Switch Mode

Chapter – 431

အခန်း (၄၃၁) နှစ်တစ်ရာအတွင်း ပြောင်းလဲမှုများ
လီမုယဲ့ဟာ ဟန်ကျွယ်ကို ဒါဇင်ကျော် အိပ်မက်ပေးလို့ မ‌အောင်မြင်တဲ့နောက် လက်လျှော့သွားပါတယ်။
[လီမုယဲ့သည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
‘ဇွတ်တရွတ်နိုင်တဲ့ တာအိုပညာရှိပါလား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပေမဲ့ သိပ်တော့ အလေးမထားပါဘူး။ မုန်းတီးမှု ကြယ်နှစ်ပွင့်က အဆိုးမြင်စိတ်ရှိတာနဲ့ မကျေနပ်ရုံလောက်ပဲ ရှိပါသေးတယ်။ သတ်ဖြတ်ငွေ့အဆင့်ကို မရောက်သေးပါဘူး။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေနဲ့ ဆက်ဆံတာက အန္တရာယ်များတဲ့အတွက် အလွယ်တကူ မဆက်ဆံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ် တာအိုကို ရရှိသွားရင်တော့ တစ်မျိုးပေါ့။
ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။
အချိန်-အာကာ ဝဲကတော့ ပေါ်လာပြီးနောက်ပိုင်း ဖူစန်းသစ်ပင်ရဲ့ ကျင့်ကြံမှုဟာ ပိုပိုမြန်လာပါတယ်။ ရှန်တျန်ရှီ ထုတ်လွှတ်မှုကလည်း ပိုတိုးလာတဲ့အတွက် တာအိုစက်ကွင်းမှာ နေထိုင်တဲ့လူ အားလုံးကို အကျိုးအမြတ် ဖြစ်ထွန်းစေပါတယ်။
အတိုချုပ်ရရင် အချိန်တိုအတွင်းမှာ ဖူစန်းသစ်ပင်က ဒုတိယ အာကာသ ဝဲကတော့ ဖြစ်ပေါ်လာအောင် မလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ စနစ်ရဲ့အဆိုအရ မကြာခင်မှာ အနန္တကမ္ဘာနဲ့ ဆက်သွယ်သွားမယ်လို့ ဆိုပါတယ်။ စနစ်ပြောတဲ့ မကြာခင်က နှစ်တစ်ရာလား နှစ်တစ်ထောင်လား နှစ်တစ်သောင်းလားတော့ ဟန်ကျွယ်လည်း မသိပါဘူး။
အဲဒီအချိန်ကို ရောက်ရင် ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို အသုံးပြုပြီး အနန္တကမ္ဘာကို လိုသလို သွားလာနိုင်မှာပါ။ ဒါ့အပြင် ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က တာအိုစက်ကွင်းလိုမျိုး အနန္တကမ္ဘာထိပ်မှာရှိတဲ့ မြင့်မြတ်နယ်မြေကိုတောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်က အစီအစဉ်ကောင်းဆိုပေမဲ့ ဟန်ကျွယ်နဲ့ အလှမ်းဝေးနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်သာ တာအိုကို မရရှိသေးဘဲ မြင့်မြတ်နယ်မြေ တည်ထောင်မယ်ဆိုရင် မရေမတွက်နိုင်တဲ့ ပြဿနာတွေကို ဆွဲဆောင်မိမှာမို့လို့ပါပဲ။
ဖူစန်းသစ်ပင်ကလွဲရင် ကြယ်ပင်လယ်မှာ နောက်ထပ် နတ်ဘီလူးချီ အလုံးတစ်လုံး ထပ်ပေါ်လာပါတယ်။ ဒီအလုံးကလည်း အရင်အလုံးနှစ်လုံးလိုပဲ ကြီးထွားဆဲ ရှိပါသေးတယ်။ တကယ့် ပဋိပက္ခနတ်ဘီလူး ဖြစ်လာဖို့က အချိန်ဘယ်လောက်ကြာအုန်းမလဲဆိုတာ မသိနိုင်သေးပါဘူး။
ကျိန်းသေတာတစ်ခုကတော့ အရမ်းကြာအုန်းမှာပါ။ နောက်ထပ် အနန္တကပ်ဘေး‌တောင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံပြီး ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံကို နေ့တိုင်း စုပ်ယူပါတယ်။ ဒီလိုနဲ့ နှစ်တစ်ရာက အိပ်မက်တစ်ခုလိုပဲ ကုန်ဆုံးသွားပါတယ်။
သိပ်မကြာသေးခင်ကပဲ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရဲ့ အမွေအနှစ်ကို ရရှိပြီး ဧကရာဇ်အဆင့်ကို ရောက်သွားပါပြီ။ ဒါကလည်း သိပ်ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဧကရာဇ်အဆင့်အောက်မှာက ငရဲကြက်နက်၊ ရွှင်ချန်အန်းနဲ့ မြွေနဂါးဘုရင်တို့ပဲ ရှိတာဆိုတော့ ဝူတောက်ကျန့်ကို မနိုင်တာ အဆန်း မဟုတ်ပါဘူး။ ဟန်ကျွယ်က ဝူတောက်ကျန့်အတွက် ဘေးတံခါးဖွင့်ပေးလိုက်တယ်လို့ ပြောလို့ရပါတယ်။
ဝူတောက်ကျန့်ဟာ ဧကရာဇ်အဆင့်ကို ရောက်ရှိသွားတဲ့အတွက် တက်ကြွနေပါတယ်။ ချူရှီရန်ကလည်း နောက်ကျမကျန်ခဲ့ချင်တာကြောင့် အစွမ်းကုန်စိတ်နှစ်ပြီး ကျင့်ကြံအားထုတ်ပါတော့တယ်။
လွန်ခဲ့တဲ့နှစ်တစ်ရာမှာ လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်ရဲ့ တိုက်ပွဲက ပိုပြင်းထန်လာပါတယ်။ စာစောင်တွေထဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာ မဟုတ်ရင် နေရာတကာ လျှောက်တိုက်ခိုက်တာချည်းပါပဲ။
သူတို့တွေ ဘယ်လောက်ကြာကြာ ဆက်တိုက်နေအုန်းမလဲဆိုတာ ဟန်ကျွယ် မသိပါဘူး။ ဒါပေမဲ့ ဒီအတောအတွင်း ဖန်းလျန်ရဲ့ ကျင့်ကြံမှုက ပုံမှန်တိုးတက်လာတဲ့အတွက် ပဥ္စမအဆင့် အင်မော်တယ်ဧကရာဇ် ဖြစ်သွားပါပြီ။ ဂိမ်းစကားနဲ့ပြောရရင် ဖန်းလျန်ကို ခိုးဆော့နေတာပါ။
ဖန်းလျန် ဒီလိုမျိုး ကျင့်ကြံမှု တိုးတက်လာတာက ကံတရား အထောက်အပံ့ တိုက်ပွဲရဲ့ အကျိုးအမြတ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ ဒါကြောင့်လည်း သက်ရှိတွေက အနန္တကပ်ဘေးရဲ့ အန္တရာယ်ကို သိသိကြီးနဲ့ ရုန်းမထွက်နိုင်ကြတာပါ။
ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲ ပစ်ထည့်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ တကျို့တျန်ကို ကျိန်စာတိုက်ပါတယ်။ နှစ်တစ်ရာတောင် ကြာသွားပြီ ဖြစ်တဲ့အတွက် တကျို့တျန်ဟာ တာအိုပညာရှိဘေးကနေ ထွက်လာလောက်ပါပြီ။
ဒါပေမဲ့ ပိုသေချာသွားအောင် ဟန်ကျွယ်ဟာ တွက်ချက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
တကျို့တျန်ဟာ တာအိုပညာရှိဘေးမှာ မရှိတော့ဘူးဆိုရင် ဟန်ကျွယ်ဟာ ၅၀၀ ဘီလီယံသုံးပြီး ကျိန်စာတိုက်မှာပါ။
[တာအိုပညာရှိဘေးမှာ ရှိသေး၏။]
‘ခွေးကောင်… မင်းက တာအိုပညာရှိဘေးမှာ အမြဲတမ်းနေမလို့လား’ ဟန်ကျွယ်ဟာ တကျို့တျန်ရဲ့ အရှက်မဲ့မှုကို ကျိန်ဆဲလိုက်ပါတယ်။
အဆုံးမဲ့နန်းတော်။
တရားထိုင်နေတဲ့ တကျို့တျန်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး အံကြိတ်လိုက်ပါတယ်။
‘အမှောင်သခင်ကြီးက တကယ်ကို ဇွဲကောင်းတာပဲ၊ ဒီလောက်များတဲ့ သက်ရှိတွေက သူ ဘယ်နားကနေ သွားဖမ်းလာတာလဲ မသိဘူး’ တကျို့တျန်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး တော်တော်လေး နောင်တရသွားပါတယ်။ ဒီလိုဖြစ်မယ်မှန်းသာသိရင် တကျို့တျန်ဟာ အမှောင်သခင်ကြီးကို လုံးဝ ရန်စခဲ့မှာ မဟုတ်ပါဘူး။
‘ဘယ်တာအိုပညာရှိများလား… ဒီလိုကျိန်စာတိုက်တာက သိက္ခာကျတယ်ဆိုတာကို သူ မသိဘူးလား’
ဒီအချိန်မှာပဲ တောင်ဘက်စွန်း ကောင်းကင်အရှင်က မေးလိုက်ပါတယ် “အမှောင်သခင်ကြီးက မင်းကို ထပ်ပြီးတော့ ကျိန်စာတိုက်ပြန်ပြီလား”
တကျို့တျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟုတ်ပါတယ်၊ ကျွန်တော်လည်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး”
“တာအိုပညာရှိတွေထဲမှာ အနောက်ဗုဒ္ဓဂိုဏ်းက တစ်ယောက်ပဲ ဒီလောက်ထိ စိတ်သဘောထား ကျဉ်းမြောင်းတာ”
တကျို့တျန်ဟာ မျက်လုံးပြူးသွားပြီး တအံတဩ မေးလိုက်ပါတယ် “ဒါပေမဲ့ ကျွန်တော် တစ်ခါမှ ဗုဒ္ဓဂိုဏ်းကို ပစ်မှတ်မထားဖူးပါဘူး၊ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ပဲ ဗုဒ္ဓဂိုဏ်းကို စိန်ခေါ်ပြီး တိုက်ခိုက်ခဲ့တာ”
တောင်ဘက်စွန်း ကောင်းကင်အရှင်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “တစ်ယောက်ယောက်ရဲ့ တောင်းဆိုချက်ကို ရွေးချယ်စရာမရှိဘဲ သဘောတူရတာလည်း ဖြစ်နိုင်တယ်၊ အရင်တုန်းက တာအိုပညာရှိတွေ အလောင်းအစား လုပ်ဖူးတယ်၊ အဲဒီမှာ ချန်ကျောင်းတော် နိုင်သွားလို့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်မှာ ကြီးမားတဲ့ကံတရား အထောက်အပံ့ကို ရရှိဖို့ အခွင့်အရေး ရသွားတာ၊ ဒါပေမဲ့ အကြောင်းတချို့ကြောင့် တာအိုပညာရှိတွေက စိတ်ပြောင်းသွားပုံပဲ၊ ဖူရှီတောင် ကပ်ဘေးထဲ ဝင်သွားတာဆိုတော့ တော်တော်ထူးဆန်းတယ်”
တကျို့တျန်ဟာ တာအိုပညာရှိတွေကိစ္စမို့ စကားတစ်လုံးမှ မဟရဲပါဘူး။
တောင်ဘက်စွန်း ကောင်းကင်အရှင် လက်ဝှေ့ယမ်းလိုက်တဲ့အခါ အလင်းတန်းတစ်ခု ပေါ်လာပြီး အဘိုးအိုတစ်ဦးအသွင် ဖြစ်တည်သွားပါတယ် “တာအိုဘိုးဘေး… ဒီအနန္တကပ်ဘေးက ဘယ်လောက်ထိတောင် ခက်ခဲလာမှာလဲ”
တကျို့တျန်ဟာ တာအိုဘိုးဘေးရုပ်သွင်ကို ချက်ချင်း ရှိခိုးလိုက်ပြီး‌ မော်မကြည့်ရဲပါဘူး။
တာအိုဘိုးဘေးရုပ်သွင်က ပြန်ဖြေပါတယ် “တာအိုပညာရှိတွေ ကပ်ဘေးထဲဝင်ရင် ကောင်းကင်တာအို ဒုက္ခတွေ့လိမ့်မယ်”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်မှောင်ကြုတ်သွားပြီး လက်ဝှေ့ယမ်းလိုက်တဲ့အတွက် တာအိုဘိုးဘေးရုပ်သွင်ဟာ ပျောက်ကွယ်သွားပါတယ်။
ဒီတော့မှ တကျို့တျန်ဟာ ခေါင်းမော့ရဲပြီး ဂရုတစိုက် မေးလိုက်ပါတယ် “အဲဒါ တာအိုဘိုးဘေး…”
“ဒါက တာအိုပညာရှိတွေကို လမ်းညွှန်ပေးနိုင်တဲ့ တာအိုဘိုးဘေးရဲ့ ဓမ္မရုပ်တုပဲ၊ ဒါပေမဲ့ ငါတို့တွေ ယေဘုယျအကြာင်းအရာပဲ မေးလို့ရတယ်၊ တာအိုပညာရှိတွေနဲ့ သက်ရှိအားလုံးရဲ့ ကံတရားကို မေးလို့မရဘူး”
“ဒီနေ့ကစပြီး မင်း ငါ့ရဲ့ တာအိုစက်ကွင်းထဲမှာပဲနေ၊ ကပ်ဘေးထဲဝင်ဖို့ ငါ တခြားတစ်ယောက်ကို စီစဉ်လိုက်မယ်”
တကျို့တျန်ဟာ စိတ်သက်သာရာ ရသွားပြီး ချက်ချင်း ကျေးဇူးတင်လိုက်ပါတယ်။ တကျို့တျန်ဟာ အမှောင်သခင်ကြီးကြောင့် ကပ်ဘေးထဲဝင်ဖို့ မပြောနဲ့ တာအိုပညာရှိဘေးကနေတောင် မခွာရဲပါဘူး။
“ငါ အနောက်ဗုဒ္ဓဂိုဏ်းက တစ်ယောက်ကို သွားရှာလိုက်အုန်းမယ်” တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မတ်တတ်ရပ်လိုက်ပါတယ်။
တကျို့တျန်ဟာ ရင်ထိတ်သွားပါတယ် “ဆရာသခင်က ဘယ်တော့ ပြန်လာမှာလဲ”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ တကျို့တျန်ကို တစ်ချက်ကြည့်လိုက်ပါတယ် “တာအိုပညာရှိနဲ့တွေ့ရင် ခါးညွှတ်ဖို့ မမေ့နဲ့၊ အမှောင်သခင်ကြီးက ငါ့ရဲ့ တာအိုစက်ကွင်းထဲကို ဝင်ရဲမှာ မဟုတ်ဘူး၊ ကျိန်စာအတွက်ကတော့ တာအိုစက်ကွင်းက ဟန့်တားပေးလိမ့်မယ်၊ မစိုးရိမ်ပါနဲ့၊ ငါ မကြာခင် ပြန်လာမှာပါ”
တကျို့တျန်ဟာ ခေါင်းညိတ်ရုံပဲ တက်နိုင်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ကျိန်စာတိုက်တာ ငါးရက်ကျော်သွားတဲ့အတွက် ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တကျို့တျန်ဘေးမှာ တောင်ဘက်စွန်း ကောင်းကင်အရှင် ရှိနေမှာကို စိုးရိမ်တဲ့အတွက် အင်တိုက်အားတိုက် ကျိန်စာမတိုက်ပါဘူး။
‘မဖြစ်သေးဘူး… ဒီကောင်ရဲ့ မုန်းတီးမှုက အရမ်းများတယ်၊ နောက်ပြီး သူက ကောင်းကင်ဧကရာဇ်ကို ဒုက္ခပေးချင်တယ်လူပဲ၊ ငါ သူ့ကို အရှင်ထားလို့ မဖြစ်ဘူး’
‘တွက်ကြည့်လိုက်ပါအုန်းမယ်၊ သူ့ဘေးမှာ တာအိုပညာရှိ မရှိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်’
ဟန်ကျွယ်ဟာ သက်တမ်း ၂ ဘီလီဘံသုံးပြီး ထပ်တွက်ကြည့်လိုက်ပါတယ်။
[တာအိုပညာရှိဘေးတွင် မရှိပါ။]
ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပြီး ဝမ်းသာအားရ ဖြစ်သွားပါတယ်။
‘နောက်ဆုံးတော့ တကျို့တျန်ကိုသတ်ဖို့ အခွင့်အရေး ရပြီပဲ’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ အစွမ်းကုန် ကျိန်စာတိုက်တဲ့အတွက် သတ်တမ်းကလည်း တရစပ်လျော့ကျသွားပါတယ်။ အဝေးမှာရှိနေတဲ့ တကျို့တျန်လည်း ရုတ်တရက် တိုးလာတဲ့ ကျိန်စာကြောင့် မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။
‘အို… မကောင်းတော့ဘူး၊ ဒီအမှောင်သခင်ကြီးက တကယ်ကို တာအိုပညာရှိပဲ၊ ငါ့ဘေးနားမှာ တာအိုပညာရှိမရှိတာနဲ့ ငါ့ကို ပြင်းပြင်းထန်ထန် ကျိန်စာတိုက်တော့တာပဲ’ တကျို့တျန်ဟာ ဓမ္မစွမ်းအားကို အမြန်လှည့်ပတ်ပြီး ကျိန်စာကို ခုခံပါတယ်။
တာအိုစက်ကွင်းထဲမှာ လေထန်လာပြီး မရေမတွက်နိုင်တဲ့ လှိုင်းတွေဟာ တကျို့တျန်ဆီ ဦးတည်သွားပါတယ်။ အဲဒီနောက် လှိုင်းတွေဟာ ဆန်းကြယ်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ကျိန်စာကိုခုခံပါတယ်။ ဒါပေမဲ့ ကျိန်စာစွမ်းအားက လျော့မသွားတဲ့အပြင် ပိုပိုပြင်းထန်လာတဲ့အတွက် အမှောင်သခင်ကြီးက သူ့ကို သတ်ချင်နေမှန်း တကျို့တျန် သိလိုက်ပါတယ်။
တကျို့တျန်လည်း အိန္ဒြေမဆည်နိုင်တော့ပါဘူး “ဆရာသခင် ကျွန်တော့်ကို ကယ်ပါအုန်း”
တောင်ဘက်စွန်း ကောင်းကင်အရှင်က ထွက်သွားပြီဆိုပေမဲ့ သူအော်ခေါ်ရင် ကြားလိုက်မယ်လို့ တကျို့တျန်က ယုံကြည်ထားပါတယ်။
“ငါ့ကို တာအိုပညာရှိတွေ ပိတ်ထားတယ်၊ မင်းဘာသာ လောလောဆယ် ကြည့်ရှင်းလိုက်၊ မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ်” တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့အသံဟာ ဒေါသနဲ့ ပြည့်နှက်နေပါတယ်။
တကျို့တျန်ရဲ့ မျက်နှာဟာ သွေးမရှိတော့ပါဘူး ‘လေးငါးရက် ကြာတာတောင် ဆရာသခင် ပြန်မလာတာ အံဩစရာ မရှိတော့ပါဘူး’
‘ဒါဆို တာအိုပညာတွေက ငါ့ကိုသတ်ဖို့ ဆရာသခင်ကို မြားထုတ်လိုက်တာလား၊ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ၊ ဒါ လုံးဝ အဓိပ္ပာယ်မရှိဘူး’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset