Switch Mode

Chapter – 436

အခန်း (၄၃၆) တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အား၊ လူသားမျိုးနွယ်စုရဲ့ ပါရမီရှင် ခိုလှုံလာခြင်း
ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ကြည့်တဲ့အခါ အများစုက တိုက်ခိုက်တဲ့အကြောင်းချည်းပါပဲ။ လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်က ဘယ်အချိန်အထိ ဆက်တိုက်အုန်းမလဲဆိုတာ ခန့်မှန်းဖို့ခက်ပါတယ်။
‘ဒီကြားထဲ တော်တော်ပျင်းဖို့ကောင်းတာပဲ၊ ကျိန်စာတိုက်ရမဲ့လူလည်း မရှိတော့ဘူး၊ ကြည့်ရတာ အမှောင်သခင်ကြီးက အနားယူရတော့မယ်နဲ့ တူတယ်’
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး အေးအေးဆေးဆေး မတ်တတ်ရပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အပြင်ထွက်ပြီး တပည့်တွေရဲ့ ကျင့်ကြံမှု တိုးတက်အောင် တာအိုဟောကြားပါတယ်။
ဘာလိုလိုနဲ့ နှစ် ၇၀ ကုန်ဆုံးသွားပါတယ်။
[သင်သည် အသက် ၇,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ ထို့ကြောင့် အောက်ပါ ရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ကပ်ဘေးထဲ ချက်ချင်းဝင်၍ တာအိုပညာရှိများနှင့် တိုက်ခိုက်ပါ။ ဆုလာဘ်အဖြစ် စနစ် အဆင့်မြှင့်ရန် အခွင့်အရေးတစ်ကြိမ်၊ အကောင်းစား ရတနာတစ်ပါး၊ မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကျပမ်း သဘာဝရတနာတစ်ပါးအား ရရှိမည်။]
‘ဟင်း… အသက် ၇,၀၀၀ ပြည့်ပြီဆိုတော့ ငါတောင် အသက် တော်တော်ကြီးနေပါပြီလား’
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စနှင့် ကျပမ်း သဘာဝရတနာတစ်ပါးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[ပဋိပက္ခမူလကျောက်တုံးအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ပဋိပက္ခမူလကျောက်တုံး: ပဋိပက္ခကနဦး၌ ဖန်တီးထားသော ပထမဦးဆုံး ကျောက်တုံးဖြစ်ပြီး ပဋိပက္ခချီအား တရစပ် ထုတ်ပေးနိုင်၏။ ထို့အပြင် အရာအားလုံးအား ပေါက်ဖွားစေသော ဖန်တီးရှင်စွမ်းအားလည်း ပါဝင်၏။]
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အရောင်လက်သွားပါတယ် ‘ရတနာကောင်းပဲ… ဒီရတနာက ဖူစန်းသစ်ပင်ထက်တောင် ပိုပြီးတော့ တန်ဖိုးရှိသေးတယ်’
ဟန်ကျွယ်ဟာ ပဋိပက္ခမူလကျောက်တုံးကို ချက်ချင်း ထုတ်ကြည့်လိုက်တဲ့အခါ ပဋိပက္ခမူလကျောက်တုံးက ရေလိုမျိုး ပုံသဏ္ဍာန် အတိအကျမရှိတာကို တွေ့လိုက်ရပါတယ်။ ဒါ့အပြင် အရောင်အဆင်းကလည်း မည်းမှောင်လိုက် ပြောင်လက်လိုက်နဲ့ ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ သူ့ဝိညာဉ်ထဲက ကြယ်ပင်လယ်ကို တကယ့် ကောင်းကင်တာအို လောကအဖြစ် ပြောင်းလဲချင်နေတာကြောင့် ပဋိပက္ခမူလကျောက်တုံးကို သူ့ဝိညာဉ်ထဲက ကြယ်ပင်လယ်ထဲ ပစ်ထည့်လိုက်ပါတယ်။ ပဋိပက္ခမူလကျောက်တုံးက ပဋိပက္ခချီတွေကို တရစပ်ထုတ်လွှတ်တာကြောင့် နတ်ဘီလူးချီတွေ ဆင့်ကဲပြောင်းလဲအောင် ကူညီကောင်း ကူညီနိုင်ပါတယ်။
ဟန်ကျွယ်ရဲ့ မျှော်လင့်ချက်က ပဋိပက္ခနတ်ဘီလူးတွေကို ပိုပြီးတော့ ပြုစုပြိုးထောင်နိုင်ဖို့ပါ။
ကြယ်ပင်လယ်သာ အင်မော်တယ်ကမ္ဘာဖြစ်လာရင် ဟန်ကျွယ်ဟာ ကောင်းကင်တာအို ဖြစ်သွားပါပြီ။ ဒါကြောင့် ဟန်ကျွယ်သာ တာအိုပညာရှိ ဖြစ်သွားမယ်ဆိုရင် ကောင်းကင်တာအိုကို ဖိနှိပ်နိုင်သွားမှာပါ။ ဒီအစီအစဉ်က မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ ဟန်ကျွယ်ကတော့ အလုပ်ဖြစ်လိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။
လောကဦး ကြယ်တာရာခန္ဓာကိုယ်က ပဋိပက္ခရုပ်ခန္ဓာထက် စွမ်းအားကြီးတဲ့ ရုပ်ခန္ဓာပါ။ ပဋိပက္ခနတ်ဘီလူးတွေတောင် ဒီရုပ်ခန္ဓာကို ယှဉ်ချင်မှ ယှဉ်နိုင်မှာပါ။ ဒါ့အပြင် ပဋိပက္ခမူလကျောက်တုံးကလည်း ဖြစ်နိုင်ချေ အများကြီးကို ပေးစွမ်းနေပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခမူလကျောက်တုံးကို ဆက်ပြီးတော့ စောင့်ကြည့်ပါတယ်။
ပဋိပက္ခမူကျောက်တုံးက ထုတ်လွှတ်တဲ့ ပဋိပက္ခချီ အများစုကို နတ်ဘီလူးချီ အလုံးသုံးလုံးက စုပ်ယူပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ပဋိပက္ခမူလကျောက်တုံးက ပဋိပက္ခချီ ထုတ်လွှတ်တာ ရပ်လိုက်တာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ ကြည့်ရတာ လိုအပ်ချက်က အရမ်းများလွန်းလို့ မနိုင်တာနဲ့ တူပါတယ်။
ဒါကြောင့် ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ ပဋိပက္ခမူလကျောက်တုံးကို နတ်ဘီလူးချီတွေနဲ့ ခပ်ဝေးဝေးကို ရွှေ့လိုက်ရပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ပဋိပက္ခမူလကျောက်တုံးက ပဋိပက္ခချီကို ပြန်ပြီးတော့ ထုတ်လွှတ်ပါတယ်။
‘ဒီအတိုင်းဆို ငါ နှစ်နည်းနည်းတော့ စောင့်ရအုန်းမှာပဲ’
ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တာရာ ရုပ်ခန္ဓာကလည်း ပဋိပက္ခချီ ထုတ်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ အတိအကျပြောရရင် အဆင့်ပိုမြင့်တဲ့ လောကဦးချီဖြစ်တဲ့အတွက် ထုတ်လွှတ်မှုက အရမ်းနှေးပါတယ်။ လိုအပ်တာနဲ့ ထုတ်လွှတ်တာနဲ့ မကာမိပါဘူး။ ဒီလိုဖြစ်ရတာက ကျင့်ကြံမှု နိမ့်နေသေးတာကြောင့်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျိန်းသေတာတစ်ခုကတော့ ဟန်ကျွယ်ရဲ့ အနာဂတ်က အကန့်အသတ် မရှိပါဘူး။
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဂုဏ်ယူသွားပါတယ်။ ဟန်ကျွယ်ရဲ့ လက်ဝယ်မှာရှိထားတဲ့ ရင်းမြစ်တွေနဲ့ဆိုရင် အခွင့်အရေးတွေကို လိုက်ရှာနေစရာ မလိုပါဘူး။ အေးအေးဆေးဆေး ကျင့်ကြံပြီး တာအိုပညာရှိတွေကို ဖိနှိပ်နိုင်တဲ့ တည်ရှိမှုဖြစ်လာမှာပါ။
‘ဒီအတိုင်း ဆက်သွားရမယ်၊ ငါက မကြာခင်မှာ လောကကြီးရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်လာတော့မှာ… ဟားဟား…’
မကြာခင်မှာပဲ ဟန်ကျွယ်ဟာ အရာအားလုံးကိုမေ့ပြီး ကျင့်ကြံမှုထဲ စိတ်ရောကိုယ်ပါ နှစ်မြုပ်သွားပါတယ်။
ဟန်ကျွယ်ဟာ အချိန်ဘယ်လောက် ကုန်ဆုံးသွားပြီလဲဆိုတာကို ဂရုစိုက်ပါသေးတယ်။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေကတော့ အချိန်ကို မေ့သွားပါပြီ။ အတိအကျပြောရရင် အနန္တကပ်ဘေး ဖြစ်ပျက်နေတာကိုတောင် သတိမရတော့ပါဘူး။ သူတို့ရဲ့ အဓိကကိစ္စက ကျင့်ကြံတာကလွဲရင် နှစ်တစ်ရာပြိုင်ပွဲပါ။
ဝူတောက်ကျန့် ဧကရာဇ်အဆင့်ကို ရောက်ပြီးနောက် ချူရှီရန်လည်း ဧကရာဇ်အဆင့်ကို ရောက်လာပါတယ်။ ကျိုးမင်ယွဲ့ကတော့ မချိပြုံးသာ ပြုံးနိုင်ပါတော့တယ်။ အတိတ်မှာတုန်းက ချူရှီရန်ဟာ သူ့ကို တစ်ဆင့်ပဲ ဖိနှိပ်ထားတာပါ။ ဒါတောင် လိုက်မီဖို့ မနည်းကြိုးစားခဲ့ရပါတယ်။ အခု ချူရှီရန်က အစွမ်းကုန် ကြိုးစားကျင့်ကြံတဲ့အတွက် ကျိုးမင်ယွဲ့မှာ လိုက်မီဖို့ မျှော်လင့်ချက် နည်းနည်းလေးတောင် မရှိတော့ပါဘူး။
ချူရှီရန်ဟာ တခြားသူတွေကို မကျင့်ကြံဖို့ ထပ်ပြီး မပြောတော့ပါဘူး။ သူ့အသိဉာဏ်တွေ မျှဝေတာကလွဲရင် အကြောင်းအရာ အများစုက တာအိုအကြောင်း ဆွေးနွေးတာနဲ့ ဘယ်လိုအစွမ်းထက်အောင် လုပ်မလဲဆိုတာချည်းပါပဲ။
ချူရှီရန်ကလွဲရင် ကျန်းယီရဲ့ အရည်အချင်းကလည်း လုံးဝထွက်ပေါ်လာပါတယ်။ ကျန်းယီဟာ မကြာသေးခင်ကပဲ အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့်ကို ရောက်ရှိသွားပါတယ်။ ကျန်းယီဟာ ဒီလို အောင်မြင်စွာ အဆင့်ထိုးဖောက်နိုင်ပေမဲ့လည်း စိတ်လှုပ်ရှားခြင်း မရှိဘဲ ပိုတိုးပြီးတော့သာ ကြိုးစားကျင့်ကြံပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လီယောင်က အင်မော်တယ်ဧကရာဇ် တတိယအဆင့်ကို ရောက်ခါနီးပြီမို့လို့ပါ။ လီယောင်ရဲ့ ကျင့်ကြံမှုက လျင်မြန်စွာ တိုးတက်လာတဲ့အပြင် တိုက်ခိုက်ရည်ကလည်း မခေတဲ့အတွက် ဟန်ကျွယ်ရဲ့ မိန်းမဗားရှင်းလို့ လူတိုင်းက သဘောတူ လက်ခံထားကြပါတယ်။
ဒီထက်ပိုပြီး အရေးကြီးတာက လီယောင်ဟာ ဟန်ကျွယ်ရဲ့ တပည့်မဟုတ်သလို ဟန်ကျွယ်ကိုလည်း သခင်လို့ မခေါ်ပါဘူး။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တွေးတောစရာပါ။
လီယောင်ရဲ့ လျင်မြန်စွာ တိုးတက်လာတဲ့ ကျင့်ကြံမှုကြောင့် တခြားဂိုဏ်းသားတွေလည်း ကျားကုတ်ကျားခဲ ကျင့်ကြံအားထုတ်ကြပါတယ်။
ဒီအထဲမှာ စိတ်ဓာတ်အကျဆုံးကတော့ ငရဲနက်နတ်ဆိုးသခင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အငယ်တွေက တဖြည်းဖြည်း လိုက်မီလာတဲ့အတွက် သူ့အဆင့်အတန်းကို ဆက်ထိန်းမထားနိုင်တော့မှာ သိလို့ပါပဲ။ အမှန်တရားက ခါးသီးပေမဲ့ ငရဲနက်နတ်ဆိုးသခင်မှာ ရွေးချယ်စရာ မရှိပါဘူး။ သူ့အရည်အချင်းကလည်း ညံဖျင်းတာကိုး။
လီယောင်ကလွဲရင် ထူလင်းအားနဲ့ မုရုံချီကလည်း အငြိမ်မနေပါဘူး။ ထူလင်းအာနဲ့ မုရုံချီဟာ တိုက်ပွဲတွေကို အသုံးပြုပြီး အဆင့်တက်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ တိုက်ပွဲအတွင်းမှာ သိမြင်နားလည်နိုင်စွမ်း မြင့်မားတဲ့ မွေးရာပါတိုက်ပွဲရူးတွေပါ။
ပဋိပက္ခဘူးသီးစိတ်ဝိညာဉ် ဟန်ရှစ်ရဲ့ ကျင့်ကြံမှုကလည်း ကျန်တဲ့ ဟန်ညီအစ်ကိုခုနစ်ယောက်ကို နောက်မှာချန်ထားခဲ့ပြီး တိတ်ဆိတ်ဂိုဏ်းရဲ့ ပထမတန်းစား တပည့်တွေကို လျင်မြန်စွာ လိုက်မီလာပါတယ်။
ရှကျဲ့မျိုးနွယ်စုဝင် တစ်သောင်းရဲ့ ကျင့်ကြံမှုကလည်း မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်နဲ့ သိပ်မလိုတော့ပါဘူး။
အကျဉ်းချုပ်ရရင် တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာ သူတို့ရဲ့လက်ရှိဘဝကို ကျေနပ်အားရပြီး ကြိုးကြိုးစားစား ကျင့်ကြံတာကြောင့် တိတ်ဆိတ်ဂိုဏ်းရဲ့ ပျှမ်းမျှအင်အားကလည်း လျင်မြန်စွာ တိုးတက်လို့လာပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားက အနန္တကပ်ဘေးပြီးသွားတဲ့ အင်မော်တယ်ကမ္ဘာကို ကျိန်းသေပေါက် အုတ်အော်သောင်းနင်း ဖြစ်စေမယ်လို့တောင် ငရဲနက်နတ်ဆိုးသခင်က ဟောကိန်းထုတ်လိုက်ပါတယ်။
နောက်ထပ် နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
နှစ်တစ်ရာပြိုင်ပွဲ ပြီးခါစမို့ တချို့ကပျော်ပြီး တချို့က စိုးရိမ်နေကြပါတယ်။ ဟန်ကျွယ်ကတော့ ကောင်းကင်ဘဝဂ် နောက်ဆုံးအဆင့်နဲ့ အလှမ်းဝေးနေပါသေးတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စိတ်ဓာတ်ကျခြင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကျင့်ကြံမှုအလျင်က တခြားလူတွေနဲ့ယှဉ်ရင် အများကြီးမြန်နေလို့ပါပဲ။ လောကကြီးထဲမှာရှိတဲ့ ဘယ်ကောင်းကင်ဘဝဂ် ကျင့်ကြံသူကများ နှစ်တစ်ထောင်အတွင်း အဆင့်ငယ်လေးတစ်ဆင့် တက်နိုင်မှာလဲ။
တကယ်တော့ တစ်ယောက်ရှိပါတယ်။ လီတောက်ခုံးပါ။ ဒါပေမဲ့ လီတောက်ခုံးက အနန္တကပ်ဘေးကို အမှီပြုပြီး အဆင့်တက်ခဲ့တာပါ။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ နတ်ထူဆန်းကို စနောက်ရင်းနဲ့ ပဋိပက္ခနယ်မြေကနေ ဆင့်ခေါ်နေတာကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ချင်ချင်းဆိုသလိုပဲ ပဋိပက္ခနယ်မြေထဲ ခုန်ဝင်လိုက်ပါတယ်။ ဒီတစ်ခါ ပဋိပက္ခနယ်မြေထဲမှာ ကျောက်ရွှမ်ယွမ်တစ်ယောက်ထဲ ရှိနေတာကြောင့် ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် “တာအိုအရှင်ရော…”
ကျောက်ရွှမ်ယွမ်က ပြန်ဖြေပါတယ် “တာအိုအရှင်သခင်နဲ့ ကျိုးဖန်က အခွင့်အရေးကြီးတစ်ခု ရထားတာ မကြာသေးဘူးဆိုတော့ ထပ်ပြီးလှုပ်ရှားအုန်းမှာ မဟုတ်သေးဘူး၊ ကျွန်တော်က သူတို့နဲ့လမ်းခွဲပြီး လူသားမျိုးနွယ်စုကို ပြန်ရောက်နေပြီ”
ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလိုပဲ ပဋိပက္ခနယ်မြေကနေ ပြန်ထွက်ချင်စိတ် ပေါက်သွားပါတယ်။ တာအိုအရှင်သခင်က သူ့ကို ဒုက္ခပေးတယ်ဆိုပေမဲ့ အကျိုးအမြတ်တွေလည်း ဆောင်ယူလာပါတယ်။ ဒါပေမဲ့ ကျောက်ရွှမ်ယွမ်ကတော့ ဟန်ကျွယ်နဲ့ အဲဒီလောက်ကြီး မရင်းနှီးပါဘူး။
ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ် စိတ်မဝင်စားတာကို တွေ့တာနဲ့ ချက်ချင်း ပြောလိုက်ပါတယ် “အစ်ကို… ကျွန်တော်က အစ်ကို ဒုက္ခပေးမလို့ မဟုတ်ပါဘူး၊ အစ်ကိုရဲ့…”
‘အစ်ကို… ဒီကောင်လေးက ငါ့ကို အရင်က တာအိုရောင်းရင်းလို့ခေါ်တာ မဟုတ်ဘူးလား’ ဟန်ကျွယ်ဟာ နိုးနိုးကြားကြား ဖြစ်သွားပါတယ်။
“ကျွန်တော် အစ်ကိုဂိုဏ်းထဲ ဝင်ချင်လို့ပါ” ကျောက်ရွှမ်ယွမ်ဟာ ရှိသမျှသတ္တိတွေကို စုစည်းပြီး ပြောချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တအံတဩ ပြန်မေးလိုက်ပါတယ် “ငါ့မှာဂိုဏ်းရှိတယ်လို့ မင်းကို ဘယ်သူကပြောလဲ”
“အရင်တစ်ခေါက်တုန်းက တာအိုအရှင်သခင်ကို ဖိတ်ခေါ်ဖူးတာ မေ့သွားပြီလား”
“အဲဒါက ငါ ဒီအတိုင်း စကားအဖြစ်ပဲ ပြောလိုက်တာ၊ ငါ့ကျင့်ကြံမှုက မင်းတို့နဲ့ သိပ်မကွာပါဘူး”
“မဖြစ်နိုင်တာ… အစ်ကိုဆီကနေ သမုဒ္ဒရာလိုနက်ရှိုင်းတဲ့ ခံစားချက်ကို ရနေတယ်၊ ကျွန်တော်ရဲ့ ဆဋ္ဌမအာရုံကို ကျွန်တော်ယုံတယ်၊ ကျွန်တော် ဘယ်တုန်းကမှ လူကဲခတ် မမှားဖူးဘူး၊ ဒါက ကျွန်တော်ရဲ့ မွေးရာပါ အရည်အချင်းတစ်ခုပဲ”
ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်ကို အလေးအနက် စိုက်ကြည့်နေပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ချက်ချင်း သဘောမတူပါဘူး။
ကျောက်ရွှမ်ယွမ်က ဆက်ပြောပါတယ် “ကျွန်တော် တာအိုအရှင်သခင်ဆီက ကြားထားတာတော့ အစ်ကိုက ကပ်ဘေးထဲ မဝင်ချင်ဘူးတဲ့၊ မစိုးရိမ်ပါနဲ့၊ ကျွန်တော်က တာအိုရောင်းရင်းကို လူသားမျိုးနွယ်စုနဲ့ ကံတရား ဆက်စပ်မိအောင် မလုပ်ပါဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset