Switch Mode

Chapter – 430

အခန်း (၄၃၀) တရှီကျဲ့ကမ္ဘာ၊ လီမုယဲ့ အိပ်မက်ပေးခြင်း
ဟန်ကျွယ်က လွီပုနဲ့ မာချောင်ကို ဖူစန်းသစ်ပင်ဆီ ရွှေ့ပြောင်းတာ တွေ့လိုက်ရတဲ့အတွက် ကျန်တဲ့လူတွေဟာ ရင်ထိတ်သွားကြပါတယ်။
လီယောင်က မေးလိုက်ပါတယ် “ဂိုဏ်းချုပ်… အန္တရာယ် ရှိလို့လား၊ အရမ်းအန္တရာယ်ကြီးရင် သစ်ပင်ကို ခုတ်လှဲလိုက်ပါလား”
လီယောင်ရဲ့စကားကြောင့် ဖူစန်းသစ်ပင်ဟာ ပြင်းထန်စွာ လှုပ်ခါသွားပြီး ကြောက်လန့်တကြား ထအော်ပါတယ်။
“မခုတ်ပါနဲ့… မခုတ်ပါနဲ့”
ဖူစန်းသစ်ပင်ဟာ လီယောင်ကို တော်တော်ကြောက်သွားတာပါ။
ဟန်ကျွယ်ကတော့ အတွေးနက်သွားပါတယ်။
ငရဲကြက်နက်ဟာ လီယောင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “ဒီသစ်ပင်ကို ခုတ်လှဲလိုက်ရင် ငါတို့က ဘယ်မှာသွားနေရမှာလဲ”
ရွှေကျီးကန်း အာတနဲ့ ရှောင်အာကလည်း ငရဲကြက်နက်စကားကို ခေါင်းညိတ်ပြီး ထောက်ခံပါတယ်။ သူတို့အသိုက်ကလည်း ဖူစန်းသစ်ပင်ပေါ်မှာ ဖြစ်တဲ့အတွက် ဖူစန်းသစ်ပင်ကို ခုတ်လှဲခံရမှာကို မလိုလားပါဘူး။
တဖြည်းဖြည်း ဖူစန်းသစ်ပင်အောက်ကို တပည့်တွေ ပိုပိုရောက်လာပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ စနစ်ကို မေးလိုက်ပါတယ် “ဖူစန်းသစ်ပင်က တခြားကမ္ဘာနဲ့ ဆက်သွယ်မိဖို့ ဘယ်လောက်လိုသေးလဲ”
[နှစ်ဆယ်သန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[၃၈၉၀ ရက်။]
‘တိကျလှချည်လား’
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်က တခြားကမ္ဘာနဲ့ ဆက်သွယ်မိဖို့ ဆယ်နှစ်ကျော် လိုသေးတဲ့အတွက် သက်သာရာရသွားပြီး လွီပုနဲ့ မာချောင်ကို ဖူစန်းသစ်ပင်အောက်မှာထားကာ ကျင့်ကြံခြင်းလိုဏ်ဂူဆီ ပြန်ပါတယ်။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်နောက်ကနေ ရုတ်တရက် လိုက်လာပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ရောက်တဲ့အခါ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
ဝူတောက်ကျန့်ဟာ ပြုံးဖြဲဖြဲနဲ့ ပြန်ဖြေပါတယ် “သခင်… ကျွန်မကို မကူညီတော့ဘူးလား၊ ကျွန်မ ဧကရာဇ်အဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”
ကောင်းကင်ဓားတာအိုကို လေ့လာပြီးနောက် ဝူတောက်ကျန့်ရဲ့ ကျင့်ကြံမှုဟာ ဒီရေအလား တိုးတက်လာပါတယ်။ ဒါ့အပြင် ဝူတောက်ကျန့်ရဲ့ ပင်ကိုယ် အရည်အချင်းကလည်း ထူးချွန်ထက်မြက်တဲ့အတွက် ဧကရာဇ်အဆင့်ကိုရောက်ဖို့ သိပ်မလိုတော့တာပါ။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်မှာထိုင်ပြီး ဝူတောက်ကျန့်ကို သေချာအကဲခတ်လိုက်ပါတယ် “မင်းရဲ့ ကောင်းကင်ဓားတာအိုက စွမ်းအားကြီးတယ်ဆိုပေမဲ့ အစွမ်းကြီး မဟုတ်သေးဘူး၊ နောက်နှစ်တစ်ရာပြိုင်ပွဲမှာ ဧကရာဇ်အဆင့်အောက်က လူတိုင်းကို အနိုင်ယူနိုင်မယ်ဆိုရင် ဧကရာဇ်အဆင့် ရောက်အောင် မင်းကို ငါကိုယ်တိုင် ကူညီမယ်”
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်စကားကြောင့် မဆိုစလောက် မျက်နှာပျက်သွားပေမဲ့ ငြင်းဆန်ခြင်းမပြုဘဲ ကတိပေးလိုက်ပါတယ် “ရတယ်လေ… နောက်နှစ်တစ်ရာပြိုင်ပွဲမှာ သခင်ပြောတဲ့အတိုင်း ဖြစ်စေရမယ်”
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဝူတောက်ကျန့်ကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ ဝူတောက်ကျန့်လည်း မတ်တတ်ရပ်ပြီး ဟန်ကျွယ်ကို ကြည့်ကာ တစ်စုံတစ်ခုပြောဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘာမှမပြောဖြစ်တော့ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့မျက်နှာကို လက်နဲ့တို့ပြီး ရေရွတ်လိုက်ပါတယ် “ငါ့ရုပ်ရည်က ပြိုင်ဘက်ကင်းဆိုတာကို ငါ မေ့နေတာပဲ၊ ဒီမြက်ပင်က ကြီးလာလို့ ငါ့ကို စားချင်နေပြီ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
ဆယ်နှစ်ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ အေးအေးဆေးဆေး မကျင့်ကြံနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖူစန်းသစ်ပင်က တခြားကမ္ဘာတစ်ခုနဲ့ အချိန်မရွေး ဆက်သွယ်နိုင်လို့ပါပဲ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ အချိန်ကို အလကား အကုန်မခံလိုတဲ့အတွက် တကျို့တျန်ကို ကျိန်စာတိုက်ပါတယ်။ နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် တကျို့တျန်က တာအိုပညာရှိဘေးမှာ ရှိချင်မှ ရှိတော့မှာပါ။
ဟန်ကျွယ်ဟာ အေးအေးဆေးဆေး ကျိန်စာတိုက်ပါတယ်။ ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဓမ္မစွမ်းအား အများကြီးမသုံးတဲ့အတွက် ကျိန်စာစွမ်းအားက သာမန်ပါပဲ။ ကျိန်စာစွမ်းအားက သိပ်မထက်တာကြောင့် သက်တမ်းလျော့ကျတာကလည်း နှေးကွေးပါတယ်။
နောက်ဆုံးမှာတော့ ဖူစန်းသစ်ပင်ဟာ အရွယ်ရောက်သွားပါတယ်။ ဟန်ကျွယ်လည်း ကြမ္မာဆိုးစာအုပ်ကို ချက်ချင်းသိမ်းပြီး ဖူစန်းသစ်ပင်ရှေ့ကို ပေါ်တယ်ခုန်လိုက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာလည်း ကောင်းကင်ကို မော့ကြည့်နေကြပြီး သူတို့အကုန်လုံး ရင်ထိတ်နေကြပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဖူစန်းသစ်ပင်ရဲ့ သစ်ကိုင်းတစ်ကိုင်းဆီကို ရောက်သွားပါတယ်။ ဒီသစ်ကိုင်းဟာ ဖူစန်းသစ်ပင်ရဲ့ အလယ်မှာ တည်ရှိပြီး ငွေရောင်ဝဲကတော့တစ်ခုနဲ့ ဆက်သွယ်သွားပါတယ်။
“ဟိုမှာပဲ…”
ဟန်ကျွယ်ဟာ လွီပုနဲ့ မာချောင်ကို ငွေရောင်ဝဲကတော့ဆီ ချက်ချင်း ခေါ်ဆောင်သွားပါတယ်။ ပြီးတဲ့အခါမှာတော့ နတ်အာရုံနဲ့ အာကာသဥမင်ကို ဖြတ်သန်းလိုက်တဲ့အခါ အလွန်တရာ ကျယ်ဝန်းတဲ့ကမ္ဘာတစ်ခုကို မြင်တွေ့လိုက်ရပါတယ်။
ဒီကမ္ဘာဟာ လုံးဝမှောင်မိုက်နေတဲ့ နေရာတစ်ခုမှာ တည်ရှိပြီး တောက်ပတဲ့နေမင်းလို မျက်စိကျိန်းလောက်အောင် အလင်းရောင်တွေ ဖြာထွက်နေပါတယ်။ ဟန်ကျွယ်ဟာ စွမ်းအားကြီးတဲ့ ရောင်ဝါတွေကို ခံစားလိုက်ရတဲ့အတွက် နတ်အာရုံကို ချက်ချင်း ပြန်သိမ်းလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို မေးလိုက်ပါတယ် “ဒီပေါ်တယ်ကို ပိတ်လို့ရလား”
“မရဘူး”
လီယောင်ကတော့ အရင်အတိုင်း အကြံပေးပါတယ် “ခုတ်လှဲရအောင်”
တခြားလူတွေကလည်း လီယောင်အကြံကို သဘောတူပါတယ်။ ဒါပေမဲ့ အများစုက ဖူစန်းသစ်ပင်ကို စနောက်ချင်ရုံပါ။
ဖူစန်းသစ်ပင်ကတော့ ဒါကိုအမှန်ထင်ပြီး သစ်ရွက်တွေ ကြွေကျကုန်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “တာအိုစက်ကွင်းက ဒီဥမင်ဝင်ပေါက်ကို ဖုံးထားလို့ရလား”
တာအိုစက်ကွင်းက ကောင်းကင်တာအို ချောင်းကြည့်တာကိုတောင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် တာအိုစက်ကွင်းသာ ဒီအာကာသဥမင်ရဲ့ ဝင်ပေါက်ကို ဖုံးထားနိုင်မယ်ဆိုရင် တခြားတစ်ဖက်က သက်ရှိတွေ ဒီဥမင်ကို ရှာတွေ့တော့မှာ မဟုတ်ပါဘူး။
[ဖုံးထားနိုင်သည်။]
ဟန်ကျွယ်ဟာ ဒီအဖြေကြောင့် ရင်ထဲက အလုံးကြီးကျသွားပေမဲ့ စိုးရိမ်စိတ်ကတော့ အရှင်း မပျောက်သေးပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ မာချောင်ကို ပြောလိုက်ပါတယ် “ဒီနေ့ကစပြီး ဒီနေရာကို မင်း စောင့်ကြပ်ရမယ်၊ ဘယ်သူကိုမှ ဖြတ်သွားခွင့်မပေးနဲ့”
မာချောင်ဟာ ဟန်ကျွယ်ရဲ့ အမိန့်ကို ချက်ချင်းလက်ခံပါတယ်။ ဟန်ကျွယ်ဟာ လွီပုကိုတော့ တိတ်ဆိတ်ကျွန်းရဲ့ ကမ်းခြေမှာ ပြန်စောင့်ကြပ်ခိုင်းပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ သူ့တပည့်တွေကို ငွေရောင်ဝဲကတော့ထဲ နတ်အာရုံမစေလွှတ်ဖို့ သတိပေးလိုက်ပါတယ်။
“အဲဒီကမ္ဘာမှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီးပဲ၊ ငါ့ရန်သူတွေလည်း ပါတယ်၊ သူတို့တွေ ငါတို့ကို ရှာတွေ့သွားရင် ငါတို့ ကျိန်းသပေါက် သေလိမ့်မယ်”
တပည့်အားလုံးက လိုက်နာမဲ့အကြောင်း ဝန်ခံကတိပေးကြပါတယ်။
“အဆုံးသတ် အပျက်အစီးက နတ်ဘုံများလား” ချူရှီရန်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ငရဲကြက်နက်က ချက်ချင်းဆိုသလို ထအော်ပါတယ် “သခင်… ချူရှီရန်က အဲဒီကမ္ဘာကို သွားချင်နေတယ်၊ မြန်မြန်ချုပ်ထားပါ”
လူတိုင်းရဲ့ အကြည့်က ချူရှီရန်ဆီ ရောက်သွားပါတယ်။
ချူရှီရန်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး လက်ဝှေ့ယမ်းခါ ငြင်းဆိုပါတယ် “ကျွန်တော်က ခန့်မှန်းရုံပဲ၊ ဘယ်လိုလုပ်ပြီး သွားချင်တာ ဖြစ်ရမှာလဲ”
ဟန်ကျွယ်ဟာ ချူရှီရန်ကို သံသယအကြည့်နဲ့ ကြည့်လိုက်ပါတယ် ‘ဒီကောင်က အဆုံးသတ် အပျက်အစီးမှာရှိတဲ့ နတ်ဘုံကို သွားချင်နေတာလား’
ဟန်ကျွယ်ရဲ့ အကြည့်ကြောင့် ချူရှီရန်ဟာ နဖူးချွေးစို့သွားပါတယ်။
“ဆရာဘိုးဘိုး… အဲဒီကြက်စုတ်စကားကို နားမထောင်ပါနဲ့၊ ကျွန်တော် အပြင်မထွက်ပါဘူး၊ တကယ်ပြောတာပါ၊ ဆရာဘိုးဘိုး ကျွန်တော့်ကို မယုံရင် မာချောင်ကို စောင့်ကြည့်ခိုင်းပါ”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်သွားပါတယ်။
ချူရှီရန်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ငရဲကြက်နက်ကို ဝါးစားမတက် ကြည့်လိုက်ပါတယ်။ ငရဲကြက်နက်ဟာ ငရဲနက်နတ်ဆိုးသခင်နောက်မှာ ပုန်းပြီး ဘဝင်ခိုက်သံနဲ့ ပြောလိုက်ပါတယ် “ငါတို့စကားတွေကို အမြဲတမ်းဖြတ်ပြောဖို့ မင်းကို ဘယ်သူက တာဝန်ပေးထားလို့လဲ၊ မင်းလေသံက မသိတာမရှိတဲ့ ဆရာကြီးကျနေတာပဲ”
ချူရှီရန်ဟာ ဒေါသထွက်သွားပါတယ် “မင်းက တစ်ခါမှ အပြင်မထွက်ဖူးဘဲနဲ့၊ ငါက မင်းတို့တွေ အမြင်ကျယ်အောင် စိတ်ရင်းနဲ့လည်း ပြောပြရသေးတယ်”
တခြားသူတွေကလည်း ငရဲကြက်နက်က တော်တော်လေး စိတ်အနှောင့်အယှက်ပေးတယ်လို့ ခံစားလိုက်ရပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “ဖူစန်းသစ်ပင်က ဘယ်ကမ္ဘာနဲ့ ဆက်သွယ်မှာလဲ”
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[တရှီကျဲ့: ကောင်းကင်တာအိုကမ္ဘာ။ ရွမ်လိန့်ကျောင်းတော် တာအိုပညာရှိ ဖန်တီးထားသော ကမ္ဘာဖြစ်ပြီး အနန္တကပ်ဘေးရန်ကို ကြောက်သဖြင့် အမှောင်တားမြစ်နယ်မြေတွင် ဖွက်ထား၏။ အားကောင်းသော ကံတရား အထောက်အပံ့ရှိပြီး ကောင်းကင်တာအို အနန္တကပ်ဘေးနှင့် အလှမ်းဝေး၏။]
‘ရွမ်လိန့်ကျောင်းတော် တာအိုပညာရှိ ဖန်တီးထားတဲ့ တရှီကျဲ့ကမ္ဘာလား’ ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပါတယ် ‘ရွမ်လိန့်ကျောင်းတော်က ကိုယ်ပိုင်ကမ္ဘာရှိနေရင် ဘာလို့ အင်မော်တယ်ကမ္ဘာမှာ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်နေသေးတာလဲ၊ အင်မော်တယ်ကမ္ဘာက ကောင်းကင်တာအိုပညာရှိတွေကို ကန့်သတ်ထားတာ ရှိနေလို့များလား’
သေချာတွေးကြည့်မယ်ဆိုရင် ဘိုးဘေးရှီတျန်၊ သိကျွင်းနဲ့ တခြားဆရာကြီးတွေက အင်မော်တယ်ကမ္ဘာနဲ့ ကောင်းကင်တာအိုကို စိတ်ဝင်စားပုံ မပေါ်ပါဘူး။ ဟန်ကျွယ်ဟာ နွီဝါရဲ့ တောင်းဆိုချက်ကို လက်မခံမိတာ မှန်ကန်တယ်လို့ ခံစားလိုက်ရပါတယ်။
‘နွီဝါရဲ့ တောင်းဆိုချက်က ထောင်ချောက်ပဲ ဖြစ်ရမယ်’
ဒါပေမဲ့ သက်ရှိအများစု အတွက်တော့ ကောင်းကင်တာအိုပညာရှိ ဖြစ်လာဖို့က စိတ်ကူးယဉ်ဖို့ မပြောနဲ့ အိပ်မက်ထဲတောင် ထည့်မက်ဖူးတဲ့ကိစ္စ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိပါတယ်။ လုံလောက်တဲ့အချိန်သာ ရမယ်ဆိုရင် ကောင်းကင်တာအိုပညာရှိကို ဖိနှိပ်နိုင်မယ်ဆိုပြီးတော့ပေါ့။
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။ လီမုယဲ့က ရွမ်လိန့်ကျောင်းတော်ရဲ့ လက်ရှိဂိုဏ်းချုပ်ဖြစ်ပေမဲ့ ကောင်းကင်တာအိုပညာရှိတော့ မဟုတ်ပါဘူး။
‘သူက ငါ့ကို ဘာလို့ အိပ်မက်ပေးချင်နေရတာလဲ၊ တရှီကျဲ့ကမ္ဘာနဲ့ ပတ်သက်နေလို့များလား…’
ဟန်ကျွယ်ဟာ မမြင်ချင်ယောင် ဆောင်လိုက်ပါတယ်။
တစ်နာရီကြာပြီးနောက်…
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးနေ၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ လျစ်လျူရှုထားလိုက်ပါတယ်။
နောက်နေ့မနက်ခင်း…
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးနေ၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘ဒီတာအိုပညာရှိတွေက ကိုယ့်ဂုဏ်သိက္ခကိုတောင် ဂရုမစိုက်တော့ဘူးလား၊ ဘာဖြစ်လို့ ဒီလောက်တောင် ဇွဲကောင်းနေရတာလဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset