အခန်း (၄၄၄) ဘိုးဘေးရှီတျန်၏ မျက်နှာသာပေးမှု
စုချီဟာ ဟန်ကျွယ်ရဲ့ စကားကို ခေါင်းညိတ် ထောက်ခံပါတယ်။ စုချီကိုယ်တိုင်လည်း တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တက်သွားတဲ့အချိန်မှာ တစ်ခုခုမှားနေတာကို ခံစားမိခဲ့ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း အခု ပြန်လာချင်သေးလား”
စုချီသာ ပြန်လာချင်တယ်ဆိုရင် ဟန်ကျွယ်ဟာ စုချီကို သွားခေါ်မှာပါ။ တာအိုပညာရှိကို ရန်စမိလည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် တာအိုပညာရှိက ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းကို ရှာတွေ့နိုင်တာမှ မဟုတ်တာ။
စုချီဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ စုချီကိုကြည့်ပြီး ရိုက်သတ်ချင်စိတ် ပေါက်သွားပါတယ် ‘ဒီကောင်တွေ ဘာဖြစ်နေတာလဲ၊ သေမယ်မှန်း သိတာတောင် အသေခံ တိုက်ချင်နေကြတယ်၊ သူတို့မှ မရူးရင် ဘယ်သူ ရူးအုန်းမှာလဲ’
ဟန်ကျွယ်ဟာ အနန္တကပ်ဘေးက သူတို့ရဲ့ စိတ်ဆန္ဒတွေကို ပြောင်းလဲလိုက်တယ်လို့ သံသယဝင်သွားပါတယ်။
စုချီဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… ဆရာသခင် ကျွန်တော့်မှာလည်း ကျွန်တော် ရည်မှန်းချက်ရှိတယ်၊ ကျွန်တော် ရည်မှန်းချက်က ကောင်းကင်တာအို ကုသိုလ်ကံကိုသုံးပြီး ကျွန်တော်ရဲ့ ကံကြမ္မာကို ဆေးကြောချင်တာ၊ ကျွန်တော် ထပ်ပြီးတော့ ကြမ္မာဆိုးနတ် မဖြစ်ချင်တော့ဘူး၊ ဆရာသခင်ဆီ ပြန်လာရင် ကျွန်တော်ရဲ့ ကြမ္မာဆိုးက တခြားတပည့်တွေကို ထိခိုက်စေလိမ့်မယ်၊ အဲဒီလိုမဖြစ်ချင်ရင် ကျွန်တော်ကို ဖိနှိပ်ထားမှပဲ ရမယ်၊ ကျွန်တော် အဲဒီလိုဘဝမျိုးနဲ့ မနေချင်ဘူး”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။
စုချီ ပြောတာက မမှားပါဘူး။ ဟန်ကျွယ်သာ စုချီနေရာမှာဆိုရင်လည်း ဒီအတိုင်းလုပ်မှာပါ။ ဟန်ကျွယ်လည်း ငယ်ငယ်တုန်းက ကံတရား အထောက်အပံ့ကို မကြိုက်ချင် ထပ်ကံစမ်းခဲ့တာပဲ မဟုတ်ပါလား။
“ဒီလိုဆိုတော့လည်း လုပ်ပေါ့၊ ဒါပေမဲ့ မင်း သေသွားရင် ဆန္ဒမပြည့် မဖြစ်ရလေအောင် ငါ့ကို မင်းရဲ့ နောက်ဆုံးဆန္ဒလေး ပြောခဲ့ချင်သေးလား” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။
စုချီဟာ ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပြန်ဖြေပါတယ် “ကျွန်တော်မှာ နောင်တတွေရှိတာ အမှန်ပဲ၊ ဒါပေမဲ့ ဆရာသခင်ကို ဒုက္ခမပေးတော့ပါဘူး၊ ကျွန်တော် အရာအားလုံးအတွက် ပြင်ဆင်ထားပြီးပြီ၊ သေရမယ်ဆိုရင်တောင် ကျွန်တော် နောင်တမရဘူး၊ ဒါပေမဲ့ အဲဒီလိုဆိုရင် ဆရာသခင်ကို ဒီဘဝမှာ ပြန်ပေးဆပ်ဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး”
အတိတ်ကို ပြန်တွေးရင်း စုချီဟာ ခံစားချက်မျိုးစုံကို ခံစားလိုက်ရပါတယ်။ စုချီဟာ ဟန်ကျွယ်နဲ့ မတွေ့ခဲ့ရင် အခုအချိန်ထိ ပြန်လည်မွေးဖွားခြင်း စက်ဝန်းမှာ လည်ပတ်နေရအုန်းမှာပါ။ အနန္တကပ်ဘေးမှာ လေးငါးဆယ်ကြိမ်တောင် သေပြီးနေလောက်ပါပြီ။
ဆရာတပည့်နှစ်ယောက်ဟာ အတန်ကြာ စကားပြောပြီးမှ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ်။ စုချီက ပွင့်ပွင့်လင်းလင်းရှိလေ ဟန်ကျွယ်ဟာ မသက်မသာ ခံစားရလေလေပါပဲ။ ဒီခံစားချက်က ဟန်ကျွယ်ကို အတော်လေး အဆင်မပြေဖြစ်စေပြီး စုချီကို ဒုက္ခပေးတဲ့လူကို ဒေါသထွက်စေပါတယ်။
တကယ်တော့ စုချီက သနားစရာအကောင်းဆုံးလူပါ။ သူရဲ့ကြမ္မာဆိုးကြောင့် သူပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းဒုက္ခရောက်ရတဲ့အတွက် သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ အမြဲတမ်း ခံစားနေရတဲ့လူပါ။ အချိန်ကြာလာရင် ကောင်းကင်တာအို ဖျက်ဆီးတာကို ခံရမှာပါ။ စုချီဟာ မွေးဖွားလာကတည်းက ဖျက်ဆီးခံရဖို့ ကံကြမ္မာပါလာပြီးသားပါ။ စုချီ ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် ဒီကံကြမ္မာကို ရှောင်လွှဲဖို့က ခက်ခဲလှပါတယ်။
စုချီဟာ ဟန်ကျွယ်ကို သူ့အပေါ် ကောင်းကောင်းဆက်ဆံတဲ့လူလို့ မှတ်ယူထားပါတယ်။ ဒါပေမဲ့ ဒီဟာက အလိမ်အညာတစ်ခုဆိုတာကို ဟန်ကျွယ် သိပါတယ်။ ဟန်ကျွယ်ဟာ စုချီရဲ့ ကြမ္မာဆိုးကို အသုံးချပြီး သူ့ရန်သူတွေကို ဒုက္ခပေးခဲ့တာပါ။ ဒီထောင်စုနှစ်တွေမှာ စုချီက ဟန်ကျွယ်ရဲ့ ရန်သူတော်တော်များများကို ရှင်းလင်းပေးပြီးခဲ့ပါပြီ။ ပြောရမယ်ဆိုရင် စုချီရဲ့ ကျေးဇူးက ကောင်းကင်ဧကရာဇ်ထက်တောင် များနေပါသေးတယ်။
တိတ်ဆိတ်ဂိုဏ်းတစ်ခုလုံးမှာ ရှင်းဟုန်ရွှမ်ကလွဲရင် စုချီက ဟန်ကျွယ်အတွက် အလုပ်အများဆုံး လုပ်ပေးခဲ့တာပါ။
‘ထားလိုက်ပါတော့… ငါကယ်နိုင်ရင် ကယ်မယ်၊ မကယ်နိုင်ရင်တော့ အမှတ်တရ မှတ်ဉာဏ်အဖြစ် သိမ်းထားရတော့မှာပဲ’ ဒီအတွေးကြောင့် ဟန်ကျွယ်ရဲ့ အဆိုးခံစားချက်တွေဟာ လျင်မြန်စွာ လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်နဲ့ စုချီရဲ့ အနာဂတ်ကို တွက်ကြည့်လိုက်ပါတယ် “ဒီအနန္တကပ်ဘေးမှာ စုချီ ဘယ်လို အဆုံးသတ်မလဲဆိုတာကို ငါ သိချင်တယ်”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ သဲတွေ လေထဲလွှင့်ပျံ့ပြီး သွေးရောင်ဝါက ကောင်းကင်ကို ဖုံးလွှမ်းနေတဲ့ သဲကန္တာရတစ်ခုထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ မြေကြီးက ခြောက်ကပ်ပြီး အက်ကွဲကြောင်း ထနေတာ တွေ့နိုင်ပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ပုဂ္ဂိုတစ်ယောက်ဆီ ရောက်သွားပါတယ်။
စုချီ။
စုချီဟာ လျှောစောက်တစ်ခုမှာ ဒူးထောက်နေပြီး ဘယ်ပခုံးနဲ့ ဘယ်လက်မောင်းကတော့ ဘယ်ဆီရောက်နေမှန်း မသိတဲ့ အခြေအနေပါ။ ဒဏ်ရာကိုတော့ ထူးဆန်းတဲ့ အနက်ရောင်ချီက ဝန်းရံနေပါတယ်။ စုချီရဲ့ ဆံပင်တွေကလည်း ရှုပ်ပွနေပြီး မျက်နှာတစ်ခုလုံး သွေးတွေပေကျံကာ မျက်လုံးတွေက အသက်မဲ့နေပါတယ်။
စုချီရဲ့ ခန္ဓာကိုယ်ကနေ အသက်ဓာတ်တွေ လျင်မြန်စွာ လွှင့်ပါးပျောက်ကွယ်လာတာကို ဟန်ကျွယ် သတိထားမိလိုက်ပါတယ်။
ဒီမြင်ကွင်းကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘စုချီက သေတော့မှာလား’
ဒီအချိန်မှာပဲ စုချီရဲ့ခေါင်းထက်မှာ ဖြူမည်းရောင်ဝါတစ်ခု ပေါ်လာပြီး ဝဲကတော့အသွင် လည်ပတ်ကာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်က တာအိုပညာရှိ မင်ကျွယ်ပါ။ တာအိုပညာရှိ မင်ကျွယ်ဟာ စုချီကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်ပါတယ်။
“စုချီ… မင်းက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုပြီး သက်ရှိအားလုံးကို ဖျက်ဆီးလိုက်တာက ကောင်းကင်တာအိုရဲ့ သည်းခံနိုင်စွမ်းကို လွန်သွားပြီ၊ မင်းက ငါ့ရဲ့ အမွေခံဆိုတော့ နောက်ဆုံးဆန္ဒရှိရင် ပြောပါ”
ဒီစကားကို ကြားလိုက်ရတဲ့ စုချီဟာ ခက်ခက်ခဲခဲ ခေါင်းမော့လိုက်ပြီး တာအိုပညာရှိမင်ကျွယ်ကို ကြောင်တောင်တောင်ကြည့်ကာ အသံဩကြီးနဲ့ မေးလိုက်ပါတယ် “ဒီဆန်းကြယ်စွမ်းအား…”
တာအိုပညာရှိမင်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “တာအိုပညာရှိဆိုရင် အဆင့်ကြီးတစ်ဆင့်ပဲ ဆုံးရှုံးမှာ၊ ဒါပေမဲ့ တာအိုပညာရှိအဆင့်အောက်က ကျင့်ကြံသူတွေ ဆိုရင်တော့ အရာအားလုံးကို စတေးရလိမ့်မယ်၊ မင်းလိုမျိုး အကုသိုလ်ကံတရား အများကြီးကို ထမ်းထားရတဲ့သူဆိုရင် ပြောမနေတော့နဲ့”
ဟန်ကျွယ်ဟာ တအံတဩ ဖြစ်သွားပါတယ် ‘ဒီလိုမျိုးလည်း ရှိသေးတာလား’
စုချီဟာ မဲ့ပြုံး ပြုံးလိုက်ပြီး မကြာခင်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံး ကျောက်ရုပ်ဖြစ်သွားပါတယ်။ တာအိုပညာရှိ မင်ကျွယ်က လက်ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ စုချီရဲ့ ကျောက်ရုပ်ခန္ဓာဟာ အမှုန့်အဖြစ် ပြောင်းလဲပြီး လေထဲမှာလွှင့်မျော ပျောက်ကွယ်သွားပါတယ်။
“ကပ်ဘေးပြီးဆုံးပြီး ကောင်းကင်တာအို ပြန်စပြီ၊ အရာအားလုံးက အိပ်မက်လိုပဲ” စကားဆုံးတာနဲ့ တာအိုပညာရှိမင်ကျွယ်လည်း ပျောက်ကွယ်သွားပါတယ်။
ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ အစစ်အမှန်ကို ပြန်ရောက်တဲ့အခါ စနစ်ကို ချက်ချင်း မေးလိုက်ပါတယ် “ငါ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးရင် သေမှာလား”
[မသေပါ။]
ဟန်ကျွယ်ဟာ သက်သာရာ ရသွားပါတယ် ‘ငါ့စနစ်က ပေးတဲ့ဟာတွေက သာမန်တော့ မဟုတ်ဘူးပဲ’
ဟန်ကျွယ်ဟာ စုချီတတ်ထားတဲ့ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားက တခြားဟာ ဟုတ်ရင်ဟုတ် မဟုတ်ရင် တာအိုပညာရှိမင်ကျွယ်က တစ်ခုခုလုပ်ထားတယ်လို့ မှန်းဆလိုက်ပါတယ်။
‘ဒီအစုတ်ပလုတ်ကောင်က ငါ့တပည့်ကို လှည့်ဖျားနေတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး တာအိုပညာရှိမင်ကျွယ်ကို ပိုမုန်းသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဒေါသပြေအောင် ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပထမဆုံး ၁ ထရီလီယံနဲ့ စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က အဆင့်တက်ခါနီး နေပါပြီ။ အဆင့်တက်တာနဲ့ ဟန်ကျွယ်ရဲ့ သက်တမ်းက ပြန်တိုးသွားမှာ မဟုတ်ပါလား။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံအပြင်ဘက်က မဟာအန္တိမခန်းမ။
တာအိုပညာရှိမင်ကျွယ်ဟာ ဘိုးဘေးရှီတျန်ဆီ သွားလည်ပြီး တာအိုဟောကြားတာကို နားထောင်နေရင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျိန်စာစွမ်းအားက ပြန်ပေါ်လာလို့ပါပဲ ‘အရေးကောင်းမှ ဒိန်းဒေါင် ဖျက်ပြီ၊ ငါ တာအိုဖြတ်ကျော်ဆရာကြီးဆီ လည်တဲ့အချိန်မှ ကျိန်စာတိုက်ရတယ်လို့၊ ငါ ဒီလာလည်တာကို တခြားတာအိုပညာရှိတွေ မသိဘူး မဟုတ်ဘူးလား’
“မင်းကို ဘယ်သူ ကျိန်စာတိုက်နေတာလဲ” ဘိုးဘေးရှီတျန်က မေးလိုက်ပတယ်။
တာအိုပညာရှိ မင်ကျွယ်က ပြန်ဖြေပါတယ် “ကျွန်တော်လည်း မသိဘူး၊ ကျွန်တော် တွက်ချက်လို့ မရဘူး၊ စီနီယာ… ကျွန်တော်ကို ကူညီလို့ရမလား”
ဘိုးဘေးရှီတျန်ဟာ ခေါင်းခါလိုက်ပါတယ်။
တာအိုပညာရှိမင်ကျွယ်ဟာ တစ်ခုခုမှားနေတာကို ခံစားမိလိုက်တဲ့အတွက် စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်ပါတယ် “တာအိုဘိုးဘေးရဲ့ အစအန ပေါ်လာလို့လား”
“တာအိုဘိုးဘေးက ဘယ်မှမသွားဘူး၊ ဒီနေရာမှာပဲ အမြဲတမ်း ရှိနေတာ”
ဘိုးဘေးရှီတျန်ရဲ့ စကားကြောင့် တာအိုပညာရှိမင်ကျွယ်ဟာ သံသယအပြည့်ဖြစ်သွားပါတယ်။ ဒီလိုနဲ့ တစ်ခဏအကြာမှာတော့ ကျိန်စာစွမ်းအားက ပိုပြင်းလာတာကို ခံစားလိုက်ရပါတယ်။
‘ဒီကျိန်စာအားက တာအိုပညာရှိအတုကို မေ့လဲစေနိုင်တယ်၊ အမှောင်သခင်ကြီးက တာအိုပညာရှိတစ်ပါးပါးရဲ့ အကြံအစည် မဟုတ်ဘဲ တကယ်ရှိနေတာလား’ တာအိုပညာရှိမင်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဘိုးဘေးရှီတျန်က ပြောလိုက်ပါတယ် “မင်း ပြန်သွားဖို့ အချိန်ကျပြီ၊ ငါ မင်းကို အကြံတစ်ခုတော့ ပေးလိုက်မယ်၊ မဟာတာအိုသုံးထောင်မှာ ရှင်သန်ဖို့လမ်းတစ်ခုက အမြဲတမ်း ရှိတယ်၊ မင်းတို့တာအိုပညာရှိတွေက ကိုယ့်ကိုကိုယ် နိုင်အောင်ထိန်းရင် ရှင်သန်ဖို့လမ်းရှိတယ်”
တာအိုပညာရှိမင်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး မတ်တတ်ရပ်ကာ ခါးညွှတ်လိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ သက်တမ်း ၉၀၀ ဘီလီယံ လျော့ကျတဲ့အထိ ကျိန်စာတိုက်လိုက်တဲ့အတွက် ခေါင်းနည်းနည်း ရီဝေသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျိန်စာမတိုက်တော့ဘဲ ကြမ္မာဆိုးစာအုပ်ကို သိမ်းလိုက်ပါတယ်။
တာအိုပညာရှိကို ကျိန်စာတိုက်ရတာက အဆုံးမရှိတဲ့တွင်းနက်လိုပါပဲ။ ဘယ်လောက်ပဲ ကျိန်စာတိုက်တိုက် ဘာရလဒ်မှ ထွက်မလာသလိုပေါ့။
[ဘိုးဘေးရှီတျန်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို တွေ့လိုက်ရတဲ့အတွက် အံအားသင့်သွားပါတယ် ‘ဘိုးဘေးရှီတျန်က ငါ့အပေါ် မျက်နှာသာပေးမှု တိုးသွားတာလား၊ ဘာဖြစ်လို့လဲ’
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ရဲ့ အချက်အလက်ကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[ဘိုးဘေးရှီတျန်: ကျင့်ကြံမှုမသိ။ တာအိုဖြတ်ကျော် ဆရာကြီး။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်တွင် နေထိုင်ပြီး ကောင်းကင်တာအိုနှင့် ကံကြမ္မာ၏ လွှမ်းမိုးမှုမှ လွတ်ကင်းပြီး အနန္တကပ်ဘေးကိုးခု တွေ့ကြုံဖူးသည်။ သင်သည် အနန္တကပ်ဘေးအား လေးငါးကြိမ် ပြောင်းလဲခဲ့သောကြောင့် ဘိုးဘေးရှီတျန်သည် သင့်အား အကောင်းမြင်စိတ် ရှိနေခြင်းတည်း။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 444
? Views, Released on December 7, 2024