အခန်း (၄၃၄) ဖန်းလျန် ဝေခွဲမရဖြစ်ခြင်း
ဟန်ကျွယ်ဟာ သူ့စိတ်ကို ငြိမ်အောင်ထားပြီး အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ပစ်မှတ်ကတော့ လီတောက်ခုံးပါ။ အရင်လီတောက်ခုံးက မဟာအန္တိမခန်းမမှာ ပုံတူကူးခဲ့တာမို့ နတ်မင်းအဆင့်ပဲ ရှိပါတယ်။
ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး သက်ပြင်းချလိုက်ပါတယ် “ဟင်း… လီတောက်ခုံး၊ မင်းက ကောင်းကင်ဘဝဂ်အဆင့်မှာ တကယ်ကို နံပါတစ်ပဲ”
လီတောက်ခုံးက အတော်ကို စွမ်းအားကြီးတာပါ။ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားပညာရပ်တွေအပြင် အကောင်းစားရတနာလည်း ရှိနေပါသေးတယ်။ နတ်ဘီလူးဓမ္မရုပ်တုသုံးပါးရဲ့ အစွမ်းကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ လီတောက်ခုံးကိုသတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။
လီတောက်ခုံးက တိုက်ခိုက်ဖို့ ခက်ခဲရုံတင်မကပါဘူး။ တိုက်ပွဲအတွင်းမှာလည်း ဟန်ကျွယ်ကို ဒဏ်ရာရအောင် လုပ်လိုက်ပါသေးတယ်။
အခုအချိန်မှာ ဟန်ကျွယ်က တာအိုပညာရှိအတုအောက်မှာ ပြိုင်ဘက်မရှိပါဘူး။ တာအိုပညာရှိအတုတောင် ဟန်ကျွယ်က ယှဉ်တိုက်နိုင်ပါတယ်။ တာအိုပညာရှိအတုနဲ့ တာအိုပညာရှိက စကားလုံးနည်းနည်းပဲ ကွာတာဆိုပေမဲ့ မြင့်မိုရ်တောင်နဲ့ ဇီးစေ့လို ခြားနားလှပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ လီတောက်ခုံးကို တစ်ချက်တည်းနဲ့ ဘယ်လိုသတ်ရမလဲဆိုတာ နည်းလမ်းရှာပါတယ်။ လူတိုင်းမှာ အားနည်းချက်ရှိပါတယ်။ ဒါက ကျင့်ကြံမှုအဆင့်နဲ့ မဆိုင်ပါဘူး။
လေးငါးဆယ်ရက် ကြာသွားပေမဲ့ ဟန်ကျွယ်ဟာ လီတောက်ခုံးကို တစ်ချက်တည်းသတ်နိုင်တဲ့ နည်းလမ်းကို ရှာမတွေ့သေးပါဘူး။ လီတောက်ခုံးကိုသတ်ဖို့ အနည်းဆုံး သုံးမိနစ် ကြာနေတုန်းပါပဲ။ ဒါကြောင့် ဟန်ကျွယ်ရဲ့ တိုက်ခိုက်လိုစိတ်ဟာ ပြင်းပြလာပြီး လီတောက်ခုံးကို တစ်ချက်တည်းသတ်ပစ်ဖို့က ပန်းတိုင်တစ်ခု ဖြစ်လာပါတယ်။
လီတောက်ခုံးရဲ့ ကျင့်ကြံမှု တိုးတက်လာတာက လျင်မြန်လွန်းပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုတိုးတက်လာသလို လီတောက်ခုံးရဲ့ ကျင့်ကြံမှုကလည်း နောက်ကျကျန်မနေခဲ့ပါဘူး။
ဟန်ကျွယ်ဟာ ပျင်းလာတာနဲ့ အသွင်တူလက်ရည်စမ်းပွဲထဲက ထွက်ပြီး ဖန်းလျန်ပေးလိုက်တဲ့ ကျောက်စိမ်းအပိုင်းအစကို ထုတ်ယူလိုက်ပါတယ် ‘ဒါက တာအိုဘိုးဘေးရဲ့ ဖန်တီးရှင် ကျောက်စိမ်းပြား အပိုင်းအစများလား’
ဟန်ကျွယ်ဟာ နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါ အလွန်အားကောင်းတဲ့ အရံအတားတစ်ခုကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ အကောင်းဆုံး ကြိုးစားပေမဲ့ ဒီအရံအတားကို မထိုးဖောက်နိုင်ပါဘူး။ ဒါကြောင့်လည်း တာအိုအရှင်သခင်က ဟန်ကျွယ်ကို စိတ်လိုလက်ရ ပေးလိုက်တာပါ။
ဟန်ကျွယ်ဟာ အချိန်ထပ်မဖြုန်းချင်တာကြောင့် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၃ ဘီလီယံတောင်… ဒါ ကောင်းကင်တာအိုပညာရှိကို တွက်ချက်တာနဲ့ အတူတူပဲ၊ ဒီကျောက်စိမ်းပြား အပိုင်းအစက တကယ်အံဖွယ်ပဲ’
ဆက်တွက်မယ်။
[အဆုံးသတ် အပျက်အစီး၏ နတ်ကျောက်စိမ်း: တစ်ဝက်တစ်ပျက် မဟာတာအို အကောင်းစားရတနာဖြစ်သည်။ ဒဏ္ဍာရီအရ အဆုံးသတ် အပျက်အစီးရှိ နတ်ဘုံ၏ မဟာတာအိုမှ ပေါ်ပေါ်လာခဲ့ခြင်းတည်း။ တာအိုဘိုးဘေးသည် အဆုံးသတ်အပျက်အစီးရှိ နတ်ဘုံအား ထိန်းချုပ်ပြီး ကောင်းကင်တာအို အသုံးပြု၍ မဟာတာအိုအား ချေမှုန်းခဲ့ရာ ထိုမဟာတာအိုသည် နတ်ကျောက်စိမ်း ခုနစ်ပိုင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ နတ်ကျောက်စိမ်းတစ်ပိုင်းအား ရရှိသူသည် အဆုံးသတ်အပျက်အစီးရှိ နတ်ဘုံအား လိုသလိုဝင်ထွက်နိုင်ပြီး ရှန်တျန်အရံအတားအား လျစ်လျူရှုနိုင်၏။ နတ်ကျောက်စိမ်း ခုနစ်ပိုင်းလုံး စုစည်းမိပါက မဟာတာအိုအား နိုးထနိုင်ပြီး အဆုံးသတ်အပျက်အစီးရှိ နတ်ဘုံအား ထိန်းချုပ်နိုင်သည်။]
‘အင်း… ဒါဆို ဒီနတ်ကျောက်စိမ်းက သော့ပေါ့၊ ဒါပေမဲ့ လောလောဆယ်မှာ ဘာမှသုံးစားမရဘူး’
ဟန်ကျွယ်ဟာ နည်းနည်း စိတ်ပျက်သွားပြီး နတ်ကျောက်စိမ်းကို သိမ်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကို ကြားဖူးတာ ကြာပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စိတ်မဝင်စားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနတ်ဘုံက နောက်ထပ် အင်မော်တယ်ကမ္ဘာလိုမျိုး ကမ္ဘာတစ်ခုဖြစ်လို့ပါ။ အင်မော်တယ်ကမ္ဘာထက် သာတာဆိုလို့ ဝင်ခွင့်မြင့်ပြီး ပိုအန္တရယ်များတာပါ။
ဟန်ကျွယ်ဟာ တာအိုပညာရှိဖြစ်လို့ အင်မော်တယ်ကမ္ဘာမှာ ပြိုင်ဘက်ကင်း ဖြစ်သွားရင် အင်မော်တယ်ကမ္ဘာမှာပဲ နေမှာပါ။ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကို သွားမှာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ခုမှာ အမြင့်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံဖို့ကလွယ်တာ မဟုတ်ပါဘူး။ ဘာမှမစံစားဘဲ ဒီထက် အဆင့်မြင့်တဲ့ ကမ္ဘာကိုသွားတာက ပြဿနာတောထဲ ခုန်ဝင်တာနဲ့ အတူတူပါပဲ။
စိတ်ကူးယဉ်ဝတ္ထုတွေထဲမှာ ဇာတ်လိုက်က အမြဲတမ်း နေရာပြောင်းလေ့ရှိပါတယ်။ ဟန်ကျွယ်ကတော့ ဒီလိုမျိုး ပင်ပန်းတဲ့ကိစ္စကို လုပ်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အသက်ကြီးလာတာနဲ့အမျှ ဘဝဟောင်းက ကိစ္စတွေကို ပြန်တွေးလာပါတယ်။ ဟန်ကျွယ်ရဲ့ ဒီဘဝက တစ်ချိန်လုံး ကျင့်ကြံနေတာမို့ ဘဝဟောင်းတုန်းကလောက် စိတ်လှုပ်ရှားစရာ မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ဆုံးဖြတ်ချက်ကို နောင်တမရပါဘူး။ ဘေးကင်းကင်း အသက်ရှင်ရတာထက် ဘယ်အရာကမှ ပိုပြီးတော့ အရေးမကြီးပါဘူး။
ကောင်းကင်ရုံးတော်ရဲ့ နတ်ဘုရားခန်းမမှာ အင်မော်တယ် နတ်ဘုရားတွေ စုစည်းနေကြပြီး မျက်နှာထားတွေ တည်ကြည်လေးနက် နေကြပါတယ်။ ဖန်းလျန်ဟာ ပလ္လင်ပေါ်မှာ မျက်နှာသေနဲ့ ထိုင်ပြီး ခန်းမထဲလူတိုင်းကို အကဲခတ်လိုက်ပါတယ်။
ကောင်းကင်နတ်ဘုရား စစ်သူကြီးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပါတယ် “ဖူရှီရဲ့ ဓမ္မရုပ်တုက တာအိုပညာရှိတု၊ သူ့ကို ရင်ဆိုင်ဖို့ဆိုရင် တာအိုပညာရှိကို အကူအညီတောင်းရမယ်၊ မဟုတ်ရင် ဂိုဏ်းအသီးသီးရဲ့ ဒုဂိုဏ်းချုပ်တွေကို အကူအညီတောင်းရလိမ့်မယ်”
“ဖူရှီလို တာအိုပညာရှိက ဘာလို့ ကိုယ်တိုင် တိုက်ခိုက်ရတာလဲ”
“သေစမ်း… သူက တာအိုပညာရှိရဲ့ ဓမ္မရုပ်တု၊ သာမန် တာအိုပညာရှိအတုတွေက သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
“အမှန်ပဲ”
“ကောင်းကင်ရုံးတော်ကိုလည်း တာအိုပညာရှိတွေ ထောက်ပံ့ပေးထားတာ မဟုတ်ဘူးလား”
“လူသားမျိုးနွယ်စုကို ရှင်းပစ်ချင်ရင် ဖူရှီကို အရင်ဆုံး ဖိနှိပ်ဖို့လိုတယ်”
ဖန်းလျန်ဟာ ဘာမှမပြောဘဲ အင်မော်တယ် နတ်ဘုရားတွေရဲ့ စကားကို ထိုင်နားထောင်ရင်း လီတောက်ခုံးကို ကြည့်လိုက်ပါတယ်။ လီတောက်ခုံးက တည်ငြိမ်စွာ ပြောလိုက်ပါတယ် “ဂိုဏ်းတူညီလေး… ရွမ်လိန့်ကျောင်းတော်ဆီ ပြန်ပြီး တာအိုပညာရှိဆီက အကူအညီ သွားတောင်းချည်”
လီရွှမ်အောက်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာ မကျေမနပ် ဖြစ်သွားပေမဲ့ နတ်ဘုရားခန်းမထဲကနေ ထွက်ခွာသွားပါတယ် ‘ကိုယ့်ဘာသာတော့ မသွားဘဲနဲ့၊ ငါ့ကိုများ ခိုင်းရတယ်လို့’
လီရွှမ်အောက် ထွက်သွားတဲ့အခါမှာ အင်မော်တယ် နတ်ဘုရားတွေ အကုန်လုံး ငြိမ်ကျသွားပါတယ်။ ရွမ်လိန့်ကျောင်းတော်က လှုပ်ရှားပြီဖြစ်တဲ့အတွက် သူတို့တွေ သေစရာမလိုတော့ပါဘူး။
“ရှေ့တန်းမှာ ထပ်ပြီး မတိုက်ခိုက်တော့နဲ့၊ ရွမ်လိန့်ကျောင်းတော်က စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရောက်လာတာကို စောင့်ကြမယ်” ဖန်းလျန်က အင်္ကျီလက်စကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်ပါတယ်။
အင်မော်တယ်တွေလည်း ဖန်းလျန်ကို ဦးညွှတ်ပြီး ခန်းမထဲက ထွက်ခွာသွားကြပါတယ်။
မကြာခင်မှာ ဖန်းလျန်နဲ့ လီတောက်ခုံးပဲ ခန်းမထဲမှာ ကျန်ရှိပါတော့တယ်။ ဖန်းလျန်ဟာ လီတောက်ခုံးကို နားမလည်နိုင်စွာ ကြည့်လိုက်ပါတယ်။
လီတောက်ခုံးက မေးလိုက်ပါတယ် “အရှင်မင်းကြီးရဲ့ ဆရာဘိုးဘိုးက ဘယ်မှာနေတာလဲ၊ အရင်တစ်ခေါက်က ဘယ်လိုဖိတ်ခေါ်လိုက်တာလဲ”
ဖန်းလျန်ဟာ တိတ်ဆိတ်သွားပါတယ်။
လီတောက်ခုံးက ဆက်ပြောပါတယ် “ကျုပ်မှာ တခြားရည်ရွယ်ချက် မရှိပါဘူး၊ သူနဲ့ ပညာဖလှယ်ချင်ရုံပါ၊ အမှန်အတိုင်းပြောရရင် ကျုပ် စိတ်ဝင်စားတဲ့လူက သိပ်ရှိတာ မဟုတ်ဘူး၊ အရှင်မင်းကြီးရဲ့ ဆရာဘိုးဘိုးသာ ရွမ်လိန့်ကျောင်းတော်ထဲ ဝင်မယ်ဆိုရင် ကျုပ်တို့က တစ်ဂိုဏ်းတည်းသားတွေ ဖြစ်သွားမှာ၊ အချင်းချင်း ကူညီရိုင်းပင်းလို့ ရတာပေါ့”
ဖန်းလျန်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ခွီးတဲ့မှပဲ… ငါက မင်းတို့ ရွမ်လိန့်ကျောင်းတော်တွေနဲ့ လက်တွဲချင်တယ်များ ထင်နေတာလား’
ဖန်းလျန်ဟာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပါတယ် “ဆရာဘိုးဘိုး ဘယ်မှာနေလဲဆိုတာ ငါ တကယ် မသိဘူး၊ အရင်တစ်ခေါက်က ဆန်းကြယ်စွမ်းအား သုံးလိုက်တာ၊ ဒါပေမဲ့ အဲဒီဆန်းကြယ်စွမ်းအားက ဆင့်ခေါ်ရုံပဲ၊ ဆရာဘိုးဘိုး ဘယ်မှာရှိနေလဲဆိုတာ အာရုံခံလို့မရဘူး၊ ပြီးတော့ ဆရာဘိုးဘိုးက ဆင့်ခေါ်တိုင်းလာတာ မဟုတ်ဘူး၊ အရင်တစ်ခေါက် လာတယ်ဆိုတာက တာအိုအရှင်သခင် ပေးသွားတဲ့ ရတနာကို လာယူတာ”
လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ လီတောက်ခုံးဟာ ဟန်ကျွယ်ရဲ့ ဓားချက်ကို ဘယ်လိုမှ မေ့မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ ဓားချက်က သာမန်ဆိုပေမဲ့ အလွန်တရာမှ ပြင်းထန်လှပါတယ်။
ဓားတာအိုမှာ လီတောက်ခုံးဟာ တာအိုပညာရှိတွေကလွဲရင် ပြိုင်ဘက် တွေ့ခဲပါတယ်။ ဒါကြောင့်လည်း ဟန်ကျွယ်ရဲ့ ဓားချက်ကို မြင်ရတဲ့အခါမှာ အလွန်တရာမှ စိတ်လှုပ်ရှားနေတာပါ။
ဖန်းလျန်က ဆက်ပြောပါတယ် “ကပ်ဘေးပြီးသွားရင် ဆရာဘိုးဘိုးက အင်မော်တယ်ကမ္ဘာဆီလာမှာ ကျိန်းသေတယ်၊ အဲဒီတော့မှ သွားလည်ပေါ့၊ ဆရာဘိုးဘိုးက အနန္တကပ်ဘေးကို ရှောင်တိမ်းချင်တာဆိုတော့ ဒီကြားထဲမှာ မင်းနဲ့ လုံးဝ အဆက်အဆံလုပ်မှာ မဟုတ်ဘူး”
လီတောက်ခုံးဟာ ဖန်းလျန်စကားကြောင့် လက်လျှော့လိုက်ပြီး လှည့်ထွက်သွားပါတယ်။ လီတောက်ခုံး ထွက်သွားတဲ့အခါမှာတော့ ဖန်းလျန်ဟာ ဝေခွဲမရတဲ့ မျက်လုံးတွေနဲ့ နတ်ဘုရားခန်းမထဲမှာ ကျန်နေခဲ့ပါတယ်။
‘ဆရာဘိုးဘိုးက ဘယ်လိုတည်ရှိမှုမျိုးလဲ၊ အရင်တုန်းက ငါ ဆရာဘိုးဘိုးကို အခွင့်အရေးပေးဖို့ ကြိုးစားခဲ့ပေမဲ့ ကံကြမ္မာ မဟာတာအို တားဆီးတာကို ခံလိုက်ရတယ်၊ ဆရာဘိုးဘိုးက သူ့ရဲ့ အတိတ်နဲ့ အနာဂတ်ကို ထိန်းချုပ်နိုင်နေပြီလား”
ဖန်းလျန်ဟာ လောကဦခေတ်ကို လေးငါးဆယ်ကြိမ် ခရီးနှင်ပြီးနောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးရဲ့ ကံတရားကို ပြောင်းလဲပြီး တာအိုပညာရှိတွေကိုတောင် အကျိုးသက်ရောက်စေခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကိုတော့ အကျိုး သက်ရောက်အောင် မလုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ဖန်းလျန်ဟာ ဟန်ကျွယ်က အနည်းဆုံး တာအိုပညာရှိ ဒါမှမဟုတ် ဒီထက် စွမ်းအားကြီးရမယ်လို့ ကောက်ချက် ချလိုက်တာပါ။ ဒါ့ပြင် ဖန်းလျန်ဟာ သူ့ရဲ့ တာအိုနှလုံးသားကိုလည်း မေးခွန်းထုတ်မိလိုက်ပါတယ်။
‘ဒီလိုမျိုး စွန့်စားတာ တန်ရဲလား၊ ဆရာဘိုးဘိုးနောက် ဆက်လိုက်တာ ပိုမကောင်းဘူးလား၊ ဆရာဘိုးဘိုးကြောင့်သာ မဟုတ်ရင် ငါ အခုလိုမျိုး မိုးမြေသားတော် ဖြစ်လာပြီး တာအိုပညာရှိ ရွေးချယ်တာကို ခံရမှာ မဟုတ်ဘူး’
ဖန်းလျန်ဟာ တွေးလေလေ ဝေခွဲမရ ဖြစ်လေလေပါပဲ။
‘ငါ မုရုံချီနဲ့ ပြန်တွေ့ရင် ဘယ်သူက ပိုစွမ်းမလဲ မသိဘူး’
နောက်ထပ် နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့…
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
‘လာပြန်ပြီလား’ ဟန်ကျွယ်ဟာ လျစ်လျူရှုလိုက်ပါတယ်။
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
အဲဒီနောက် အသိပေးချက်ဟာ တစ်မိနစ်တစ်ခါ ဆက်တိုက် တက်လာတဲ့အတွက် ဟန်ကျွယ် ကျင့်ကြံလို့ မရတော့ပါဘူး ‘ဒီအဘိုးကြီးက ငါ့ကို ဒုက္ခ လာပေးပြန်ပြီ၊ ငါ သူ့အိပ်မက်ပေးတာကို လက်ခံလိုက်ရင် တာအိုစက်ကွင်းရဲ့ တည်နေရာ ပေါ်သွားမလား’
ဟန်ကျွယ်ဟာ တွက်ချက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[တာအိုစက်ကွင်းသည် အမှောင်တားမြစ်နယ်မြေ၌ တည်ရှိသောကြောင့် တာအိုပညာရှိများ မထောက်လှမ်းနိုင်သကဲ့သို့ အိပ်မက်ပေးခြင်း ဆန်းကြယ်စွမ်းအားနှင့် ဆက်စပ်ရန်မှာလည်း မည်သို့မျှ မဖြစ်နိုင်ချေ။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 434
? Views, Released on December 7, 2024