အခန်း (၄၄၃) စုချီရဲ့ ဆရာသခင်
ဟန်ကျွယ်ဟာ တာအိုပညာရှိ မင်ကျွယ်ကို ငါးရက်ပဲ ကျိန်စာတိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ ဟန်ကျွယ်ရဲ့ အဓိကရည်ရွယ်ချက်က တာအိုပညာရှိ မင်ကျွယ်ကို ခြောက်လှန့်ချင်ရုံပါ။
‘ငါ ကျိန်စာ မတိုက်ရတာ နှစ်ဘယ်လောက် ကြာခဲ့ပြီလဲ၊ နောက်ဆုံးတော့ ငါ ကျိန်စာ ပြန်တိုက်ခွင့်ရပြီ’
ဟန်ကျွယ်ဟာ ကျိန်စာမတိုက်တာ ကြာသွားတဲ့အတွက် ကျိန်စာတိုက်ရတဲ့ အရသာကို မေ့သလိုလိုတောင် ရှိနေပါပြီ။ အရင်လိုပဲ ဟန်ကျွယ်ဟာ တာအိုပညာရှိ မင်ကျွယ်ကို ဆယ်နှစ်တစ်ကြိမ် ကျိန်စာတိုက်ပါတယ်။
‘ဒီကောင်က တခြားတာအိုပညာရှိတွေ ကျိန်စာတိုက်နေတယ်လို့ ထင်မှာပဲ’
ဟန်ကျွယ်ဟာ စုချီအတွက်တော့ ဒီကပ်ဘေးကနေ ရှင်သန်လွတ်မြောက်ဖို့ ဆုပဲ တောင်းပေးနိုင်ပါတယ်။ စုချီသာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးလိုက်မယ်ဆိုရင် သေခြင်းတရားကနေ ပြေးလွှတ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြား တာအိုပညာရှိတွေက စုချီကို လုံးဝအလွတ်ပေးမှာ မဟုတ်လို့ပါပဲ။ အဲဒီအချိန်မှာ တာအိုပညာရှိမင်ကျွယ်က စုချီကို ကာကွယ်ပေးမလား ဆိုတာကတော့ ပြောရခက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
နတ်ဘုရားခန်းမရဲ့ ဧကရာဇ်ပလ္လင်မှာ ဖန်းလျန်ထိုင်နေပြီး အောက်မှာတော့ လီတောက်ခုံး၊ လီရွှမ်အောက်၊ ဟွမ်ဂျိဟောင်နဲ့ တခြားလူတွေ မတ်တတ်ရပ်နေကြပါတယ်။
“အရှင်မင်းကြီး… တာအိုပညာရှိက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ” ဖန်းမိသားစုဦးစီး ဖန်းဟွမ်ကျွင်းက မေးလိုက်တာပါ။
လီရွှမ်အောက်ဟာ မျက်နှာမဲ့ပြီး ဖြေလိုက်ပါတယ် “သူက တာအိုပညာရှိလေ၊ ဟိတ်ဟန်တော့ ရှိမှာပေါ့”
ဟွမ်ဂျိဟောင်ဟာ နဖူးချွေးစို့သွားပါတယ် ‘ဒီ တာအိုပညာရှိ တပည့်တွေက တော်တော် သတ္တိကောင်းတာပဲ၊ တာအိုပညာရှိ အကြောင်းကိုတောင် ပေါ်တင်ပြောရဲတယ်’
ဖန်းလျန်ဟာ ဘာမှမပြောဘဲ တိတ်တဆိတ် စောင့်ကြည့်နေပါတယ်။
ငါးမိနစ်ကြာတဲ့ အခါမှာတော့ ပုဂ္ဂိုလ်နှစ်ယောက် နတ်ဘုရားခန်းမထဲကို ပျံဝင်လာပါတယ်။ ရှေ့ကပုဂ္ဂိုလ်က တာအိုပညာရှိမင်ကျွယ်ဖြစ်ပြီး နက်ရှိုင်းတဲ့ ရောင်ဝါရှိပါတယ်။ နောက်ကပုဂ္ဂိုလ်ကတော့ နတ်ဆိုးရောင်ဝါ အလုံးဖြစ်ပြီး နတ်ဆိုးရောင်ဝါတွေ လွှင့်ပါး ပျောက်ကွယ်သွားတဲ့အခါ အနက်ရောင်ဝတ်ရုံနဲ့ လူတစ်ယောက် ပေါ်လာပါတယ်။
ဖန်းလျန်ဟာ ဝတ်ရုံနက်ကို မြင်လိုက်ရတဲ့အခါမှာ အနည်းငယ် အံအားသင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ဆရာဦးလေးစုချီ…”
စုချီကတော့ ဖန်းလျန်ကို မြင်လိုက်ရတဲ့အတွက် မျက်စိနည်းနည်း မှေးသွားပါတယ်။
စုချီနဲ့ ဖန်းလျန်ကို တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပေမဲ့ နှုတ်ဆက်ခြင်းတော့ မရှိပါဘူး။
ဖန်းလျန်ဟာ မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ်။ တခြားသူတွေလည်း ဖန်းလျန်နည်းတူ ဦးညွှတ်ကြပါတယ်။ တာအိုပညာရှိရှေ့မှာ ကောင်းကင်ဧကရာဇ်လည်း ဦးမညွှတ်လို့ မရပါဘူး။
တာအိုပညာရှိ မင်ကျွယ်က ပြောလိုက်ပါတယ် “ငါ့နောက်က ပုဂ္ဂိုလ်က စုချီလို့ ခေါ်တယ်၊ သူက ကောင်းကင်ရုံးတော်ရဲ့ ကြမ္မာဆိုးနတ် ဖြစ်ခဲ့ဖူးတယ်၊ သူက ငါ့အမွေကို ရထားတာဆိုတော့ အခုအချိန်ကစပြီး ကောင်းကင်ရုံးတော်ကို အမှုထမ်းလိမ့်မယ်”
ဖန်းလျန်ဟာ ပြုံးလိုက်ပါတယ် “တာအိုပညာရှိရဲ့ ထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါတယ်”
လီရွှမ်အောက်ကတော့ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “သူက အင်မော်တယ်ဧကရာဇ် အဆင့်ပဲ ရှိတာ၊ ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ကို ကူညီနိုင်မှာလဲ၊ ကောင်းကင်ရုံးတော်မှာ အင်မော်တယ်ဧကရာဇ်တွေ မရှားပါဘူး”
စုချီက တည်ငြိမ်စွာ ပြန်ပြောလိုက်ပါတယ် “ငါက အင်မော်တယ်ဧကရာဇ်ပဲ မဟုတ်ဘူး၊ မယုံဘူးဆိုရင် ငါ့ဆီက လက်ဝါးတစ်ချက်ကို ခံရဲလား”
လီရွှမ်အောက်ဟာ ပြုံးလိုက်ပြီး ချက်ချင်း ရှေ့တက်ကာ ပြောလိုက်ပါတယ် “လာစမ်းပါ၊ ရိုက်စမ်းပါ၊ ငါ ပြန်မတိုက်ဘူး”
လီတောက်ခုံးကတော့ စုချီကိုကြည့်ပြီး အတွေးနက်သွားပါတယ်။
စုချီဟာ ဘာမှထပ်မပြောတော့ဘဲ လက်မြှောက်လိုက်ပါတယ်။
“ထားလိုက်ပါတော့… အရှင်မင်းကြီး သူ့ကို လက်ခံလို့ရတယ်” လီတောက်ခုံးက ရုတ်တရက် ပြောလိုက်ပါတယ်။
လီတောက်ခုံးရဲ့ စကားကြောင့် စုချီဟာ မြှောက်ထားတဲ့ သူ့လက်ကို ပြန်ချလိုက်ပါတယ်။
ဒီအဖြစ်ကြောင့် လီရွှမ်အောက်ဟာ မကျေမနပ် ဖြစ်သွားပေမဲ့ လီတောက်ခုံးမှာ သူ့အကြောင်းနဲ့ သူရှိရမယ်လို့ ယုံကြည်တာကြောင့် စောဒက မတက်တော့ပါဘူး။
တာအိုပညာရှိမင်ကျွယ်က ခေါင်းညိတ်လိုက်ပါတယ် “လူသားမျိုးနွယ်စုက တာအိုပညာရှိတွေကို မစိုးရိမ်နဲ့၊ သူတို့တွေကို တာအိုပညာရှိတွေက တိုက်ခိုက်လိမ့်မယ်” စကားဆုံးတာနဲ့ တာအိုပညာရှိ မင်ကျွယ်ဟာ နတ်ဘုရားခန်းမထဲကနေ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။
ဖန်းလျန်ဟာ စုချီဟာ အပြုံးနဲ့ ကြည့်လိုက်ပါတယ် “ဆရာဦးလေး… မတွေ့ရတာ ကြာပြီနော်”
‘ဆရာဦးလေး…’
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပါတယ်။
စုချီရဲ့ အေးစက်နေတဲ့မျက်နှာကလည်း ပြုံးသွားပါတယ် “မင်းက ဘယ်လိုလုပ်ပြီး ကောင်းကင်ဧကရာဇ် ဖြစ်လာတာလဲ”
ဖန်းလျန်ဟာ ပလ္လင်ပေါ်မှာ ပြန်ထိုင်ပြီး သက်ပြင်းချလိုက်ပါတယ် “ဟင်း… ဒီကိစ္စက ပြောရရင် အရှည်ကြီးပဲ၊ ဒါနဲ့ ဆရာဦးလေးကရော ဘယ်လိုလုပ်ပြီး တာအိုပညာရှိရဲ့တပည့် ဖြစ်လာတာလဲ၊ ဒီကိစ္စကို ဆရာဘိုးဘိုးရော သိလား”
ဟန်ကျွယ်အကြောင်းကို ကြားလိုက်ရတဲ့အခါမှာ စုချီဟာ ကူကယ်ရာမဲ့ ဖြစ်သွားပါတယ် “ငါလည်း မသိဘူး၊ အမှန်အတိုင်း ပြောရရင် ဆရာဘိုးဘိုးကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိဘူး”
လီရွှမ်အောက်ဟာ သတိပြန်ဝင်လာပါတယ် ‘စုချီက ဖန်းလျန်ရဲ့ ဆရာဦးလေးဆိုတော့ သူက အဲဒီလူရဲ့ တပည့်ပဲ’ လီရွှမ်အောက်ဟာ ဟန်ကျွယ်ရဲ့ မဟာလွတ်လပ်မှု ကောင်းကင်ချုပ်လက်ဝါးကို ပြန်တွေးမိပြီး ကျောချမ်းသွားပါတယ်။ လီရွှမ်အောက်ဟာ ဟန်ကျွယ်က လီတောက်ခုံးကို ဓားတစ်ချက်နဲ့ တွန်းထုတ်လိုက်တဲ့ မြင်ကွင်းကို အခုထိ မမေ့သေးပါဘူး။
ဖန်းဟွမ်ကျွင်းကတော့ ကောင်းကင်တာအိုတိုကင်နဲ့ ဆက်သွယ်တုန်းက အတွေ့အကြုံကို ပြန်တွေးမိလိုက်ပါတယ် ‘စွန်းချွမ်း… မင်းက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ’
လီတောက်ခုံးဟာ စုချီကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ မင်းဆီကနေ အမင်္ဂလာ မကောင်းဆိုးဝါးတွေဆီကနေ ရတဲ့ ခံစားချက်မျိုး ရနေတယ်”
စုချီဟာ လီတောက်ခုံးကို တစ်ချက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်ပါတယ် “ကျုပ်က သူတို့ကို စုပ်ယူထားတာ”
လီရွှမ်အောက်နဲ့ ဖန်းဟွမ်ကျွင်းဟာ နှလုံးလှုပ်သွားပါတယ် ‘အမင်္ဂလာ မကောင်းဆိုးဝါးကို စုပ်ယူတယ်တဲ့လား..’
လီရွှမ်အောက်ဟာ မျက်ခုံးလှုပ်သွားပြီး လီတောက်ခုံး ဝင်တားရတဲ့ အကြောင်းရင်းကို နားလည်သွားပါတယ်။ အမင်္ဂလာ မကောင်းဆိုးဝါးရဲ့ စွမ်းအားက ထူးဆန်းပြီး ကြောက်ဖို့ကောင်းတဲ့အတွက် လီရွှမ်အောက် တောင့်ခံနိုင်တဲ့အရာ မဟုတ်ပါဘူး။
“ကျွန်တော် ဆရာဦးလေးအတွက် နေထိုင်ဖို့ စီစဉ်ပေးမယ်၊ အခုတော့ တစ်နေရာရာမှာ စကားပြောကြရအောင်”
စုချီဟာ အသာအယာ ခေါင်းညိတ်လိုက်ပါတယ်။
နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။
[သင့်တပည့် စုချီသည် ကောင်းကင်ရုံးတော်သို့ ဝင်ရောက်ပြီး ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
ဟန်ကျွယ်ဟာ ဒီစာစောင်ကို မြင်လိုက်ရတဲ့အခါမှာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီအတိုင်းဆို တာအိုပညာရှိမင်ကျွယ်က စုချီကို ထောက်ပံ့ပေးနေပုံပဲ’ ဟန်ကျွယ်ဟာ စုချီကို အိပ်မက်ထဲကနေ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ အရင်ဆုံး စုချီကို တာအိုပညာရှိက ထိန်းချုပ်ထားလားဆိုတာကို ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်သုံးပြီး စစ်ဆေးပါတယ်။ သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပြီးနောက်မှာတော့ စုချီက အရင်စုချီပဲဆိုတာကို သိလိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ ချက်ချင်း အိပ်မက်ပေးလိုက်ပါတယ်။
စုချီရဲ့ မျက်နှာသာပေးမှုကို လျော့ကျမသွားတဲ့အတွက် စုချီရဲ့စိတ်က အရင်အတိုင်းပဲ ရှိနေအုန်းမှာပါ။
မကြာခင်မှာပဲ စုချီနဲ့ ဟန်ကျွယ် နှစ်ယောက်စလုံး အိပ်မက်ထဲ ဝင်ရောက်သွားပါတယ်။ အိပ်မက်နယ်မြေက ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ဝီရိယတောင်ဖြစ်ပြီး ကောင်းကင်ပြင်ကတော့ အင်မော်တယ်ချီတွေနဲ့ ပြည့်လျှံနေပါတယ်။
စုချီဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါမှာ ကြက်သေသေသွားပါတယ်။ ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “မင်းက ကိုယ့်ဆရာသခင်ကို တွေ့တာတောင် ဒူးမထောက်တော့ဘူးလား”
စုချီဟာ သတိပြန်ဝင်လာပြီး ချက်ချင်း ဒူးထောက်လိုက်ပါတယ် “ဆရာသခင်ကို အရိုအသေ ပေးပါတယ်” စုချီရဲ့ ရင်ထဲမှာလည်း မုန်တိုင်းတစ်ခု အစပြိုးလာပါတယ် ‘ဒါက ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲ၊ ငါ့ကို တစ်ခါတည်း အိပ်မက်ထဲ ဆွဲသွင်းလိုက်တယ်’
စုချီဟာ တာအိုပညာရှိမင်ကျွယ်ရဲ့ နည်းလမ်းတွေကို ပြန်တွေးမိသွားပါတယ် ‘ဆရာသခင်ကလည်း တာအိုပညာရှိပဲလား၊ ဒါ ဖြစ်နိုင်တယ်’
စုချီဟာ သေချာပြန်တွေးကြည့်တဲ့အခါ သူ့ဆရာသခင်က အခွင့်အရေးတွေ မရှာဘဲ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတာပါ။ ဒါပေမဲ့ အခွင့်အရေး လိုက်ရှာသူတွေနဲ့ နှိုင်းယှဉ်ရင် ကွာခြားချက်က တဖြည်းဖြည်း ကြီးသထက် ကြီးလာပါတယ်။ ဒါက ယုတ္တိမရှိပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဒီအတောအတွင်း အခွင့်အရေးကြီးတစ်ခု ရထားတယ်မလား၊ မင်းကံတရား အထောက်အပံ့တင် မဟုတ်ဘူး၊ ကံတရားပါ ပြောင်းလဲသွားတယ်၊ ဒါပေမဲ့ ဒီအခွင့်အရေး နောက်ကွယ်မှာ ဘာရှိလဲဆိုတာကို မင်း သိလား”
စုချီဟာ အတွေးနက်သွားပါတယ်။ အတန်ကြာမှာ စုချီဟာ ခေါင်းမော့ပြီး မေးလိုက်ပါတယ် “ဆရာသခင် တစ်ခုခု သိထားလို့လား၊ ကျွန်တော့်ကို အလင်းပြပေးပါ”
“မင်းကို ဒီအခွင့်အရေး ဘယ်သူပေးလဲ ငါ မသိဘူး၊ ဒါပေမဲ့ အနန္တကပ်ဘေးထဲမှာ အခွင့်အရေးတိုင်းက အကြံအစည်ကြီးတစ်ခုရဲ့ အစိတ်အပိုင်းချည်းပဲ”
ဟန်ကျွယ်ဟာ တာအိုပညာရှိ တည်ရှိမှုကို မသိသလိုမျိုး ပြောလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ယောက် စုချီမှတ်ဉာဏ်ဖတ်ပြီး သူ့ကို သိသွားမှာစိုးလို့ပါ။
စုချီရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ် “ဆရာသခင်… ကျွန်တော်ရဲ့ ကျင့်ကြံမှုအဆင့်အောက်က သက်ရှိအားလုံးကို ဖျက်ဆီးနိုင်တဲ့ ဆန်းကြယ်စွမ်းအားတစ်မျိုးကို ရထားတယ်၊ ဒီဆန်းကြယ်စွမ်းအားရဲ့ တန်ဖိုးက အဆင့်ကြီးတစ်ဆင့် ဆုံးရှုံးရတာပဲ”
ဟန်ကျွယ်ဟာ ထိတ်လန့်သွားယောင် ဆောင်လိုက်ပါတယ် “အဲဒီလို ဆန်းကြယ်စွမ်းအားမျိုး ရှိတာလား၊ အဲဒါဆိုရင် အလွယ်တကူ မသုံးမိစေနဲ့၊ သက်ရှိအားလုံးကို ဖျက်ဆီးတာက ကံတရားအများကြီးကို ထမ်းဆောင်ရလိမ့်မယ်၊ မင်းကို ဒီဆန်းကြယ်စွမ်းအား ဘယ်သူသင်ပေးလဲ၊ မင်းကိုတောင် သင်ပေးနိုင်မှတော့ သူလည်း တတ်မှာပဲ၊ သူ့ဘာသာ ဘာလို့မသုံးလဲဆိုတာ မတွေးမိဘူးလား”
စုချီက ပြန်ဖြေပါတယ် “သူက ကံတရားဝန်နဲ့ အဆင့်ကြီးတစ်ဆင့် ဆုံးရှုံးမှာကို ကြောက်နေတာ”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားသလို စုချီကလည်း တိတ်ဆိတ်သွားပါတယ်။ ဆရာနဲ့တပည့် နှစ်ယောက်စလုံးဟာ အတွေးကိုယ်စီ ရှိကြပါတယ်။ ဟန်ကျွယ်က စုချီကို ဘယ်လို ဖျောင်းဖျရမလဲ တွေးနေတာ ဖြစ်ပြီး စုချီကတော့ တာအိုပညာရှိမင်ကျွယ် ဘာလုပ်ချင်လဲဆိုတာကို တွေးနေတာပါ။ ဒါပေမဲ့ စုချီဟာ ဟန်ကျွယ်ကို တာအိုပညာရှိမင်ကျွယ်ထက် ပိုယုံကြည်ပါတယ်။
‘ဆရာသခင်က ငါ့ကို တကူးတက လာသတိပေးတာဆိုတာ့ ဒီကိစ္စက အကြံအစည်ကြီးတစ်ခုပဲ ဖြစ်ရမယ်’ စုချီဟာ ငတုံးမဟုတ်တဲ့အတွက် သူ့ဆရာသခင်က တာအိုပညာရှိမင်ကျွယ်ကို တွက်ချက်မိမှန်း ရိပ်စားမိပါတယ်။ စုချီရဲ့ မျက်လုံးထဲမှာ ဟန်ကျွယ်က ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။
စုချီက မေးလိုက်ပါတယ် “ဆရာသခင်… ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ၊ ကျွန်တော် အဲဒီလူလက်ထဲကနေ လွတ်မြောက်အောင် ဘယ်လိုလုပ်ရမလဲ”
ဟန်ကျွယ်ဟ တစ်ခဏတွေးတောပြီးနောက် ပြောလိုက်ပါတယ် “မင်း သူ့အကြံအစည်ကို မသိသလိုမျိုး ဆက်ဟန်ဆောင်ချည်၊ မင်း သက်ရှိအားလုံးကို မဖျက်ဆီးဘူးဆိုရင် သူ့အကြံ အောင်မြင်မှာ မဟုတ်ဘူး၊ ငါ့တပည့် ဒီကိစ္စမှာ ကံတရားဝန်က အရမ်းကြီးလွန်းတယ်၊ တာအိုပညာရှိကိုတောင် ရန်စမိနိုင်တယ်၊ အဲဒါကြောင့် အလွယ်တကူ မလှုပ်ရှားမိစေနဲ့”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 443
? Views, Released on December 7, 2024