အခန်း (၄၄၂) ဖန်မိသားစု၊ တာအိုပညာရှိအား ကျိန်စာတိုက်ခြင်း
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကနေ ထွက်ပေါ်လာတဲ့အသံကို လုံးဝ မကြားဖူးပါဘူး ‘တာအိုပညာရှိရဲ့ အသံများလား’ ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ လန့်သွားပြီး ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ချက်ချင်း သုံးလိုက်ပါတယ်။
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဖန်းဟွမ်ကျွင်း: ကျင့်ကြံမှုမသိ၊ ဖန်မျိုးနွယ်ဦးစီး။]
‘ဟင်… ဖန်းမျိုးနွယ်’
ဟန်ကျွယ်ဟ မျိုးရိုးနာမည်ချင်း ဆင်တူတဲ့ ဖန်းလျန်ကို အရင်ဆုံး တွေးမိလိုက်ပါတယ် ‘ဖန်းလျန်က ဖန်းမျိုးနွယ်ကလား’ ဒါပေမဲ့ ဖန်းလျန်ရဲ့ နောက်ခံမှာ ဖန်းမျိုးနွယ်အကြောင်း ပြောမထားတဲ့အတွက် ဟန်ကျွယ်ဟာ ဆက်မေးလိုက်ပါတယ် “ဖန်းလျန်နဲ့ ဖန်မျိုးနွယ်က ဘယ်လို ပတ်သက်လဲ”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဖန်းလျန်သည် ဖန်းမျိုးနွယ်၏ ဘိုးဘေးဖြစ်သည်။]
‘ဝိုး… ဘိုးဘေးတဲ့လား’
ဟန်ကျွယ်ဟာ ဖန်းလျန်က လောကဦးခေတ်ဆီ အကြိမ်များစွာ ခရီးနှင်တာကို တွေးမိသွားပါတယ် ‘ဒီကောင်လေးက အချိန်ခရီးနှင်ပြီး ဖန်းမျိုးနွယ်ကို တည်ထောင်ခဲ့တာပဲ၊ ကစားပုံကျွမ်းလိုက်တာ’
ဟန်ကျွယ်ဟာ ဖန်းမျိုးနွယ်မှာ တာအိုပညာရှိအတု ရှိနေတာကို သိလိုက်ရတဲ့အတွက် စိတ်ထဲမှာ နည်းနည်းလန့်သွားပါတယ် ‘အင်မော်တယ်ကမ္ဘာက တကယ်ကို နဂါးတွေ ပုန်းအောင်းနေတာပဲ’
အင်မော်တယ်ကမ္ဘာက ကြီးမားကျယ်ပြန့်လွန်းတဲ့အတွက် စာစောင်တွေကနေ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေအလုံးစုံကို ဟန်ကျွယ် မသိနိုင်တာပါ။ ဒါပေမဲ့ ဖန်းဟွမ်ကျွင်းက ဖန်းလျန်ရဲ့ မျိုးဆက်ဖြစ်တဲ့အတွက် သူနဲ့ ဆက်သွယ်တာက အန္တရာယ်မရှိပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်ထုတ်ပြီး ဖန်းဟွမ်ကျွင်းနဲ့ ဆက်သွယ်လိုက်ပါတယ်။ မကြာခင်မှာပဲ နတ်အာရုံချင်း ချိတ်ဆက်မိသွားပါတယ်။
ဖန်းဟွမ်ကျွင်းက အရင်ဆုံး မေးလိုက်ပါတယ် “ဘာပြောချင်လို့ပါလဲ”
“ကိစ္စတစ်ခုရှိလို့၊ ကောင်းကင်ဧကရာဇ်ဖန် အဲဒီမှာ ရှိလား”
“ကောင်းကင်ဧကရာဇ်ဖန် ဒီမှာ မရှိဘူး၊ တာအိုရောင်းရင်းက ကောင်းကင်ဧကရာဇ်ဖန်ရဲ့ ဆရာဘိုးဘိုး မှတ်လား၊ ကောင်းကင်ဧကရာဖန်က ကျွန်တော့်ကို ပြောထားပါတယ်၊ တာအိုရောင်းရင်း လိုတာရှိရင် ကျွန်တော်ကို ပြောပါ”
ဟန်ကျွယ်ဟာ တာအိုအရှင်သခင်နဲ့ ကျိုးဖန်ရဲ့ တောင်းဆိုချက်ကို ပြောပြလိုက်ပါတယ်။
“ကျွန်တော် ကောင်းကင်ဧကရာဇ်ဖန်ကို ပြန်ပြောလိုက်ပါ့မယ်”
“ကောင်းပြီ”
အဲဒီနောက် နှစ်ယောက်စလုံး တိတ်ဆိတ်သွားပါတယ်။
နတ်အာရုံကို ဟန်ကျွယ် ဖြတ်တောက်ခါနီးမှာ ဖန်းဟွမ်ကျွင်းက ရုတ်တရက် မေးလိုက်ပါတယ် “တာအိုရောင်းရင်းက ဘယ်သူလဲဆိုတာ ကျွန်တော်သိလို့ရမလား၊ ကျွန်တော်က အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာရှိတဲ့ ဖန်မိသားစုဦးစီး ဖန်းဟွမ်ကျွင်းပါ၊ အင်မော်တယ်ကမ္ဘာလည်း မိသားစုခွဲတစ်ခုရှိတယ်”
‘အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံလား… သူ့နာမည်ကို ငါ မကြားဖူးတာ အံဩစရာ မရှိတော့ပါဘူး’
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “အရှေ့ဝူနတ်ကမ္ဘာ စွန်းချွမ်”
“အရှေ့ဝူနတ်ကမ္ဘာ… ဘာလို့ ကျွန်တော် တစ်ခါမှ မကြားဖူးတာလဲ”
“လောကကြီးမှာ ကိုယ်မသိတဲ့အရာ တစ်ခုခုတော့ ရှိတက်တာပဲ၊ လောကကြီးအကြောင်းကို အကုန်လုံး နားလည်တယ်လို့ ပြောရဲလို့လား”
“ဒါလည်း ဟုတ်တာပဲ” ဖန်းဟွမ်ကျွင်းဟာ အတွေးနက်သွားပါတယ်။
ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘တာအိုပညာရှိတွေက ဖန်းလျန် အချိန်ခရီးနှင်ပြီး ကိုယ်ပိုင်အင်အားစု ဖန်တီးတာကို ဘာလို့ ထိုင်ကြည့်နေတာလဲ’
တာအိုပညာရှိက ကာလသုံးပါးကို သိတဲ့အတွက် အချိန်ခရီးသွားတာက သူတို့မျက်လုံးထဲမှာ ကလေး ကစားစရာအဆင့်ပဲ ရှိပါတယ်။
‘နေအုန်း… တာအိုဘိုးဘေးက ဖန်းလျန်ကို တိတ်တဆိတ် ကူညီပေးနေတာလား၊ ဟုတ်တယ်… ဒါအဖြစ်နိုင်ဆုံးပဲ’
ဖန်းလျန်က တာအိုဘိုးဘေးရဲ့ ဆက်ခံသူ ဖြစ်တဲ့အတွက် တာအိုဘိုးဘေးက ကူညီပေးတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒီအတိုင်းဆိုရင် ဟန်ကျွယ်အနေနဲ့ ဖန်းလျန်ကို စိတ်ပူစရာ မလိုတော့ပါဘူး။ ဉာဏ်များလွန်းတဲ့ ဖန်းလျန်က တာအိုဘိုးဘေးရဲ့ ကူညီမှုကို ရထားတာဆိုတော့ ဒီအနန္တကပ်ဘေးကို ကျိန်းသေပေါက် ဖြတ်ကျော်နိုင်မှာပါ။
မဟာတာအိုလမ်းစဉ်က ကျင့်ကြံမှု စွမ်းအားကြီးတိုင်း လုပ်ချင်တာလုပ်လို့ရတာ မဟုတ်ပါဘူး။
တာအိုအရှင်သခင်သာ ကယ်တင်ခံရပြီး တိတ်ဆိတ်ဂိုဏ်းကို ရောက်လာရင် တိတ်ဆိတ်ဂိုဏ်းရဲ့ အလားအလာက နံပါတ်တစ်နေရာကို ခြွင်းချက်မရှိ ရောက်သွားမှာပါ။ အင်မော်တယ်ကမ္ဘာရဲ့ ဘယ်အင်အားစုမှာမှ တိတ်ဆိတ်ဂိုဏ်းလိုမျိုး ပါရမီရှင်တွေ မရှိပါဘူး။
နတ်ရွှေကျီးကန်းမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်။
အစွမ်းအထက်ဆုံး မိုးမြေသားတော်။
ရှန်နန်းတော်ရဲ့ အစွမ်းထက်ဆုံး ပါရမီရှင်။
လူသားမျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင်။
ဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓ။
မှော်မျိုးနွယ်စုရဲ့ မျှော်လင့်ချက်။
တစ်ယောက်ချင်းစီက လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် ဟန်ကျွယ် လုပ်ရမှာက ရှေ့ကနေဦးဆောင်ပြီး လိုသလို ထိန်းချုပ်ဖို့ပါ။ ဒီလိုလုပ်ဖို့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ရှေ့ရောက်နေဖို့တော့ လိုအပ်ပါတယ်။
အဲဒါကြောင့် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် နောက်ဆုံးအဆင့်နဲ့ နီးကပ်သွားပြီး အဆင့်တက်ဖို့ အခွင့်အရေး ရလာတဲ့အတွက် စိတ်ကောင်း ဝင်သွားပါတယ်။ ဟန်ကျွယ်အတွက်တော့ အဆင့်တက်ရတာက ပျော်စရာ အကောင်းဆုံးပါပဲ။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း စာစောင်တွေကို စစ်ဆေးလိုက်တဲ့အခါ နေရာတိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကို တွေ့လိုက်ရပါတယ်။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ စာတစ်စောင်ကို သတိထားမိသွားပါတယ်။
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် ကောင်းကင်တာအိုပညာရှိတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၃
‘ဝိုင်းတိုက်ခံရတာလား… တော်တော် သနားဖို့ကောင်းတာပဲ’
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။
[သင့်တပည့် စုချီသည် တာအိုပညာရှိတစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သင်ယူ တတ်မြောက်သွားသောကြောင့် ကောင်းကင်တာအိုကို လှုပ်နိုးလိုက်သလို ဖြစ်သွား၏။]
‘ဟင်… တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား’
‘ဒီတာအိုပညာရှိက နာမည်မပါဘူးဆိုတော့ တာအိုပညာရှိ မင်ကျွယ်ပဲ ဖြစ်ရမယ်၊ တော်တော် ရက်စက်တာပဲ၊ သူက စုချီကို အသုံးချပြီး သက်ရှိအားလုံးကို သတ်ချင်နေတာပဲ’
စုချီအကြောင်းကို တွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ ကျယ်ကျောင်းတော်ရဲ့ တာအိုပညာရှိကျင်းအန်းက စုချီကို အသုံးချပြီး သူ့ကို ချဉ်းကပ်ချင်တာ သတိရသွားပါတယ် ‘ဒီလိုဆို ကျယ်ကျောင်းတော်က တာအိုပညာရှိနှစ်ပါးတောင် ရှိတာပဲ’
ဟန်ကျွယ်ဟာ တာအိုပညာရှိရဲ့ ကျင်းအန်းရဲ့ အချက်အလက်ကို ပြန်ကြည့်လိုက်ပါတယ်။
[ကျင်းအန်း: ကျင့်ကြံမှုမသိ၊ ကောင်းကင်တာအိုပညာရှိ၊ အနန္တဧကရာဇ်၊ ကျယ်ကျောင်းတော်၏ ရွှေအင်မော်တယ်များထဲတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ ကျင်းအန်းသည် စုချီနှင့် သင့်ကံတရား ဆက်စပ်နေသည်ကို တွက်ချက်မိသဖြင့် စုချီကို အမှောင်တားမြစ်နယ်မြေ၌ လျှောက်သွားကာ သင့်နှင့် မတော်တဆ တိုးစေချင်သည်။]
‘သူကလည်း ကောင်းကင်တာအိုပညာရှိဆိုတော့ ကျယ်ကျောင်းတော်က ကောင်းကင်တာအိုပညာရှိ နှစ်ပါးတောင် ရှိတာပဲ’
အခုဆိုရင် ဟန်ကျွယ်ရှေ့မှာ ပေါ်လာတဲ့ ကောင်းကင်တာအိုပညာရှိက ခုနစ်ပါး ရှိသွားပါပြီ။ အဲဒီခုနစ်ပါးကတော့ နွီဝါ၊ ဖူရှီ၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ချုံရှီလိုင်၊ ဂိုဏ်းချုပ် တျန်ကျွယ်၊ တာအိုပညာရှိ မင်ကျွယ်နဲ့ တာအိုပညာရှိ ကျင်းအန်းတို့ပါ။ ကျန်တဲ့နှစ်ပါးကတော့ ဘယ်သူဘယ်ဝါမှန်း ဟန်ကျွယ် မသိသေးပါဘူး။
‘တာအိုပညာရှိမင်ကျွယ်နဲ့ ကျယ်ကျောင်းတော်က လျှို့ဝှက် အပေးအယူတွေ ရှိနေတာလား၊ မဖြစ်ဘူး… တခြားလူတွေ ငါ့တပည့်ကို အသုံးချတာ လုံးဝလက်ခံလို့ မဖြစ်ဘူး’
စုချီရဲ့ဘဝက ပြဿနာတွေချည်းပါပဲ။ စုချီဟာ ဟန်ကျွယ်အတွက် ရန်သူတော်တော်များများကို ရှင်းပေးခဲ့ပေမဲ့ ဟန်ကျွယ်ကို အကူအညီတောင်းတာ မရှိသလောက်ပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ စုချီ အသုံးချခံရတာကို တွေ့လိုက်ရတဲ့အခါမှာ နှလုံးသားကို မီးအပ်နဲ့ထိုးသလို ခံစားလိုက်ရပါတယ်။
“တာအိုပညာရှိ မင်ကျွယ်က ဘာကိစ္စနဲ့ စုချီကို တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား သင်ပေးလိုက်ရတာလဲ” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ နက်မှောင်တဲ့ ဟင်းလင်းပြင်ကို ရောက်ရှိသွားပြီး ပုဂ္ဂိုလ်နှစ်ပါး ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီပုဂ္ဂိုလ်နှစ်ပါးရဲ့ ပုံရိပ်စစ်ကို မမြင်နိုင်ပါဘူး။
ပုဂ္ဂိုလ်တစ်ပါးက မေးလိုက်ပါတယ် “မင်ကျွယ်… ရွေးချယ်ပြီးပြီလား”
တာအိုပညာရှိ မင်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “လောလောဆယ်တော့ မရွေးရသေးဘူး၊ ကပ်ဘေးထဲမှာ ကံတရားတွေက ရှုပ်ယှက်ခတ်နေတာဆိုတော့ လှုပ်ရှားဖို့ခက်တယ်”
“ငါ့မှာတော့ တစ်ယောက်ရှိတယ်၊ သူက စွမ်းအားကြီးနောက်ခံ မရှိဘူး၊ အစကတော့ သူက ကျယ်ကျောင်းတော် တပည့်ပဲ၊ နောက် ကောင်းကင်ရုံးတော်ထဲ ဝင်ပြီး ကြမ္မာဆိုးနတ် ဖြစ်လာတယ်၊ အခုတော့ ကောင်းကင်ရုံးတော်နဲ့ရော ကျယ်ကျောင်းတော်နဲ့ရော ရေစက် ဖြတ်လိုက်ပြီ၊ သူက တာအိုဘိုးဘေး ပြောထားတဲ့ မသိကိန်းနဲ့ ဆက်စပ်နေတာဆိုတော့ ဒီတာဝန်ကြီးကို ထမ်းနိုင်လောက်တယ်”
“ဒီလိုလုပ်ရင် မသိကိန်းကို ရန်စမိသွားမှာပေါ့”
“အဲဒီလူက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ၊ ဘယ်လိုလုပ်ပြီး ငါတို့အစီအစဉ်ကို သိနိုင်မှာလဲ၊ ငါ့အထင် သူက အဲဒီကြမ္မာဆိုးကို အများကြီး မတွေးထားလောက်ဘူး၊ အဲဒီကြမ္မာဆိုး သေသွားရင်တောင် ဂရုစိုက်မယ် မထင်ဘူး”
“ဒါဆိုလည်း ငါ သူ့ကို တွေ့ချင်တယ်၊ သင့်တော်ရင် သူက လောကကြီးကို ဖျက်ဆီးမဲ့လူပဲ”
“အင်း”
ပုံရိပ်ယောင်တစ်ခုလုံး ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်တွေက ငါနဲ့ စုချီရဲ့ ဆက်ဆံရေးကို သိတယ်၊ ဒါတောင် စုချီကို ဒုက္ခပေးချင်သေးတယ်၊ တွေ့ကြသေးတာပေါ့ကွာ…’
ဟန်ကျွယ်ဟာ စုချီကို အိပ်မက်ပေးဖို့ စဉ်းစားလိုက်ပေမဲ့ ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားမှာစိုးတဲ့အတွက် သူ့အကြံကို ဖျက်လိုက်ပါတယ်။
“ငါ ကောင်းကင်တာအိုပညာရှိကို ကြမ္မာဆိုးစာအုပ်နဲ့ ကျိန်စာတိုက်တိုက်ရင် ရှာတွေ့ခံရမှာလား” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[ရှာတွေ့မခံရပါ။ ကြမ္မာဆိုးစာအုပ်သည် ကံတရား သက်ရောက်ခြင်း မခံရပါ။ ထို့အပြင် တာအိုစက်ကွင်းသည် ကောင်းကင်တာအိုအဆင့်ရှိ နတ်အာရုံများကို ဟန့်တားနိုင်သည်။]
ဟန်ကျွယ်ဟာ ဒီကိစ္စကိုမေးတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အဓိကက ကိုယ့်ကိုကိုယ် အားပေးချင်လို့ မေးလိုက်တာပါ။
ဟန်ကျွယ်ဟာ တာအိုပညာရှိကို သတိပေးတဲ့အနေနဲ့ ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲ ပစ်ထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တာအိုပညာရှိ မင်ကျွယ်ကို ကျိန်စာ စတိုက်ပါတယ်။ ဟန်ကျွယ်ဟာ မင်ကျွယ်ကို ဒုက္ခရောက်အောင် ကျိန်စာတိုက်တာ မဟုတ်ပါဘူး။ ကြောက်အောင် ခြောက်လှန့်ချင်တာပါ။
တာအိုဘုံကျောင်းတစ်ကျောင်းမှာ ကြီးမားတဲ့ ဖယောင်းတိုင်တစ်တိုင်ရဲ့ အလင်းရောင်ဟာ တာအိုပညာရှိ မင်ကျွယ်ရဲ့ မျက်နှာကို ထင်ဟပ်နေပါတယ်။ ဖယောင်းတိုင်ရဲ့ အလင်းရောင်နဲ့ နှိုင်းယှဉ်ရင် တာအိုပညာရှိမင်ကျွယ်ရဲ့ ခန္ဓာကိုယ်က သေးငယ်လွန်းလှပါတယ်။
တာအိုပညာရှိ မင်ကျွယ်ဟာ အစိမ်းရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး အဖြူအမည်း ရောယှက်နေတဲ့ ဆံပင်တွေ ရှိပါတယ်။
ရုတ်တရက် တာအိုပညာရှိ မင်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး လက်ချောင်းတွေ သုံးကာ တွက်ချက်လိုက်ပါတယ်။
တာအိုပညာရှိ မင်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘ဒီလောကမှာ တာအိုပညာရှိကို ကျိန်စာတိုက်ရဲ့တဲ့လူ ရှိသေးတာပဲ၊ ဘယ်သူဘယ်ဝါဆိုတာ တွက်ချက်လို့မရဘူးဆိုတော့ တခြားတာအိုပညာရှိတစ်ပါးရဲ့ လက်ချက်ပဲ ဖြစ်ရမယ်” တာအိုပညာရှိ မင်ကျွယ်ဟာ အသာရေရွတ်ရင်း မျက်တောင်တစ်ချက် ခတ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 442
? Views, Released on December 7, 2024