Switch Mode

Chapter – 445

အခန်း (၄၄၅) တာအိုအရှင်သခင် တိတ်ဆိတ်ဂိုဏ်းထဲဝင်ခြင်း၊ တိတ်ဆိတ်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်
‘ငါက ကောင်းကင်တာအို အနန္တကပ်ဘေးကို လေးငါးခြောက်ကြိမ် ပြောင်းလဲလိုက်လို့ ဘိုးဘေးရှီတျန်က မျက်နှာသာပေးမှု တိုးလာတယ်…’
‘ငါ အမှောင်သခင်ကြီးဆိုတာကို ဘိုးဘေးရှီတျန်က သိနေတာများလား’
ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပြီး စနစ်ကို ချက်ချင်းမေးလိုက်ပါတယ် “ဘိုးဘေးရှီတျန်က ငါ အမှောင်သခင်ကြီးဆိုတာကို သိလား”
[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဘီလီယံ ၁၀၀ တောင်လား’ ဟန်ကျွယ်ဟာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုပညာရှိကို တွက်ချက်ဖို့က ၃ ဘီလီယံပဲ ကုန်လို့ပါ။ ကောင်းကင်တာအိုပညာရှိနဲ့ ဘိုးဘေးရှီတျန်ရဲ့ ကွာခြားချက်က မိုးနဲ့မြေလိုပါပဲ။
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ အံကြိတ်ပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်တဲ့အခါ သူ့ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ဘိုးဘေးရှီတျန်သည် ကောင်းကင်တာအို၏ ကမ္ဘာများကို ဂရုမစိုက်သဖြင့် အမှောင်သခင်ကြီးအကြောင်း မသိပါ။]
ဟန်ကျွယ်ရဲ့ ရင်ထဲကအလုံးကြီး ကျသွားပါတယ်။ စနစ်ရဲ့ အဖြေအရဆိုရင် ဘိုးဘေးရှီတျန်က ကောင်းကင်တာအို အနန္တကပ်ဘေးရဲ့ ပြောင်းလဲမှု သဲလွန်စကို ဖမ်းမိရုံလောက်ပါပဲ။ သေချာ အတိအကျမသိတာ သေချာပါတယ်။ ဟန်ကျွယ် ကံကောင်းတာတစ်ခုက ဘိုးဘေးရှီတျန်က သူ့အပေါ် မျက်နှာသာပေးမှု ရှိနေတာပါ။
သေချာပြန်တွေးကြည့်မယ်ဆိုရင် ဟန်ကျွယ် ပြောင်းလဲခဲ့တဲ့ အနန္တကပ်ဘေး ရလဒ်တိုင်းက ကြေကွဲဝမ်းနည်းဖွယ် အဆုံးသတ်ချည်းပါပဲ။ အနန္တကပ်ဘေးကို အနိုင်ရသူ အကုန်လုံးကလည်း လောကကြီး ဖျက်ဆီးကြပါတယ်။ ဒီလိုအဖြစ်ဆိုးတွေကို ကာကွယ်ခဲ့တဲ့ ဟန်ကျွယ်က လောကကြီးရဲ့ ကယ်တင်ရှိလို့ ခေါ်ဝေါ်ရင်တောင် ခေါ်ဝေါ်ထိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဒီအတွေးကြောင့် ဘာဖိအားမှ မရှိပါဘူး။ တာအိုဖြတ်ကျော်ဆရာကြီးလိုမျိုး ဘိုးဘေးရှီတျန်က ကောင်းကင်တာအိုကိစ္စမှာ အချိန်ကုန်ခံပြီး ဝင်နှောင့်ယှက်မှာ မဟုတ်ပါဘူး။ မဟုတ်ရင် ရက်စက်ယုတ်မာတဲ့ မကောင်းဆိုးဝါးတွေ သေသွားတာ ကြာလှပါပြီ။
‘တာအိုဖြစ်ကျော် ဆရာကြီးဆိုတာက ဘယ်လိုတည်ရှိမှုမျိုးပါလိမ့်’ ဘိုးဘေးရှီတျန် မျက်လုံးထဲက လောကကြီးဟာ ဘယ်လိုမျိုးလဲဆိုတာကို ဟန်ကျွယ် စိတ်တောင် မကူးရဲပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ သက်တမ်း ၉၀၀ ဘီလီယံသုံးပြီး တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ခဲ့ပေမဲ့ အရာမရောက်ပါဘူး။ ဒီလိုဖြစ်ရတာက မကွယ်မဝှက်တမ်း ပြောရရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက နိမ့်ပါးပြီး ကြမ္မာဆိုးစာအုပ်က အဆင့်နိမ့်လို့ပါပဲ။
ရာသီစက်ဝန်းဟာ ပုံမှန် လည်ပတ်လို့ နေပါတယ်။
အင်မော်တယ်ကမ္ဘာရဲ့ တိုက်ပွဲဟာ ပိုပိုပြင်းထန်လာပြီး နေရာတကာမှာ အလောင်းတောင်လိုပုံကာ ဘယ်နေရာကြည့်ကြည့် သွေးအိုင်ထွန်းနေတာချည်းပါပဲ။ အပေါ်ယံကြည့်ရင် လူသားတွေနဲ့ ကောင်းကင်ရုံးတော်ရဲ့ တိုက်ပွဲဆိုပေမဲ့ နောက်ကွယ်မှာတော့ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေ၊ ဂိုဏ်းတွေ၊ ကံတရား အထောက်အပံ့ဂိုဏ်းတွေနဲ့ အဂ္ဂပြည်တွေ ပါဝင်ပတ်သက်နေပါတယ်။
ဒီအတောအတွင်း ကောင်းကင်ရုံးတော်မှာ ကြမ္မာဆိုးနတ် ပေါ်လာပါတယ်။ ကြမ္မာဆိုးနတ် ဖြတ်သွားတဲ့ နေရာတိုင်းက ကံဆိုးမိုးမှောင်ကျတာချည်းပါပဲ။ ကောင်းကင်ဘေးဒုက္ခနဲ့ အတွင်းနတ်ဆိုးကို အလွန်အကျွံ ဖြစ်ပေါ်စေတာမို့ ကြမ္မာဆိုးနတ် ပေါ်လာတိုင်း အထိအခိုက် အကျအဆုံး များတာချည်းပါပဲ။ ကြမ္မာဆိုးနတ်ရဲ့ အကြောင်းအရာ ပျံ့နှံ့သွားတဲ့အခါ သက်ရှိအားလုံး တုန်လှုပ် ချောက်ချားသွားကြပါတယ်။
ဒီကြမ္မာဆိုးနတ်ကတော့ တခြားသူမဟုတ်ပါဘူး။ စုချီပါ။
စုချီကြောင့် ကောင်းကင်ရုံးတော်ဟာ နိုင်ပွဲဆက်တိုက်ရပြီး လူသားမျိုးနွယ်စုကို အကြပ်ရိုက်သွားစေပါတယ်။
လူသားမျိုးနွယ်စုရဲ့ တာအိုပညာရှိဖူရှီဟာလည်း လျှို့ဝှက်ဆန်းကြယ် တာအိုပညာရှိတစ်ပါးရဲ့ ဟန့်တားမှုကြောင့် အဲဒီတာအိုပညာရှိနဲ့ ဟင်းလင်းပြင်မှာ တိုက်ခိုက်နေဆဲ ဖြစ်တာကြောင့် အခုထိ လူသားမျိုးနွယ်စုကို ပြန်မရောက်သေးပါဘူး။ ဒီလိုအခြေအနေတွေကြောင့် လူသားမျိုးနွယ်စုဟာ သူရဲကောင်းတစ်ဦး လိုပါတယ်။
နောက်ဆုံးမှာတော့ အများမျှော်လင့်ထားတဲ့အတိုင်း သူရဲကောင်းတစ်ဦး ထွက်ပေါ်လာပါတယ်။
ဒီသူရဲကောင်းကတော့ မသေနိုင်တဲ့ ကျိုးဖန်ပါ။
ကျိုးဖန်ဟာ စုချီရဲ့ ကြမ္မာဆိုးကို မကြောက်တာကြောင့် စုချီနဲ့ ပေါ်တင်ယှဉ်တိုက်နိုင်တဲ့ တစ်ခုတည်းသော တည်ရှိမှုပါ။ ကျိုးဖန်က စုချီကို ထိန်းသိမ်းထားတာကြောင့် လူသားမျိုးနွယ်စုရဲ့ ရှေ့တန်း အခြေအနေဟာ တော်တော်လေး ဖိအားလျော့ကျသွားပါတယ်။
ဒီလိုနဲ့ နှစ် ၅၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို ထိုးဖောက်ဖို့ အလွန်တရာမှ နီးကပ်လာပါပြီ။ အရပ်စကားနဲ့ ပြောရရင် ပါးပါးလေးပဲ လိုပါတော့တယ်။ နောက်ထယ် ၁၀ နှစ်အတွင်းမှာ ဟန်ကျွယ်ဟာ အဆင့်တက်နိုင်တော့မှာပါ။
ဒီနေ့မှာတော့ တာအိုအရှင်သခင်က ဟန်ကျွယ်ကို ပဋိပက္ခနယ်မြေဆီ ဆင့်ခေါ်ပါတယ်။ ဟန်ကျွယ်လည်း တာအိုအရှင်သခင်ကို သွားတွေ့တဲ့အခါ တာအိုအရှင်သခင်က သူ့ကတိကို ဖြည့်ဆည်းလိုကြောင်း ပြောလာပါတယ်။
ဒါကြောင့် ဟန်ကျွယ်လည်း သက်တမ်း သန်း ၁၀၀ သုံးပြီး တွက်ချက်ကြည့်တဲ့အခါ တာအိုအရှင်သခင်ရဲ့ နောက်ကွယ်မှာ ဘယ်သူမှ ကြိုးကိုင်မနေဘူးဆိုတာကို သိလိုက်ရပါတယ်။ တာအိုအရှင်သခင်ရဲ့ အရည်အချင်းက အလွန်တရာမှ ထက်မြက်တာပါ။ ဘယ်လောက်တောင် ထက်မြက်လဲဆိုရင် ကောင်းကင်တာအိုအောက်မှာ နံပါတ်တစ်လို့တောင် ပြောလို့ရပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း ငါ့ဂိုဏ်းထဲဝင်ရင် အပြင်ထွက်ဖို့ စိတ်ကူးထဲတောင် မထည့်နဲ့၊ ငါနဲ့အတူတူ ဂူအောင်းကျင့်ကြံရမှာနော်”
တာအိုအရှင်သခင်က အေးအေးဆေးဆေးပါပဲ “ငါ နားလည်ပါတယ်”
“မင်း ငါ့ဂိုဏ်းထဲဝင်ရင် ဘယ်လိုနေရာမျိုး လိုချင်လဲ၊ ငါ့တပည့်လုပ်မလား”
“ဘာ… မင်းက ငါ့ကို စော်ကားတာလား”
တာအိုအရှင်သခင်ဟာ ဒေါသထွက်သွားပါတယ်။ တာအိုအရှင်သခင်ဟာ ဟန်ကျွယ်ကို ညီအစ်ကိုလိုပဲ သဘောထားတာပါ။ ဘယ်တုန်းကမှ ဆရာတင်ဖို့ စိတ်မကူးခဲ့ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါဆို မင်းက ငါနဲ့ လက်ရည်စမ်းချင်တာလား”
တာအိုအရှင်သခင်ဟာ မျက်နှာတစ်ချက် မဲ့လိုက်ပါတယ် “အင်း ဟုတ်တယ်”
“ကောင်းပြီ၊ ငါ မင်းကို ဆန်းကြယ်စွမ်းအားတစ်မျိုး အရင်ဆုံး သင်ပေးမယ်၊ မင်းတက်တာနဲ့ ငါ့ကို ဆင့်ခေါ်လိုက်၊ ငါ မင်းကို လာခေါ်မယ်”
“အင်း”
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်က ဖိတ်ခေါ်ပညာရပ် အသုံးပြုပြီး ဆင့်ခေါ်နေတာကို ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ချက်ချင်းမသွားဘဲ အန္တရာယ်ရှိမရှိ တွက်ချက်ပါတယ်။ အန္တရာယ်မရှိတာ သေချာမှ တာအိုအရှင်သခင်ကို သွားခေါ်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ရှေ့ကို ရောက်တာနဲ့ စကားတစ်လုံးမှ မပြောဘဲ လက်ဝှေ့ယမ်းပြီး ကြယ်ပင်လယ်ထဲ ပို့လိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို ကြယ်ပင်လယ်ထဲကနေ ထုတ်ပေးလိုက်ပါတယ်။
တာအိုအရှင်သခင်ဟာ မြေကြီးပေါ် ရောက်ရောက်ချင်း ဟန်ကျွယ်ကို အရင်ဆုံးကြည့်မိပြီး ကြက်သေသေသွားပါတယ် ‘တော်တော်ချောတာပဲ’
တာအိုအရှင်သခင်ကလည်း ကြည့်ကောင်းပါတယ်။ ပြောရမယ်ဆိုရင် ပါရမီရှင်တိုင်းက ရုပ်ချောကြတာချည်းပါပဲ။ ကျင့်ကြံခြင်းမြင့်လာတာနဲ့အမျှ ရုပ်ရည်ကို ပြောင်းလဲဖို့က ဘာမှမခက်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်လို ရုပ်ရည်မျိုး ရဖို့ကတော့ စွမ်းအားနဲ့ လုပ်ယူလို့မရပါဘူး။
တာအိုအရှင်သခင်ဟာ မျက်ခုံးပင့်တက်သွားပြီး မေးလိုက်ပါတယ် “ငါတို့တွေ တိုက်ကြမလား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ့မှာ အစစ်အမှန်ကို မထိခိုက်နိုင်တဲ့ ဆန်းကြယ်စွမ်းအားတစ်မျိုး ရှိတယ်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို အသွင်တူလက်ရည်စမ်းပွဲထဲ ဆွဲထည့်ပြီး တိုက်ခိုက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ရောက်တာနဲ့ အချိန်မဆိုင်းဘဲ ကောင်းကင်နက္ခ နတ်ဘီလူး ဓမ္မရုပ်တုကို ထုတ်ဖောက်ပြီး တာအိုအရှင်သခင်ကို သတ်ပစ်လိုက်ပါတယ်။ တာအိုအရှင်သခင်ဟာ ဒီရှုံးနိမ့်မှုကို လက်မခံနိုင်တဲ့အတွက် နောက်တစ်ကြိမ် ထပ်ပြိုင်ပါတယ်။
ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို အစွမ်းကုန်ထုတ်တိုက်ခိုက်ပြီးမှ လက်သီးတစ်ချက်နဲ့ သတ်ပေးလိုက်ပါတယ်။ ဒီအဖြစ်ကြောင့် တာအိုအရှင်သခင်ဟာ စိတ်ဓာတ်ကျသွားပါတယ်။
အစစ်အမှန်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ဘယ်လိုလဲ၊ ငါ့တပည့် လုပ်မှာလား”
တာအိုအရှင်သခင်ဟာ တိတ်ဆိတ်သွားပြီး အတန်ကြာမှ မေးလိုက်ပါတယ် “ကျောက်ရွှမ်ယွမ်ကရော… သူလည်း မင်းတပည့် ဖြစ်နေပြီလား”
“အင်း”
“မဖြစ်နိုင်ဘူး၊ ငါ အခု မင်းတပည့်လုပ်ရင် ကျောက်ရွှမ်ယွမ်ထက်တောင် ဝါငယ်သွားမှာပေါ့”
“အကုန်လုံးက အစီအစဉ်တကျ ဖြစ်ဖို့လိုတယ်၊ ကျောက်ရွှမ်ယွမ်က မင်းရဲ့ဂိုဏ်းတူအစ်ကို ဖြစ်လာရင် သူက မင်းကို ဂရုစိုက်ပေးလိမ့်မယ်၊ ဒီလိုပဲ မင်းကလည်း သူရဲ့ဂိုဏ်းတူညီ ဖြစ်သွားရင် ကျောက်ရွှမ်ယွမ်ကို ကြိုးကြိုးစားစား ကျင့်ကြံဖို့ လှုံဆော်ပေးလိမ့်မယ်၊ ဒါက နှစ်ဖက်စလုံး အဆင်ပြေတဲ့ အခြေအနေပဲ” ဟန်ကျွယ်က လေသံအေးနဲ့ ရှင်းပြပါတယ်။
တာအိုအရှင်သခင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ စကားက ကျိုးကြောင်ဆီလျော်သလို ရှိပေမဲ့ တာအိုအရှင်သခင်ရဲ့ နားထဲမှာတော့ ဘယ်လိုမှ ယုတ္တိမရှိပါဘူး။
ဟန်ကျွယ်ဟာ တာအိုအရှင်သခင် လက်မခံနိုင်မှန်း သိတာကြောင့် ဆက်ဖျောင်းဖျပါတယ် “မင်းရဲ့ အဆင့်အတန်းကို အဲဒီလောက်တောင် အလေးထားနေရင် မင်းရဲ့ တာအိုနှလုံးသားကို သန့်စင်တယ်လို့ ပြောလို့မရဘူး၊ ကျင့်ကြံမှုနဲ့ အဆင့်အတန်း ဘယ်ဟာက ပိုအ‌ရေးကြီးလဲ၊ မင်းရဲ့အတ္တက မင်းရဲ့ တာအိုနှလုံးသားထက် ပိုအရေးပါနေလို့လား”
တာအိုအရှင်သခင်ဟာ ဟန်ကျွယ်စကားရဲ့ နက်နဲတဲ့အဓိပ္ပာယ်ကို နားလည်တာကြောင့် အံကြိတ်လိုက်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒီနေ့ဒီအချိန်ကစပြီး မင်းကငါ့ရဲ့ ၇ ယောက်မြောက် တပည့်ပဲ၊ အပြင်မှာ တခြားတပည့်တွေနဲ့ သွားမိတ်ဆက်ပြီး သစ်ပင်အောက်မှာ ကျင့်ကြံအားထုတ်ချည်၊ ပြီးခဲ့တဲ့ အသွင်တူလက်ရည်စမ်းပွဲ ဆန်းကြယ်စွမ်းအားကို မင်း အချိန်မရွေးဝင်နိုင်တယ်”
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပါတယ်။
တာအိုအရှင်သခင်ဟာ ခေါင်းညိတ်လိုက်ပြီး ဟန်ကျွယ်ထိုင်နေတဲ့ ကမ္ဘာဖျက်ကြာနက်ကို သတိထားမိသွားတာကြောင့် မျက်ခုံးလှုပ်သွားပါတယ် ‘ဒါ ဒဏ္ဍာရီထဲက ကောင်းကင်တာအို အကောင်းစားရတနာ ကမ္ဘာဖျက်ကြာနက်ပါလား… ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ’
တာအိုအရှင်သခင်ရဲ့ ရင်ထဲမှာ မုန်တိုင်းတစ်ခု အစပြုလာပါတယ်။ တာအိုအရှင်သခင်ဟာ ဘာမှထပ်မမေးတော့ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပါတယ်။ မကြာခင်မှာပဲ ကျောက်ရွှမ်ယွမ်ရဲ့ အာမေဍိတ်သံကို ဟန်ကျွယ် ကြးလိုက်ရပါတယ်။
တာအိုအရှင်သခင်ရဲ့ ကျင့်ကြံမှုက မူလဆန်းကြယ် နတ်စွမ်းအားငါးပါးမို့ ဟန်ကျွယ်ရဲ့ တပည့်တွေထဲမှာ ကျင့်ကြံမှုအမြင့်ဆုံးပါ။ ဒီလိုစွမ်းအားကြီးပြီး သူမတူအောင် ထူးချွန်ထက်မြက်တဲ့ တာအိုအရှင်သခင် ရောက်လာတာက တိတ်ဆိတ်ဂိုဏ်းကို နောက်ထပ် အုတ်အော်သောင်းနင်း ဖြစ်သွားစေပါတယ်။
ကျန်းယီဟာ ထပ်ပြီးတော့ ဘဝမမြင့်ရဲတော့ပါဘူး။
လီယောင်ကလည်း ကြီးမားတဲ့ဖိအားကို ခံစားလိုက်ရပါတယ်။
ငရဲကြက်နက်လည်း အာမချောင်တော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြိုးစားကျင့်ကြံပါတယ်။
လူတိုင်း ဖိအားများပြီး ကျားကုတ်ကျားခဲ ကြိုးစားကျင့်ကြံတာကြောင့် တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားဟာ လျင်မြန်စွာ တိုးတက်လို့လာပါတယ်။
ချူရှီရန်က အနန္တကပ်ဘေးမှာ အကြီးမားဆုံး အကျိုးအမြတ်ရသူက တိတ်ဆိတ်ဂိုဏ်းလို့တောင် တင်စားပြောလိုက်ပါတယ်။
ကျောက်ရွှမ်ယွမ်ကလည်း ဝင့်ကြွားစွာ ပြောလိုက်ပါတယ် “ကျွန်တော်နဲ့ တာအိုအရှင်သခင် ရှိနေမှတော့ တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ နံပါတစ်အင်အားစု ဖြစ်လာမှာ မြေကြီးလက်ခတ်မလွှဲဘူး၊ ကျန်တဲ့လူတွေကတော့ ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် ကြိုးစားအားထုတ်သင့်တယ်”
ကျောက်ရွှမ်ယွမ်ရဲ့ စကားက နားကြားပြင်းကတ်စရာ ကောင်းပေမဲ့ လုံးဝမှားတယ်လို့ ပြောလို့မရပါဘူး။
ဒါပေမဲ့ ငရဲကြက်နက်ကတော့ မကျေနပ်ပါဘူး “လေပေါ်မြှောက်မနေနဲ့၊ ကျန်းယီ ချူရှီရန်… မင်းတို့နှစ်ဘောက် ဒီကောင်ကို လိုက်မီအောင် အားထုတ်သင့်တယ်”
“ဟွန်း… အားထုတ်မှာပေါ့၊ မင်းတို့တွေက အင်အားစုအသီးသီးမှာ နံပါတ်တစ်ဆိုပေမဲ့ ငါကလည်း နတ်ရွှေကျီးကန်း မိသားစုမှာ နံပါတ်တစ်ပါ၊ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ နံပါတ်တစ်ပါရမီရှင်က ဘယ်သူလဲဆိုတာတော့ ဘယ်သူမှ မပြောနိုင်သေးဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset