္တကပ်ဘေးက ပိုပိုရှုပ်လာတယ်လို့ ခံစားလိုက်ရပါတယ် ‘ငါ အပြင်ထွက်လို့ မဖြစ်ဘူး၊ ဒီကနေပဲ ကျိန်စာတိုက်မယ်၊ မပြောင်းလဲနိုင်ရင်လည်း ဒီအတိုင်း ထားလိုက်တော့မယ်၊ သူတို့ထိုက်နဲ့ သူတို့ကံပဲ’
ဟန်ကျွယ်ဟာ ကျိုးဖန်လိုမျိုး မဟာတာအို နတ်စိတ်ဝိညာဉ်ရဲ့ ကာကွယ်မှုမရှိတဲ့အတွက် တာအိုပညာရှိတွေ သောင်းကျန်းနေတဲ့ အင်မော်တယ်ကမ္ဘာကို သွားရင် သေဆုံးဖို့က ၉၉.၉၉၉ ရာခိုင်နှုန်း သေချာပါတယ်။
ဟန်ကျွယ်ဟာ အပြင်မထွက်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီး အနန္တကပ်ဘေးမှာ ရှင်သန်ဖို့ပဲ စီစဉ်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို အကြံတစ်ခု ရသွားပါတယ် ‘ငါ ဒီစနစ်ရဲ့ ရင်းမြစ်နဲ့ ငါ့နောက်ခံကို တွက်ကြည့်ရင်ကောင်းမယ်’
ဟန်ကျွယ်ဟာ သူ့အကြံအတိုင်း တွက်ချက်ကြည့်တဲ့အခါ ဟန်ကျွယ်ရဲ့ ကိုယ်ရေးအကျဉ်းကြီး ပေါ်လာပါတယ်။ ဟန်ကျွယ်လည်း သူ့ကိုယ်ရေးအကျဉ်းကို ကြည့်ပြီး ပြောစရာစကား မရှိတော့ပါဘူး။
ကျင့်ကြံမှုက အဆုံးမဲ့ဖြစ်တဲ့အတွက် အိပ်မက်တစ်ခုတောင် နှစ်တစ်ထောင် ကြာနိုင်ပါတယ်။
နောက်ထပ် နှစ် ၅၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ထုံးစံတိုင်း တာအိုပညာရှိမင်ကျွယ်ကို ဆယ်နှစ်တစ်ကြိမ် ကျိန်စာတိုက်ပေမဲ့ အကျိုးသက်ရောက်မှုကတော့ သိပ်မရှိပါဘူး။
ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ စာစောင်တွေကို ဂရုတစိုက် စောင်ကြည့်သလို တာအိုပညာရှိတွေရဲ့ အခြေအနေကိုလည်း မကြာခဏ စစ်ဆေးလေ့ရှိပါတယ်။
ကျိုးဖန်၊ ဂျိရှင်းရှန်၊ ဖန်းလျန်၊ သွမ့်ဟုန်ချန်၊ ကောင်းကင်ဧကရာဇ်၊ ပန်ရှင်းနဲ့ တခြားကပ်ဘေးသခင်တွေလည်း ပိုပိုလှုပ်ရှားလာတာကြောင့် ကောင်းကင်တာအို အနန္တကပ်ဘေးဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး ကမ္ဘာပျက်လုနီး တိုက်ပွဲကြီးဆီ ဦးတည်လာပါတယ်။
ဒီနေ့မှာတော့ ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်ဆီ လာလည်ပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ရောက်တာနဲ့ ကျောက်ရွှမ်ယွမ်ဟာ သူ့ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောပါတယ်
“ဆရာသခင် ဒီအတောအတွင်း ကျွန်တော် စိတ်အရမ်း လေးနေတယ်၊ ကိစ္စကြီးတစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရတယ်၊ အဲဒါကြောင့် ကျွန်တော် အေးအေးဆေးဆေး ကျင့်ကြံလို့မရဘူး” ကျောက်ရွှမ်ယွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်က အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်ပါတယ် “ကပ်ဘေးက ပြီးခါနီးပြီ၊ လူသားမျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့က မင်းရဲ့စိတ်ကို သက်ရောက်နေတာ”
ကျောက်ရွှမ်ယွမ်ဟာ နှလုံးလှုပ်သွားပါတယ် “မြန်လှချည်လား၊ ဒီလိုဆို တိုက်ပွဲကြီး ဖြစ်တော့မှာပေါ့၊ လူသားတွေရဲ့ ကံကြမ္မာက တွက်ချက်ကြည့်လို့ရလား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset