အခန်း (၄၃၅) ကောင်းကင်တာအိုပညာရှိ ငါးပါး
‘အို… အမှောင်တားမြစ်နယ်မြေက တာအိုပညာရှိတွေကို အဆက်ဖြတ်ထားနိုင်တာပဲ’
ဟန်ကျွယ်ဟာ လီမုယဲ့ရဲ့ အိပ်မက်ကို ချက်ချင်း လက်မခံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီမုယဲ့က တစ်ခုခုတောင်းဆိုလာလို့ ဟန်ကျွယ်က မလိုက်လျောနိုင်ရင် မုန်းတီးမှုကြယ်နှစ်ပွင့်ကနေ ဘယ်နှပွင့်ထိ တိုးသွားမလဲဆိုတာ မသိနိုင်လို့ပါပဲ။
လောလောဆယ်မှာ ဟန်ကျွယ်ဟာ တာအိုပညာရှိကို ယှဉ်နိုင်တဲ့အင်အား မရှိသေးပါဘူး။ တာအိုပညာရှိကို ကျိန်စာတိုက်ရအောင်ကလည်း လေးငါးထရီလီယံနဲ့ သွားကြားတောင် ညပ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ လီမုယဲ့ အိပ်မက်ပေးတာကို ထပ်ပြီးတော့ လျစ်လျူရှုထားလိုက်ပါတယ်။
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
…..
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ထားပေမဲ့ စနစ်ရဲ့ အသိပေးချက်တွေကို မြင်နေရတုန်းပါပဲ ‘ဒါလား တာအိုပညာရှိ… တော်တော်လေး ကျိုးကြောင်း မဆီလျော်တာပဲ၊ နွီဝါနဲ့ သိကျွင်းတောင် ဒီလောက် မလုပ်ဘူး’
ဟန်ကျွယ်ဟာ သည်းခံရုံကလွဲပြီး တခြားရွေးချယ်စရာမရှိတာကြောင့် တောင့်ခံပါတယ်။ ဒီလိုနဲ့ နှစ်ဝက်ကျော်မှပဲ လီမုယဲ့ လက်လျှော့သွားပါတယ် ‘ခွေးမသား… တာအိုပညာရှိနဲ့လည်း နည်းနည်းမှ မတူဘူး’
အဲဒီနောက် ဟန်ကျွယ်ဟာ လီမုယဲ့က သူ့ကို လာရှာရတဲ့အကြောင်းကို တွက်ချက်ကြည့်လိုက်ပါတယ်။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့သိစိတ်ဟာ ပုံရိပ်ယောင်ထဲကို ဝင်ရောက်သွားပြီး တာအိုပညာရှိရဲ့ နန်းတော်ကို ရောက်သွားပါတယ်။ တာအိုပညာရှိရဲ့ တာအိုစက်ကွင်းဟာ ကမ္ဘာတစ်ခုလို ကြီးမားကျယ်ပြန့်ပြီး အဆုံးမရှိဘူးလို့တောင် ထင်ရပါတယ်။
ခန်းမထဲမှာ ရုပ်သွင်သုံးခု စုစည်းနေကြပြီး သူတို့ထဲက တစ်ယောက်ကတော့ လီမုယဲ့ပါ။ တခြားနှစ်ယောက်ကလည်း လီမုယဲ့လို အရှိန်အဟုန်နဲ့ နက်ရှိုင်းတဲ့ရောင်ဝါ ရှိပါတယ်။ တာအိုပညာရှိ သုံးပါးစလုံးက တာအိုဝတ်ရုံကို ဝတ်ဆင်ထားတဲ့အတွက် ဆင်တူတယ်လို့တောင် ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိသုံးပါးထဲက ချန်ကျောင်းတော် ဂိုဏ်းချုပ်ဖြစ်တဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ကိုလည်း မှတ်မိပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်က တကျို့တျန်ရဲ့ နောက်ခံမဟုတ်ပါလား။
တောင်ဘက်စွန်း ကောင်းကင်အရှင်က ပြောလိုက်ပါတယ် “ဖူရှီက ကပ်ဘေးထဲကို ကိုယ်တိုင်ဝင်သွားပြီ၊ ဒါ သွေးရိုးသားရိုး မဖြစ်နိုင်ဘူး၊ ဖူရှီနဲ့ နွီဝါက အနောက်ဗုဒ္ဓဂိုဏ်းက တစ်ယောက်နဲ့ ပူးပေါင်းလိုက်ပြီ ထင်တယ်၊ ငါ တာအိုပညာရှိသုံးပါး ဖိနှိပ်တာကို ခံထားရတယ်၊ အခုထိ ဘယ်သူတိုက်မှန်း မသိသေးဘူး”
လီမုယဲ့ဟာ မျက်မှောင်ကြုတ်သွားပါတယ် “သူတို့တွေက တာအိုပညာရှိတွေလေ၊ ဘယ်လိုလုပ်ပြီး နာမည်တောင် မသိရတာလဲ”
တောင်ဘက်စွန်း ကောင်းကင်အရှင်က အေးစက်စွာ ပြန်ဖြေပါတယ် “သူတို့ခန္ဓာကိုယ်တွေက ပဋိပက္ခချီနဲ့ ရစ်ပတ်ထားတော့ သူတို့ကံကြမ္မာကို တွက်ချက်လို့မရဘူး”
တတိယ တာအိုပညာရှိက ဝင်ပြောလိုက်ပါတယ် “တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးခု ပြန်ပူးပေါင်းပြီး တိုက်ပွဲအတွက် ပြင်ဆင်ကြမယ်၊ ဒီကပ်ဘေးရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတာ ကျိန်းသေတယ်၊ သူတို့က တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းနဲ့ တာအိုဘိုးဘေးရဲ့ ကံတရား အထောက်အပံ့ကိုတောင် တော်လှန်ပုန်ကန်ချင်နေတာ ဖြစ်ရမယ်”
“ဟွန်း… ချန်ကျောင်းတော်၊ ကျယ်ကျောင်းတော်နဲ့ ရွမ်လိန့်ကျောင်းတော်က တာအိုဘိုးဘေးရဲ့ တိုက်ရိုက်တပည့်တွေကနေ တည်ထောင်ထားတာ၊ တာအိုဘိုးဘေး ပျောက်သွားတာ ဘယ်လောက်မှ မရှိသေးဘူး၊ ဒီတာအိုပညာရှိတွေ တာအိုဘိုးဘေးရဲ့ မျိုးဆက်ကို ဖျက်ဆီးဖို့ စီစဉ်နေကြပြီ၊ တော်တော် ကျေးဇူးမသိတက်တဲ့ဟာတွေ…” တောင်ဘက်စွန်း ကောင်းကင်အရှင်က မနှစ်မြို့စွာ ပြောလိုက်ပါတယ်။
တာအိုပညာရှိသုံးပါးဟာ ဘယ်လိုပြန်တိုက်မလဲဆိုတာကို စပြီးတော့ ဆွေးနွေးကြပါတယ်။ ဘေးကနေ နားထောင်နေတဲ့ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေပြောတဲ့ နာမည်တော်တော်များများကို မသိပါဘူး။ ဒါပေမဲ့ ကျိန်းသောတစ်ခုကတော့ အကုန်လုံး ထောင်ချောက်တွေချည်းပါပဲ။
အဲဒီနောက် လီမုယဲ့က ဟန်ကျွယ်အကြောင်းကို စကားစလိုက်တဲ့အခါမှာ ကျယ်ကျောင်းတော် ဂိုဏ်းချုပ်က အကြံဝင်ပေးပါတယ် “တခြား တာအိုပညာရှိတွေက ဒီမသိကိန်းနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ချင်နေကြတာဆိုတော့ ကျွန်တော်တို့လည်း နောက်ကျလို့ မဖြစ်ဘူး၊ အစ်ကိုလီ… အစ်ကိုလီရဲ့ တပည့်က ဒီမသိကိန်းနဲ့ ကံတရား အဆက်အစပ်ရှိတာဆိုတော့ ထပ်ပြီးတော့ ဆက်သွယ်ကြည့်ပါ”
လီမုယဲ့ဟာ ခေါင်းညိတ်လိုက်ပေမဲ့ မျက်နှာတော့ သိပ်မကောင်းပါဘူး။
တောင်ဘက်စွန်း ကောင်းကင်အရှင်က ရုတ်တရက် ပြောလိုက်ပါတယ် “ဒီမသိကိန်းက အမှောင်တားမြစ်နယ်မြေမှာ ပုန်းနေတာများလား”
ကျယ်ကျောင်းတော်ဂိုဏ်းချုပ်က တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ စကားကို ထောက်ခံ ပြောဆိုပါတယ် “ဖြစ်နိုင်တယ်၊ အဲဒါကြောင်မို့လို့ အလွယ်တကူ ဆက်သွယ်လို့မရတာ ဖြစ်လိမ့်မယ်”
ပြီးတဲ့အခါမှာတော့ မြင်ကွင်းတစ်ခုလုံး ကွဲကြေပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ် ‘သူတို့အကုန်လုံးက ငါ့ကို သိမ်းသွင်းချင်နေတာလား… ဒါ သတင်းဆိုးပဲ’
ဟန်ကျွယ် ဘယ်သူ့ကိုပဲရွေးရွေး ကျန်တဲ့ ကောင်းကင်တာအိုပညာရှိ အကုန်လုံးကို အပြစ်ပြုမိမှာ ကျိန်းသေပါတယ်။ တာအိုပညာရှိတစ်ပါးက ဘယ်လောက်စွမ်းစွမ်း ရှစ်ပါးပေါင်းကိုတောင် ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
‘ဒါ… တာအိုဘိုးဘေးရဲ့ အမှားပဲ၊ ငါက ဘယ်လိုလုပ်ပြီး မသိကိန်း ဖြစ်ရမှာလဲ၊ ဒီအတိုင်း သာမန် ကောင်းကင်ဘဝဂ် ကျင့်ကြံသူလေး… ဘယ်လိုလုပ်ပြီး အနန္တကပ်ဘေးကို ပြောင်းလဲနိုင်မှာလဲ၊ ငါ လုပ်နိုင်တာဆိုလို့ နောက်ကွယ်ကနေ ကျိန်စာတိုက်တာပဲ ရှိတယ်…’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ရယ်မောလိုက်ပါတယ်။
အကြောင်းအရင်းကို နားလည်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဆက်မတွေးတော့ဘဲ ကျင့်ကြံမှုကိုသာ အာရုံစိုက်ပါတယ်။
လျှပ်တပြက်အတွင်း ၂၆ နှစ် ကုန်ဆုံးသွားပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ လီမုယဲ့ အိပ်မက်ပေးတာကို ထပ်ပြီးတော့ လက်ခံရရှိပြန်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်ပါတယ်။ ဟန်ကျွယ်ကို သုံးလကြာ ဒုက္ခပေးပြီးတဲ့ နောက်မှာတော့ လီမုယဲ့ဟာ လက်လျှော့သွားပါတယ်။
ဟန်ကျွယ်ဟာ လီမုယဲ့ လက်လျှော့သွားလို့ အေးအေးဆေးဆေး ကျင့်ကြံလို့ရပြီ ထင်လိုက်ပေမဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင် အိပ်မက်ပေးတာကို ခံရပြန်ပါတယ်။ ဟန်ကျွယ်ဟာ လီမုယဲ့တုန်းကလိုမျိုးပဲ လျစ်လျူရှုထားလိုက်ပါတယ်။
ဒီလိုနဲ့ တစ်လအကြာမှာတော့ နောက်ထပ် တာအိုပညာရှိတစ်ပါးက ထပ်ပြီးတော့ အိပ်မက်ပေးပြန်ပါတယ်။
[ဂိုဏ်းချုပ် တျန်ကျွယ်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို လျစ်လျူရှုပြီး တျန်ကျွယ်ဘယ်သူလဲသိရဖို့ သက်တမ်း ၃ ဘီလီယံသုံးပြီး တွက်ချက်လိုက်ပါတယ်။
[ဂိုဏ်းချုပ် တျန်ကျွယ်: ကျင့်ကြံမှုမသိ။ ကောင်းကင်တာအိုပညာရှိ၊ ကျယ်ကျောင်းတော် ဂိုဏ်းချုပ်၊ အနန္တဧကရာဇ်။ သင်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ချင်သောကြောင့် အိပ်မက်ပေးနေခြင်းတည်း။]
‘ကျယ်ကျောင်းတော် ဂိုဏ်းချုပ်…’ ဟန်ကျွယ်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်မှာ တာအိုပညာရှိတွေကို ရန်စမိမယ်လို့ ခံစားလိုက်ရလို့ပါ။
အခုဆိုရင် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိတွေထဲက တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ နွီဝါနဲ့ ဖူရှီတို့ကို သိလိုက်ရပါပြီ။ လီမုယဲ့က ကောင်းကင်တာအိုပညာရှိ မဟုတ်ဘဲ ဘာလို့ ပြဿနာရှာနေလဲဆိုတာတော့ ဟန်ကျွယ် မသိပါဘူး။ လီမုယဲ့ခေါင်းက တစ်ခုခုမှားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ တခြား ဘယ်တာအိုပညာရှိတွေက သူ့ကို အိပ်မက်ပေးချင်သေးလဲဆိုတာကို ဆက်စောင့်ကြည့်ပါတယ်။
သုံးနှစ်ကြာတဲ့အခါမှာတော့…
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
‘လာပြန်ပြီလား’ ဟန်ကျွယ်ဟာ နောက်ထပ် သက်တမ်း ၃ ဘီလီယံသုံးပြီး ချုံရှီလိုင် ဘယ်သူလဲဆိုတာကို တွက်ချက်လိုက်ပါတယ်။
[ချုံရှီလိုင်: ကျင့်ကြံမှုမသိ။ ကောင်းကင်တာအိုပညာရှိ၊ အနောက်ဗုဒ္ဓဂိုဏ်းချုပ်၊ အနန္တဧကရာဇ်။ သင်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ချင်သောကြောင့် အိပ်မက်ပေးနေခြင်းတည်း။]
‘အနောက်ဗုဒ္ဓဂိုဏ်းချုပ်လား’
ဟန်ကျွယ်ဟာ ဗုဒ္ဓတစ်ပါးကို သတ်ဖူးတာမို့ အနောက်ဗုဒ္ဓဂိုဏ်းနဲ့ ထပ်ပြီးတော့ မပတ်သက်လိုပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ကို ဆွံအသွားစေမဲ့ ကိစ္စတစ်ခု ဖြစ်ပျက်လာပါတယ်။ အဲဒါကတော့ ချုံရှီလိုင်ဟာ လီမုယဲ့ထက် ပိုစိတ်ရှုပ်ဖို့ကောင်းတာပါ။ တစ်ရက်အတွင်း အကြိမ်တစ်သောင်းကျော် အိပ်မက်ပေးပါတယ်။
ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ ခေါင်းပေါက်ထွက်လုနီး ဖြစ်သွားပါတယ် ‘ဒီကောင်က တာအိုပညာရှိလား အရူးလား’
နောက်ရက်တွေမှာတော့ ချုံရှီလိုင်ဟာ အရင်နေ့ကို သင်ခန်းစာယူပြီး အိပ်မက်ပေးတဲ့ အကြိမ်ကို ထပ်တိုးလိုက်ပါတယ်။ မြင်ကွင်းတစ်ခုလုံး အသိပေးချက်တွေနဲ့ ပြည့်နေတာကြောင့် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျိန်စာတိုက်ချင်သွားပါတယ်။
ကျင့်ကြံမှု ကွာခြားလွန်းလို့သာ ငြိမ်ခံနေတာပါ။ မဟုတ်လို့ကတော့ ကျိန်စာတိုက်ပြီးပါပြီ။ တစ်ခါတစ်လေမှာ သတ်ဖြတ်ငွေ့က ရုတ်တရက်ကြီး ပေါက်ဖွားလာတက်ပါတယ်။
အတန်ကြာလို့ ချုံရှီလိုင်က အိပ်မက်မပေးတော့မှပဲ ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။
‘ဒီတာအိုပညာရှိတွေက ဘယ်လိုဖြစ်နေတာလဲ၊ ဒီလောက် အားယားနေကြရင်လည်း ကိုယ့်ဟာကိုယ် ကိုင်ထားကြပါလား၊ ဘာဖြစ်လို့ ငါ့ကို အိပ်မက်လာပေးနေရတာလဲ’
လေလောဆယ်မှာ ဟန်ကျွယ်ကို အိပ်မက်ပေးချင်တဲ့ ကောင်းကင်တာအိုပညာရှိက ငါးပါးရှိသွားပါပြီ။ ကျန်တဲ့လေးပါးက ဘာကြံနေလဲဆိုတာတော့ သူတို့ပဲ သိပါလိမ့်မယ်။
ဒီလိုနဲ့ နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျိုးဖန်သည် လောကဦးမိစ္ဆာဘိုးဘေး၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် လူသားမျိုးနွယ်စု ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၃၂၂၈
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် အကုသိုလ်ကံများကို ဝါးမြိုပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မြေးတပည့် လုံဟောင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လူများစွာအား ကျိန်စာတိုက်ခဲ့သောကြောင့် ကောင်းကင်တာအို အကုသိုလ်ကံများစွာကို လက်ခံလိုက်ရ၏။]
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် ကောင်းကင်ရုံးတော် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇
ကျိုးဖန်ကတော့ တာအိုပညာရှိရဲ့ ဓမ္မကိုယ်ပွားလို့ မပြောရပါဘူး။ သေဘေးကနေ လွတ်သွားတဲ့အပြင် အခွင့်အရေးတောင် ရသွားပါသေးတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ အခြေအနေကို သတိထားမိသွားပါတယ် ‘ဒီကောင်ကလည်း သူများကို ကျိန်စာတိုက်နေတာလား၊ တော်တော် သနားဖို့ကောင်းတာပဲ၊ အကောင်းစားရတနာ မရှိဘဲနဲ့များ ကျိန်စာတိုက်ရတယ်လို့…’
‘ဟွမ်ဇွမ်တျန်ကို သူလျှိုလုပ်ခိုင်းထားတာတောင် အတော်ကြာသွားပြီပဲ၊ ငါ သူ့ကို ဆက်သွယ်သင့်လား…’
အခုဆိုရင် ဟွမ်ဇွမ်တျန်ဟာ အင်မော်တယ်ဧကရာဇ်အဆင့်ကို ရောက်နေပြီး ကျယ်ကျောင်းတော်ရဲ့ ဒုဂိုဏ်းချုပ်တောင် ဖြစ်နေပါပြီ။ ပြောရမယ်ဆိုရင် ဟန်ကျွယ်ရဲ့ တပည့်အချို့ထက်တောင် ပိုပြီးတော့ အစွမ်းအစ ရှိနေပါသေးတယ်။
ဒီထက်ပိုပြီး အရေးကြီးတာက ဟွမ်ဇွမ်တျန်ရဲ့ မျက်နှာသာပေးမှုက တစ်စက်မှ လျော့ကျမသွားတာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ နည်းနည်းထပ်စောင့်ပြီးမှ ဆက်သွယ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအတောအတွင်း တာအိုပညာရှိတွေက အင်မော်တယ်ကမ္ဘာကို အာရုံစိုက်နေတာဆိုတော့ ဟွမ်ဇွမ်တျန်လည်း စောင့်ကြည့်ခံရကောင်း ခံရနိုင်ပါတယ်။
ကျယ်ကျောင်းတော်မှာ ဟွမ်ဇွမ်တျန် အခုလို နေရာကောင်းရနေတာက ဟန်ကျွယ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တာအိုပညာရှိတွေက ဟန်ကျွယ်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ချင်နေတာ မဟုတ်ပါလား။
ဒါကြောင့်လည်း အပြင်ထွက်သွားတဲ့ ဟန်ကျွယ်နဲ့ ပတ်သက်တဲ့သူတိုင်း အခြေအနေကောင်းနေတာပါ။ တစ်ယောက်နှစ်ယောက် ကံကောင်းတာက လက်ခံလို့ရပေမဲ့ အကုန်လုံး ကံကောင်းနေတာကိုတော့ တိုက်ဆိုက်မှု မဖြစ်နိုင်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 435
? Views, Released on December 7, 2024