Chapter – 24 အရိုးရှင်းဆုံးက အကောင်းဆုံးပဲ
ချူဖုန်း နွားဝါကို ထူးဆန်းသည့်မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ နွားဝါ ထူးခြားသောမှော်အစွမ်းတစ်ခုခုဖြင့် လုပ်လိမ့်မည်ဟု သူ ထင်ထားခြင်းပင်။ ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း လုပ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း…
“ဒီလောက်ရိုးရှင်းတာ သေချာရဲ့လား” ချူဖုန်းသည် သံသယဖြင့် မေးလိုက်သည်။ သူ့အတွက်တော့ နွားပေါက်၏ လုပ်ရပ်မှာ အနည်းငယ် ရက်စက်လွန်းလှသည်။ သူသည် လူသား၏ဦးနှောက်၏ အလုပ်လုပ်ပုံကို ထည့်မတွေးပဲ သူ လုပ်ချင်သလို လုပ်ထည့်လိုက်သည်။
နွားဝါသည် ယခုထိ တည်တည်ငြိမ်ငြိမ်ပင်။ သူသည် တစ်ဖြည်းဖြည်းချင်းပင် လျှောက်လာကာ မြေပြင်ပေါ်တွင် ကြည့်မကောင်းသော စာလုံးများ ရေးဆွဲလိုက်သည် : အရိုးရှင်းဆုံးက အကောင်းဆုံးပဲ။
ချူဖုန်း အံ့အားသင့်ကာ ကြောင်အနေမိသည်။
လူတစ်ယောက်၏ ခေါင်းပေါ်ကို ရက်စက်စွာ တက်နင်းခြင်းသည် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးသော လုပ်ရပ် ပင်။ သို့သော်လည်း ဤသည်ကို ဘယ်လိုလုပ် “အကောင်းဆုံး” ဟု ပြောနိုင်မည်နည်း…
“ငါ့ခေါင်း…တောင်တွေက ငါ့ဦးခေါင်းခွံကို ခွဲလိုက်တယ်…ငါ…ငါသေတော့မှာပဲ…” မြေပြင်ပေါ်တွင် လဲကျနေသော ကျွောကျွင်း သူ့ကိုယ်သူ ပြောလိုက်သည်။ ပါးစပ်မှ အမြှုပ်များလည်း ထွက်နေသည်။
ဤသည်မှာ သူ၏ ဒဏ်ရာ မည်မျှပြင်းထန်ကြောင်း သက်သေပြလိုက်ခြင်းပင်။ သူ့အသိစိတ်မှာ ရှုပ်ထွေးနေပြီး နာကျင်စွာ အော်ဟစ်နေလေသည်။
“သူ အဆင်ပြေပါ့မလား.. ဒဏ်ရာကြောင့် နောက်ဆက်တွဲရောဂါတွေများ ရှိသွားမှာလား… သူပြန်မနိုးလာရင် ဘယ်လိုလုပ်မလဲ”
အစောပိုင်းက သူသည် နွားဝါ၏ ရိုက်ချက်အကျိုးရှိမရှိ စိတ်ပူနေသော်လည်း ယခုအချိန်တွင်တော့ ကျွောကျွင်း၏ ခေါင်းဒဏ်ရာအခြေအနေကို ပို၍ စိုးရိမ်နေရသည်။
နွားဝါသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်သို့ အားမည်မျှ စိုက်ထုတ်သင့်ကြောင်း တစ်ခါမှ မစဥ်းစားခဲ့ချေ။ ပို၍အရေးကြီးသည်မှာ နွားပေါက်သည် သနားကြင်နာတတ်သည့်သူ မဟုတ်ပေ။
ကျွောကျွင်းကို ကြည့်ပြီး သူကိုယ်တိုင် နာလာသလို ခံစားလိုက်ရသည်။
ကျွောကျင်း၏ အသိစိတ်မရှိတော့သော်လည်း သူ့ခန္ဓာကိုယ် အကြောဆွဲနေသည်မှာ တစ်စက္ကန့်မှ ရပ်တန့်မသွား။ သူ့ခန္ဓာကိုယ်သည် စည်းချက်တစ်ခုဖြင့် ဆက်တိုက်တုန်လှုပ်နေသည်။
“ဒါက လူတွေပြောကြတဲ့ ‘ကောက်ကျစ်တဲ့လူတွေမှာ အမြဲတမ်းသူတို့ကိုယ်ပိုင်နွားအုပ်ရှိတယ်’ ဆိုတဲ့ စကားပုံလား” ချူဖုန်း တီးတိုးရေရွတ်လိုက်သည်။ ဆန်းကြယ်သောပစ္စည်းတစ်ခုခုရှိလိုရှိငြား ကျွောကျွင်း၏ ခန္ဓာကိုယ်ပေါ် သူ ရှာကြည့်လိုက်သည်။
ထူးခြားဆန်းကြယ်ပုံပေါက်သည့် သတ္တုဖြင့် ပြုလုပ်ထားသော ဓားမြောင်များနှင့် အခြားလက်နက်များ ရှိသော်လည်း ဤလက်နက်များမှာ အနက်ရောင်ဓားမြောင်ကို မယှဥ်နိုင်။
နောက်ဆုံးတွင်တော့ တိရစ္ဆာန်သားရေဖြင့် လုပ်ထားသည့် မြေပုံတစ်ခုကို သူ့လက်မောင်းတွင် ရှာတွေ့လိုက်သည်။ ထိုမြေပုံသည် ဟောင်းနွမ်းပုံမပေါက်သောကြောင့် လတ်တလောပြုလုပ်ထားခြင်းပင် ဖြစ်လိမ့်မည်။
စက္ကူသည် ပျက်စီးလွယ်သောကြောင့် တိရိစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသည့် မြေပုံမှာ ပို၍ အကြမ်းခံမည်ပင်။
အထူးသဖြင့် ကျွောကျွင်းကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ၃ မီတာထိမြင့်အောင် ပြောင်းလဲနိုင်သည့် လူအတွက် သူ့ကိုယ်ပေါ်၌ သိမ်းထားသည့် ပစ္စည်းများမှာ အလွန်ပျက်စီးလွယ်သည်ပင်။
သေချာပြုပြင်ပြီးနောက် သားရေမှာ သိသိသာသာပင် နူးညံ့ပျော့ပျောင်းသွားပြီဖြစ်သည်။ မြေပုံကို သေချာခေါက်ထားခြင်းဖြစ်သောကြောင့်သူ မြေပုံကို ဖြန့်လိုက်သည့်အချိန် ဖြစ်လာသည့် အရွယ်အစားမှာ သူ့ကို အလွန် အံ့အားသင့်သွားစေခဲ့သည်။ မြေပုံသည် မြေနေရာတစ်ခုစာကိုပင် အုပ်သွားသည်။
မြေပုံတွင် တိုင်ဟန်တောင်တန်းများ၏ မြေနေရာအနေအထား တစ်စိတ်တစ်ပိုင်းကို ပြထားသည်။ တိုင်ဟန်တောင်တန်း၏ မီတာရာပေါင်းများစွာကို သေချာမှတ်သားထားသည့်အပြင် တောင်ထိပ်တိုင်းကိုလည်း မြင်သာစွာ အမှတ်အသားလုပ်ထားသည်။
” တစ်ချို့တောင်တွေကို ငါတောင် မသိဘူး”
ချူဖုန်းသည် ဒီနေရာတွင် ငယ်စဥ်တောင်ကျေးအရွယ်ထဲက နေလာသည့်လူဖြစ်သောကြောင့် ဤနေရာကို သူ့ထက် ပိုရင်းနှီးသည့် လူမရှိနိုင်။ ထို့ကြောင့် ဤမြေပုံသည် ယခုတစ်လောပေါ်ထွက်လာသော တောင်တန်းများကိုပါ မှတ်သားထားခြင်း ဖြစ်လိမ့်မည်။
ဤမြေပုံ၏ အသုံးဝင်မှုကို သိသွားသည့်နှင့် သူ့မျက်နှာ အရောင်တောက်ပလာလေသည်။
မြေပုံကို အသေးစိတ်လေ့လာပြီးနောက် နေရာအများစုကို အမှတ်အသားတစ်ချို့ဖြင့် မှတ်ထားသည်ကို သူ သတိထားမိသွားသည်။ အချို့နေရာများကို အမဲရောင်လူအရိုးခေါင်းဖြင့် အမှတ်အသားလုပ်ထားပြီး အချို့ကို “သွားယူရန်”ဟူသော စာလုံးဖြင့် ရေးမှတ်ထားသည်။
ထို့အပြင် အခြားနေရာများကိုလည်း အနီရောင်စက်ဝိုင်း ဝိုင်းထားသေးသည်။
မြေပုံပေါ်ရှိ အမှတ်အသားများမှာ မများပြားသော် သိသာထင်ရှားသည်။ မြေပုံကို မြင်သူတိုင်း ထိုမှတ်သားထားသော နေရာများကို ချက်ချင်းကြည့်စေပြီး ထိုနေရာများ၏ အရေးပါမှုကို မေးခွန်းထုတ်မိမည်ပင်။
မြေပုံကို သိမ်းထားလိုက်ရမလား.. အချိန်အတော်ကြာ တွေဝေနေပြီးနောက် သူ အကြံတစ်ခု ရလိုက်သည်။ စာရွက်တစ်ရွက်ကို ယူလိုက်ပြီး ထိုမြေပုံနှင့် တစ်ထေရာတည်းတူအောင် ပုံတူကူးယူလိုက်သည်။
“သူ့ကို တတ်နိုင်သလောက် အမြန်ဆုံး ပြန်ပို့ရမယ်.. သူ့ကို ခေါ်ထားရင် ပိုပြီး ပြဿနာများမှာ” ချူဖုန်း ကျွောကျွင်းကို မ ပြီး သစ်ခွတောထဲသို့ ခေါ်သွားသည်။ ဤနေရာသည် ရွာ၏ အရှေ့ဘက်အစွန်းပိုင်းဖြစ်သောကြောင့် လူသွားလူလာ သိပ်မရှိ။ ထို့ကြောင့် သူတို့ကို တွေ့သွားနိုင်သည့် မျက်မြင်သက်သေမရှိတော့။
လက်ရှိ သူပိုင်ဆိုင်ထားသည့် သဘာဝလွန်သက်လုံနှင့် အရှိန်တို့ကြောင့် လူတစ်ယောက်ကို ကျောပေါ်သယ်ခြင်းမှာ လွယ်လွယ်ဖြင့် ပြီးမြောက်နိုင်သော အလုပ်ပင်ဖြစ်သည်။ သူသည် တစ်ခဏအတွင်း မိုင် ၂၀ အကွာအဝေးသို့ ရောက်သွားပြီဖြစ်သည်။ ထို့နောက် သစ်ခွတောအုပ်ထဲ ဖြတ်ကာ ကျွောကျွင်းကို ပျက်နေသော လမ်းမပေါ်တွင် ထားခဲ့လိုက်သည်။
ကျွောကျွင်းသည် ယခုချိန်ထိ သတိမရှိသေး။
ချူဖုန်းသည် အနီးအနားပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ထိုလမ်းမကြီး၏ ဘေးတွင် ပြောင်းဖူးခင်းများ ရှိပြီး ဤနေရာသည် ရက်စက်ကြမ်းကြုတ်သော သားရိုင်းကောင်များရှိသည့် တောင်တန်းများနှင့်လည်း ဝေးသည်။ ချူဖုန်း စိတ်ဆုံးဖြတ်လိုက်ပြီး နောက်ပြန်လှည့်ကာ ဤခန္ဓာကိုယ်နှင့် ဝေးရာကို လျှောက်လာခဲ့လိုက်သည်။
ရွာသည် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများ ပျောက်သွားပြီဖြစ်၍ တိတ်ဆိတ်ငြိမ်သက်နေသည်။
ယခုတလော လူငယ်တစ်ချို့သည် ရွာမှထွက်ရန် လမ်း ရှာဖွေကြသည်။ ဓားများ၊ လက်နက်များဖြင့် အနီးအနားမြို့ဆီသို့ သွားရန် ပြင်ဆင်နေကြသည်။
လူများသော မြို့များတွင် ပို၍ လုံခြုံစိတ်ချရလိမ့်မည်ဟု ယုံကြည်နေကြသည်။
သို့သော် မြို့ထဲသို့ အောင်မြင်စွာ ရောက်သွားကြသူများမှာ တစ်ဖန် စိတ်ပြောင်းသွားကြပြန်သည်။ မြို့အနီးနား၌ ရှေးတောင်တန်းကြီး ၂ ခု ရှိနေပြီး ထိုတောင်များပေါ်တွင် သားရိုင်းကောင်မျိုးစုံနှင့် ငှက်မျိုးစုံ လျှောက်သွားနေကြပြီး တောင်များပေါ်၌ပင် ဥ,ဥနေကြသည်များကို တွေ့နိုင်သည်။ ထို့အပြင် ၂ မီတာအရှည်ရှိသည့် ငွေရောင်ကင်းခြေများကောင် မြေကြီးထဲသို့ ထွက်လိုက်ဝင်လိုက် လုပ်နေကြသည်။ ထိုအကောင်သည် မြွေဖြူကဲ့သို့ ပုံသဏ္ဍာန်ရှိပြီး တောင်အနားရှိ မြို့များ၌ မကြာခဏ ထွက်ပေါ်လာတတ်သည်။
ထိုတောင်တန်းများတွင် မီးတောက်ငှက်တစ်ကောင် ကျားနှင့်ကျားသစ်များကို အမဲလိုက်သည့် မြင်ကွင်းလည်း ပေါ်လာတတ်သည်။ ယခင်က သူတို့ကိုယ်သူတို့ တောဘုရင်ဟု ကြွေးကြော်ခဲ့သည့်သူများမှာ ယခုအချိန်တွင် အားနည်းပြီး ကူကယ်ရာမဲ့နေကြသည်။
သူတို့ ဤသည်ကို ဘယ်လိုလုပ် မကြောက်ပဲ နေမည်နည်း…
တစ်နေ့ကျလျှင် ထိုမကောင်းဆိုးဝါးကောင်များ တောင်တန်းများ အဆုံးရှိ ချိပ်ပိတ်ထားသော စည်းကို ကျော်ဖြတ်ကာ လူသားတို့ နေထိုင်ရာနေရာသို့ ရောက်လာမည်ကို စိုးရိမ်၍ လူများစွာ မြို့ထဲမှ ထွက်ပြေးနေကြလေသည်။
မြို့ပြများနှင့် အချို့မြို့ကြီးများမှာ ပို၍ အခြေအနေ ဆိုးနေသည်။ မြို့ကြီးအများစုမှာ ကျောက်ခေတ်သို့ ပြန်ရောက်နေပြီဖြစ်သည်။ အဆုံးမရှိအောင် တိုးပွားလာသော တောအုပ်များသည် မြို့ပြမြေနေရာ အတော်များများကို နေရာယူထားပြီး ထိုတောအုပ်များထဲတွင် သားရိုင်းကောင်များဖြင့် ပြည့်နှက်နေသည်။
လုံခြုံစိတ်ချရသော နေရာကိုရှာရန် ထွက်သွားကြသော လူငယ်တို့သည် စိတ်ပျက်ဖွယ်ကောင်းသော ခရီးများစွာ သွားပြီးနောက် ချင်းရန်ရွာကို ပြန်ရောက်လာကြသည်။
ထို့အပြင် အလုပ်နှင့် ပတ်သတ်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် လက်တွေ့ကျကျစဥ်းစားသော ယောကျ်ားသားများသည် ရွာအပြင်ဘက်တွင် စပါးပင်များ စတင်စိုက်ပျိုးလာကြသည်။ ထိုလူအများစုမှာ အသက်ကြီးပိုင်းများဖြစ်သည်။ သူတို့ စိုက်ပျိုးထားသည်နှင့် အသက်ဆက်ရှင်နိုင်ရန် သူတို့မျှော်လင့်နေကြသည်ပင်။
လွန်ခဲ့သောရာစုနှစ်များစွာကတည်းက စိုက်ပျိုးရေးမြေနှင့် လယ်ကွင်းများစွာ ရှိသည်ပင်။ ယခု ကမ္ဘာကြီးမှာ ၁၀ ဆ နီးပါး ကျယ်ပြန့်လာသောကြောင့် စိုက်ပျိုးရေးအတွက် သင့်တော်သော မြေနေရာများလည်း များစွာ ကျယ်ပြန့်လာသည်။
ယခုအချိန်သည် ဆောင်းဦးလရာသီဖြစ်သော်လည်း ထူးဆန်းစွာဖြင့် အရွက်များ အဝါရောင်သန်းခြင်း၊ မြက်ပင်များ ညှိုးနွမ်းခြင်း မရှိ။ လောကကြီးသည် ရှင်သန်ခြင်းနှင့်တက်ကြွခြင်းများဖြင့် ပြည့်နှက်နေသည်။ ရာသီဥတုမှာ တဖြည်းဖြည်းနွေးထွေးလာပြီး လူသားများအား နွေရာသီလာတော့မည်ဟူသော ထင်ယောင်ထင်မှား ခံစားချက် ပေးနေလေသည်။
ရလဒ်အဖြစ် ပုံမှန်ထက်ထူးခြားသော မြင်ကွင်းများ ထွက်ပေါ်လာသည်။ ဥပမာအနေဖြင့် သစ်ခွတောကြီးတွင် မရေမတွက်နိုင်သော အသီးများဖြင့် ပြည့်နှက်သွားရုံမကမက အပွင့်များလည်း အကိုင်းများ ညွှတ်ကျသွားလောက်သည်အထိ ပွင့်နေကြသည်။ ဤမြင်ကွင်းမှာ ထူးဆန်းသော်လည်း ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ အသီးများနှင့် ပန်းရနံ့များ ရောနှောကာ ချိုမြိန်သည့် ရနံ့ကို ထုတ်လွှတ်နေသည်ပင်။
ဆောင်းဦး… ဒီလောကတွင် နေထိုင်ကြသော လူသားတို့အတွက် ဤရာသီမှာ ထူးခြားသည့် အဓိပ္ပာယ်ကို ဆောင်နေသည်။
စစ်ပွဲများကြောင့် လူပေါင်းများစွာ၏ အိုးအိမ်နှင့် လယ်ယာစိုက်ခင်းများ ပျက်စီးသွားကာ သီးနှံမဖြစ်ထွန်းသော မြေကြီးများအဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ဤနှစ်များတွင် စိုက်ပျိုးရေးမအောင်မြင်၍ အသီးအနှံများ မထွက်ချေ။ လူသားတို့သည် ရှင်သန်ရန် ရုန်းကန်ကြသော်လည်း အများစုမှာ ငတ်ပြတ်၍ သေဆုံးသွားခဲ့ကြရသည်။
နှောင်းပိုင်း စစ်ကင်းမဲ့သည့်ခေတ်တွင် ဆောင်းဦးရောက်သည့်အချိန်တိုင်း သီးနှံရိတ်သိမ်းသည့် အလုပ်တွင် ပါဝင်လုပ်အားပေးရန်မှာ လူတိုင်း၏ တာဝန်ဖြစ်လာသည်။
နှစ်ပေါင်းများစွာကြာသောအခါ တစ်ချိန်က ဆိုးရွားခဲ့သော အခြေအနေများသည် နှစ်ကြာလာသည်နှင့်အမျှ သိသိသာသာ တိုးတက်လာသော်လည်း သီးနှံရိတ်သိမ်းသည့်အဖွဲ့တွင် ပါဝင်လုပ်အားပေးခြင်းသည် ဓလေ့ထုံးတမ်းတစ်ခု ဖြစ်လာခဲ့သည်။ ဆောင်းဦးသည် အရေးကြီးသော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသော ရာသီဖြစ်ပြီး ပိတ်ရက်ရှည်လည်း ရှိနေသည်။
ရွာထဲရှိ လူအများစုမှာ အခြားမြို့များ၌ ကျောင်းသွားတက်ကြသည့်သူများနှင့် အလုပ်သွားလုပ်သည့်သူများပင်။ ပိတ်ရက် ဤလူများ ရွာသို့ ပြန်လာသည့်အချိန်တွင် နောက်တစ်ရာသီစာ စိုက်ပျိုးရန်အတွက် ပြင်ဆင်နေပြီဖြစ်သောကြောင့် လူလုပ်အား ပြတ်လပ်ခြင်းမရှိ။
ချူဖုန်း ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ယခင်က အစားအစာများ တောင်လိုပုံလျက်ရှိသော ရေခဲသေတ္တာမှာ ယခုအချိန်တွင် နွားဝါကျေးဇူးကြောင့် ပြောင်သလင်းခါလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
“အခု စျေးဆိုင်တွေအားလုံးက ကမ္ဘာပျက်သုဥ်းမှုအတွက် ရိက္ခာစုချင်သူတွေကြောင့် ဘာမှမရှိတော့ဘူး.. အဲဒီတော့ ငါတို့ အခု တကယ် စားစရာပြတ်နေပြီ .. ညတိုင်း ဗိုက်ဆာဆာနဲ့ မအိပ်ရအောင် တစ်ခုခုလုပ်ဖို့လိုနေပြီ..” တောတောင်ထဲ၌ အန္တရာယ်ကင်းကင်း သွားလာနိုင်ရေးအတွက် အရင်ဆုံး လက်ဝှေ့ထိုးနည်းပုံစံကို လေ့ကျင့်ရန် သူ ဆုံးဖြတ်လိုက်သည်။
သူသည် အမဲလိုက်သွားချင်သည်။ အစားအစာနှင့် အဝတ်အစားတို့က အဓိကဖြစ်နေသော ခေတ်ကြီးတွင် မည်သည့်အရာကမှ ခန္ဓာကိုယ်ကို အရေးကြီးသည့် အာဟာရဓာတ်နှင့် စွမ်းအင်ဖြည့်စည်းပေးနိုင်သော အသားကို မယှဥ်နိုင်။
သူသည် ခြံဝင်းထဲတွင် လေးနက်စွာဖြင့်ပင် လက်ဝှေ့ထိုးနည်းပုံစံကို လေ့ကျင့်နေခဲ့သည်။ နွားဝါသင်ပေးထားသော လက်ဝှေ့ထိုးနည်းပုံစံ အကုန်လုံးနီးပါးကို သူတတ်မြောက်တော့မည် ဖြစ်သည်။ သူ့လက်သီး အစွမ်းမှာ ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်ပြီး ရံဖန်ရံခါတွင် သူလက်သီး ထိုးလိုက်လျှင် မိုးခြိမ်းသံကိုပါ ကြားနိုင်သည်။
သူ့လက်သီး၏ မျက်နှာပြင်ကို ဝိုင်းရံထားသည့် ဆန်းကြယ်သည့်စွမ်းအားအလွှာတစ်လွှာ ရှိနေပြီး ဤစွမ်းအားကြောင့် သူ၏လက်သီး စွမ်းအားကြီးနေခြင်းပင်။
ဝုန်း..
ချူဖုန်းသည် ကျောက်တုံးပြာကြီးတစ်ခုလုံးကို သူ့လက်သီးဖြင့် ကြေမွအောင်ထိုးလိုက်သည်။
“ငါ့လက်တွေက လူလက်ကော ဟုတ်သေးရဲ့လား” ချူဖုန်း အံ့သြနေရသည်။ဤကျောက်တုံးမှာ မီတာတစ်ဝက်ခန့်မြင့်သည့် ကျောက်တုံးဖြစ်သည်။ သို့သော် သူ ဤကျောက်တုံးကို တစ်စက္ကန့်အတွင်း တစ်စစီကြေမွအောင် ထိုးလိုက်နိုင်လေသည်။
သူ ယခုကဲ့သို့ ပြင်းထန်သည့် စွမ်းအားကို ထုတ်လွှတ်ိနုင်သည့်ရင်းမြစ်ကို သိရန် ကြိုးစားလိုက်သည်။ ဤသည်မှာ ယခင်က ဝတ္ထုများထဲတွင် ဖော်ပြလေ့ရှိသော “အတွင်းအား” ဖြစ်ကြောင်း သူ သိလိုက်ရသည်။
ဤလက်ဝှေ့ထိုးနည်းပုံစံကို ထူးဆန်းသည့် အသက်ရှူစည်းချက်နှင့် ပေါင်းလိုက်လျှင် အတွင်းအားမှာ အဆမတန်တိုးမြှင့်လာပြီး လက်ရှိထက် ပို၍ ကြောက်ဖို့ကောင်းလာသည်ကို သူ သတိထားမိလိုက်သည်။
ထိုအသက်ရှူလေ့ကျင့်ခန်းတွင် ထူးခြားဆန်းကြယ်သော စွမ်းအားအချို့ ပါရှိနိုင်သည်ဟု သူ ခန့်မှန်းမိလိုက်သည်။ ထိုစွမ်းအားသည် လက်ဝှေ့ထိုးနည်းပုံစံကို အဆင့်မြင့်စေနိုင်ကြောင်း သိသွားသောအခါ သူအံ့သြသွားရသည်။
ဒါကြောင့် နွားဝါသည် အသက်ရှူခြင်းပုံစံကို မနက်တစ်ခါ၊ ညတစ်ခါ လေ့ကျင့်နေသည်မှာ မထူးဆန်းတော့။ သူသည် နွားနတ်ဆိုးလက်ဝှေ့ကိုပင် သိပ်မလေ့ကျင့်။
အရှေ့အရပ်မှ နေမင်းကြီး ထွက်လာကာ လောကကြီးကို အလင်းရောင်ပေးနေသည်။
ကျွောကျွင်းသည် သူ့ခေါင်းတွင် ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားနေရပြီး တစ်ဖြည်းဖြည်းချင်း နိုးလာသည်။ ခေါင်းကို အနည်းငယ်လှည့်ရုံဖြင့် သူ့ဦးနှောက်ထွက်ကျလာတော့မလို ခံစားနေရသည်။
“ငါ ဘယ်ရောက်နေတာလဲ..”
သူ့ခန္ဓာကိုယ်မှာ ရှေ့နောက်လွှဲရမ်းနေပြီး အချိန်ခဏအကြာမှ မတ်တပ်ရပ်နိုင်သည်။ သူ့မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖတ်နေပြီး၊ မျက်လုံးထဲရှိ တက်ကြွမှုနှင့် လန်းဆန်းမှုတို့လည်း ပျောက်ကွယ်နေသည်။ သူသည် ကြောင်တောင်တောင်ဖြစ်နေပြီး လက်ရှိဖြစ်နေသည့် အခြေအနေကို ဘာမှမသိ ဖြစ်နေသည်။
သူခေါင်း ငုံ့ကြည့်လိုက်သည့်အချိန်တွင် သူသည် ကိုယ်လုံးတီးနီးပါးဖြစ်နေပြီး သူ့ခန္ဓာကိုယ်ပေါ်၌ အဝတ်အပြဲစများသာ တို့လို့တွဲလောင်းကျနေသည်ကို တွေ့လိုက်ရသည်။ သူ့အသားအရေမှာလည်း ပေါက်ပြဲပွန်းပဲ့နေသည်ပင်။ သူ ရန်ဖြစ်ခဲ့တာလား…
နောက်ဆုံးတွင် သူ့ကို နောက်ဆုံးပြောလိုက်သည့်စကားကို သူ ပြန်သတိရသွားကာ တီးတိုးပြောလိုက်သည်၊ “မူမိသားစုက ဟိုလူက ငါ့ကို ချင်းရန်ရွာက ဟိုသာမန်လူဆီ သွားရင် လျှော့လျှော့ပေါ့ပေါ့ မလုပ်နဲ့ဆိုလို့ သူ့ကို လက်စွမ်းသွားပြမလို့လေ .. အဲဒါကို ဘာလို့ ဒီမှာ ပြုတ်ကျပြီး မေ့နေတာလဲ.. ဘာလို့ ဘာမှ မမှတ်မိရတာလဲ”
သူ့မှတ်ဉာဏ်မှာ ထိုနေရာအထိသာ ရှိသည် နောက်ဆက်တွဲဘာဆက်ဖြစ်လဲ သူမမှတ်မိတော့။
“ငါ ချောင်းတိုက်ခံလိုက်ရတာလား…” သူ စဥ်းစားနေသည်။
နောက်ဆုံးတွင် သူ ချင်းရန်ရွာထံသို့ ဦးတည်သွားလိုက်သည်။ သူသည် လမ်းလျှောက်ရင်း တစ်ချက်ယိမ်းယိုင်သွားသောကြောင့် လှောင်ရယ်လိုက်သည်၊ “သူက သာမန်လူသားတစ်ယောက်ပဲ .. ငါအခု အခြေအနေအရမ်း မကောင်းပေမယ့် သူ့လောက်ကတော့ အေးဆေးနိုင်တယ်”
သိပ်မကြာခင် နေမင်းကြီး ပူပြင်းလာသောကြောင့်။ နွေးထွေးကာ သက်သောင့်သက်သာရှိလာသည်။ ချူဖုန်းသည် နေပူထဲတွင် ထိုင်ကာ သူ၏ ထူးခြားသော စည်းချက်အတိုင်း မနက်ခင်းလင်းရောင်ကို ရှူသွင်းရှူထုတ်လုပ်နေသည်။ အချိန်အတော်ကြာလေ့ကျင့်ပြီးနောက်တွင်တော့ တစ်နေ့တာအတွက် သူ့အသက်ရှူခြင်းလေ့ကျင့်ခန်း ပြီးဆုံးသွားလေပြီ။
ချူဖုန်း လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် ကျွောကျွင်း တယိမ်းတယိုင်ဖြင့် ခြံဝင်းထဲ ဝင်လာလေ၏။
ချူဖုန်း ထိတ်လန့်သွားရသည်။ သူက ဘာလို့ ပြန်လာတာလဲ…
အစတွင် ကျွောကျွင်း ယခုကဲ့သို့ ပြန်ရောက်လာခြင်းမှာ နွားဝါ၏ ယုံကြည်စိတ်ချရမှု မရှိသော နည်းလမ်း၏ အကျိုးကျေးဇူးကြောင့်ဟု သူ ထင်နေသည်ပင်။ သူတက်နင်းသော်လည်း ဤလူ၏မှတ်ဉာဏ်များ ပျောက်မသွားသောကြောင့် လက်စားချေရန် ပြန်ရောက်လာခြင်းဖြစ်သည်ဟု ထင်လိုက်ခြင်းပင်။
“နွားနတ်ဆိုး.. မင်းလုပ်ထားတာလာကြည့်” ချူဖုန်း လှမ်းအော်လိုက်သည်။
“ပါးစပ်ပိတ်စမ်း သာမန်လူသားကောင်.. ငါ့ရှေ့မှာ ဆူညံဆူညံ လုပ်မနေနဲ့” ကျွောကျွင်းသည် စိတ်မရှည်စွာဖြင့် ရိုင်းပြသောအပြုအမူဖြင့် ဆဲဆိုလိုက်သည်။
ချူဖုန်းအံ့အားသင့်သွားရသည်။ “လူတစ်ယောက်ရဲ့ ပင်ကိုသဘာဝကို ပြောင်းလဲဖို့ တကယ်ခက်တာပဲ… လူတတ်ကြီးမလုပ်ဖို့ ဆုံးမထားတာ မမှတ်သေးဘူးလား”
“မင်း ငါ့ကို သိလို့လား” ကျွောကျွင်း ပြန်မေးလိုက်သည်။ သို့သော် သူ့မျက်နှာမှာ ဒေါသကြောင့် ချက်ချင်းမဲမှောင်လာလေသည်။ “ဘယ်လိုပဲဖြစ်ဖြစ် မင်းက အခက်အခဲ၊ အကျပ်အတည်းတစ်ချို့ကို ဖြတ်သန်း ရမှာပဲ … လောကကြီးမှာ မင်းဘယ်တော့မှ မိတ်ဖွဲ့နိုင်မှာ မဟုတ်တဲ့လူတစ်ချို့ ရှိတယ်… သူ့ဘေးမှာ ရှိတဲ့ နိမ့်ကျတဲ့ အစေခံကတောင် သူ့တို့ရဲ့ လူမှုအဆင့်အတန်းနဲ့ မင်းကို နင်းချေလိုက်လို့ ရတယ်”
ကျွောကျွင်း တကယ် မှတ်ဉာဏ်အချို့ပျောက်သွားကြောင်း သေချာသွားလေပြီ။ သို့သော် သူ့ထံ၌ ဤနေရာကို မလာမှီက မှတ်ဉာဏ်များ ရှိနေသေးသည်။
ချူဖုန်းမှာ ငိုရမလား၊ ရယ်ရမလားပင် မသိတော့။
“ငါခေါင်းအရမ်း ကိုက်နေတယ်.. ဘာဖြစ်ခဲ့တာလဲ.. ဒီကိုလာတဲ့လမ်းမှာ တစ်ယောက်ယောက်ကများ အလစ်တိုက်ခဲ့တာလား” ကျွောကျွင်းသည် ခေါင်းကို ကိုင်ရင်း မျက်နှာထက်တွင် ရှုပ်ထွေးသည့်အမူအရာများ ဖြစ်နေသည်။ သူ စိတ်တိုနေပုံ ရသည်။ ဤဒဏ်ရာက သူ့ကို ပိုပြီး စိတ်တိုဒေါသထွက်စေနေသည်ပင်။
“ဘာလို့ ငါ့ခေါင်းကို မြည်းတစ်ကောင် ကန်ထားသလို ခံစားနေရတာလဲ… စောက်ရမ်းနာလိုက်တာ” သူ ငြီးတွားနေသည်။
“မင်းပြောတာမှန်တယ်၊ မင်းကို မြည်းတစ်ကောင် ကန်လိုက်တာ” ချူဖုန်း ဝမ်းသာအားရပြောလိုက်သည်။
ထိုအချိန်တွင် နွားဝါသည် အိမ်၏အမှောင်တစ်နေရာမှ ထွက်လာသည်။ အပြင်၌ ပြောနေသည့် အကြောင်းအရာများအား ကြားလိုက်ရသည့်အချိန်တွင် စိတ်တိုလာပြီး မျက်နှာကြီး မဲမှောင်လာလေ၏။
ကျွောကျွင်းမှာ နွားဝါကို သတိမထားမိ။ပါ။ သူသည် နာကျင်စွာပင် ညည်းတွားနေလေ၏။ သူ့ခြေလှမ်းများ တယိမ်းတယိုင်ဖြစ်နေသော်လည်း သူသည် ရှေ့တိုးလာကာ ချူဖုန်းကိုတိုက်ခိုက်ရန် ကြိုးစားလာလေသည်။
ဖုန်း..
ချူဖုန်းသည် ကျွောကျွင်းကို ဘေးတစ်စောင်းကန်ချက်ဖြင့် လေထဲသို့ ကန်လိုက်ရာ ကျွောကျွင်း ကွန်ကရစ်နံရံဖြင့် သွားဆောင့်လေသည်။ ထို့နောက် သူ နောက်လှည့်ကာ နွားဝါကို မေးလိုက်သည်၊ “ငါတို့ ဘယ်လိုလုပ်ကြမလဲ… သူက ငါတို့ကို လာရှာဖို့ မှတ်မိနေသေးတယ်”
နွားဝါသည် ထုံးစံအတိုင်း အေးဆေးလျှောက်လာကာ မနေ့က မြေကြီးပေါ်တွင် ရေးထားသော စာလုံးကို ထိုးပြလိုက်သည်။ ထိုစာလုံးမှာ “လွယ်လွယ်လေး” ဟူသည့် စာလုံးပင်။
ထို့နောက် ကျွောကျွင်းဆီ လျှောက်သွားသည်။
ကျွောကျွင်း ငေးငိုင်နေသည်။ သာမန်လူသားက ကန်လိုက်တာကို သူက ဘယ်လိုလုပ် လွင့်သွားတာလဲ… ထို့အပြင် မျက်နှာထက်တွင် ရွံမုန်းခြင်းနှင့် မလေးစားခြင်းဟူသော စာလုံးတို့ ပေါ်လွင်နေသည့် နွားဝါတစ်ကောင် သူ့ထံသို့ တဖြည်းဖြည်း ချဥ်းကပ်လာသည်ကို သူ သတိထားမိလိုက်သည်။
ဒါက ဘာတွေလဲ.. ဒါတွေက သူ့စိတ်ကူးထဲမှာ ဖြစ်နေတာလား.. သူ့အတွက် အရာအားလုံးမှာ အတုအယောင်ပုံ ပေါ်နေပြီး လက်တွေ့မကျ ဖြစ်နေသည်။ ဘာလို့ နွားပေါက်က မလေးစားတဲ့ အကြည့်နဲ့ ကြည့်နေတာလဲ.. ဘာလို့ သူ့မျက်နှာက ထူးဆန်းနေတာလဲ.. ဒါ အိပ်မက်ကမ္ဘာလား။
ဖုန်း! ဖုန်း! ဖုန်း!
နွားဝါ၏ လုပ်ရပ်များမှာ ရက်စက်ကြမ်းကြုတ်နေဆဲပင်။ သူသည် ကျွောကျွင်း၏ခေါင်းကို ၄ခါ တက်နင်းလိုက်သည်။ ယခုတစ်ခေါက်မှာ ရှေ့တစ်ခေါက်ထက် ၂ ကြိမ်ပိုသည်။
ထို့နောက် သူ၏ မောက်မာသောအကြည့်ဖြင့် ကြည့်ပြီး အခင်းဖြစ်ရာနေရာမှ ထွက်သွားလေသည်။
ကျွောကျွင်း၏မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ထိတ်လန့်မှုတို့ ပေါ်လွင်နေသည်။ သူ့ခန္ဓာကိုယ် တောင့်သွားပြီ။ သူနောက်ဆုံးမြင်လိုက်ရသည့် မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေသည်။ သို့သော် သူသည် သူ့မျက်လုံးများ လှန်သွားပြီး နောက်တစ်ကြိမ် သတိလစ်သွားသည်ကို သူမတားဆီးနိုင်။ သူတဖြည်းဖြည်း နောက်သို့လဲသွားပြီး သူ့ခန္ဓာကိုယ်လည်း အကြောဆွဲကာ ရှော့ခ်ရ၍ လှုပ်ခါနေပြီးမှ နောက်ဆုံး မေ့မျောသွားလေသည်။
“ဒီနည်းပဲ ပြန်သုံးတာလား.. ဒီတစ်ခေါက်ကော အဆင်ပြေမှာ သေချာရဲ့လား” ချူဖုန်းသည် ကျွောကျွင်းကို သွားပစ်ပြီးနောက် ပြန်ရောက်လာမည်ကို စိုးရိမ်နေသည်။
နွားဝါသည် သူ့ရှေ့ခြေထောက်တစ်ဖက်ကို နှစ်ခါကန်ပြလိုက်သည်၊ ဆိုလိုသည်မှာ ၂ ချက် ပိုတက်နင်းထားတာကြောင့် သူ့မှတ်ဉာဏ် လုံးဝပျောက်သွားလိမ့်မည်ဟု အာမခံနေခြင်းပင်။
“နောက်တစ်နည်း လုပ်ရင်ကော” ခဏတာ အသံတိတ်နေပြီးနောက် ချူဖုန်း ပြောလိုက်သည်။
နွားဝါသည် ဘာမှ ပြန်မပြောပါ။ ဂုဏ်ယူနေသည့်ပုံစံဖြင့် သူ မနေ့က မြေကြီးပေါ်၌ ရေးထားသော နောက်စာလုံးအစုကို ထိုးပြလိုက်သည်။ ထိုစာလုံးများမှာ စုတ်ပြတ်အောင် ရေးထားသော်လည်း ဖတ်၍ရသေးသည်။ ထိုစကားစုမှာ : အရိုးရှင်းဆုံးက အကောင်းဆုံးပဲ ဟူသော စကားစုပင်။
အပိုင်း ၂၄ ပြီး၏။