အခန်း (၄၃၃) ဟန်ကျွယ်နဲ့ လီညီအစ်ကိုနှစ်ယောက်
ဟန်ကျွယ်ဟာ ချက်ချင်း သဘောမတူဘဲ စနစ်ကို မေးလိုက်ပါတယ် “ငါ ဖန်းလျန်ဆီသွားရင် အသက်အန္တရာယ်ရှိနိုင်လား”
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မရှိပါ။]
ဒီတော့မှ ဟန်ကျွယ်ဟာ ဖန်းလျန်ကို အဖြေပြန်ပေးလိုက်ပါတယ် “ကောင်းပြီ”
ဟန်ကျွယ်ဆီက သဘောတူညီချက်ကို ရတာနဲ့ ဖန်းလျန်ဟာ ဖိတ်ခေါ်ပညာရပ်ကို အသုံးပြုလိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ရှေ့မှာ ဝဲတော့တစ်ခု ပေါ်လာပါတယ်။
အင်မော်တယ်ကမ္ဘာ၊ ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။
ဖန်းလျန်ဟာ မတ်တတ်ရပ်ပြီး အနက်ရောင် ဝဲကတော့ကို မော့ကြည့်ရင်း စိတ်လှုပ်ရှားလာပါတယ်။ ဟန်ကျွယ်နဲ့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့အတွက် ဖန်းလျန်ရင်ထဲက ဟန်ကျွယ်ရဲ့ ပုံရိပ်ဟာ ပိုပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်လာပါတယ်။
ဒီအချိန်မှာပဲ ဝဲကတော့နက်ထဲကနေ လူတစ်ယောက် ထွက်လာပါတယ်။ ဒီလူဟာ ကောင်းကင်နက္ခ မဟာတာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေတံဆိပ်သွေးခါးပတ်ကို ခါးမှာ ပတ်ထားပါတယ်။ ခြေထောက်မှာလည်း ရှန့်ဖာဖိနပ်ကို စီးနင်းထားပြီး တစ်ကိုယ်လုံးကိုလည်း ကောင်းကင်တိမ်ပိုးထည်နဲ့ ပတ်ထားတဲ့အတွက် အလွန်တရာမှ ကျက်သရေ ရှိလှပါတယ်။
ဒီလူက ဟန်ကျွယ်ကလွဲရင် ဘယ်သူ ဖြစ်နိုင်အုန်းမှာလဲ။
ကောင်းကင်ဧကရာဇ် ဖြစ်နေတဲ့ ဖန်းလျန်တောင် ဟန်ကျွယ်ကို ကြည့်ပြီး ပါးစပ်အဟောင်းသား မဖြစ်ဘဲ မနေနိုင်ပါဘူး။
ဖန်းလျန်ဟာ လောကဦးကမ္ဘာကို သွားဖူးပေမဲ့ ဟန်ကျွယ်ထက် ချောမောတဲ့ ယောက်ျားကို လုံးဝ ရှာမတွေ့ခဲ့ရပါဘူး။ ပိုပိုလိုလိုပြောရရင် ကောင်းကင်တာအိုအောက်မှာ အချောမောဆုံး အလှပဆုံး နတ်ဘုရားမတောင် ဟန်ကျွယ်ကို မှီမယ်မထင်ပါဘူး။
ဟန်ကျွယ် ဆင်းသက်တာနဲ့ ဖန်းလျန်ဟာ ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။
“ဘယ်မှာလဲ” ဟန်ကျွယ်က အချိန်မဆိုင်းဘဲ တန်းမေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အပြင်ပန်းမှာ ခံစားချက်ကင်းမဲ့တဲ့မျက်နှာ ရှိနေပေမဲ့ အတွင်းမှာတော့ အနည်းငယ် ရင်ထိတ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော်ထဲမှာ လီတောက်ခုံး ရှိနေတာကို အသွင်တူလက်ရည်စမ်းပွဲ လုပ်ဆောင်ချက်ကနေ ရှာတွေ့ထားလို့ပါပဲ။
‘ဂလု… ဒီလီတောက်ခုံးက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကိုတောင် ရောက်သွားပြီလား… တော်တော် မြန်တာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာလန့်သွားပြီး တစ်ချိန်တည်းမှာပဲ လီတောက်ခုံးကို ပုံတူကူးလိုက်ပါတယ်။
ဖန်းလျန် လက်မြှောက်လိုက်တဲ့အခါ လက်ထဲမှာ ဖြူဖွေးတဲ့ ကျောက်စိမ်း အပိုင်းအစတစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ကျောက်စိမ်း အပိုင်းအစကို လှမ်းယူပြီး အင်္ကျီလက်စထဲ ထည့်သိမ်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဝဲကတော့နက်ဆီ ပြန်လျှောက်သွားပါတယ်။
“ဆရာဘိုးဘိုး… ခဏလေးတောင် မနေတော့ဘူးလား” ဖန်းလျန်က ချက်ချင်း အော်မေးလိုက်ပါတယ်။
“ဘာကိစ္စရှိလို့လဲ”
“ဒီနေရာက ကောင်းကင်ရုံးတော်ပါ၊ ကျွန်တော်ကလည်း ကောင်းကင်ဧကရာဇ်၊ ဒီနေရာမှာ ဘာအန္တရာယ်ရှိမှာ မို့လို့လဲ၊ အန္တရာယ်သာရှိရင် ကောင်းကင်ရုံးတော် ပျက်စီးသွားတာကြာပြီ၊ ကျွန်တော်က ဆရာဘိုးဘိုးနဲ့ စကားခဏ ပြောချင်ရုံပါ”
ဟန်ကျွယ်ဟာ ပင်ပန်းနွမ်းနယ်နေတဲ့ ဖန်းလျန်ရဲ့မျက်နှာကိုကြည့်ပြီး စကားခဏပြောဖို့ သဘောတူလိုက်ပါတယ်။
“အများဆုံး တစ်နာရီပဲ”
“ရပါတယ်”
ဖန်းလျန်ဟာ ကျေနပ်အံအားသင့်သွားပြီး ပလ္လင်တစ်ခုကိုထုတ်ကာ ကောင်းကင်ဧကရာဇ် ပလ္လင်ဘေးမှာ ထားလိုက်ပါတယ်။ အဲဒီနောက် ဖန်းလျန်နဲ့ ဟန်ကျွယ်ဟာ နေရာမှာထိုင်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဖန်းလျန်က ကောင်းကင်ရုံးတော် အကြောင်းကို စပြောပါတယ်။
ဒီနှစ်တွေမှာ ကောင်းကင်ရုံးတော်က လူသားမျိုးနွယ်စုနဲ့ တိုက်ခိုက်ရင်း ပင်လယ်ရပ်ခြားက အင်မော်တယ်တွေကို စည်ရုံးသိမ်းသွင်းပါတယ်။ ဒါကြောင့် နှစ်တွေကြာတာတောင် ကောင်းကင်စစ်သားတွေက လျော့မသွားဘဲ ပိုပိုတိုးလာပါတယ်။
အင်မော်တယ်ကမ္ဘာရှိတဲ့ သက်ရှိတွေက ရေတွက်လို့မရပါဘူး။ အစတုန်းက သက်ရှိတွေဟာ အနန္တကပ်ဘေးထဲ မဝင်ကြပေမဲ့ ကပ်ဘေး အရှိန်မြင့်လာတာနဲ့ အကြောင်းအမျိုးမျိုးကြောင့် အနန္တကပ်ဘေးထဲ ဝင်ရောက်လာကြရပါတယ်။
“အခုအချိန်မှာ အင်မော်တယ်ကမ္ဘာတစ်ခုလုံး အကုသိုလ်ကံတွေ ဖုံးလွှမ်းနေပြီ၊ ဒီအခြေအနေက ဘယ်လောက်တောင် ကြာအုန်းမလဲ မသိဘူး၊ နောက်ဆုံးတိုက်ပွဲကတော့ တော်တော်လေး နီးလာပြီ”
“ကောင်းကင်ရုံးတော် ရှုံးနိမ့်သွားရင်၊ မင်း….”
ဖန်းလျန်ဟာ ခေါင်းခါလိုက်ပါတယ် “ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကောင်းကင်ရုံးတော်ကို စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးက ထောက်ပံ့ပေးနေတာဆိုတော့ ရှုံးဖို့မဖြစ်နိုင်ဘူး၊ ကောင်းကင်ရုံးတော် နိုင်ရင်တောင် ကျွန်တော် ဒီပလ္လင်ပေါ်မှာ ဆက်ထိုင်နိုင်ဖို့က မသေချာဘူး” ဖန်းလျန်ဟာ သူ့ကောင်းကင်ဧကရာဇ်ရာထူးက ခဏတာပဲဆိုတာ သိပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဖန်းလျန်ကို ကယ်ဖို့အတွက်နဲ့ ဟန်ကျွယ်ဟာ ကပ်ဘေးထဲတော့ဝင်မှာ မဟုတ်ပါဘူး။ ဘယ်အရာမှ ကိုယ့်အသက်ထက် အရေးမကြီးဘူး။ ဒါက ဟန်ကျွယ်ရဲ့ တာအိုမဟုတ်ပါလား။
ဒီအချိန်မှာပဲ စွမ်းအားကြီးရောင်ဝါနှစ်ပါး ချဉ်းကပ်လာတာကို ခံစားမိလိုက်တဲ့အတွက် ဟန်ကျွယ်ဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ် “တစ်ယောက်ယောက် လာနေပြီ၊ ငါ သွားတော့မယ်”
ဟန်ကျွယ်ဟာ ချက်ချင်းပဲ လေထဲက ဝဲကတော့နက်ဆီ လျှောက်သွားပါတယ်။
ဒီအချိန်မှာပဲ လေပြင်းတစ်ချက် တိုက်ခိုက်လာပြီး လီရွှမ်အောက်ရဲ့အသံ ထွက်ပေါ်လာပါတယ် “ဘယ်သွားမလို့လဲ”
ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲကို ခပ်သုတ်သုတ်လျှောက်ပြီး ဝဲကတော့နက်ထဲ ဝင်လိုက်ပါတယ်။ ဒါပေမဲ့ လီရွှမ်အောက်က ဟန်ကျွယ်နောက်ကျောမှာ ရုတ်တရက်ပေါ်လာပြီး ဟန်ကျွယ်ကို လှမ်းဆွဲလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင်က မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးပဲ ရှိသေးတာပါ၊ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်ရတာလဲ၊ မဟုတ်မှလွဲရော ရွမ်လိန့်ကျောင်းတော်ရဲ့ ဆန်းကြယ်စွမ်းအားများလား’
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး မဟာလွတ်လပ်မှု ကောင်းကင်ချုပ်လက်ဝါးနဲ့ ပြန်ဆော်လိုက်ပါတယ်။ လီရွှမ်အောက်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး အလိုလိုဓားမြှောက်ကာ ကာကွယ်ဖို့ ပြင်လိုက်ပါတယ်။
“နေပါအုန်း… ငါတို့မှာ ရန်ပြုလိုတဲ့စိတ် မရှိပါဘူး”
လီတောက်ခုံးရဲ့အသံကြောင့် ဟန်ကျွယ်ဟာ မဟာလွတ်လပ်မှု ကောင်းကင်ချုပ်လက်ဝါးကို လီရွှမ်အောက်နဲ့ လက်တစ်ကမ်းအကွာမှာ ရပ်တန့်လိုက်ပါတယ်။ လက်ဝါးရဲ့အရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ဖိအားဟာ လီရွှမ်အောက်ရဲ့ ဆံပင်တွေကို တလူးလူးခတ်သွားစေပြီး လီရွှမ်အောက်ကို ကြက်သေသေသွားစေပါတယ်။
ဟန်ကျွယ်ဟာ မျက်စိမှေးပြီး လှမ်းကြည့်လိုက်တဲ့အခါ လီတောက်ခုံးက အရိပ်အသွင်ပြောင်းပြီး ခန်းမထဲ ပျံသန်းလာတာကို တွေ့လိုက်ရပါတယ်။
ဖန်းလျန်ဟာ ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ ဖန်းလျန်ဟာ ဟန်ကျွယ်က အရမ်းစွမ်းမယ်သိပေမဲ့ လီရွှမ်အောက်ကို အထိတ်တလန့် ဖြစ်စေတဲ့အထိ စွမ်းအားကြီးလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
လီတောက်ခုံးဟာ ဟန်ကျွယ်နဲ့ အကွာအဝေးတစ်ခုမှာ ရပ်တန့်ပြီး စူးရှတဲ့အကြည့်နဲ့ စိုက်ကြည့်ကာ ပြောလိုက်ပါတယ် “မင်းက တကယ်ကြီး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်သွားပြီပဲ၊ တာအိုပညာရှိဆီက လမ်းညွှန်မှုကို ရလိုက်တာလား”
လီတောက်ခုံးဟာ ဟန်ကျွယ်ကို အမှတ်တရ ရှိနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ကလွဲရင် ဘယ်သူကမှ တပည့်အဖြစ် လက်ခံချင်အောင် မလုပ်နိုင်လို့ပါပဲ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အစ်ကိုလီ မတွေ့တာ ကြာပြီနော်”
ဟန်ကျွယ်ဟာ လီတောက်ခုံးရဲ့ မေးခွန်းကို မဖြေဘဲ ပြန်နှုတ်ဆက်လိုက်ပါတယ်။
“စကားဆက်ပြောကြပေါ့… ကျွန်တော် ပြန်သွားတော့မယ်”
“နေပါအုန်း… ငါတို့တွေက ရန်သူမဟုတ်ပါဘူး၊ ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ”
“ဂူအောင်းကျင့်ကြံတာ ကြာပြီဆိုတော့ သူစိမ်းတွေကို ကြောက်တက်လာလို့ပါ”
လီရွှမ်အောက်ဟာ ဟန်ကျွယ်ကို ဝါးစားမတက် စိုက်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ လီရွှမ်အောက်ဟာ ဟန်ကျွယ်ကို တိုးမမုန်းသွားပါဘူး။ မဟုတ်ရင် ဟန်ကျွယ် ပညာပေးတာကို ကျိန်းသေပေါက် ခံရမှာပါ။
လီတောက်ခုံးက အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါတို့ ရွမ်လိန့်ကျောင်းတော်ထဲဝင်… ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ် မပြုလည်းရတယ်၊ ငါတို့တွေ ဂိုဏ်းတူညီအစ်ကို ဖြစ်နိုင်တယ်၊ ငါ့ဆရာသခင်က မင်းကို အရမ်းစိတ်ဝင်စားနေတယ်”
‘လီမုယဲ့… အဲဒီစိတ်သဘောထား သေးသိမ်တဲ့ တာအိုပညာရှိလား’ ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကပ်ဘေးပြီးမှ ပြောရအောင်၊ အခုအချိန်မှာာ အစ်ကိုလီတို့နဲ့ ဆက်ဆံရတာက အရမ်းအန္တရာယ်များတယ်”
လီရွှမ်အောက်က မနေနိုင်ဘဲ ဝင်ပြောလိုက်ပါတယ် “အနန္တကပ်ဘေးက ငါတို့ရွမ်လိန့်ကျောင်းတော်ရဲ့ အုတ်မြစ်ကို ဘာမှမလုပ်နိုင်ဘူး၊ ငါတို့က တာအိုပညာရှိဂိုဏ်း၊ ဒါက မင်းအတွက် အခွင့်အရေးပဲ”
ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို တစ်ချက်ကြည့်ပြီး မေးလိုက်ပါတယ် “ဒီနှစ်တွေမှာ ခင်ဗျားတို့ ဘယ်လိုနေလဲ”
“ဟွန်း… ဘယ်လိုနေရမှာလဲ၊ ပျော်ဖို့ကောင်းတာပေါ့”
စိတ်ထဲမှာတော့ လီရွှမ်အောက်ဟာ တော်တော်လည်း ခါးသီးနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်တွေက ပျော်ဖို့မကောင်းဘဲ ဆင်းရဲဒုက္ခတွေချည်း မို့လို့ပါ။
ဟန်ကျွယ်ဟာ လီတောက်ခုံးဘက်လှည့်ပြီ ပြောလိုက်ပါတယ် “အစ်ကိုလီရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ နှုတ်ဆက်ခဲ့ပါတယ်”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲ ခုန်ဝင်လိုက်ပါတယ်။
ရုတ်တရက်ဆိုသလို လီတောက်ခုံးကလည်း ဝဲကတော့နက်ဆီ တဟုန်ထိုး ပျံသန်းသွားပါတယ်။ ဒါပေမဲ့ ဝဲကတော့နက်ကနေ ရုတ်တရက်ထွက်ပေါ်လာတဲ့ ဓားချီကြောင့် လီတောက်ခုံးဟာ အနောက်ကို လွှင့်သွားပါတယ်။
ဝဲကတော့နက်ထဲကနေ ထွက်ပေါ်လာတဲ့ ဓားချီဟာ နတ်ဘုရားခန်းမထဲကနေ ပျံထွက်သွားပြီး တိမ်ပင်လယ်ကို နှစ်ပိုင်း ပိုင်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝဲကတော့နက်ဟာ လျင်မြန်စွာကျုံ့ပြီး ပျောက်ကွယ်သွားပါတယ်။
ဒီအဖြစ်ကိုကြည့်ပြီး ဖန်းလျန်ဟာ မျက်လုံးပြူးသွားပါတယ်။ လီရွှမ်အောက်ကလည်း လီတောက်ခုံးကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ် “ဂိုဏ်းတူအစ်ကို… သူ့ကို မယှဉ်နိုင်ဘူးလား”
လီတောက်ခုံးဟာ လီရွှမ်အောက်ရဲ့ မေးခွန်းကို ပြန်မဖြေပါဘူး။ လီတောက်ခုံးရဲ့ ညာလက်ဟာ အနည်းငယ် တုန်ယင်သွားပါတယ်။
“တော်တော်ပြင်းတဲ့ ဓားချီပဲ၊ ဒီကောင်လေးက ငါ့ကိုတောင် ယှဉ်နိုင်လာပြီပဲ”
စောစောတုန်းက လီတောက်ခုံးက ပေါ့ဆမိသွားတယ်ဆိုပေမဲ့ ဟန်ကျွယ်က သူ့ကို တစ်ချက်တည်းနဲ့ အနောက်ကို လွှင့်ထွက်သွားစေတဲ့အတွက် အထင်ကြီးဖို့ကောင်းတာတော့ အမှန်ပါ။
ဖန်းလျန်ဟာ လီတောက်ခုံးရဲ့ ညာလက်ကို သတိထားမိပြီး စိတ်ထဲမှာ လှိုင်းထန်သွားပါတယ် ‘ဆရာဘိုးဘိုးက ဘယ်လောက်တောင် စွမ်းအားကြီးနေပြီလဲ”
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တာနဲ့ ဟန်ကျွယ် ပထမဆုံးလုပ်တဲ့အရာက သူ့နောက်ကို ဘယ်သူလိုက်လာလဲဆိုတာပါ။
[လောလောဆယ် ဘယ်သူမှ လိုက်မလာပါ။]
[လီတောက်ခုံးသည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
‘ဟင်… ဘာကိစ္စနဲ့ မျက်နှာသာပေးမှုက တိုးသွားရတာလဲ’
ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးက အလွန်တရာမှ မာနကြီးတဲ့သူ ဖြစ်တဲ့ကြောင့် သူ့ကို တစ်ခါရှုံးနိမ့်သွားရင် ထပ်ခါထပ်ခါ လိုက်စိန်ခေါ်မယ်လို့ ထင်ထားတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 433
? Views, Released on December 7, 2024