Switch Mode

Chapter – 437

အခန်း (၄၃၇) ကျောက်ရွှမ်ယွမ် တိတ်ဆိတ်ဂိုဏ်းထဲဝင်ခြင်း
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပြီး ချက်ချင်း အဖြေပြန်မပေးပါဘူး။ ကျောက်ရွှမ်ယွမ်ကလည်း ဘာမှထပ်မပြောတဲ့အတွက် ပဋိက္ခနယ်မြေတစ်ခုလုံး အပ်ကျသံကြားရအောင် တိတ်ဆိတ်သွားပါတယ်။ တိတ်ဆိတ်မှု ကြီးစိုးလာတဲ့အတွက် ကျောက်ရွှမ်ယွမ်ဟာ စိတ်လေးလာပါတယ်။
အတန်ကြာတဲ့အခါမှာတော့…..
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မဝင်ပါနဲ့ကွာ၊ ငါ့နေရာက ကျဉ်းကျဉ်းလေး၊ မင်းလိုမျိုး အကောင်ကြီးနဲ့ အံကျမှာ မဟုတ်ဘူး၊ ရင်းနှီးပြီးမှ ပြဿနာမတက်ချင်ဘူး၊ ငါ့တပည့်တွေ အကုန်လုံးက သိုသိုသိပ်သိပ် ကျင့်ကြံပြီး သေမျိုးလောကနဲ့ အဝေးကြီးမှာ နေကြတာ၊ သူတို့မှာ တာအိုရယူလိုစိတ်ပဲ ရှိတာဆိုတော့ ဘုန်းကြီးတွေနဲ့ ဘာမှမကွာဘူး”
ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်စကားရဲ့ ဆိုလိုရင်းကို နားလည်တာကြောင့် ချက်ချင်း ပြန်ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ကျွန်တော်က မိန်းမကို မကြိုက်သလို တိုက်ခိုက်တာကိုလည်း မနှစ်သက်ပါဘူး”
‘တိုက်ခိုက်တာ မကြိုက်ဘူး’ ဟန်ကျွယ်ဟာ မဟာတာအိုက သက်သေခံရင်တောင် ကျောက်ရွှမ်ယွမ်စကားကို မယုံပါဘူး။
ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်က မယုံမှန်းသိတာကြောင့် အံကြိတ်ပြီး ပြောလိုက်ပါတယ် “အစ်ကို… ကျွန်တော့်ကို အခွင့်အရေးတစ်ကြိမ်ပဲ ပေးပါ၊ ကျွန်တော် အစ်ကိုဂိုဏ်းထဲကို တကယ်ဝင်ချင်တာပါ”
ကျောက်ရွှမ်ယွမ်ဟာ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ရဖို့အရေး ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနှယ် ဟန်ကျွယ်ကို တောင်းပန်ပါတယ်။
ဟန်ကျွယ်လည်း ကျောက်ရွှမ်ယွမ်ရဲ့ တောင်းဆိုချက်က သွေးရိုးသားရိုးလား သိချင်တာကြောင့် စိတ်ထဲကနေ စနစ်ကို ကောက်မေးလိုက်ပါတယ် “ကျောက်ရွှမ်ယွမ် ငါ့ဂိုဏ်းထဲ ဝင်ချင်တာက အတည်လား၊ တစ်ခုခု ကြံစည်နေတာလား၊ ဒါမှမဟုတ် ဒီနောက်ကွယ်မှာ တာအိုပညာရှိ ပတ်သက်နေလား”
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ကျောက်ရွှမ်ယွမ်က သန်း ၁၀၀ တောင် တန်တာလား၊ အကြံအစည် ရှိနေလို့လား’
ဆက်တွက်မယ်။
[ဘာအကြံအစည်မှ မရှိပါ။ တာအိုပညာရှိနှင့်လည်း မပတ်သက်ပါ။ စိတ်ရင်းနှင့် တောင်းဆိုခြင်း ဖြစ်သည်။]
တာအိုပညာရှိနဲ့ မပတ်သက်တဲ့အတွက် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ သေချာပြန်တွေးကြည့်ရင် ဟန်ကျွယ်နဲ့ ကျောက်ရွှမ်ယွမ်က အပြင်မှာ တစ်ခါမှ မတွေ့ဖူးတဲ့အတွက် ကံတရားဆက်စပ်စရာ လုံးဝမရှိပါဘူး။ ဒါကြောင့် တာအိုပညာရှိတွေ တွက်ချက်မိဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ တော်တော်လေး ချီတုံချတုံ ဖြစ်သွားပါတယ်။ ကျောက်ရွှမ်ယွမ်က တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ချင်ပေမဲ့ သူ့အပေါ် မျက်နှာသာပေးမှုရှိတဲ့အတွက် လက်ခံဖို့ဆိုတာက အတော်ခက်ခဲတဲ့ကိစ္စပါ။ ဟန်ကျွယ်ဟာ ကျောက်ရွှမ်ယွမ်က အရုပ်တစ်ရုပ်လို့တောင် သံသယဝင်သွားပါတယ်။ လူဆိုရင် ကျိန်းသေပေါက် ခံစားချက်ရှိရမှာပါ။
ကျောက်ရွှမ်ယွမ်က အလောတကြီး မေးလိုက်ပါတယ် “အစ်ကို… တခြားလိုတာတွေ ရှိသေးလို့လား”
“မင်းမှာ ခံစားချက် မရှိဘူးလား”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ကျောက်ရွှမ်ယွမ်ဟာ မှင်သက်သွားပြီး ခေါင်းရှုပ်သွားပေမဲ့ အရိုးခံအတိုင်း ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်ရဲ့ တာအိုနှလုံးသားက ရေလိုပဲ၊ ကျွန်တော် ငယ်ငယ်ကတည်းက သေမျိုးတွေရဲ့ ခံစားချက်နဲ့ လိုအင်ဆန္ဒတွေကို ဆုံးရှုံးသွားပြီ၊ ကူကယ်ရာမဲ့တာနဲ့ ရင်ထိတ်တာကလွဲရင် ကျွန်တော် ဒေါသတောင် မထွက်ဘူး”
ရုတ်တရက်ဆိုသလို ကျောက်ရွှမ်ယွမ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး ဆက်ပြောလိုက်ပါတယ် “အစ်ကိုသာ ကျွန်တော့်ကို လက်ခံမယ်ဆိုရင် အစ်ကိုခေါင်းဆောင်တဲ့နောက်ကို ကျွန်တော် လိုက်ပါ့မယ်၊ အနာဂတ်မှာ ကျွန်တော် တာအိုကို ရရှိခဲ့ရင် အစ်ကိုရဲ့ ကျေးဇူးကို ကျိန်းသေပေါက် ပြန်ဆပ်ပါ့မယ်”
[ကျောက်ရွှမ်ယွမ်သည် သင့်အပေါ် မျက်နှာသာပေးမှု ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့အခါမှာ မှင်သက်သွားပါတယ် ‘တစ်ခါတည်း ကြယ်ခြောက်ပွင့်လား၊ ဒီကောင်လေးက စိတ်ရောဂါရှိတယ်နဲ့ တူတယ်၊ ဒါပေမဲ့ ဒီကောင်လေးရဲ့ အရည်အချင်းက မဆိုးဘူး’
“ကောင်းပြီလေ၊ ငါ မင်းကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးမယ်၊ မင်းတက်မြောက်တာနဲ့ ငါ့ကို ဆင့်ခေါ်လိုက်၊ ငါ မင်းကို လာခေါ်မယ်”
ဟန်ကျွယ်ဟာ ကျောက်ရွှမ်ယွမ်ကို ဖိတ်ခေါ်ပညာရပ် သင်ပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျောက်ရွှမ်ယွမ်က ဖိတ်ခေါ်ပညာရပ်ကို တခြားလူတွေဆီ သင်ပေးမှာ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် သဘောမတူရင် ဘယ်သူမှ သူ့ကို ဆင့်ခေါ်လို့မရလို့ပါပဲ။
ကျောက်ရွှမ်ယွမ်ရဲ့ အရည်အချင်းက တကယ်ကို အထင်ကြီးဖို့ကောင်းတာပါ။ ခဏလေးနဲ့ ဖိတ်ခေါ်ပညာရပ်ကို နားလည်သွားပါတယ်။
“မင်း အဆင်သင့်ဖြစ်ရင် ငါ့ကို ဆင့်ခေါ်လိုက်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပဋိပက္ခနယ်မြေကနေ ထွက်လိုက်ပါတယ်။
ကျောက်ရွှမ်ယွမ်ကတော့ ပဋိပက္ခနယ်မြေမှာ ကြက်သေသေပြီး ကျန်နေခဲ့ပါတယ် ‘ဒါက တကယ် စွမ်းအားကြီးတဲ့ ဆန်းကြယ်စွမ်းအားပဲ’
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
လေးငါးရက် အကြာမှာတော့ ကျောက်ရွှမ်ယွမ်က ဖိတ်ခေါ်ပညာရပ်အသုံးပြုပြီး ဟန်ကျွယ်ကို ဆင့်ခေါ်ပါတယ်။
သတိကြီးတဲ့ ဟန်ကျွယ်ဟာ ကျောက်ရွှမ်ယွမ်ဆီ ချက်ချင်းမသွားဘဲ ကျောက်ရွှမ်ယွမ်နားမှာ တခြားလူရှိနေလားဆိုတာကို တွက်ချက်ကြည့်လိုက်ပါတယ် “ကျောက်ရွှမ်ယွမ်ဘေးနာမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိနေလား”
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ရှိပါသည်။]
‘ရှိတယ်ဆိုရင် ငါ သွားလို့ မဖြစ်ဘူး’ ဟန်ကျွယ်ဟာ ကျောက်ရွှမ်ယွမ် ဆင့်ခေါ်တာကို လျစ်လျူရှုပြီး ဆက်ကျင့်ကြံပါတယ်။
အဲဒီနောက်ပိုင်း ကျောက်ရွှမ်ယွမ်က မကြာခဏ ဖိတ်ခေါ်ပညာရပ် အသုံးပြုပြီး ဟန်ကျွယ်ကို ဆင့်ခေါ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ရွှမ်ယွမ် ဆင့်‌ခေါ်တိုင်း သက်တမ်း သန်း ၁၀၀ သုံးနေရင် ဖြုန်းတီးရာ ရောက်လို့ပါပဲ။
၇ နှစ်ကြာတဲ့နောက် ကျောက်ရွှမ်ယွမ်က ထပ်ပြီးတော့ ဖိတ်ခေါ်ပညာရပ်ကို အသုံးပြုလိုက်ပါတယ်။ ဒီတစ်ခါမှာတော့ အချိန်လည်း ကြာပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ သက်တမ်း သန်း ၁၀၀ သုံးပြီး တွက်ချက်ကြည့်လိုက်ပါတယ်။
[မရှိပါ။]
ဒီတော့မှပဲ ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တောက်ပတဲ့ နန်းတော်တစ်ခုကို ရောက်သွားပြီး ဝဲကတော့နက်ရှေ့မှာ ထိုင်နေတဲ့ ကျောက်ရွှမ်ယွမ်ကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ် ပေါ်လာတာကို တွေ့လိုက်ရတာကြောင့် ကျောက်ရွှမ်ယွမ်ဟာ ကျေနပ်အံအားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ရွှမ်ယွမ်က သူ့ဆင့်ခေါ်မှု ထပ်ပြီးတော့ ကျဆုံးပြန်ပြီလို့ ထင်ထားလို့ပါပဲ။
ကျောက်ရွှမ်ယွမ်ဟာ မတ်တတ်ရပ်ပြီး စိတ်လှုပ်ရှားစွာ ခေါ်လိုက်ပါတယ် “အစ်ကို…”
‘တော်တော်ချောတာပဲ’ ကျောက်ရွှမ်ယွမ်ဟာ သူ့ကိုယ်သူ လောကမှာ အချောဆုံးယောက်ျားလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ချောမောမှုကို တွေ့လိုက်ရတဲ့အခါမှာတော့ ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာကို သိလိုက်ပါတယ်။
“အရင်သွားရအောင်”
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ကျောက်ရွှမ်ယွမ်ကို အင်္ကျီလက်စထဲ ထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျောက်ရွှမ်ယွမ်ကို ကြယ်ပင်လယ်ထဲ ရွှေ့လိုက်ပြီး ဝဲကတော့နက်ထဲ ပျံဝင်လိုက်ပါတယ်။ ဝဲကတော့နက်ဟာ လျင်မြန်စွာပဲ ကျဉ်းမြောင်း ပျောက်ကွယ်သွားပါတယ်။
ဒီအချိန်မှာပဲ ခန်းမထဲကို ရုပ်သွင်တစ်ခု ရောက်လာပါတယ်။ ဒီရုပ်သွင်ဟာ ဖြူမည်းဝတ်ရုံကို ဝတ်ဆင်ထားပြီး တည်ကြည်လေးနက်တဲ့မျက်နှာနဲ့ အပြာရောင်တောက်နေတဲ့ မျက်လုံးတွေ ရှိပါတယ်။
“အို… သူ ထွက်သွားတာ မြန်လှချည်လား”
ချက်ချင်းဆိုသလိုပဲ ဖြူမည်းဝတ်ရုံနဲ့ ရုပ်သွင်ဟာ လက်ချောင်းတွေသုံးပြီး တွက်ချက်လိုက်ပေမဲ့ ကျောက်ရွှမ်ယွမ်ရဲ့ တည်နေရာကို တွက်ချက်မရပါဘူး။
“သူတို့က တစ်ခါတည်း အမှောင်တားမြစ်နယ်မြေကို ပြန်ခုန်သွားတာလား၊ ဒီမသိကိန်းက မရိုးရှင်းဘူးပဲ”
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ဟာ ကျောက်ရွှမ်ယွမ်ကို အပြင်ထုတ်လိုက်ပါတယ်။ ကြယ်ပင်လယ်ရဲ့ ခမ်းနားမှုမှာ နစ်မြောနေတဲ့ ကျောက်ရွှမ်ယွမ်ဟာ မြေကြီးပေါ်ရောက်ရောက်ချင်း ဟန်ကျွယ်ကို သတိမထားမိသေးပါဘူး။
ကျောက်ရွှမ်ယွမ်ဟာ လေးငါးစက္ကန့်ကြာမှ သတိဝင်လာပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက် အရိုအသေ ပေးလိုက်ပါတယ်။
“လွန်ခဲ့တဲ့ ၇ နှစ်က ငါ မင်း ဆင့်ခေါ်တာကို ခံစားမိတယ်၊ ဒါပေမဲ့ မင်းဘေးမှာ တာအိုပညာရှိအတုနဲ့ ဒီထက်စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိနေတာကို တွက်ချက်မိလို့ မင်းဆီ မလာတာ”
ကျောက်ရွှမ်ယွမ်ဟာ မှင်သက်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်ပါတယ် “ကျွန်တော် အပြင်ထွက်ချင်တယ်လို့ ကျွန်တော် ဆရာသခင်ကိုပဲ ပြောဖူးတယ်”
‘လူသားမျိုးနွယ်စုမှာ တာအိုပညာရှိအတုက…’ ကျောက်ရွှမ်ယွမ်ဟာ တစ်စုံတစ်ခုကို နားလည် သဘောပေါက်သွားပါတယ်။
ဟန်ကျွယ်ဟာ အပြင်ဘက်ကို လျှောက်သွားပြီး ကျောက်ရွှမ်ယွမ်ကို ပြောလိုက်ပါတယ် “ငါ့နောက်လိုက်ခဲ့”
ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်နောက်လိုက်ရင်း ကျင့်ကြံခြင်းလိုဏ်ဂူကို တစ်ချက် အကဲခတ်လိုက်တဲ့အခါ ထောင့်တစ်ထောင့်နားက ပြန်လည်မွေးဖွားခြင်း လီလီပန်းကို တွေ့သွားပါတယ်။
‘ဒါက ငရဲပြည်ရဲ့ ပြန်လည်မွေးဖွားခြင်း လီလီပန်းပဲ၊ ဘယ်လိုမျိုး စိုက်ထားတာပါလိမ့်’
ကျောက်ရွှမ်ယွမ်ရဲ့ ရင်ထဲမှာ လှိုင်းထန်သွားပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ ပြန်လည်မွေးဖွားခြင်း လီလီပန်းအပြင် ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီနဲ့ ရှန်တျန်ချီက အလွန်သိပ်သည်းနေတာကိုလည်း သတိထားမိပါတယ်။ ဒီမှာရှိနေတဲ့ ချီသိပ်သည်းမှုက လူသားမျိုးနွယ်စု မြင့်မြတ်နယ်မြေတွေထက်တောင် ပိုနေပါသေးတယ်။
အပြင်ရောက်တဲ့အခါမှာတော့ ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံနေကြတဲ့ တပည့်တွေက ဟန်ကျွယ်တို့နှစ်ယောက်ကို လှမ်းကြည့်လိုက်ပါတယ်။ သူတို့ဟာ ဟန်ကျွယ်ရဲ့ ရောင်ဝါကို ခံစားမိတာ မဟုတ်ဘဲ ကျောက်ရွှမ်ရဲ့ ရောင်ဝါကို ခံစားမိတာပါ။
“ဒီနေ့ကစပြီး သူက ငါ့ရဲ့ ခြောက်ယောက်မြောက် တပည့်ပဲ၊ အချင်းချင်း သိအောင်လုပ်ကြ” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။
ကျောက်ရွှမ်ယွမ်ကတော့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေ ဝန်းရံတာကို ခံလိုက်ရပါတယ်။
ကျန်းယီက တအံတဩ မေးလိုက်ပါတယ် “ကျောက်ရွှမ်ယွမ်… မင်းက ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ”
ကျောက်ရွှမ်ယွမ်ဟာ ကျန်းယီကိုကြည့်ပြီး မျက်စိမှေးသွားပါတယ် “ခင်ဗျားက နတ်ရွှေကျီးကန်း မျိုးနွယ်က ကျန်းယီမှတ်လား”
နှစ်ယောက်လုံးက ပါရမီရှင်တွေဆိုပေမဲ့ ကျင့်ကြံမှုအဆင့်က ကွာခြားလွန်းလှပါတယ်။ ကျောက်ရွှမ်ယွမ်က မူလဆန်းကြယ် နတ်စွမ်းအား သုံးပါးအဆင့်ကို ရောက်နေတဲ့အတွက် ကျန်းယီရဲ့ အကြီးလို့ ယူဆရမှာပါ။
ကျန်းယီဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… မင်းက နတ်မင်းအဆင့် ‌ရောက်နေတာတောင် စီးမာယိကို ဆရာသခင်အဖြစ် အသိအမှတ် ပြုသေးတာလား၊ ဒီအကြောင်းကို လူသားမျိုးနွယ်စု သိလား”
ငရဲကြက်နက်က မနေနိုင်ဘဲ ဝင်မေးလိုက်ပါတယ် “ဘာလို့ သခင်ကို စီးမာယိလို့ ခေါ်နေသေးတာလဲ”
“အဲဒါ မင်းကိစ္စမဟုတ်ဘူး”
ကျန်းယီနဲ့ ငရဲကြက်နက်ဟာ ထပ်ပြီးတော့ စကားစစ် ဖြစ်ကြပြန်ပါတယ်။
ကျောက်ရွှမ်ယွမ်ကတော့ တခြားလူတွေကို လေ့လာပါတယ်။
မကြာခင်မှာပဲ…
ရုတ်ရုတ်သဲသဲ အသံတွေကို ကြားတဲ့အတွက် ရှင်းဟုန်ရွှမ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ‌ကျောက်ရွှမ်ယွမ်ကို မြင်လိုက်ရတဲ့အခါမှာ မှင်သက်သွားပါတယ် ‘သူက လူသားမျိုးနွယ်စုရဲ့ ပါရမီရှင် မဟုတ်လား၊ ယောက်ျားက ဘယ်နည်းလမ်းနဲ့ သူ့ကို စည်းရုံးလိုက်တာလဲ’
နောက်နေ့မှာတော့ ဟန်ကျွယ်ဟာ ကျောက်ရွှမ်ယွမ်အတွက် အသွင်တူလက်ရည်စမ်းပွဲ အသုံးပြုခွင့်ကို ဖွင့်ပေးလိုက်ပါတယ်။ ကျောက်ရွှမ်ယွမ် အသွင်တူလက်ရည်စမ်းပွဲရဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရတဲ့အခါမှာ တခြားတပည့်တွေလိုပဲ အစွဲကြီးစွဲပြီး အသွင်တူလက်ရည်စမ်းပွဲထဲကနေ မထွက်နိုင်ပါဘူး။
ကျောက်ရွှမ်ယွမ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ်ကို စိန်ခေါ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက လက်ရှိအဆင့်ထိ မြှင့်တင်ထားပြီး ဖြစ်တဲ့အတွက် ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ လက်သီးတစ်လုံးနဲ့တင် ကျောက်ရွှမ်ယွမ် ကြွသွားပါတယ်။
ဒီလိုရှုံးသွားလို့ ကျောက်ရွှမ်ယွမ်ဟာ စိတ်ပျက်ခြင်းမရှိဘဲ စိတ်လှုပ်ရှားလာပါတယ်။
‘ငါ ဆုံးဖြတ်ချက် မှန်တယ်၊ သူ့အစွမ်းက တကယ်ကို ခန့်မှန်းလို့မရအောင် နက်ရှိုင်းတာပဲ’
ကျောက်ရွှမ်ယွမ်ဟာ အသွင်တူလက်ရည်စမ်းပွဲလိုမျိုး ဆန်းကြယ်စွမ်းအားကို ဘယ်တုန်းကမှ မကြားဖူးပါဘူး။ ကျောက်ရွှမ်ယွမ်ဟာ တခြားတပည့်တွေနဲ့ အချိန်တစ်ခုအထိ ဆက်ဆံပြီးနောက် တိတ်ဆိတ်ဂိုဏ်းရဲ့ စည်းကမ်းတွေကို နားလည်သွားပြီး အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို မျှော်တလင့်လင့် ဖြစ်သွားပါတယ်။
‘ငါ ဒီမှာ ကျင့်ကြံအားထုတ်ရင် ကပ်ဘေးပြီးတာနဲ့ ကျိန်းသေပေါက် ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်နိုင်တယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset