အခန်း (၄၄၀) အမှောင်သခင်ကြီး ထွက်ပေါ်လာမည့်အချိန်
ဟန်ကျွယ်ရဲ့ ကျိန်ဆိုချက်ကြောင့် ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီလောက် အလေးအနက်ကြီး ကျိန်ဆိုစရာ မလိုပါဘူး၊ လောကမှာ ကံကြမ္မာဆိုတာ ရှိတယ်၊ တော်ကြာ ပြဿနာ တက်နေပါလိမ့်မယ်”
ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ် “ကျွန်တော် သိပါတယ်၊ ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ”
‘ငါ့မှာ ကောင်းကင်တာအိုပညာရှိ မဖြစ်ချင်တာ၊ ငါက ကောင်းကင်တာအိုကို ဖိနှိပ်နိုင်တဲ့ နှောင်ဖွဲ့မှုကင်းတဲ့ တာအိုပညာရှိ ဖြစ်ချင်တာ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သူ့ကိုယ်သူ ပြောလိုက်ပါတယ်။
ဟန်ကျွယ်စကားကြောင့် ကောင်းကင်ဧကရာဇ်ဟာ ပဟေဠိ ဖြစ်သွားပါတယ် ‘ငါပဲ အတွေးလွန်နေတာလား’
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ စရိုက်ကိုသိပါတယ်။ ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က ထာဝရအသက် ဖြစ်တဲ့အတွက် သူ့အနာဂတ်ကိုတော့ သူ ဖျက်ဆီးမှာ မဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။
‘ဒါဆိုရင် ဟန်ကျွယ်က အမှောင်သခင်ကြီးနဲ့ တကယ် မဆက်စပ်တာလား’ ဟန်ကျွယ်အပေါ် ထားရှိတဲ့ ကောင်းကင်ဧကရာဇ်ရဲ့ သံသယဟာ လုံးဝဥဿ ကင်းစင်ပပျောက်သွားပါတယ် ‘အမှောင်သခင်ကြီးက ဟန်ကျွယ်နဲ့ ဘာမှ မပတ်သက်ဘူးဆိုရင် အကြောင်းတစ်ခုခုကြောင့် ငါ့ကို ပစ်မှတ်ထားနေတာ ဖြစ်ရမယ်’
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို သတိပေးလိုက်ပါတယ် “ဒါဆိုရင် မင်းလည်း အမှောင်သခင်ကြီးကို သတိထားဖို့လိုတယ်၊ ဒီလူရဲ့ နောက်ခံက အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီး သူ ဘာလိုချင်လဲဆိုတာကို ခန့်မှန်းဖို့ခက်တယ်”
“ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော်လည်း သူ့အကြောင်းတွေ ကြားဖူးပါတယ်၊ ကျွန်တော့် အထင်ပြောရရင် တာအိုပညာရှိတွေ စီစဉ်ထားတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်”
ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “ဒီကိစ္စက နက်ရှိုင်းတယ်၊ တာအိုပညာရှိတွေကို မယုံနဲ့၊ သူတို့မျက်လုံးထဲမှာ ငါ့က ဆူးတစ်ချောင်းပဲ၊ ငါသာ နဂါးစစ်မျိုးနွယ်စုနဲ့ တာအိုဘိုးဘေးရဲ့ မျိုးဆက်မဟုတ်ရင် သူတို့တွေ ငါ့ကို တိုက်ခိုက်တာ ကြာလှပြီ”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ်ဟာ ထွေရာလေးပါး ဆက်ပြောကြပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ဒီအတောအတွင်း သူ့အတွေ့အကြုံတွေကိုလည်း မခြွင်းမချန် ပြောပြပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် အကြောင်းကို ကြားရတဲ့အခါမှာ နှလုံးသားကို အပ်နဲ့ထိုးသလို ခံစားလိုက်ရပါတယ်။ တစ်ခါတုန်းက ကောင်းကင်ရုံးတော်ရဲ့ မာန်မာန ကြီးမားခဲ့တဲ့ အင်မော်တယ် နတ်ဘုရားတွေရဲ့ ဧကရာဇ်ဟာ အခုတော့ လမ်းဘေးခွေးလို ဖြစ်နေပါပြီ။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ် ဘဝက အဆုံးကြီးတော့ မဟုတ်ပါဘူး။ ဘဝဆုံးသွားတဲ့ နတ်ဆိုးဧကရာဇ် ကောင်းကင်တာအိုဗုဒ္ဓ ဇုထူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်တို့နဲ့ နှိုင်းယှဉ်ရင် အသာကြီး ရှိပါသေးတယ်။
ဟန်ကျွယ်ဟာ အနန္တကပ်ဘေးဆိုတဲ့ အရာကို နက်နက်ရှိုင်းရှိုင်း နားလည်လိုက်ပါတယ်။ တိုက်ခိုက်ချင်တာနဲ့ ကပ်ဘေးထဲကို မဖြစ်မနေ ဝင်ရမှာဖြစ်ပြီး ကံကောင်းမှာလား ကံဆိုးမှာလားက ကြိုမသိနိုင်ပါဘူး။ ကံကောင်းရင် မိုးပေါ်ထိုးတက်နိုင်ပေမဲ့ ကံဆိုးရင်လည်း ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံရမှာပါ။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ပြင်းပြတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ် “ဟန်ကျွယ်… ငါ မင်းအတွက် ငါလုပ်ပေးနိုင်တာအားလုံး လုပ်ပေးပြီးပြီ၊ ငါ့ကို ကျေးဇူးပြန်ဆပ်ဖို့ မတောင်းဆိုပါဘူး၊ ကောင်းကင်ရုံးတော်ကိုပဲ စောင့်ရှောက်ပေးပါ၊ နောက်တစ်ခါ အနန္တကပ်ဘေးကျလို့ ကောင်းကင်ရုံးတော် ပြိုလဲခါနီး ဖြစ်ရင် ကယ်တင်ပေးဖို့ပဲ မျှော်လင့်ပါတယ်”
“ကောင်းကင်ရုံးတော်က ဒီကပ်ဘေးကို မကျော်ဖြတ်နိုင်ရင်ရော…” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “မဖြစ်နိုင်ဘူး၊ ငါ တာအိုပညာရှိတွေနဲ့ သဘောတူထားတာ ရှိတယ်၊ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ကောင်းကင်ရုံးတော်က ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်လိမ့်မယ်”
“ရတယ်၊ ကျွန်တော် ကတိပေးတယ်၊ ကျွန်တော်မှာ ကူညီဖို့ အစွမ်းအစရှိရင် ကျိန်းသေပေါက် ကူညီပေးမယ်”
နောက်ကပ်ဘေးကျရင် ဟန်ကျွယ်က တာအိုကို ရရှိနေပြီးလောက်ပါပြီ။ ဒါကြောင့် ကောင်းကင်ရုံးတော်ကို ကာကွယ်ဖို့ဆိုတာ ခက်ခဲမှာ မဟုတ်ပါဘူး။
“အရှင်မင်းကြီး… ကျွန်တော်ရဲ့ တာအိုစက်ကွင်းက အမင်္ဂလာ မကောင်းဆိုးဝါးတွေကို ဟန့်တားနိုင်တယ်၊ ကျွန်တော့်ဆီ လာခဲ့ပါလား”
ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “ငါ မင်းကို ဒုက္ခမပေးချင်ပါဘူး၊ ငါက ဒီအနန္တကပ်ဘေးမှာ ဆက်တိုက်နေရအုန်းမှာ၊ ရပ်လိုက်လို့မရဘူး၊ မင်းရဲ့ ကြင်နာမှုအတွက်တော့ ကျေးဇူးတင်ပါတယ်၊ ငါ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာ လုံးဝ မမှားဘူး”
“ဒါဆို အရှင်မင်းကြီးရဲ့ ကလေးတွေကရော…” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“လျစ်လျူရှုထားလိုက်၊ လူတိုင်းက ကိုယ့်ကံကြမ္မာနဲ့ကိုယ်ပဲ၊ ငါ သူတို့ရဲ့ နောက်ခံတွေကို အစောကြီးကတည်းက ရွေးချယ်ထားပေးပြီးပြီ၊ ကောင်းကင်ရုံးတော် ပြိုလဲသွားရင်တောင် သူတို့တွေ လုံခြုံနေလိမ့်မယ်”
“ကောင်းပါပြီ”
အဲဒီနောက် ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ်ဟာ စကားနည်းနည်း ထပ်ပြောပြီး အိပ်မက်ကို အဆုံးသတ်လိုက်ကြပါတယ်။
အစစ်အမှန်ကို ပြန်ရောက်တဲ့အခါ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ အနာဂတ်ကို မတွက်ချက်ပါဘူး။ အခုအချိန်မှာ တာအိုပညာရှိတွေက သက်ရှိအားလုံးရဲ့ အသက်ကို ထိန်းချုပ်ထားတဲ့အတွက် ဟန်ကျွယ် အနာဂတ်ကိုသိလည်း ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ဟန်ကျွယ်အနေနဲ့ တာအိုပညာရှိကို ကျိန်စာတိုက်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။
အခုအချိန်မှာ တာအိုပညာရှိကို ကျိန်စာတိုက်တာက အရာမရောက်တဲ့အပြင် တာအိုပညာရှိတွေ အာရုံစိုက်တာကိုပဲ ခံရမှာပါ။ တာအိုပညာရှိတွေက သူတို့ကို ကျိန်စာတိုက်တဲ့လူကို မရှာနိုင်ဘူးလို့ ပြောလို့မရပါဘူး။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်နဲ့ ကျင်းတျန်ကုန်းကို သတိရသွားပါတယ်။ အခုအချိန်က သူတို့နှစ်ယောက်ကို ရှာရမဲ့အချိန်ပါ။ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်လုံးကို အိပ်မက်တစ်ခုထဲ ဆွဲထည့်ပြီး အချင်းချင်း တွေ့ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမတိုင်ခင်တော့ ရွှယ်မင်းဟယ်နဲ့ ကျင်းတျန်ကုန်းမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိမရှိဆိုတာ အရင်ဆုံး တွက်ချက်ပါတယ်။
သက်တမ်း ၁ ဘီလီယံ သုံးစွဲပြီးနောက်မှာတော့ ရွှယ်မင်းဟယ်နဲ့ ကျင်းတျန်ကုန်းဘေးမှာ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်မှာ ရှိမနေတာကို ဟန်ကျွယ် သိလိုက်ရပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုပြီး ရွှယ်မင်းဟယ်နဲ့ ကျင်းတျန်ကုန်းကို အိပ်မက်ထဲ ဆွဲထည့်လိုက်ပါတယ်။ ဒီတစ်ခေါက် ဟန်ကျွယ် ဖန်တီးထားတဲ့ အိပ်မက်နယ်မြေက အမှောင်သခင်ကြီးနဲ့ လိုက်လျောညီညွှတ်မဲ့ မှောင်မည်းတဲ့လိုဏ်ဂူတစ်ဂူပါ။
ရွှယ်မင်းဟယ်နဲ့ ကျင်းတျန်ကုန်းဟာ အမှောင်သခင်ကြီးကို တွေ့တာနဲ့ ချက်ချင်း ဒူးထောက်ပြီး ဦးညွှတ်လိုက်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အမှောင်သခင်ကြီးက လာရှာတဲ့အတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်။
ရွှယ်မင်းဟယ်က ပထမဆုံး မေးလိုက်ပါတယ် “အမှောင်သခင်ကြီး… အနန္တကပ်ဘေးက ရှင်းလင်းလာပြီ၊ လူသားတွေနဲ့ ကောင်းကင်ရုံးတော်ထဲက တစ်ဦးဦး အနိုင်ရမှာပဲ၊ ကျွန်တော်တို့တွေ ကောင်းကင်ရုံးတော်ကို ဆက်ပံ့ပိုးအုန်းမှာလား”
ကျင်းတျန်ကုန်းကလည်း အမှောင်သခင်ကြီးကို စိုက်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်ရဲ့ မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်ပါတယ် “မင်းတို့ကရော ဘယ်လိုစဉ်းစားလဲ”
ရွှယ်မင်းဟယ်နဲ့ ကျင်းတျန်ကုန်းဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အမှောင်သခင်ကြီးရဲ့ နောက်လိုက်တွေ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ကူညီကြမှာပါ။ ကျယ်ကျောင်းတော်နဲ့ အမှောင်ဂိုဏ်း မဟာမိတ်က နှစ်ဖက်စလုံးကို အကျိုးအမြတ် အများကြီး ရစေပါတယ်။
ရွှယ်မင်းဟယ်က ပြောလိုက်ပါတယ် “တာအိုပညာရှိက ကပ်ဘေးထဲ ဝင်လာတာဆိုတော့ ကျွန်တော်တို့တွေ ကိုယ့်ကိုကိုယ် ကာကွယ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်ထင်တယ်”
ကျင်းတျန်ကုန်းကလည်း ခေါင်းညိတ်လိုက်ပါတယ်။
သူတို့နှစ်ယောက်ဟာ ကောင်းကင်ရုံးတော်ကို ပံ့ပိုးပြီး လူသားမျိုးနွယ်စုကို တိုက်ခိုက်ခဲ့ပေမဲ့ ကြီးမားလှတဲ့ ဖူရှီရဲ့ စွမ်းအားကို ရင်ဆိုင်ရတဲ့အခါမှာ ရည်မှန်ချက်အကုန်လုံး ပြိုလဲကုန်ပါတယ်။ အခုအချိန်မှာ သူတို့နှစ်ယောက်စလုံး ကိုယ့်ကိုကိုယ်ပဲ ကာကွယ်ချင်ကြပါတော့တယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းတို့တွေ ကိုယ့်ကိုကိုယ် ကာကွယ်တာ အကောင်းဆုံးပဲ၊ သတ်ဖြတ်ငွေ့ ထိန်းချုပ်တာကို မခံမိစေနဲ့”
ရွှယ်မင်းဟယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ကျင်းတျန်ကုန်းက မေးလိုက်ပါတယ် “အမှောင်သခင်ကြီး… အမှောင်သခင်ကြီးက ဘယ်အချိန် ပေါ်လာမှာလဲ၊ တာအိုပညာရှိတွေကို ရင်ဆိုင်ဖို့ နည်းလမ်းရှိလား”
ရွှယ်မင်းဟယ်ဟာ ခေါင်းညိတ်လိုက်ပြီး အမှောင်သခင်ကြီးကို ကြည့်လိုက်ပါတယ်။ ရွှယ်မင်းဟယ်နဲ့ ကျင်းတျန်ကုန်းဟာ အမှောင်သခင်ကြီးက တာအိုပညာရှိလို့ ယုံကြည်တာကြောင့် အမှောင်သခင်ကြီး လှုပ်ရှားတာကို စောင့်မျှော်နေကြပါတယ်။
ဟန်ကျွယ်ဟာ ရင်တုန်သွားပါတယ် ‘ငါ့ကိုယ်ငါ ပြရမယ်၊ မင်းတို့တွေ ဘာတွေးနေတာလဲ၊ ငါ ကပ်ဘေးထဲ မဝင်ချင်ဘူး”
ဟန်ကျွယ်ဟာ သေသေချာချာ စဉ်းစားဟန်ဆောင်ပြီး ပြောလိုက်ပါတယ် “ကောင်းကင်ဘုံကို အမှောင်ထု ဖုံးလွှမ်းသွားတဲ့အချိန်က အမှောင်သခင်ကြီး ပေါ်လာမဲ့အချိန်ပဲ၊ အဲဒီအချိန်ကျရင် ငါက အရာအားလုံးကို ထိန်းချုပ်မှာ၊ အခုကပ်ဘေးက ငါ့အချိန် မဟုတ်သေးဘူး၊ တကယ့်ကပ်ဘေးအစစ်က အခုမှစတာ၊ မင်းတို့တွေ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရလိမ့်မယ်၊ အချိန်ကြာလို့ စိတ်ဓာတ်မကျနဲ့၊ ငါပေါ်လာရင် မင်းတို့ကို ပေါ့ပေါ့တန်တန် မဆက်ဆံပါဘူး”
ရွှယ်မင်းဟယ်နဲ့ ကျင်းတျန်ကုန်းဟာ စိတ်လှုပ်ရှားသွားပါတယ် ‘ကောင်းကင်ဘုံကို အမှောင်ထုက ဖုံးလွှမ်းသွားတဲ့အချိန်… အမှောင်သခင်ကြီးက တော်တော် ရည်မှန်းချက် ကြီးတာပဲ’
“ဒါဆို… ကျွန်တော်တို့တွေ ကောင်းကင်ရုံးတော်နောက်ကို ဆက်လိုက်သင့်လား” ကျင်းတျန်ကုန်းက မေးလိုက်တာပါ။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “လိုက်ရမယ်၊ ထိုင်ကြည့်မနေနဲ့၊ ဒီကပ်ဘေးမှာ ဘယ်သူနိုင်နိုင် အနိုင်ရသူက ကြီးကြီးမားမား ဆုံးရှုံးမှာပဲ၊ နောက်က တာအိုပညာရှိတွေရဲ့ တိုက်ပွဲပဲ၊ မကြာခင်မှာ လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်က မှေးမှိန်သွားလိမ့်မယ်”
ကျင်းတျန်ကုန်းနဲ့ ရွှယ်မင်းဟယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ သူတို့လည်း ဒီအခြေအနေကို ရိပ်စားမိပါတယ်။
ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ကတယ်တော့ ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်နဲ့ ကျင်းတျန်ကုန်းကို အများကြီး မတွေးပါဘူး။ နည်းနည်း အာရုံစိုက်ရုံလောက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက် အမှောင်သခင်ကြီးနောက် လိုက်တာက ကံတရား အထောက်အပံ့အတွက်မို့လို့ပါပဲ။
အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် နောက်ဆုံးအဆင့်ကို ထိုးဖောက်နိုင်ဖို့အတွက် ဆက်ကျင့်ကြံပါတယ်။
အချိန်တွေ ကုန်ဆုံးသွားပေမဲ့ အမှောင်တားမြစ်နယ်မြေကတော့ အမြဲတမ်း တိတ်ဆိတ်နေပါတယ်။
ဒီလိုနဲ့ ၃၇ နှစ် ကုန်သွားပါတယ်။
“ဝုန်း…”
တိတ်ဆိတ်ကျွန်းတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အမင်္ဂလာ မကောင်းဆိုးဝါးတွေ ထပ်တိုက်ခိုက်တာလို့ တွေးလိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ဝိညာဉ်ပေါ် လာသက်ရောက်တဲ့ ကြောက်မက်ဖွယ်ဖိအားကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဒီဖိအားကြောင့် ကောင်းကင်ဘဝဂ် အဆင့်ရောက်နေတဲ့ ဟန်ကျွယ်တောင် ကြက်သီးမွေးညင်း ထသွားပါတယ်။
‘ဒါ အမင်္ဂလာ မကောင်းဆိုးဝါး မဟုတ်ဘူး’
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်ကို ရန်သူတွေကို ချက်ချင်း စစ်ဆေးကြည့်လိုက်ပါတယ်။
[ဖူရှီ: ကျင့်ကြံမှုမသိ၊ ကေင်းကင်တာအိုပညာရှိ၊ လူသားဧကရာဇ်။]
[တောင်ဘက်စွန်း ကောင်းကင်အရှင်: ကျင့်ကြံမှုမသိ၊ ကောင်းကင်တာအိုပညာရှိ၊ ချန်ကျောင်းတော် ဂိုဏ်းချုပ်။]
‘တာအိုပညာရှိတွေ တိုက်ခိုက်နေတာလား’
ဟန်ကျွယ်ဟာ သေလောက်အောင် ကြောက်သွားပြီး တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ကာ ချက်ချင်း ထွက်ပြေးပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 440
? Views, Released on December 7, 2024