Switch Mode

Chapter – 425

အခန်း (၄၂၅) နတ်ဘီလူးသုံးထောင် စတင်ဖွားမြင်ခြင်း
ဖန်းလျန်ရဲ့ ကျင့်ကြံမှုက အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ကို ရောက်နေပါပြီ။ ဒါက အတော်ကို မြန်လွန်းတာပါ။
‘ဒီကောင်လေး ဧကရာဇ်အဆင့်ကို ရောက်တာ ဘယ်လောက်ကြာသေးလို့လဲ၊ ကျိန်းသေပေါက် ခိုးဆော့တာ ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။ ဖန်းလျန်ရဲ့ ကျင့်ကြံမှု အခုလို လျင်မြန်စွာ တိုးတက်လာတာက ဖန်းလျန်ရဲ့ဝိညာဉ် လောကဦးခေတ်ဆီ သွားတာနဲ့ ဆက်စပ်နေမှာ ကျိန်းသေပါတယ်။
‘ဒီကောင်လေးက လောကဦးခေတ်မှာ ဘာတွေလုပ်ထားတာလဲ၊ တာအိုပညာရှိတွေရဲ့ မျက်စိကနေ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်တာလဲ၊ တာအိုဘိုးဘေးက သူ့ကို ကူညီနေလို့များလား၊ ဒီအတိုင်း ဆက်သွားရင် ဒီကောင်လေးက ကပ်ဘေးမပြီးခင် ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်သွားလောက်တယ်’
‘ထားလိုက်ပါတော့… ငါ အခုလုပ်ရမှာက ကောင်းကင်ဘဝဂ် အလယ်အဆင့်ကို ထိုးဖောက်ဖို့ပဲ၊ ငါက အရမ်းအားနည်းလွန်းတယ်၊ ကျိုးရန်ကိုတောင် သေအောင် ကျိန်စာမတိုက်နိုင်သေးဘူး’
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာဆက်တိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူတစ်ဂူ။
ရွှယ်မင်းဟယ်ဟာ သူ့ရှေ့က ဝတ်ရုံနက်ကို အပြုံးနဲ့ ကြည့်လိုက်ပါတယ် “ခင်ဗျားက တကယ်ပဲ ကောင်းကင်ဧကရာဇ် မဟုတ်ဘူးလား”
ဝတ်ရုံနက်က ပြန်ဖြေပါတယ် “ကောင်းကင်ဧကရာဇ်က သေသွားပြီ၊ ငါက သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းထားတာ၊ မင်း ငါ့ကံတရားကို တွက်ကြည့်လို့ရတယ်၊ ကောင်းကင်ဧကရာဇ်ဖန် ရှုံးနိမ့်သွားရင် ငါ ကောင်းကင်ဧကရာဇ်ဟောင်း အယောင်ဆောင်ပြီး ကောင်းကင်ရုံးတော်ကို ထိန်းချုပ်မယ်၊ ပြီးရင် ကောင်းကင်တာအို အင်အားစုတွေကို ထိန်းချုပ်ဖို့ အမှောင်သခင်ကြီးကို ကူညီပေးမယ်”
အမှောင်သခင်ကြီး နာမည်ကို ကြားလိုက်ရတဲ့အတွက် ရွှယ်မင်းဟယ်ဟာ လေးလေးနက်နက် ဖြစ်သွားပါတယ်။
ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “ချန်ကျောင်းတော်က လူသားတွေနဲ့ အင်မော်တယ် နတ်ဘုရားတွေရဲ့ စစ်ပွဲက နောက်ကွယ်ကနေ သွေးထိုးနေတယ်လို့ သတင်းဖြန့်ပေး”
“ချန်ကျောင်းတော်တင် မဟုတ်ဘူး၊ ကျယ်ကျောင်းတော်လည်း ပါတယ်”
ရွှယ်မင်းဟယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ရွမ်လိန့်ကျောင်းတော်ကရော… တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းက အရင်လို မကြီးကျယ်တော့ပေမဲ့ သူတို့က တာအိုပညာရှိဂိုဏ်းတွေနော်၊ သူတို့က အပြင်လောကကို ရင်ဆိုင်ဖို့ဆိုရင် အချင်းချင်း စည်းလုံးကြတယ်၊ ငါတို့တွေ သူတို့အစီအစဉ်ကို နှောင့်ယှက်လိုက်ရင်…”
ကောင်းကင်ဧကရာဇ်က ဖြတ်ပြောလိုက်ပါတယ် “အမှောင်သခင်ကြီးက ရွမ်လိန့်ကျောင်းတော်နဲ့ ဆက်စပ်တယ်၊ အဲဒါကြောင့် လီတောက်ခုံးကို အရမ်းဂရုစိုက်နေတာ”
ရွှယ်မင်းဟယ်ဟာ မှင်သက်သွားပါတယ် ‘အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ကို ကြိုက်တာ မဟုတ်ဘူးလား’
‘ဪ… ငါသိပြီ၊ ဒါကြောင့်မို့ လီတောက်ခုံးက ကောင်းကင်ရုံးတော်ကို ဒီလောက်ထိ သစ္စာရှိနေတာကိုး၊ ကောင်းကင်ဧကရာဇ်ဖန် ပလ္လင်ပေါ်မှာ အေးအေးဆေးဆေး ထိုင်နေနိုင်တာ အံဩစရာ မရှိတော့ပါဘူး’
‘အခုမှပဲ အဓိပ္ပာယ်ပဲ ရှိတော့တယ်၊ အမှောင်သခင်ကြီးလိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်က ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာမှာလဲ’
ရွှယ်မင်းဟယ်ဟာ ရွမ်လိန့်ကျောင်းတော်နဲ့ ရန်ငြိုးရန်စမရှိတဲ့အတွက် ဘာမှမစိုးရိမ်ပါဘူး။
“ပြဿနာမရှိဘူး၊ ဒီကိစ္စကို ငါ့ဝာာဝန်ထားလိုက်၊ ငါက ဒီလိုကိစ္စမျိုးမှာ ဆရာကြီးပဲ” ရွှယ်မင်းဟယ်ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က သူ့လက်ချက်နဲ့ နာမည်ဂုဏ်သတင်း ဆုံးရှုံးခဲ့တာ မဟုတ်ပါလား။
ကောင်းကင်ဧကရာဇ်က ခေါင်းညိတ်လိုက်ပါတယ် “ကောင်းကင်ရုံးတော်မှာ ငါ မင်းရဲ့ အကူအညီကို လိုသေးတယ်၊ အခုအချိန်ကစပြီး ငါ အမှောင်သခင်ကြီးကို နောက်လိုက်တွေ စုစည်းဖို့ ကူညီမယ်၊ ပြီးရင် ကောင်းကင်တာအို ခေတ်သစ်ကို အတူဖန်တီးကြတာပေါ့”
ရွှယ်မင်းဟယ်ဟာ ပြုံးလိုက်ပါတယ် “ရပါတယ်၊ ကြိုက်တဲ့အချိန် အကူအညီ လာတောင်းလို့ရပါတယ်”
‘ခွေးမသား… မင်းက အမှောင်သခင်ကြီးရဲ့ လူယုံတော် ဖြစ်ချင်နေတာပဲ’
ရွှယ်မင်းဟယ်ဟာ အမှောင်သခင်ကြီးရဲ့ အယုံကြည်ရဆုံးလူ ဖြစ်ချင်တာပါ။ ဒါကြောင့် တခြားလူတွေ သူ့ကို ကျော်တက်သွားမှာကို လုံးဝမလိုလားပါဘူး။
ရှင်းဟုန်ရွှမ်ဟာ တိတ်ဆိတ်ကျွန်းကို ပြန်‌ရောက်ပြီးနောက် တာအိုပညာရှိရဲ့ အမွေအနှစ်ကို ဆက်ခံရရှိထားတာ‌တောင် တိတ်ဆိတ်ကျွန်းရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင် ဖြစ်မလာတာကို တွေ့လိုက်ရပါတယ်။ အထူးသဖြင့် လီယေင်ကိုကြည့်ပြီး ရှင်းဟုန်ရွှမ်ဟာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လီယောင်က ဟန်ကျွယ်နဲ့ အရမ်းတူပါတယ်။ ဟန်ကျွယ်သာ တာအိုလက်တွဲဖော် ရွေးချယ်မယ်ဆိုရင် လီယောင်လိုမျိုး မိန်းမကို ရွေးချယ်မှာ ကျိန်းသေပါတယ်။ ဒါကြောင့် ရှင်းဟုန်ရွှမ်ဟာ ပေါ့ပေါ့လျော့လျော့ မနေရဲဘဲ ကျားကုတ်ကျားခဲ ကျင့်ကြံအားထုတ်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ တိတ်ဆိတ်ကျွန်းကို ပြန်ရောက်ရင် စိတ်ပြေလက်ပျောက် နေထိုင်လို့ရမယ် ထင်ခဲ့ပေမဲ့ လူသားမျိုးနွယ်စု မြင့်မြတ်နယ်မြေမှာ နေတုန်းကထက် ပိုကြိုးစားနေရပါတယ်။ ဒီအခြေအနေကြောင့် ရှင်းဟုန်ရွှမ်ဟာ တိတ်ဆိတ်ဂိုဏ်းက လူသားမျိုးနွယ်စုရဲ့ မြင့်မြတ်နယ်မြေတွေထက်တောင် အင်အားပိုကြီးတယ်လို့ ခံစားလိုက်ရပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် ‘ငါ အတွေးလွန်နေပြီပဲ’
ရှင်းဟုန်ရွှမ် တစ်ယောက်တည်း ဖိအားခံစားရတာ မဟုတ်ပါဘူး။ တခြားသူတွေလည်း အတူတူပါပဲ။ တိတ်ဆိတ်ဂိုဏ်းရဲ့ အတွင်းရေးက အရင်လို မငြိမ်းချမ်းတော့ပေမဲ့ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှု ဖြစ်တဲ့အတွက် သိပ်တော့မဆိုးလှပါဘူး။
ဒီလိုနဲ့ နောက်ထပ် နှစ် ၅၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက များစွာ တိုးတက်လာတဲ့အတွက် ကောင်းကင်ဘဝဂ် အလယ်အဆင့်နဲ့ သိပ်မဝေးတော့ဘူးလို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ငိုချင်စိတ်တောင် ပေါက်သွားပါတယ်။
‘ဘယ်နှနှစ်တောင် ရှိပြီလဲ၊ ဒီတစ်ခါ အဆင့်ထိုးဖောက်တာက ငါ့ဘဝမှာ အကြာဆုံးပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် အလယ်အဆင့်နဲ့ သိပ်မဝေးတော့ဘူးဆိုပေမဲ့ နှစ်ဆယ်ချီ ကျင့်ကြံရအုန်းမှာပါ။ အခန့်မသင်ရင် နှစ်တစ်ရာ ကျော်သွားနိုင်ပါတယ်။
ဒီနေ့မှာတော့ နတ်ထူးဆန်းဟာ ဟန်ကျွယ်နားကို ချဉ်းကပ်လာပြီး ဟန်ကျွယ် ခန္ဓာကိုယ်ထဲဝင်ဖို့ ကြိုးစားပါတယ်။ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို မတားပါဘူး။ နတ်ထူးဆန်းရဲ့ အသိဉာဏ်ဟာ တိုးမလာတာ ကြာပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ရဲ့ အိမ်မွေးသားရဲလိုပါပဲ။
ဟန်ကျွယ်ဟာ နတ်ထူးဆန်းဆီကနေ ရှေးဟောင်းနတ်ဘုရား မှတ်ဉာဏ်ကို ရရှိပြီးကတည်းက နတ်ထူးဆန်းဆီမှာ တခြားလုပ်ဆောင်ချက်တွေ ရှိနေအုန်းလိမ့်မယ်လို့ ခံစားမိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ လက်ရှိစနစ်က တခြားလုပ်ဆောင်ချက်တွေကို ရှာမတွေ့နိုင်ပါဘူး။
‘ဒီတစ်ခါရော ဘာကိစ္စများလဲ’
ဟန်ကျွယ် စောင်ကြည့်နေတုန်းမှာပဲ နတ်ထူးဆန်းဟာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားပါတယ်။ အဲဒီနောက်….
“မင်းက ငါ့ကို လာကစားနေတာလား”
ဟန်ကျွယ် ဒီလိုရေရွတ်လိုက်ရတာက နတ်ထူးဆန်းဟာ ဟန်ကျွယ်ကို လုံးဝမကူညီဘဲ ဟန်ကျွယ်ရဲ့ ဝိညာဉ်ထဲက စကြဝဠာမှာ ပျော်ပျော်ရွှင်ရွှင် လျှောက်သွားနေလို့ပါ။
ဟန်ကျွယ်ဟာ နတ်ထူးဆန်းရဲ့ စွမ်းအားကြောင့် ထုန်ကျန့်ကမ္ဘာ ပျက်ဆီးမှာစိုးတဲ့အတွက် ထုန်ကျန့်ကမ္ဘာကို ချိပ်ပိတ်လိုက်ပါတယ်။ ဒီနတ်ထူးဆန်းက သေမျိုးကမ္ဘာတစ်ခုကို အလွယ်လေး ဖျက်ဆီးနိုင်တယ် မဟုတ်ပါလား။
တစ်ခဏအကြာမှာတော့ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပါတယ်။
ဟန်ကျွယ်လည်း အတွင်းအာရုံသုံးပြီး ကြည့်လိုက်တဲ့အခါ နတ်ထူးဆန်းက ကြယ်ပင်လယ်မှာ ရပ်တန့်ပြီး အနက်ရောင် အခိုးအငွေ့ အလုံးနှစ်လုံးကို ခွဲထုတ်လိုက်တာ တွေ့လိုက်ရပါတယ်။ အနက်ရောင် အခိုးအငွေ့ အလုံးနှစ်လုံးဟာ တဖြည်းဖြည်း ပုံဆောင်ခဲ ဖြစ်လာပါတယ်။ နတ်ထူးဆန်းက ဥနှစ်လုံး ဥလိုက်သလိုပါပဲ။
‘ဟင်…’
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး ကောင်းကင်နက္ခတ် နတ်ဘီလူးနဲ့ ကျို့ယင်နတ်ဘီလူး ဓမ္မရုပ်တုတွေကို အနက်ရောင် အခိုးအငွေ့ အလုံးနှစ်လုံးရဲ့ အပေါ်မှာ ထုတ်ဖော်လိုက်ပါတယ်။ အဲဒီနောက် အနက်ရောင် အခိုးအငွေ့တွေနဲ့ ဓမ္မရုပ်တုနှစ်ခုဟာ ပေါင်းစပ်သွားပါတယ်။
‘ဒါ…’
ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပြီး အသက်ရှူမြန်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ထူးဆန်းက ပဋိပက္ခနတ်ဘီလူး အကုန်လုံးရဲ့ ကံတရား အထောက်အပံ့ကို ဆက်ခံထားတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်နဲ့ နတ်ထူးဆန်းရဲ့ စွမ်းအားကို အသုံးပြုပြီး ပဋိပက္ခ နတ်ဘီလူး သုံးထောင်ကို အသစ် ပြန်ဖန်တီးနိုင်လောက်ပါတယ်။ ဒါကို တွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ အလွန် စိတ်လှုပ်ရှားသွားပါတယ်။
‘ပဋိပက္ခနတ်ဘီလူး သုံးထောင်ကိုသာ ထိန်းချုပ်နိုင်ရင် ငါက ပြိုင်ဘက် မကင်းသွားဘူးလား’
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ကြယ်ပွင့်တစ်ရာထိ အကောင်းမြင်သွားပါတယ်။
ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လုံးဝ ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် နတ်ထူးဆန်း ဖန်တီးသမျှအကုန်လုံးကိုလည်း အလိုလို ထိန်းချုပ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ အနက်ရောင် အခိုးအငွေ့ အလုံးနှစ်လုံးကို သေချာ အကဲခတ်လိုက်ပါတယ်။
ကံဆိုးစွာပဲ ပေါင်းစပ်မှုက မအောင်မြင်ပါဘူး။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကြိုးစားပါတယ်။ အကြိမ်တစ်ရာလောက် ကြိုးစားပြီးတဲ့နောက်မှာတော့ အနက်ရောင် အခိုးအငွေ့ အလုံးနှစ်လုံးဟာ နတ်ဘီလူး ဓမ္မရုပ်တုတွေရဲ့ စွမ်းအားနည်းနည်းနဲ့ ပေါင်းစပ်သွားပါတယ်။ အနည်းဆုံးတော့ ဒါက အစကောင်းပါတယ်။
ပဋိပက္ခနတ်ဘီလူးတွေက ဖန်တီးဖို့က လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ လွယ်လွယ်ကူကူနဲ့ ဖန်တီးနိုင်မယ်ဆိုရင် နေရာတကာမှာ နတ်ဘီလူးတွေချည်း ဖြစ်နေမှာပါ။ ရှားပါးမှ တန်ဖိုးရှိတာ မဟုတ်ပါလား။
ဒီနည်းလမ်းက အလုပ်ဖြစ်တယ်အတွက် အချိန်ဘယ်လောက်ကြာကြာ ဟန်ကျွယ်အတွက် ကိစ္စမရှိပါဘူး။
လေးငါးရှစ်လ အကြာမှာတော့ နတ်ထူးဆန်းဟာ ဟန်ကျွယ်ခန္ဓာကိုယ်ထဲက ထွက်သွားပါတယ်။ အနက်ရောင် အခိုးအငွေ့ အလုံးနှစ်လုံးကတော့ ကြယ်ပင်လယ်မှာ ကျန်နေခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ဒီအနက်ရောင် အခိုးအငွေ့‌ အလုံးနှစ်လုံးကို နတ်ဘီလူးချီလို့ နာမည်ပေးလိုက်ပါတယ်။
နတ်ဘီလူးချီဟာ ကြယ်ပင်လယ်ထဲက လောကဦးချီကို ဖြည်းညင်းစွာ စုပ်ယူပြီး သူတို့ဘာသာ တဖြည်းဖြည်း ပွားများလာပါတယ်။
ဟန်ကျွယ်ဟာ နတ်ဘီလူးချီကို အာရုံစိုက်တာ ရပ်လိုက်ပြီး ဆက်ကျင့်ကြံပါတယ်။
ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။
ဖန်းလျန်ဟာ ပလ္လင်ပေါ်မှာ မျက်နှာသေနဲ့ ထိုင်နေပြီး အောက်ဘက်မှတော့ လီတောက်ခုံးနဲ့ လီရွှမ်အောက်တို့ မတ်တတ်ရပ်နေကြပါတယ်။
လီရွှမ်အောက်က စိတ်မရှည်တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “ကောင်းကင်ရုံးတော်က ချန်ကျောင်းတော် ကျယ်ကျောင်းတော်တို့နဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်လို့ မရဘူး၊ မဟုတ်ရင် ရွမ်လိန့်ကျောင်းက ကောင်းကင်ရုံးတော်နဲ့ လက်တွဲဖြုတ်ရလိမ့်မယ်”
“အခုအချိန်မှာ အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိအကုန်လုံးက ကပ်ဘေးဖြစ်အောင် တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းက ကြိုးကိုင်နေတယ်လို့ ထင်နေကြတယ်၊ ကျွန်တော်တို့ ရွမ်လိန့်ကျောင်းတော်က အခြေအနေကို အခွင့်ကောင်းယူရုံပဲ၊ သက်ရှိ အကုန်လုံးကို ဒုက္ခပေးဖို့ အစီအစဉ် မရှိဘူး”
လီရွှမ်အောက်က ဒေါသထွက်နေတာ ဖြစ်တဲ့အတွက် ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။
လီတောက်ခုံးကတော့ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ဖန်းလျန်ကို စိုက်ကြည့်ပြီး အဖြေစောင့်နေပါတယ်။
ဖန်းလျန်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ် “ရွမ်လိန့်ကျောင်းတော်က ဒီထဲမှာ မပါဘူးလို့ တကယ်ထင်တာလား၊ ကျန်းတုကူးက မင်းကိုတောင် တိုက်ခိုက်ရဲတယ်၊ မင်းတို့ ရွမ်လိန့်ကျောင်းတော်က တကယ်ရော စည်းလုံးရဲ့လား”
“မင်းတို့နှစ်ယောက်က တရားဝင်တပည့်တွေဆိုပေမဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က မင်းတို့ကို ဘာလို့ အသားကုန် တိုက်ခိုက်ရဲလဲဆိုတာ စဉ်းစားဘူးလား”
မြန်မာပြည် ငြိမ်ချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset