အခန်း (၄၃၉) လောကကြီးအား ကယ်တင်ရန်၊ ဟန်ကျွယ်ရဲ့ ကျိန်ဆိုချက်
ဆယ်နှစ်ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ကတော့ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ကျင့်ကြံတုန်းပါပဲ။ တာအိုပညာရှိတွေ တစ်ယောက်နဲ့ တစ်ယောက် သံသယဝင်နေတာကို ဟန်ကျွယ် မသိပါဘူး။ သိလည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ် မျက်လုံးထဲမှာ ကျင့်ကြံမှုပဲ ရှိပါတယ်။
ဟန်ကျွယ်ဟာ သက်ရှိအားလုံး ဆန်းကြယ်စွမ်းအားကိုလည်း မေ့သွားပါတယ်။ ဒီဆန်းကြယ်စွမ်းအားက ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားနဲ့ မကိုက်ညီတာကြောင့် ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားကို အသုံးပြုမှာ မဟုတ်ပါဘူး။ သုံးတက်အောင်ပဲ လေ့ကျင့်ပြီး မေ့ပစ်လိုက်ပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ဘာမှလုပ်စရာမရှိတဲ့ စာစောင်တွေကို ကောက်ဖတ်လိုက်ပါတယ်။
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် အကုသိုလ်ကံများကို ဝါးမြိုပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်တပည့် စုချီသည် ကောင်းကင်တာအို အတားအဆီးကို ချိုးဖျက်ပြီး အင်မော်တယ်ကမ္ဘာထဲသို့ ဝင်ရောက်လာသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် လူသား ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၄၅၀၀၂၁
[သင့်တပည့် လုံဟောင်သည် သင့်မိတ်ဆွေ ကျိုးဖန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် သင့်တပည့် လုံဟောင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကောင်းကင်တာအိုပညာရှိ တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ သွမ့်ဟုန်ချန်သည် တာအိုပညာရှိတစ်ပါး၏ အိပ်မက်ပေးခြင်းကို ခံရပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
လီတောက်ခုံးကလွဲရင် ကောင်းကင်ရုံးတော်က ဟန်ကျွယ်ရဲ့ မိတ်ဆွေ တော်တော်များများ တာအိုပညာရှိတွေ တိုက်ခိုက်တာကို ခံရပါတယ်။ ထူးဆန်းတာက အကုန်လုံး ပြင်းပြင်းထန်ထန်ပဲ ဒဏ်ရာရပြီ တစ်ယောက်မှ မသေတာပါ။
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို အကုသိုလ်ကံတွေ ဝန်းရံနေတဲ့ ကောင်းကင်ဧကရာဇ်ကို စိုးရိမ်သွားပါတယ်။ ဒီအချိန်မှာ တာအိုပညာရှိရဲ့ တိုက်ခိုက်မှုကိုသာ ခံရမယ်ဆိုရင် ကောင်းကင်ဧကရာဇ် ကိစ္စတုံးဖို့က သေချာသလောက် ရှိပါတယ်။
စုချီ ပြန်လာတာကိုတော့ ဟန်ကျွယ် မကြိုက်ပါဘူး။ အခုအချိန်မှာ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေက အလွန်တရာ ရှုပ်ထွေးပြီး ဖရိုဖရဲ ဖြစ်နေတဲ့အတွက် စုချီ ပြန်လာတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ မခြားပါဘူး။
တာအိုပညာရှိတွေ လှုပ်ရှားရင် ဒီအနန္တကပ်ဘေးက သိပ်မကြာဘဲ ခဏလေးနဲ့ ပြီးဆုံးမှာပါ။
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
ဟန်ကျွယ်ရှေ့မှာ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာပါတယ်။
‘ခွီးတဲ့မှပဲ… လာပြန်ပြီလား၊ ခွေးမသား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး အသိပေးချက်ကို လျစ်လျူရှုလိုက်ပါတယ်။ ဒါပေမဲ့ ချုံရှီလိုင်က အိပ်မက်တွေ ဆက်တိုက်ပေးတဲ့အတွက် အသိပေးချက်ကလည်း ဆက်တိုက် တက်လာပါတယ်။
မကြာခင်မှာပဲ တစ်နှစ် ကုန်ဆုံးသွားပါတယ်။ ဒါပေမဲ့ ချုံရှီလိုင်က အိပ်မက်ပေးနေတုန်းပါပဲ။ အကြိမ်ရေတွက်မယ်ဆိုရင် သန်းချီနေပါပြီ။ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မခံစားနိုင်တော့ပါဘူး။
“စနစ်… ဒီခွေးကောင်ကို ပိတ်ထားလို့ရမလား” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[လောလောဆယ် မရပါ။]
ဟန်ကျွယ်ဟာ သွေးအန်လုနီး ဖြစ်သွားပါတယ် ‘ငါ့စနစ်က ဒီလောက်အစွမ်းထက်တာ လူတစ်ယောက်ကိုတောင် ပိတ်မထားနိုင်ဘူး’
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ဇွဲကောင်းလှတဲ့ ချုံရှီလိုင်ကို လက်မြှောက် အရှုံးပေးလိုက်ရပါတယ်။ အရှုံးမပေးလို့လည်း မရပါဘူး။ ဟန်ကျွယ် အရှုံးမပေးရင် ချုံရှီလိုင်က ဟန်ကျွယ် အိပ်မက်ကို လက်မခံမချင်း ဆက်တိုက်ပေးပို့နေမဲ့ သဘောရှိပါတယ်။
“ချုံရှီလိုင်ရဲ့ အိပ်မက်ကို လက်ခံလိုက်ရင် ငါ့အတွက် အန္တရာယ်ရှိုနိုင်လား” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မရှိပါ။ တာအိုစက်ကွင်းသည် အမှောင်တားမြစ်နယ်မြေ၌ တည်ရှိသောကြောင့် တစ်ဖက်လူသည် ဆက်သွယ်ရုံသာ ရသည်။ ထို့အပြင် အိပ်မက်ထဲမှ ကြိုက်သည့်အချိန် ထွက်နိုင်ရန် စနစ်က ကူညီမည် ဖြစ်သည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး ချုံရှီလိုင်ရဲ့ အိပ်မက်ကို ချက်ချင်း လက်ခံလိုက်တဲ့အတွက် မကြာခင်မှာပဲ ဟန်ကျွယ်ဟာ အိပ်မက်နယ်မြေကို ရောက်ရှိသွားပါတယ်။
အိပ်မက်နယ်မြေက တောက်ပတဲ့ ခန်းမတစ်ခုထဲမှာပါ။ ဟန်ကျွယ်ရှေ့မှာ အလွန်ကြည်ညိုဖွယ်ကောင်းပြီး ပေတစ်သောင်းကျော် မြင့်မားတဲ့ ဗုဒ္ဒရုပ်တစ်ပါး ရှိနေပါတယ်။ ဒီဗုဒ္ဓက ချုံရှီလိုင်ပါ။ ချုံရှီလိုင်ဟာ ရွှေရောင်ဗုဒ္ဓရုပ်တုနဲ့ ဆင်တူပြီး အသက်ရှိတယ်လို့ မထင်ရပါဘူး။
ဟန်ကျွယ်ဟာ ချုံရှီလိုင်ကို အစိမ်းလိုက် ဝါးစားချင်နေပေမဲ့ ဒေါသကို ဖိနှိပ်ပြီး ခေါင်းရှုပ်သွားဟန် ဆောင်လိုက်ပါတယ်။
[ချုံရှီလိုင်သည် သင့်အား အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
‘အင်း… ဒီကောင် မဆိုးဘူး’ ဟန်ကျွယ်ဟာ ချုံရှီလိုင်ရဲ့ မျက်နှာသာပေးမှုကို မြင်ရတဲ့အခါမှာ ဒေါသတစ်ဝက် လျော့သွားပါတယ်။ ဒေါသ အကုန်လုံး မပြေသေးတာက မျက်နှာသာပေးမှုက ကြယ်တစ်ပွင်တည်း ရှိနေလို့ပါ။
ဟန်ကျွယ်ဟာ စကားမပြောဘဲ ချုံရှီလိုင် ပါးစပ်ဟလာတာကို စောင့်ပါတယ်။
အတန်ကြာမှ ချုံရှီလိုင်က တစ်လုံးချင်း ပြောလိုက်ပါတယ် “ဟန်ကျွယ်”
ဟန်ကျွယ်ဟာ ဗုဒ္ဓရုပ်တုဟာ အံဩတကြီး ကြည့်လိုက်ပါတယ်။
“ဟန်ဆောင်နေတာ ရပ်တော့၊ မင်းငါ့ကို ရှာတွေ့ပြီးပြီဆိုတာ ငါ သိတယ်”
“အဟွတ်… အဟွတ်… ခင်ဗျားက ဘယ်သူများလား…” ဟန်ကျွယ်ဟာ ကသိကအောက် မျက်နှာနဲ့ မေးလိုက်ပါတယ်။
“အနန္တကပ်ဘေးက အဆုံးသတ်ခါနီးပြီဆိုတော့ တစ်စုံတစ်ယောက်က သက်ရှိအားလုံးကို သတ်ပစ်ချင်နေတယ်၊ မင်းက တာအိုဘိုးဘေး ဟောကိန်းထုတ်ထားတဲ့ ကောင်းကင်တာအိုရဲ့ မသိကိန်းဆိုတော့ လောကကြီးကို ကယ်တင်ပေးဖို့ ငါမျှော်လင့်တယ်၊ မင်းသာ လောကကြီးကို ကယ်တင်ပေးဖို့ သဘောတူမယ်ဆိုရင် မင်းရဲ့ကျင့်ကြံမှုကို တာအိုပညာရှိအတုအဆင့်ထိ ရောက်လာအောင်လုပ်ပေးပြီး အကောင်းစား ရတနာတစ်ပါးကိုလည်း လက်ဆောင်ပေးမယ်”
ချုံရှီလိုင်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော်က ကယ်တင်ရှင် မဖြစ်ချင်ဘူး၊ အေးအေးဆေးဆေးပဲ ကျင့်ကြံအားထုတ်ချင်တာ”
“မင်းက အမှောင်တားမြစ်နယ်မြေမှာလား”
“ဟုတ်တယ်”
အမှောင်တားမြစ်နယ်မြေကို တာအိုပညာရှိတွေ ချောင်းကြည့်လို့မရတဲ့အတွက် ဟန်ကျွယ်ဟာ သူ အမှောင်တားမြစ်နယ်မြေမှာ ရှိနေတာကို တာအိုပညာရှိတွေ သိသွားမှာ မစိုးရိမ်ပါဘူး။
ချုံရှီလိုင်က ဟန်ကျွယ်ကို ထပ်ပြီးတော့ ဖျောင်းဖျပါတယ် “မင်း လောကကြီးကို ကယ်တယ်နိုင်မယ်ဆိုရင် အနန္တကုသိုလ်ကံကို ရရှိပြီး တာအိုရရှိဖို့တောင် အခွင့်အရေး ရလာလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းက သက်ရှိအားလုံးကို ကျော်တက်ပြီး ကောင်းကင်တာအိုပညာရှိ ဖြစ်လာလိမ့်မယ်၊ အနန္တကပ်ဘေးကို ဘယ်တော့မှ စိုးရိမ်စရာ မလိုတော့ဘူး၊ မဟုတ်ရင် မင်း ဒီအနန္တကပ်ဘေးကို ကျော်ဖြတ်နိုင်ရင်တောင် နောက်အနန္တကပ်ဘေးကျရင် မင်း ဘယ်လိုလုပ်မှာလဲ၊ ဆက်ပြီးတော့ပဲ ပုန်းနေမှာလား”
“တစ်နေ့ကျလို့ အမှောင်တားမြစ်နယ်မြေက မင်းအတွက် မလုံခြုံတော့ဘူးဆိုရင် မင်း ဘယ်လိုလုပ်မှာလဲ၊ အမှောင်တားမြစ်နယ်မြေမှာ မင်းပိုနေလေလေ အမင်္ဂလာ မကောင်းဆိုးဝါးတွေရဲ့ သက်ရောက်မှုကို ခံရလေလေပဲ၊ နောက်ကျရင် ကောင်းကင်တာအိုဆီ ပြန်လာဖို့တောင် ခက်ခဲလိမ့်မယ်”
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “စီနီယာ… ကျွန်တော်ကို စဉ်းစားဖို့ အချိန်ပေးပါအုန်း၊ ဒီကိစ္စက အကြီးကြီးဆိုတော့ ကျွန်တော် အချိန်ယူ စဉ်းစားရမယ်”
“ကောင်းပြီလေ၊ ဒါနဲ့ တစ်ခု သတိပေးရအုန်းမယ်၊ လူသားမျိုးနွယ်စုက တာအိုပညာရှိဖူရှီ… မင်းကို လာရှာရင် ဂရုမစိုက်နဲ့၊ ဒီကောင်က သက်ရှိအားလုံးကို ရှင်းပစ်ဖို့ ကြံစည်နေတာ၊ သူ အသုံးချတာကို မခံရမိစေနဲ့”
“ဟုတ်ကဲ့ပါ”
ချုံရှီလိုင် လက်မြှောက်လိုက်တဲ့အခါ အိပ်မက်တစ်ခုလုံး ကွဲကြေသွားပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ ကျိန်ဆဲလိုက်ပါတယ် “မင်းက ငါ့ကို ကယ်တင်ရှင် ဖြစ်စေချင်တာလား၊ အိပ်မက် မက်နေလိုက်”
ဟန်ကျွယ်ဟာ ချုံရှီလိုင်က သူ့ကို အရေးတကြီး ပြောစရာရှိတယ်လို့ ထင်ထားတာပါ။ အခုလိုမျိုး အရည်မရ အဖတ်မရတွေ ပြောလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဟန်ကျွယ် နောက်ကျရင် ချုံရှီလိုင်က အိပ်မက်တွေ ဘယ်လောက်ပဲပေးပေး ထပ်လက်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ဆက်လက် ကျင့်ကြံ အားထုတ်ပါတယ်။
ငါးနှစ်ကြာပြီးနောက်။
နောက်လူတစ်ယောက် အိပ်မက်ပေးပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ကောင်းကင်တာအိုပညာရှိ မဟုတ်ဘဲ ကောင်းကင်ဧကရာဇ်ပါ။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် အိပ်မက်ပေးတာကိုတော့ ကြည်ကြည်ဖြူဖြူပဲ လက်ခံလိုက်ပါတယ်။
ဟန်ကျွယ် အိပ်မက်နယ်မြေထဲ ရောက်တဲ့အခါ ကောင်းကင်ဧကရာဇ်ရဲ့ အိပ်မက်က ယွီဂျင်ဂိုဏ်းတော်ကြီး အပြင်ဘက်က တောအုပ်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဒီတောအုပ်ကို တွေ့လိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ပြီး မျက်ခုံးနှစ်ဖက်ကြားမှာ သတ်ဖြတ်ငွေ့ လျှံထွက်နေတဲ့ ကောင်းကင်ဧကရာဇ်ကို တွေ့လိုက်ရပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ နတ်ဆိုးတစ်ကောင်နဲ့ တူနေပြီး အတိတ်မှာတုန်းကလိုမျိုး ကြည်ညိုလေးစားဖွယ်အသွင် မရှိတော့ပါဘူး။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ခေါင်းအစခြေအဆုံး ကြည့်ပြီး ပြုံးလိုက်ပါတယ် “ငါတောင် မင်းကို ထိုးဖောက်ပြီး မမြင်နိုင်တော့ဘူး၊ ကြည့်ရတာ မင်းရဲ့ကျင့်ကြံမှုက ပိုမြင့်လာပုံပဲ၊ ဘယ်အဆင့်တောင် ရောက်နေပြီလဲ၊ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးကို ရောက်နေပြီလား”
ဟန်ကျွယ်ဟာ မချိုပြုံး ပြုံးလိုက်ပါတယ် “အရှင်မင်းကြီးက ကျွန်တော်ကို အမြင့်ကြီး တွေးထားတာပဲ၊ ကျွန်တော် ကျင့်ကြံမှုက ဘယ်လိုလုပ်ပြီး အဲဒီလောက် မြန်မှာလဲ”
“ဟားဟား… ဒါလည်း ဟုတ်တာပဲ”
“အရှင်မင်းကြီးရော ဒီနှစ်ထဲ ဘယ်လိုနေလဲ”
“ကောင်းကင်တာအိုက ငါ့နောက် လိုက်နေတယ်၊ ဒီအတောအတွင်း တာအိုပညာရှိတစ်ပါးက အင်မော်တယ်ကမ္ဘာကို ဖျက်ဆီးမယ်လို့ ကောလဟာလတွေ ကြားနေရတယ်၊ အဲဒါကြောင့် ငါ မင်းကို သတိလာပေးတာ၊ ဘာပဲဖြစ်ဖြစ် အနန္တကပ်ဘေး မပြီးခင် အင်မော်တယ်ကမ္ဘာကို ပြန်မလာနဲ့”
“အရှင်မင်းကြီးရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ကျိန်းသေပေါက် အင်မော်တယ်ကမ္ဘာကို ပြန်မလာပါဘူး၊ အရှင်မင်းကြီးကရော ဘယ်လိုလုပ်မှာလဲ၊ အင်မော်တယ်ကမ္ဘာကနေ ထွက်မလာတော့ဘူးလား”
“ငါက နောက်ဆုတ်လို့ မရတော့ဘူး၊ ငါရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ အကုသိုလ်ကံတွေချည်းဆိုတော့ အမှောင်တားမြစ်နယ်မြေမှာရှိတဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေ လက်ကနေ လွတ်မှာ မဟုတ်ဘူး၊ အဲဒီအချိန်ကျရင် ဒီထက် ပိုဆိုးမှာဆိုတော့ ငါ့မှာ ဆက်တိုက်ဖို့ပဲ ရှိတယ်”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဘာပြောရမှန်း မသိတော့ပါဘူး။ အခုအချိန်မှာ အားပေးနှစ်သိမ့်မှုတွေက ကောင်းကင်ဧကရာဇ်အတွက် ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူး။
ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “ဒီကပ်ဘေးကို တာအိုပညာရှိတွေ နောက်ကနေ တွန်းနေတာဆိုတော့ မကြာခင် အဆုံးသတ်လိမ့်မယ်၊ မင်း ငါ့ကို ကူညီချင်ရင် အမှောင်သခင်ကြီးနဲ့ ဆက်သွယ်လို့ရအောင် လုပ်ပေးစမ်းပါ”
ဟန်ကျွယ်ဟာ မှင်သက်သွားတဲ့ မျက်နှာနဲ့ တအံတဩ ပြန်မေးလိုက်ပါတယ် “ကျွန်တော်က ဘယ်လိုလုပ်ပြီး အမှောင်သခင်ကြီးကို ဆက်သွယ်နိုင်မှာလဲ”
ကောင်းကင်ဧကရာဇ်ဟာ ရှေ့ကိုတိုးလာပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းက တကယ်ပဲ အမှောင်သခင်ကြီးကို မသိတာလား၊ မသိချင်ယောင် ဆောင်နေတာလား”
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်နဲ့ အမှောင်သခင်ကြီးက မဆက်စပ်ဘူးဆိုတာကို အယုံအကြည် မရှိပါဘူး။ ဟန်ကျွယ်ကြောင့်မဟုတ်ရင် အမှောင်သခင်ကြီးက သူ့ကို ကူညီဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ကောင်းကင်ဧကရာဇ်ဟာ တခြား အကြောင်းအရင်းတွေကိုတော့ စဉ်းစားမရပါဘူး။
“ကျွန်တော် အမှောင်သခင်ကြီးကို တကယ်မသိဘူး၊ ဖန်းလျန်ကို မေးပေးရမလား” ဟန်ကျွယ်ဟာ မချိပြုံး ပြုံးလိုက်ပါတယ်။
“တကယ်လား”
“ကျွန်တော် အရှင်မင်းကြီးကို လိမ်ညာခဲ့ရင် ဘယ်တော့မှ ကောင်းကင်တာအိုပညာရှိ မဖြစ်ပါစေနဲ့”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 439
? Views, Released on December 7, 2024