အခန်း (၄၂၆) ကျောက်စိမ်းဧကရာဇ် သေဆုံးခြင်း
ဖန်းလျန်ရဲ့ စကားကြောင့် လီရွှမ်အောက်ရဲ့ မျက်နှာဟာ ရုတ်ခြည်းဆိုသလို နီမြန်းသွားပြီး ဘာမှထပ်မပြောနိုင်တော့ပါဘူး။
တကယ်တော့ လီရွှမ်အောက်လည်း ဒီကိစ္စကို သံသယဝင်နေတာပါ။ အထက်ကို မေးကြည့်တော့လည်း ဘာမှအကြောင်းမပြန်တဲ့အတွက် လီရွှမ်အောက်ဟာ ဒီကိစ္စကို လက်လျှော့လိုက်ရပါတယ်။ လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ ကပ်ဘေးထဲကို ဝင်ရောက်ပြီးပြီမို့ အခုအချိန် နောက်ဆုတ်ချင်ရင်တောင် မမီတော့ပါဘူး။
လီတောက်ခုံးက ဖြည်းညင်းစွာ ပြောလိုက်ပါတယ် “အရှင်မင်းကြီးက ကိုယ့်အတွက် တိုက်ခိုက်တာလား၊ ဒါမှမဟုတ် တာအိုပညာရှိတွေ အတွက်လား”
ဖန်းလျန်ဟာ ရယ်မောလိုက်ပါတယ် “ဟီးဟီး… ဘာလို့ တဲ့တိုးကြီး မေးနေတာလဲ၊ မင်းတို့နှစ်ယောက်က ဘာမှမတွေ့ကြုံရဘဲ ရွမ်လိန့်ကျောင်းတော်ရဲ့ ကာကွယ်မှုအောက်မှာ ကြီးပြင်းလာတာ၊ ငါ ဘာလိုချင်လဲဆိုတာကို မင်းတို့ ခံစားနိုင်မှာပါ”
လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပါတယ်။
လီရွှမ်အောက်ဟာ အကြီးအကျယ် ဒေါသထွက်သွားပြီး ဓားဆွဲထုတ်လိုက်ပါတယ် “ဖန်းလျန်… မင်းက မောက်မာလှချည်လား၊ ငါတို့နှစ်ယောက်ကို မင်းငယ်သားများ ထင်နေတာလား”
ဖန်းလျန်ဟာ ခေါင်းခါလိုက်ပါတယ် “ငါ မင်းတို့နှစ်ယောက်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါတယ်၊ ဒါပေမဲ့ တာအိုပညာရှိတွေရဲ့ ကိစ္စမှာ ငါ ဘာမှ ဝင်ပြောလို့မရဘူး”
လီတောက်ခုံးဟ တစ်ဖက်လှည့်လိုက်ပါတယ် “ရွှမ်အောက်… သွားမယ်”
လီရွှမ်အောက်ဟာ ဖန်းလျန်ကို ဝါးစားမတက် စိုက်ကြည့်ပြီး လီတောက်ခုံးနောက် လိုက်သွားပါတယ်။ လီတောက်ခုံးတို့ ညီအစ်ကိုနှစ်ယောက် ခန်းမထဲကနေ ထွက်သွားတဲ့အခါမှာတော့ ဖန်းလျန်ရဲ့ မျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ်သွားပြီး လက်သီးကို တင်းတင်းဆုပ်ကာ တစ်စုံတစ်ခုကို တွေးတောလိုက်ပါတယ်။
၁၀ နှစ်ကြာပြီးနောက်…
ဒီတစ်ခေါက် တိတ်ဆိတ်ဂိုဏ်းရဲ့ နှစ်တစ်ရာပြိုင်ပွဲမှာတော့ ဟန်ကျွယ်ရဲ့ တပည့်တွေထဲမှာ ဘယ်သူမှ လီယောင်ကို အနိုင်မယူနိုင်ပါဘူး။ ကျန်းယီတောင် လီယောင်ကို အနိုင်ယူဖို့ အတော်ကြာအောင် တိုက်လိုက်ရပါတယ်။
ဒီတိုက်ပွဲပြီးတာနဲ့ ကျန်းယီဟာ အရင်လို တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး။ သူလို့ နတ်ရွှေကျီးကန်း မိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်က အငယ်တစ်ယောက်ရဲ့ ကျင့်ကြံမှုကို မဖိနှိပ်နိုင်ရင် အရှက်ဗြန်းဗြန်း ကွဲမှာပါ။ ဒီထက်ပိုပြီး အရေးကြီးတာက တစ်ဖက်လူဟာ မိန်းမဖြစ်နေတာပါ။
ရှင်းဟုန်ရွှမ်ဟာ နှစ်တစ်ရာပြိုင်ပွဲမှာ ဝင်မပြိုင်ပေမဲ့ အသွင်တူလက်ရည်စမ်းပွဲကို ကြည့်ပြီး ကြက်သေသေသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ သိချင်သွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဒီလို ဆန်းကြယ်စွမ်းအားမျိုးကို လူသားမျိုးနွယ်စုရဲ့ မြင့်မြတ်နယ်မြေမှာ တစ်ခါမှာ မတွေ့ဖူးပါဘူး။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်က ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်သွားပြီဆိုတာ တိတ်ဆိတ်ကျွန်းကို ပြန်ရောက်ပြီးနောက်ပိုင်း သိလိုက်ရပါတယ်။
ဒီလိုကျင့်ကြံမှုအလျင်က ယုတ္တိမဲ့လွန်းပါတယ်။
ဟန်ကျွယ်ဟာ နှစ်တစ်ရာပြိုင်ပွဲကို ဂရုမစိုက်ပါဘူး။ နှစ်တစ်ရာပြိုင်ပွဲက မုရုံချီ ဦးစီးတာဖြစ်ပြီး ဘာဆုမှ မပေးပါဘူး။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာ နှစ်တစ်ရာပြိုင်ပွဲကိုပဲ မျှော်တလင့်လင့် ရှိနေကြပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာရပ်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ကျောက်စိမ်းဧကရာဇ်ကို ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
လူသားတွေနဲ့ ကောင်းကင်ရုံးတော်ရဲ့ စစ်ပွဲက ဆက်လက် ဖြစ်ပွားနေပြီး လောလောဆယ်မှာ ဘယ်သူနိုင်မယ်ဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။
လီတောက်ခုံးကတော့ ကျန်းတုကူးနဲ့ ဆက်တိုက်ခိုက်တုန်းဖြစ်ပြီး ပြင်းပြင်းထန်ထန်လည်း ဒဏ်ရာရထားပါတယ်။
ဟန်ကျွယ်ဟာ ရွမ်လိန့်ကျောင်းတော် ကျင့်ကြံသူတွေရဲ့ အတွေးကို နားမလည်နိုင်တော့ပါဘူး။ ရွမ်လိန့်ကျောင်းတော်သားတွေက သူများကို တိုက်ရတာထက် သူတို့အချင်းချင်း တိုက်ခိုက်ရတာက ပိုကြိုက်တဲ့ပုံပါပဲ။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ဘီလီယံ ၅၀ သုံးပြီး ကျိန်စာတိုက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် သက်တမ်း ၄၀ ဘီလီယံ လျော့ကျသွားတဲ့ အခါမှာတော့ ကျောက်စိမ်းဧကရာဇ်နဲ့ ပတ်သက်တဲ့ စာတစ်စောင်ကို လက်ခံရရှိလိုက်ပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်သည် အကုသိုလ်ကံ တိုက်ခိုက်မှုကို ခံရပြီး ဓမ္မစွမ်းအား ဖောက်ပြန်သဖြင့် နောက်ဆုံးကျန်ရှိသော စိတ်ဆန္ဒမှာ ကောင်းကင်မိစ္ဆာ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် ကျောက်စိမ်းဧကရာဇ် ကျိုးရန်သည် ရုပ်နာမ်နှစ်ပါးလုံး သေဆုံးပြီး တာအိုလွှင့်ပါး ပျောက်ကွယ်သွား၏။]
‘နောက်ဆုံးတော့ သေသွားပြီပဲ’
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ ပုံရိပ်က လုံးဝ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ကြယ်ခြောက်ပွင့် ရန်သူကို သတ်နိုင်လိုက်တဲ့အတွက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
‘ဒါကမှ ကျင့်ကြံမှုလမ်းစဉ် အစစ်၊ လူတိုင်း သေလို့ရတယ်၊ ဒါပေမဲ့ ငါ သေလို့မရဘူး’
ဟန်ကျွယ်ဟာ နောက်ဆုံးအနေနဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ဗုဒ္ဓမန္တန်တစ်ပုဒ်ရွတ်ဆိုပြီး လိုက်ပို့ပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းဧကရာဇ် ကျိုးရန်က လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ အနန္တဧကရာဇ်တဖြစ်လဲ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို လူမသိသူမသိ သေဆုံးခိုင်းလိုက်ရတဲ့အတွက် နည်းနည်းတော့ သနားမိပါတယ်။ ဒါပေမဲ့ ဒီသနားစိတ်က ကြာကြာမခံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်ကျိန်စာတိုက်ဖို့ လူတစ်ယေက် ရှိနေသေးလို့ပါ။
‘တကျို့တျန်… မင်း ငါ့လက်ကနေ ပြေးမလွတ်ပါဘူး’
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းလိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ တစ်ချိန်တည်းမှာပဲ နတ်ဘီလူးချီလုံး နှစ်လုံးဟာ ကြယ်ပင်လယ်ထဲက လောကဦးချီကို ဆက်တိုက်စုပ်ယူပါတယ်။
ထုန်ကျန့်ကမ္ဘာကလွဲရင် ကျန်တဲ့ကြယ်တွေမှာ သက်ရှိမရှိပါဘူး။ ဒါကြောင့် ဒီကြယ်တွေဟာ ဟန်ကျွယ်ရဲ့ အရန်ဓမ္မစွမ်းအားလိုပါပဲ။
ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ် ‘ဒီကြယ်ပင်လယ်သာ သက်ရှိတွေ ရှင်သန်နေထိုင်တဲ့ စကြဝဠာဖြစ်လာရင် ငါက ကောင်းကင်တာအို ဖြစ်မသွားဘူးလား၊ ပဋိပက္ခဆိုတာက ခန့်မှန်းလို့မရအောင် စွမ်းအားကြီးမားတဲ့ တည်ရှိမှုများလား’
ဒီဖြစ်နိုင်ချေကို တွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ ကြက်သီးမွေးညင်း ထသွားပါတယ် ‘အဲဒီလို တည်ရှိမှုမျိုးဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ’
ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အနေနဲ့ ဟန်ကျွယ်ဟာ စွမ်းအားကြီးရုံတင် မဟုတ်ဘဲ ကောင်းကင်တာအိုရဲ့ နိယာမတွေနဲ့ ကံတရား၊ ကံကြမ္မာတွေကို ထိုးဖောက်မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်တာအို အပြင်ဘက်မှာရှိတဲ့ အမှောင်တားမြစ်နယ်မြေလိုမျိုးကိုတော့ အာရုံမခံနိုင်ပါဘူး။ ကောင်းကင်တာအိုနဲ့ ပတ်သက်လာရင်လည်း ဟန်ကျွယ်ဟာ ဘာမှ ခံစားလို့မရပါဘူး။ ဒါဟာ ကျင့်ကြံမှုအဆင့် နိမ့်ပါးတာကြောင့် ဖြစ်နိုင်ပါတယ်။
တာအိုပညာရှိ ဖြစ်လာရင်တော့ ကောင်းကင်တာအို အပြင်ဘက်က တည်ရှိမှုတွေကို အာရုံခံကောင်း အာရုံခံနိုင်မှာပါ။
အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံက အမှောင်တားမြစ်နယ်မြေထဲမှာ ဖုံးကွယ်ထားတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ အခုထိ ထိပ်တိုက် မတိုးသေးပါဘူး။
အင်မော်တယ်ကမ္ဘာ၊ လူသားမျိုးနွယ်စု။
ယဇ်ပလ္လင်တစ်ခုပေါ်မှာ ကျိုးဖန်ဟာ ဝင့်ကြွားစွာ မတ်တတ်ရပ်နေပါတယ်။ ကောင်းကင်မှာတော့ မိုးကြိုးတိမ်တိုက်တွေ အဆက်မပြတ် ပွတ်တိုက်ကာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာပါတယ်။
မော့ဖူချိုနဲ့ မျိုးနွယ်စုအသီးသီးက ပါရမီရှင်တွေဟာ ဘေးကနေကြည့်ပြီး ဆွေးနွေးကြပါတယ်။
“အစ်ကိုကျိုးက တကယ် အထင်ကြီးဖို့ကောင်းတယ်၊ ကောင်းကင်တာအိုကိုတောင် လှုပ်နိုးလိုက်တယ်”
“အစ်ကိုကျိုးက လူသားဧကရာဇ်ရဲ့ အမွေအနှစ်ကို ရထားပြီတဲ့၊ ဘယ်ဧကရာဇ်များလဲ မသိဘူး”
“ဒီခေတ်က လူသားမျိုးနွယ်စုရဲ့ ရွှေခေတ်ပဲ၊ လူသားဧကရာဇ်ဟောင်းတွေရဲ့ အမွေအနှစ်တွေနဲ့ဆိုရင် ငါတို့တွေ ကောင်းကင်ရုံးတော်ကို ကျိန်းသပေါက် အနိုင်ယူနိုင်မှာ”
“ဟင်း… စစ်မြေပြင်ရဲ့ သတ္တမတန်းမှာ လူဆယ်သန်း သေသွားတယ်လို့ ကြားတယ်၊ တော်တော် ကြေကွဲဖို့ကောင်းတယ်”
“နှစ်ဖက်စလုံး ဆွေးနွေးလို့မရဘူးလား”
“မရဘူး၊ တာအိုပညာရှိတွေက ကောင်းကင်တာအိုရဲ့ ဇာတ်လိုက်ကို ပြောင်းလဲချင်တာတဲ့၊ ငါတို့လူသားမျိုးနွယ်စုက စွန့်ပစ်ခံလိုက်ရပြီ”
တခြားလူတွေရဲ့ ဆွေးနွေးသံကို ကြားလိုက်ရတဲ့ မော့ဖူချိုဟာ ခေါင်းမခါဘဲ မနေနိုင်ပါဘူး။ လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်ရဲ့ တိုက်ပွဲကြားမှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ပြောလို့မရပါဘူး။ ကျိန်းသေတာတစ်ခုကတော့ နှစ်ဖက်စလုံး ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်။
အခုအချိန်မှာ ဘယ်သူမှန်တာ ဘယ်သူမှားတာဆိုတာက အရေးမကြီးတော့ပါဘူး။
ကျိုးဖန်ဟာ မော့ဖူချိုကို လှည့်ကြည့်ပြီး ပြုံးလိုက်ပါတယ် “အစ်ကိုမော့… ဒီကောင်းကင်တာအို စွမ်းအားကို ဘယ်လိုထင်လဲ၊ ဟန်ကျွယ်ကို အနိုင်ယူမယ်ထင်လား”
မော့ဖူချိုဟာ ပြောရင်းဆိုရင်း ညာလက်မြှောက်လိုက်တဲ့အခါ လက်ဖဝါးပေါ်မှာ ကောင်းကင်တာအို လျှပ်စီးတွေ ပေါ်လာပါတယ်။ ဒီအချိန်မှာ ကျိုးဖန်က မိုးကြိုးနတ်ဘုရားလိုပါပဲ။
မော့ဖူချိုဟာ ပြုံးလိုက်ပါတယ် “ဘာလို့ ဟန်ကျွယ်ကို အနိုင်ယူဖို့ပဲ အမြဲတမ်း စဉ်းစားနေတာလဲ၊ မင်းက အခွင့်အရေးတွေ ဒီလောက်အများကြီး ရထားတာ၊ ဒါပေမဲ့ သူက တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတာ၊ သူနဲ့ တိုက်ခိုက်ဖို့ တရားမျှတမယ် မထင်ဘူး”
ကျိုးဖန်ဟာ အင်မော်တယ်ဧကရာဇ်အဆင့်ကို ရောက်နေပြီး ဧကရာဇ်အဆင့်မှာ ပြိုင်ဘက်နည်းလှပါတယ်။ ဒါကြောင့်လည်း တစ်ချိန်လုံး ဂူအောင်းနေတဲ့ ဟန်ကျွယ်ကို အနိုင်ယူနိုင်လိမ့်မယ်လို့ မော့ဖူချိုက ထင်နေတာပါ။
“ဒါပေမဲ့ ကျွန်တော် အကြောင်းတချို့ကြောင့် ဟန်ကျွယ် အနိုင်မယူနိုင်ဘူးလို့ ခံစားနေရတယ်” ကျိုးဖန်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။ ကျိုးဖန်ဟာ ဟန်ကျွယ်ကလွဲရင် စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ရင်ဆိုင်ရမယ်ဆိုရင်တောင် ယုံကြည်ချက်ရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကို တွေးမိတဲ့အခါတိုင်း ကျိုးဖန်မှာ သူ့ကိုယ်သူ ယုံကြည်ချက် မရှိတော့ပါဘူး။
မော့ဖူချိုဟာ ဘာမှပြန်မပြောဘဲ ကောင်းကင်ယံက မိုးကြိုးတိမ်တိုက်တွေကိုသာ မော့ကြည့်လိုက်ပါတယ်။ မော့ဖူချိုဟာ ကျိုးဖန်လိုပဲ ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ သူ့ကံတရား အထောက်အပံ့က ကျိုးဖန်ထက် အများကြီး နိမ့်ပါးနေပါတယ်။
တစ်ချိန်တုန်းက သူတို့နှစ်ယောက်ရှေ့မှာ အခွင့်အရေးတစ်ခု ပေါ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ နာကျင်မှုကို အခုတောင်ခံကြပေမဲ့ မော့ဖူချိုဟာ အရင်ဆုံး နောက်ဆုတ်ခဲ့ပါတယ်။ ကျိုးဖန်ကတော့ အံကြိတ်ပြီး နောက်ဆုံးထိ တောင့်ခံတဲ့အတွက် အမွေအနှစ်ကို ရရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကျိုးဖန်ကို ဘယ်လိုမှ လိုက်မမီဘူးဆိုတာ မော့ဖူချို သိလိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် အနန္တကပ်ဘေးကို ဖြတ်ကျော်နိုင်မယ်ဆိုရင် သူတို့နှစ်ယောက်လုံး အင်အားကြီးလာမှာ ဗေဒင်မေးစရာ မလိုပါဘူး။ အဲဒီအချိန်ကျရင် သူတို့ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်မှာပါ။
ဒီအချိန်မှာပဲ လူတစ်ယောက်ဟာ ဓားတစ်လက်နဲ့ ပျံသန်းလာပါတယ်။ အားကောင်းလွန်းတဲ့ ရောင်ဝါက မိုးကြိုးတိမ်တိုက်တွေကို တစ်ခါတည်း လွှင့်ပါး ပျောက်ကွယ်သွားစေတဲ့အတွက် လူတိုင်း လှည့်ကြည့်လိုက်ပါတယ်။
“အဲဒါ ကျောက်ရွှမ်ယွမ်ပဲ” လူတစ်ယောက်က အံဩတကြီး ပြောလိုက်ပါတယ်။ လူတိုင်းလည်း ကျောက်ရွှမ်ယွမ်ဆိုတဲ့ နာမည်ကြောင့် ရင်ထိတ်သွားပါတယ်။
ကျိုးဖန်လည်း ကျောက်ရွှမ်ယွမ်ကို လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ အမျိုးသမီးတွေ သရေကျလောက်ရတဲ့အထိ ချောမောပြီး အင်မော်တယ်တစ်ပါးလိုမျိုး ကြည့်ကောင်းလှပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ ကျိုးဖန်ခေါင်းပေါ်ကို ပျံသွားပြီး တင်စီးတဲ့လေသံနဲ့ ပြောလိုက်ပါတယ် “မင်း… ငါနဲ့အတူလိုက်ခဲ့၊ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 426
? Views, Released on December 7, 2024